Friday, January 25, 2013

“လှကြစမ်းဗျာတို့”

by Soe Min on Friday, January 25, 2013 at 9:55am ·

          ဂင်္ဂါငါးနဲ့ ယမုံနာငါး အလှပြိုင်ကြတဲ့အခါ ခုံသမာဓိအဖြစ် ဦးရွှေလိပ်ကို အဆုံးအဖြတ်ပေးခိုင်းတော့ “မင်းတို့နှစ်ကောင်စလုံး ငါ့လိုဝိုင်းဝိုင်းစက်စက် တင့်တင့်တယ်တယ်မှ မရှိပဲနဲ့။ ငါကသာ အလှဆုံး။ ဒါတောင် ရေချိုးရသေးတာ မဟုတ်ဘူး” လို့ ပွဲသိမ်းလိုက်သတဲ့။
ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မျိုးဆိုတာ အဲဒီပုံပြင်ကလာတယ်လေ။ ဟိုးအရင်တုန်းက ဆရာမြို့မငြိမ်းရေးခဲ့တဲ့ အလှပြိုင်ပွဲဆိုတဲ့ သီချင်းကလေးကို ရေးတင်ခဲ့ဖူးသေးတယ်။ ဦးဝင်းဦးကြီးရဲ့ အဆိုနဲ့ပါ။ အခုတစ်ခါ ဒီအကြောင်းကို အစပြန်ဖော်ရတဲ့အကြောင်းကတော့ အရင်တုန်းကနဲ့မတူပဲ အမြင်တစ်မျိုးပြောင်းလာတာကိုး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ အလှဆုံး အချောဆုံးထင်ကြတာပဲ ဆိုတာ ဟုတ်ပါ့မလား။
မခံချင်စိတ်နဲ့ အနိုင်ယူပြောနေပေမယ့် အတွင်းစိတ်ထဲမှာ ကိုယ့်ထက်သာတယ်ထင်တဲ့သူကို မနာလိုဖြစ်ရင်း ကိုယ့်ရုပ်ရည်ကိုယ် အားမလိုအားမရ ဖြစ်နေတတ်တာ ခုမှပဲ သေချာပြန်စဉ်းစားမိတော့တယ်။ ဂရိဒဏ္ဍာရီထဲက နာဆစ်ဆပ်လို ရေထဲမှာပေါ်နေတဲ့ ကိုယ့်ရုပ်ကလေးကိုယ်ပြန်ချစ်သွားပြီး မျက်နှာမလွှဲနိုင်အောင် ဖြစ်သွားတယ်ဆိုတာ လက်တွေ့ဘ၀မှာတော့ ရှားပါလိမ့်မယ်။ လူတိုင်းမှန်ကြည့်တတ်တယ်။ အကြည့်တန်မှ မှန်ကြိုက်တာ မဟုတ်ဘူး။ လှတဲ့သူတွေလည်း လှလေ မှန်ကြိုက်လေ ရှိကြတာပဲ။ ဒါပေမယ့် မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ရုပ်သွင်ကို ကိုယ်ကျေကျေနပ်နပ် ရှိနေတာမဟုတ်ပဲ ကိုယ့်စိတ်ထဲမှာ ကိုယ့်ထက်သာတယ်လို့ထင်တဲ့ တခြားတစ်ယောက်ယောက်ကို အတုခိုးဖို့ စဉ်းစားနေတဲ့သူတွေလည်း ရှိမှာပဲ။ ဒါကြောင့်မို့ ဒီတစ်ခါတော့ အမကြီးနန်းအိအိဇာတို့၊ ဒေါ်တူးတူးမြင့်သိန်းတို့လို အလှအပရေးရာ အဖြေရှာဖို့ တွေးကြည့်လိုက်ပါတယ်။ (ဒါမှ နောက်ဆို ကာယအလှမယ်ပြိုင်ပွဲမှာ ဒိုင်လူကြီးများ လုပ်ရမလားလို့)
          တကယ်တမ်းတော့ လူတိုင်းဟာ သူ့ရုပ်နဲ့သူလှပါတယ်။ ဒါပေမယ့် အများသတ်မှတ်ထားတဲ့ စံတွေနဲ့ ဇလုတ်တိုက်ချလိုက်တော့ အသားဆိုဖြူမှ၊ အရပ်ဆိုရှည်မှ၊ ဟိုလိုမှ သည်လိုမှနဲ့ သူများသတ်မှတ်ထားတဲ့ ပုံစံခွက်ထဲ ကိုယ့်ကိုယ်ကိုယ် အတင်း သွတ်သွင်းဖို့ အားထုတ်နေခဲ့ရတာလေ။ အနောက်နိုင်ငံတွေမှာတော့ ရိုးကြီးဂေါင်ဂင် ပိန်ကပ်ပါးလှပ်နေမှ လှတယ်ထင်ကြတယ်။ ဟုတ်တာပဲ။ သူတို့ဆီကမော်ဒယ်တွေဆို နံရိုးအပြိုင်းပြိုင်းလေးတွေနဲ့ လှမှလှ။ အိန္ဒိယက လေယာဉ်မယ်ကလေးတွေ မြင်ဖူးတဲ့အခါ သူတို့ဆီမှာတော့ ပုံ့ပုံ့ကလေးစူနေတဲ့ ၀မ်းပျဉ်းကလေးကို ဆာရီချက်ပြုတ်ကလေး လျှော့ဝတ်ထားတာကိုမှ လှတယ်ထင်ကြပြန်တယ်။ ဒါလည်း ကြည့်လို့လှတာပါပဲ။ ကိုယ့်ဆီမှာ လျှမ်းလျှမ်းတောက်နေတဲ့ မင်းသမီးတွေကို သူတို့ဆီကလူတွေက ၀တုတ်မကြီးတွေလို့ ပြောပေမယ့် ကိုယ်တွေမျက်စိထဲမှာကျ လှနေတုန်းပဲ။ နောက်ဆုံးတော့ သဘောပေါက်လာတာက လှတယ် မလှဘူးဆိုတာ စက္ခု ရူပေန သံဝါသာဆိုသလို ရှုမြင်သူမျက်ဝန်းက ပေါ်လာတဲ့ ပုံရိပ်ကို စိတ်ခံစားချက်နဲ့ အတန်းအစားခွဲလိုက်တာသာ ဖြစ်တယ် လို့ပါ။
          ကလေးဘ၀တစ်လျှောက်လုံး လူလားမြောက်သည်အထိကတော့ ကိုယ့်ကိုယ်ကိုယ် အလွန်အကြည့်ရဆိုးတဲ့ ဘဲရုပ်ဆိုးကလေးလို့ပဲ မြင်ပါတယ်။ အခုမှ ခန့်ခန့်ချောချောကြီး ဖြစ်လာတာလေ လို့ ပြောချင်တာ မဟုတ်ပါဘူး။ တသက်တာရဲ့ ငယ်ရွယ်နုပျိုတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခဲ့တဲ့အတွက် လူတောမတိုးရဲခဲ့ဘူးလို့ ဆိုချင်တာပါ။ မနေတတ်မထိုင်တတ်၊ မ၀တ်တတ်မစားတတ်၊ မပြောတတ်မဆိုတတ်နဲ့ ဘယ်နေရာမှ သုံးစားလို့မရတဲ့ ရုပ်ဆင်းရူပကာရှင်ပါ။ သို့သော်ငြားလည်း လှချင်စိတ်က ငယ်ထိပ်ကိုတက်ကပ်နေတာ။ မြို့ထဲရှိသမျှ ဆံပင်ညှပ်ဆိုင် ကုန်လုအောင် လိုက်ညှပ်တယ်။ ဟိုလိုလေးလုပ်ပေးပါ။ သည်လိုလေးလုပ်ပေးပါ။ ကြေးထူတယ်။ ၀က်ခြံတစ်လုံးထွက်ရင် မှန်ပေါက်မတတ် ညှစ်လို့မဆုံးဘူး။ မြင်သူတိုင်းက မျက်စိနောက်လောက်အောင် ပဲတွေဘယ်လောက်ထုတ်ထုတ် နဂိုမရှိတဲ့အတွက် နဂိုင်းလည်း မထွက်ခဲ့ပါဘူး။ အဲဒီနဂိုဆိုတဲ့ဟာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်ကို ပြောတာပါ။
          အင်ဂျင်နီယာ မလုပ်တဲ့ တင်ဆက်သူ ညီမကြီးက မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေအောင် သုံးရမယ့် ပစ္စည်းတစ်ခု ညွှန်းပေမယ့်လည်း ကိုယ်ကတော့ ယောင်္ကျားလေးဖြစ်နေလို့ သူပြောတဲ့ဟာကြီးက အသုံးမတည့်ပါဘူး။ ဒါပေမယ့် ကိုယ့်ဆီက မရွံ့မရဲ မ၀ံ့မရဲ အားငယ်တဲ့စိတ်တွေဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးနဲ့ တော်တော်လေး သူငယ်နာစင်သွားပါတယ်။ လူဆိုတာ ဘယ်လိုရုပ်ရည်မျိုး ရှိသည်ဖြစ်စေ၊ အဲဒါကိုယ်ပဲ။ သူများမဟုတ်ဘူး။ လူတိုင်းမှာ အလှရှိတယ်။ အရေးကြီးတာက ဘယ်လိုဖော်ထုတ်ပြမလဲ ဆိုတဲ့အပေါ်တည်တာတဲ့။ သူကတော့ ပြောအားရှိတာပေါ့လေ။ မင်းသားကိုး။ လူတွေက သူ့ရုပ်ကို ပိုက်ဆံပေးကြည့်ယူရတဲ့အစားမျိုးလေ။ သူနဲ့ပေါင်းလိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲရုပ်က ဘယ်လိုမှ ပြောင်းလဲမသွားပေမယ့်လည်း  လူတွေက ငါ့ကိုကြည့်နေကြပါလားဆိုတဲ့ ရှိုးတိုးရှန့်တန့် ရှက်ကိုးရှက်ကန်းစိတ်တွေတော့ ပျောက်သွားတယ်။ အဲဒါကြောင့် ကြည့်ချင်တဲ့လူကြည့် ကိုယ်လုပ်စရာရှိတာလုပ်ပြီး ဘာမှဂရုမစိုက်ပဲ နေတတ်သွားရော။ ဘယ်လောက်ပဲ လှချင်လှချင် လူကြည့်ရင်ရှက်လှတယ်လေး ဆိုတဲ့ စိတ်အခံနဲ့ဆိုရင် ထင်ပေါ်မှာလည်း မဟုတ်ဘူး။ စင်တော် တက်ရဲစရာလည်း မရှိဘူး။
          သူတို့ မင်းသားမင်းသမီးများဆိုတာ သူလိုငါလို မြင်ရင် အမှတ်တမဲ့ဖြစ်ဖွယ် မထင်မရှား လူတန်းစားမျိုးတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ ရုပ်သွင်တော့ ရှိကြတယ်။ အဲဒီရုပ်သွင်ကလေးကိုလည်း တယုတယ ထိန်းသိမ်းမွေးမြူနိုင်ရတယ်။ အဲဒါ လွယ်လွယ်ကလေးတော့ မမှတ်လေနဲ့။ ကိုယ်တွေလို စားချင်ရာစား၊ သွားချင်ရာသွား၊ အိပ်ချင်မှအိပ် လုပ်လို့မရဘူး။ သူတို့ရုပ်ကလေးကို ဘယ်အကြောင်းနဲ့မှ ထိခိုက်ညှိုးနွမ်းသွားလို့ မဖြစ်ဘူး။ ဒါလေးနဲ့ လုပ်စားနေရတာ။ ဒါကြောင့် ဘယ်မင်းသားပဲ ဖြစ်ဖြစ် သာမာန်အရပ်သားများလို အရက်ကလေးတမြမြ၊ ဘီယာ၊ ဆေးလိပ်၊ ကာရာအိုကေ အမွှေဇယားခင်းဖို့တော့ ယောင်လို့တောင် စိတ်မကူးလေနဲ့။ အဓိကအားဖြင့်တော့ အစားအသောက် အင်မတန် ဆင်ခြင်ရပါတယ်။  ၀က်ဆီတို့ အုန်းနို့တို့ဆိုတာ အဆိပ်ပါသလို ရှောင်ကြရတယ်။ ဒညင်းသီး၊ ကြက်သွန်ဖြူ၊ ငပိရည်ဆိုတာတွေလည်း ဝေရာမဏိရတယ်။ နောက်ဆုံးတော့ သူတို့အတွက် ညနေစာဆိုတာ မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်ကလေးကို ထမင်းမပါပဲ တင်းတိမ်လိုက်ကြရတာ တွေ့ဖူးတယ်။ တခါတုန်းက တရုတ်ကုမ္ပဏီတစ်ခုက နံမယ်ကြီး မင်းသားမင်းသမီးတွေအားလုံး ထမင်းဖိတ်ကျွေးတဲ့အခါ ဧည့်မြှောင်လိုက်သွားတဲ့ ကိုယ်ကလွဲရင် ဘယ်သူတစ်ယောက်ကမှ ဟင်းခွက်သုံးရာ လက်ဖျားနဲ့ မတို့ကြဘူး။ တရုတ်အမဲ ဟင်းတွေမို့လို့တဲ့။ ကိုးကွယ်ယုံကြည်မှုကြောင့်လို့ဆိုရင်တော့ အလှအပတစ်ခုကိုပဲ သူတို့ကိုးကွယ်စရာ ရှိပါတယ်။ တကူးတကကြီး စားချင်စိတ်ကို မြိုသိပ်ပြီးထိန်းချုပ်ထားတာတောင် မဟုတ်ဘူး။ အကုန် အသားကျ အကျင့်ရနေပြီး အာသာချင်ခြင်းကို မရှိကြတာ။ လူတိုင်းသူတို့လို လှချင်ကြတာချည့်ပဲဆိုပေမယ့် ဘယ်သူမှ သူတို့လို စည်းကမ်းတကျ အလှအပကို ထိန်းသိမ်းမထားနိုင်ဘူးဆိုတာက သူတို့ရဲ့ လျှို့ဝှက်ချက်ပါ။ ယောင်္ကျားလေးတွေအတွက်တော့ ခန္ဓာကိုယ်ကြံခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရပါသေးတယ်။
          သူများတကာ မျက်စိထဲမှာ ကြည့်ကောင်းနေဖို့အတွက် အဲသလောက်ကြီးတော့ ဒုက္ခမခံနိုင်ပါဘူးလို့ ပြောလို့ရပေမယ့် သူများမျက်စိထဲက ပုံရိပ်ဟာ ကိုယ့်ပုံရိပ်ဖြစ်တာမို့ အလှအပကြိုက်တယ်ဆိုတာလည်း ကိုယ့်ရဲ့ အတ္တပုံရိပ်ကို မွေးမြူခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့တင့်တယ်တဲ့ရုပ်ဆင်းဟာ လူအများပိုက်ဆံပေးကြည့်ချင်စရာ ကုန်ပစ္စည်းတစ်ခုအဖြစ် မရည်ရွယ်ခဲ့ရင်တောင်မှ မြင်သူတိုင်းက ချစ်ခင်နှစ်လိုစိတ် မေတ္တာစိတ်တွေ ယိုဖိတ်လာအောင် လက်နက်သဖွယ်လည်း စွမ်းဆောင်နိုင်ပါသေးတယ်။ ထိုင်းက မယင်လက်ကလေး မဲတွေရတဲ့အထဲမှာ သူ့မျက်နှာပေါ်က အပြုံးလှလှကလေးကြောင့် မပါဘူးလို့ ဘယ်သူငြင်းနိုင်မှာလဲ။ ရူပါရုံနဲ့တွေ့ရင် ဘုရားလောင်းဥဒေါင်းမင်းကြီးတောင် ကျော့ကွင်းထဲ ကားကနဲမိသွားတာပဲ မဟုတ်လား။    
          ဒါပေမယ့် ဘယ်လိုအလှမျိုးပဲ ဖြစ်ဖြစ်၊ အနိစ္စဆိုတဲ့ မလွန်ဆန်နိုင်သောသဘောအရ ဇရာရဲ့ဝါးမျိုတိုက်စားခြင်းဒဏ်ကို ခံကြရပါတယ်။ ဒီအခါမှာတော့ မြေအုတ်တို့နေရာမှာ ကျောက်အုတ်တို့နဲ့ အစားထိုးသလိုပဲ ရုပ်အလှနေရာမှာ စိတ်အလှဆိုတဲ့ အလှစစ်နဲ့ တစတစ အစားထိုးယူရပါတယ်။ ရုပ်အလှကတော့ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့ အတ္တသဘောရှိပြီး စိတ်အလှဆိုတာကတော့ အများအကျိုးအတွက်ကို မေတ္တာထားတဲ့ ပရသဘောပါပါတယ်။ လူဆိုတာ အသက်ကြီးလာလေလေ သူများအပေါ် စေတနာထားရလေလေပါပဲ။ ဒါမှလည်း ရုပ်ဆင်းသဏ္ဍာန် အိုမင်းရင့်ရော်လာသော်ငြား အများမျက်စိထဲမှာ လှသထက်လှပြီး လူချစ်လူခင်ပေါလာမှာပေါ့။ ဂန္ဒီကြီးတို့ မာသာထရီဆာကြီးတို့ဆို မလှဘူးပြောရင် ငိုလိုက်မယ် လုပ်စရာမလိုပေါင်။ အိန္ဒိယနိုင်ငံရဲ့ အလှဆုံးလူသားကြီးတွေ လို့ ဘယ်သူ့မေးမေး အဲဒီအတိုင်းဖြေလိမ့်မယ်။ ကိုယ်တို့ဆီမှာလည်း ဘယ်သူတွေက အသက်ကြီးလေ အလှကျက်သရေပိုလေဖြစ်ပြီး ဘယ်သူတွေတော့ဖြင့် ရွှေတစ်တင်းနဲ့ နေ့ချင်းသေ မေတ္တာအပို့ခံနေရသလဲ သိသားနဲ့။
          ပြောရကြေးဆိုရင် စိတ်ကောင်းနှလုံးကောင်းဆိုတာ အသက်ကြီးလာတော့မှ အိမ်အိုကျားကန် လူအိုပန်းပန်သလို လူကြည်ညိုအောင် မြို့မေတ္တာခံယူဖို့ မွေးယူရတာ မဟုတ်ပါဘူး။ အရွယ်သုံးပါး ကျားမမရွေး ရှိသင့်ရှိထိုက်တဲ့ အခြေခံစိတ်ဓါတ်ပါ။ လူတိုင်းလူတိုင်း ဘယ်သူကမှ အလကားနေရင်း စိတ်ပုပ်စိတ်ယုတ်တွေ မွေးမနေဘူးဆိုပေမယ့် တကယ်တမ်းစိတ်ကောင်းရှိတဲ့သူ ဘယ်လောက်ရှားသလဲဆိုတာ လူမှုအသိုင်းအ၀ိုင်းထဲ ကျင်လည်ဝင်ဆန့်ဖူးသူတိုင်း သိကြပါတယ်။ မျက်စိနဲ့မြင်နေရတဲ့ ရုပ်ဆင်းသွင်ပြင်ဆိုတာ အဘိဓမ္မာသဘောနဲ့ ကြည့်ရင် ကမ္မရုပ်၊ အာဟာရရုပ်၊ ဥတုဇရုပ်၊ စိတ္တဇရုပ်ဆိုတာတွေ ပေါင်းစပ်စုဝေးဖြစ်ပေါ်လာတာမို့လို့ စိတ်ရင်းစေတနာ ဖြူစင်တဲ့သူဟာ ရုပ်လက္ခဏာ ကြည်ကြည်လင်လင်ရှိနေမှာ မလွဲပါဘူး။ ဒါကြောင့် အလှအပကို ကြောင့်ကြစိုက်ပြီး ပြုပြင်ထိန်းသိမ်းချင်တဲ့သူဟာ စိတ်ဓါတ်ကိုလည်း ဖြူစင်ကြည်လင်အောင် ထိန်းသိမ်းဖို့ လိုလာပြန်ပါတယ်။
          ဒီလိုနဲ့ တဖြေးဖြေး အဆင်းကနေ အချင်းဘက်ရောက်အောင် ကြိုးစားရပါတယ်။ ဘာဖြစ်လို့ဆိုတော့ အဆင်းလှဖို့ သက်သက်သာကြိုးစားနေရင် အဆင်းလှဆန်း လူ့ပေါက်ပန်းဘ၀နဲ့ တန်ဖိုးမရှိ ဖြစ်သွားတတ်လို့ပါ။ ဒီကနေ့ခေတ်မှာ ကိုယ့်မြန်မာလူမျိုးတွေထဲက ယောင်္ကျားလေးတွေရော မိန်းကလေးတွေပါ နိုင်ငံတကာက အလှပြိုင်ပွဲတွေမှာ ၀င်နွှဲကြ၊ ဆုတွေရလာကြတဲ့အခါ ရုပ်ရောအရွယ်ပါရှိသေးတဲ့ လူငယ်လေးတွေအတွက် အလှအပဆိုတာ သူများဆံပင်ဆိုးရင်လိုက်ဆိုး၊ သူများမင်ကြောင်ထိုးရင်လိုက်ထိုး၊ သူများနားဋောင်းပန်လို့ လိုက်ပန်ရုံနဲ့တော့ မလုံလောက်သေးဘူးလို့ သိစေချင်ပါတယ်။ အဲဒါတွေက ခေတ်ရေစီးကြောင်းပဲ ရှိသေးတာ။ အချိန်တစ်ခုကုန်ရင် ပြောင်းသွားရော။ အခုပြောခဲ့သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလေးလည်းရှိမှ၊ ဂရုတစိုက်လည်း မွေးမြူထိန်းသိမ်းနိုင်မှ၊ စိတ်ရင်းစေတနာကောင်းလေးနဲ့ လူတဘက်သား အများအကျိုးကို ရွက်ဆောင်နိုင်မှ တကယ့်အလှစစ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ် လို့ ပညာပေးချင်တာပါပဲ။ ဒါမှလည်း သူများနဲ့အလှပြိုင်ရတဲ့အခါ ဦးရွှေလိပ်ကြီးလို “ရုပ်လှရာဝယ် ကျုပ်ကသာတယ် မုချပါကွယ်။” လို့ ခပ်ကြွားကြွား ပြောလို့ရမှာပေါ့။ ဟုတ်တာမဟုတ်တာ အပထား အဲဒီစိတ်ကလေးတော့ရှိနေမှ ရှေ့ဆက်ရမယ့်ခရီးမှာ ရှက်ကြောပြတ်မယ်ကွယ်။ ကျန်တာတော့ ကြည့်တဲ့သူတွေအပိုင်း။ မဟုတ်ဘူးလို့ ပြောတဲ့သူတွေအားလုံးကို ကိုယ့်လောက်မလှလို့ မနာလိုဖြစ်နေတာလို့ သဘောထားလိုက်။ သူတို့က ကြည့်မှ မကြည့်တတ်ပဲနဲ့။ စိတ်ရူးဆိုတာ ဒီလိုပဲ။ ရအောင်ထိန်းလို့ရရင် ထိန်းကြည့်။ မရတော့ဘူးဆို လွှတ်သာပေးလိုက်။ ဆိုက်ချင်တဲ့ဘူတာ ဆိုက်ပစေပေါ့။ အရေးကြီးတာ ကိုယ်စိတ်ချမ်းသာရင်ပြီးတာပဲ။ ဟုတ်ဘူးလား။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...