Monday, January 14, 2013

ဓလေ့ပြောင်း နိုင်ငံရေး ယဉ်ကျေးမှုသစ် (မှူးဇော်)

by Hmuu Zaw on Sunday, January 13, 2013 at 8:51pm ·
(Published in Messenger Journal, Vol 3, No. 34, 14 the January 2013, Page-29)

ဓလေ့ပြောင်း နိုင်ငံရေး 
          ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပိုံခဲ့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပွတ်တိုက်မှု၊ တွန်းတိုက်မှုများဖြင့် Disagree to Disagree ဖြစ်ခဲ့ကြသော ဓလေ့ကို ပြောင်းလဲပစ်လိုက်တော့မည့် အမှတ်သရုပ်သင်္ကေတတစ်ရပ် ဟု ဆိုနိုင် ပေလိမ့်မည်။ နိုင်ငံတော်သမ္မတကြီး၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသော “မတူညီသော အယူအဆများ စုစည်းရှင်သန်နိုင်သော ဗဟုဝါဒ” ဟူသည် လက်ရှိ မြန်မာ့နွေဦး ရောက်ရှိနေသော ဒီမိုကရေစီအခင်းအကျင်း အတွက် အလိုအပ်ဆုံးသော ယဉ်ကျေးမှု ဖြစ်နေသည်။
အလားတူ နိုင်ငံတော်သမ္မတကြီးသည် ပြည်သူများ ၏ နိုင်ငံရေးစိတ်ပါဝင်စားမှု Political Consciousness နှင့် နိုင်ငံရေးစိတ်ရှည်သည်းခံမှု Political Tolerance ရေချိန်မြင့်တက်လာခြင်းကိုလည်း အသိအမှတ်ပြု ပြောကြားထားပြီး ဖြစ်ရာ ယင်းသို့ ပြည်သူလူထု ပါဝင်မှု ကို Stakeholder အားလုံးက မျက်ခြည်မပြတ်ကြရန် လိုအပ်မည် ဖြစ်သည်။

          မြန်မာ့နိုင်ငံရေး လည်ပြန်လမ်းတစ်လျှောက် အဖြူနှင့်အမည်း နိုင်ငံရေးများ ဖောင်းပွခဲ့ခြင်းတို့ကို အထင်အရှား မြင်တွေ့နိုင်ခြင်းကြောင့် လက်ရှိလမ်းခုလတ်၌ ဤသို့သော နိုင်ငံရေးအမြော်အမြင်များ ဆင့် ပွားထွန်းသစ်လာရေးမှာ အရေးကြီးလျက် ရှိနေပြီ ဖြစ်သည်။ ပြည်သူများအကြား ဖြစ်ပေါ်နေသော ဆန္ဒဖော် ထုတ်မှုများ၊ ကန့်ကွက်ဆန္ဒပြမှုများတွင် ထပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းများကို ရှောင်လွှဲနိုင်ရန် နိုင်ငံရေး အင်အားစုများအားလုံး ပူးပေါင်းအဖြေရှာရန် ဖော်ပြထားခြင်းသည် လက်ရှိနိုင်ငံရေးအင်အားစုများ၏ လိုအင် ဆန္ဒများနှင့်ထပ်တူကျနေသောကြောင့် နိုင်ငံရေးဆုံမှတ်တစ်ခုသို့ ရောက်ရှိခဲ့ပြီဟုလည်း မြင်တွေ့နိုင်သည်။ လွှတ်တော်များ အသက်ဝင်လာမှု၊ လွှတ်တော်နှင့်အစိုးရ အပြန်အလှန်ထိန်းကျောင်းနိုင်မှုတို့အပေါ် နိုင်ငံ တော်သမ္မတကြီးက ဂုဏ်ယူလျက် ရှိကြောင်း ဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးစိတ်ရှည် သည်းခံမှု Political Tolerance ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဆောက်တည်ကျင့်သုံးနေပြီဟူ၍ ကောက်ချက်ချနိုင်ပေသည်။ ထို့အပြင် လာမည့်ဘတ်ဂျက်ဥပဒေကြမ်းကိုလည်း အုပ်ချုပ်ရေးနှင့် ဥပဒေပြု ရေး မဏ္ဍိုင်ကြီး(၂)ရပ်အကြား ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သည့် မှတ်တိုင် တစ်ခုကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့နိုင်သည်။ ဤသည်ပင်လျှင် ဓလေ့ပြောင်း မြန်မာ့နိုင်ငံရေးကို ယဉ်ကျေးမှုတစ်ရပ်အဖြစ် ထွန်းကားလာစေရန် မောင်းနှင်သွားတော့မည့် အချက်ပြမှုဟုလည်း ဆိုနိုင် ပေမည်။ မတူကွဲပြားမှုများ ရှိနေသော်လည်း နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ဘုံတူညီချက်များကို ပူးပေါင်း ဆောင်ရွက်သည့်အဆင့်မှ ကွဲလွဲမှုများကိုလည်း နိုင်ငံရေးစိတ်ရှည်သည်းခံမှုဖြင့် ညှိနှိုင်းသွားမည် ဒိုင်ယာ လော့လမ်းကြောင်း ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

သင်ကောင်းဖို့ ဦးစွာ ကျွန်ုပ်ကောင်းပါမည်
          သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဟူသော စကားသည် မြန်မာ့လူ့ဘောင်၌ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိခဲ့သော ခံယူချက်တစ်ရပ် ဖြစ်ခဲ့ရာ ယခုအစပြု ဖြစ်ထွန်းလာနေသည့် နိုင်ငံရေးဓလေ့မှာ သင်ကောင်း ဖို့အတွက် ဦးစွာ ကျွန်ုပ်ဘက်မှ ကောင်းပြမည့်သဘော ဖြစ်ရာ မြန်မာ့နွေဦး ပုရစ်ဖူးတွေက တဝေဝေ ဖြစ် လာတော့ပေမည်။ ဤသဘောထား၊ ဤရပ်တည်ချက်များသည် ဖြတ်သန်းခဲ့ပြီးသော ဒီမိုကရေစီခရီးလမ်းကို  လည်ပြန်ငဲ့ကြည့်၍ သုံးသပ်ဆင်ခြင်ရာမှ ထွက်ပေါ်လာသော မူဝါဒများ ဖြစ်ပါလိမ့်မည်။ လက်ပံတောင်း တောင် စီမံကိန်းဆန္ဒပြမှု၊ မြေယာပြဿနာ၊ ရခိုင်အရေးနှင့် ကချင်အရေး ဟူသော အတွေ့အကြုံများကို သင် ခန်းစာအဖြစ် ရယူထားပြီး ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုများ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဟူသော နိုင်ငံတော်သမ္မတကြီး၏ သဘောထားသည် အသစ်အသစ်သော ခြေလှမ်းများဖြင့် ရှေ့သို့သာ ဦးတည်သွားမည့် စိတ်ပိုင်းဖြတ်ချက်ကို ကိုယ်စားပြုနေကြောင်း တွေ့ရှိနိုင်သည်။

          လက်နက်ကိုင်ပဋိပက္ခများ အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေ ပြုလုပ် ရန် လိုအပ်ချက်ကို လက်ခံယုံကြည်ထားကြောင်း ထုတ်ဖော်ပြောကြားထားသည့်အပြင် ကချင်ပြည်နယ် ငြိမ်း ချမ်းရေးအတွက် တံခါးဖွင့်ထားကြောင်း ကြေညာလိုက်သည့်အတွက် အားလုံးလိုလားနေသော ဒိုင်ယာလော့ ကို ချပြလိုက်ခြင်းလည်း ဖြစ်သည်။ တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုလျက်ရှိသော Political Dialogue ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ယုံကြည်လက်ခံထားပြီ ဖြစ်ကြောင်း အထင်အရှားပြသလိုက် ပြီ ဖြစ်ရာ Myanmar Peace Centre မှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အားလုံးပါဝင် သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ထွန်းလာမည့်အချိန်ကိုသာ စောင့်ဆိုင်းကြရတော့မည် ဖြစ်သည်။

Rule of Law Civil Society
          နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ပြည်သူလူထုပါဝင်မှု၊ ပြည်သူလူထု ဗဟို ပြု ပေါ်လစီများကို စဉ်ဆက်မပြတ် ချမှတ်ဆောင်ရွက်လာခဲ့ရာ လက်ရှိအချိန်တွင် ပြည်သူများ လက်တွေ့ အကျိုးသက်ရောက်မှု ရှိစေရန် မျှော်လင့်နေကြပြီ ဖြစ်သည်။ Reform Readiness မဖြစ်သေး ဟု ယူဆထား ကြသော အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်တို့သည်လည်း တတိယအဆင့်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ တွင် ရေမြင့်ကြာတင့် မြင့်တက်လာစေရန် အရေးကြီးလာပြီ ဖြစ်သည်။ ဤသို့သော မြန်မာ့နွေဦး ခရီးမတ် တပ် လမ်းခုလတ်တွင် နိုင်ငံ့အရေးကို အလေးဂရုပြုသော နိုင်ငံရေးသည်သာ ပြည်သူတို့အားထားရာ ဖြစ် နိုင်သောကြောင့် နိုင်ငံရေးအကျိုးအမြတ်တို့ဖြင့် ကျင့်သုံးသော နိုင်ငံရေးများကို သတိဖြင့် ရှောင်ရှားနိုင်ရန် လိုအပ်နေသည်။

          ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် အမှန်တစ်ကယ် လက်တွေ့ အကျိုးဖြစ်ထွန်းစေနိုင်သော နိုင်ငံရေးစစ်စစ်ကို မျက်မှောက်ပြုကြရန် လိုအပ်လာသည်။ အဖြူ-အမည်းနိုင်ငံရေးများကြောင့် ပြည်သူများ သက်ပြင်းရှည်ကြီးများ ချစေခဲ့သော ဖြစ်စဉ်ဖြစ်ရပ်တို့သည်လည်း အပြန်အလှန်ထိန်းကျောင်းရေးမဏ္ဍိုင်ကြီး များအကြား လိုက်ဖက်ညီပြေပြစ်လှပသော နိုင်ငံရေးစိတ်ရှည်သည်းခံမှုဖြင့် တဖြည်းဖြည်းချင်း ကုစားနိုင်မည် ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုအနုပညာ The Art of Engagement ဟု ခေါ်တွင်ကြသော စားပွဲဝိုင်းဖြေရှင်းချက် များ ထွန်းကားလာစေရေးအတွက် အဓိကအချက်မှာ Civil Society တို့၏ အခန်းကဏ္ဍပင် ဖြစ်နေသည်။ လက်ရှိ မြန်မာနိုင်ငံ၌ လူမှုရေး၊ ပရဟိတအရေးကို အဓိကထားသော Social Society များမှာ အားရကျေ နပ်ဖွယ်ရာ အခိုင်အမာဖြစ်ထွန်းနေပြီ ဖြစ်ရာ ဆက်လက်၍ မဏ္ဍိုင်အသီးသီးကို ပြန်လည်ထိန်းကျောင်းနိုင် သော၊ ပြန်လည်အကြံပြုနိုင်သော စစ်မှန်သည့် Civil Society များ ပေါ်ထွန်းလာရန် လိုအပ်နေပြီ ဖြစ်သည်။ ယင်း Civil Society သည် မဏ္ဍိုင်ကြီးများကိုသာမက ပြည်သူများအားလုံးသို့ပါ Civic Education ဖြန့်ဝေ ပေးနိုင်သော စစ်မှန်သည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ ပေါ်ထွက်လာရန် လိုသည်။

          တစ်နည်းအားဖြင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းခိုင်မာရေးသည် နိုင်ငံတည်ဆောက် ရေးပင် ဖြစ်ရာ အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းနိုင်စေမည့် တိကျခိုင်မာသည့် ပတ်ဝန်းကျင်များ ဖန်တီးလမ်းဖွင့်ပေးရမည် ဖြစ်သည်။ Think Tank အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများ စသည်တို့ အားဖြင့် ပညာရပ်ဆိုင်ရာ နယ်ပယ်စုံ ပါဝင်သော Civil Society များသည် မဏ္ဍိုင်ကြီး(၃)ရပ်အပြင် စတုတ္ထ မဏ္ဍိုင်ကိုလည်း ပြန်လည်ထိန်းကျောင်းကြရမည် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အသက်ဝိဥာဉ်ဖြစ် သော Rule of Law ထွန်းကားရေးအတွက်လည်း Rule of Law Civil Society များ အရေးတကြီး လိုအပ် နေပြီ ဖြစ်သည်။ ဗဟိုဦးစီးစနစ်၊ အမိန့်နှင့် ညွှန်ကြားချက်များ စသည်တို့ဖြင့် အသားကျခဲ့ပြီးဖြစ်သော မြန်မာပြည်သူများအနေဖြင့် အခွင့်အရေး၊ တာဝန်၊ ကန့်သတ်ချက် စသည်တို့ကို စနစ်တကျ တရားဝင် ယုတ်လတ်မြတ်မရွေး တူညီစွာ ရရှိစေရန်အတွက် တာဝန်သိ တာဝန်ကျေပွန်သော Responsible Civil Society များက ဥာဏ်အလင်း ဖွင့်ပေးနိုင်မည် ဖြစ်သည်။ အလားတူ ယင်းအရပ်ဖက်လူ့အဖွဲ့အစည်းများမှ မဏ္ဍိုင်ကြီးများကို ခိုင်မာသော စောင့်ကြည့်ထိန်းကျောင်းမှုတို့ဖြင့် ထိန်းကျောင်းပေးနိုင်သည့် ခေတ်သစ်တစ် ရပ်သို့ ရောက်ရှိလာလျှင် အပြန်အလှန်ထိန်းကျောင်းမှု ကွင်းဆက် ပြတ်တောက်သွားခြင်း မရှိဘဲ ချောမွေ့ စွာ လည်ပတ်လာမည် ဖြစ်သည်။



နိုင်ငံရေး ယဉ်ကျေးမှုသစ်
          နိုင်ငံတော်သမ္မတကြီးသည် မြန်မာ့နွေဦး ဟု ခေါ်တွင်လျက်ရှိသော မြန်မာ့ဒီမိုကရေစီခရီးလမ်းကို စတင်ဖောက်လုပ်ခဲ့သူ ဖြစ်သလို မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် လွတ်လပ်ပွင့်လင်းခြင်းတို့ကို မြှင့် တင်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့နိုင်ငံရေး လင်းပွင့်လာမှုနှင့်အတူ တစ်ချိန်တည်း ရင်ဆိုင်လာရသော မြင့် မားလှသည့် ပြည်သူ့မျှော်လင့်ချက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် လိုအပ်သော ဥပဒေပြဌာန်း ခြင်းများကိုလည်း ဥပဒေပြုရေးမဏ္ဍိုင်နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ များစွာ ခရီးရောက်လာပြီ ဖြစ်သည်။ ဤသို့ လျှောက်လှမ်းလာရာ လမ်းတစ်လျှောက်တွင် မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများ၊ တုံ့ပြန်မှုနှင့် ခုခံမှုများ စသည်တို့ကို ဖြတ်ကျော်လာခဲ့ပြီး ဖြစ်ရာ ထိုက်သင့်သည့် ရင့်ကျက်မှုများ ရရှိလာကြပြီဟု ဆိုနိုင် ပေသည်။

          နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးခဲ့ကြသော ဗဟိုဦးစီးစနစ်၏ အမျှင်တန်းမှုများသည် သမ္မတကြီး ဖော် ဆောင်နေသည့် ပြုပြင်ပြောင်းလဲမှုများကို တုံ့ဆိုင်းစေခဲ့သည်မှာလည်း အမှန်ပင် ဖြစ်နေသည်။ အလားတူ ပွတ်တိုက်မှုများ မပြင်းထန်စေရန်အတွက် သန်း(၆၀)အကျိုးစီးပွားကို ရှေ့ရှုကာ နိုင်ငံရေးစိတ်ရှည်သည်းခံမှု များကို ကိုယ်တိုင်ဆောက်တည်ကျင့်ကြံခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ကျောခိုင်းခဲ့ကြသော Stakeholder များသည် ဘုံအကျိုးစီးပွားအတွက် Common Ground ရှာနိုင်ကြပြီ ဖြစ်ရာ ဒိုင်ယာလော့ယဉ်ကျေးမှုသည် မြန်မာနိုင်ငံ တစ်နံတစ်လျားသို့ ပြန့်နှံ့စီးဆင်းသွားစေရန် ဆက်လက်ကြိုးပမ်းရဦးမည် ဖြစ်သည်။ ဒီမိုကရေ စီ ခေတ်သစ် ထူထောင်ရေးတွင် နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရသာမက အခြားသော မဏ္ဍိုင် ကြီးများ၊ ပြည်သူများ၏ ဥာဏ်အလင်းကို ဖွင့်ပေးနိုင်မည့် Civil Society များ၊ Opinion Leader များသည် မြန်မာ့နွေဦး၏ အရေးကြီးသော ဇာတ်ကောင်များ ဖြစ်လာနေပြီ ဖြစ်သည်။

            အထူးအရေးကြီးလှသော အချက်မှာ မြန်မာနိုင်ငံရေးစနစ်သည် ယခုလတ်တလောမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဆင့်အား ဒီမိုကရေစီနည်းလမ်းဖြင့် စတင်ရွေးချယ်ကြသည့် အဆင့်ကို ဖြတ်သန်းနေခြင်း ဖြစ်၍ အရပ်ရပ်နယ်ပယ်စုံ ပြုပြင်ပြောင်းလဲကြရာ၌ ဒိုင်ယာလော့ယဉ်ကျေးမှုသစ် ထွန်းသစ်လာကြစေရန် သင်ကောင်းဖို့ ကျွန်ုပ်တို့ ဦးစွာ ကောင်းပြနိုင်ရေး ဝိုင်းဝန်းဆောင်ကြဉ်းကြပါမည့် အကြောင်း တိုက်တွန်း ဖော်ပြလိုက်ရပေသည်။
*****
Unlike · · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...