❝ ရော့ခ်ဒိုင်ယာရီ ❞
Music Crazy Te Te Tar Tar
အခုပြောပြမှာက ကမ္ဘာကျော် .....
Deep Purple အဖွဲ့ရဲ့ Smoke On The Water လောက် မကြီးကျယ် မခမ်းနားလှတဲ့ ရော့ခ်ဒိုင်ယာရီ စာတစ်ပုဒ်ပါပဲ။ ဒီအကြောင်းတွေကို ပြန်ပြောဖို့အတွက် နိဒါန်းကို ဒီအတိုင်း လှည်းတန်းက စရမှာ ဖြစ်ပါတယ်။

ကမာရွတ်(လှည်းတန်း)နဲ့ရေစက်ပါတယ်လို့ထင်တယ်။ ဒီဇာတ်လမ်းတွေအားလုံး ကမာရွတ် (လှည်းတန်း) မှာ စခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်လမ်းနဲ့ ပတ်သက်သူ တစ်ချို့လည်း ကမ္ဘာမြေပေါ်မှာ မရှိကြတော့ပါဘူး။
လွန်ခဲ့သော ၂၅ နှစ်ခန့်က ဒီဇာတ်လမ်းတွေ ဖြစ်ဖို့မေမေကကျွန်တော့်ကိုမြန်မာကျပ်ငွေငါးသောင်း ထုတ်ပေးခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်မှာ မေမေဟာ ကျွန်တော် နေထိုင်တဲ့ ပြင်ဦးလွင်ကို လိုက်လာပြီး သူ့ဘ၀ကို အဆုံးသတ်ခဲ့တယ်။
၂၀၀၁ ခုနှစ်။ မေမေဆုံးပြီးတော့ ဘ၀မှာ နောက်လှည့်ကြည့်စရာအကြောင်းသိပ်မရှိတော့ဘူးဆိုပြီးရန်ကုန်မှာပြန်နေမယ်လို့ဆုံးဖြတ်
လိုက်တယ်။
ကမာရွတ်(လှည်းတန်း)နဲ့ရေစက်ပါတယ်တယ်လို့ထင်တယ်။လွန်ခဲ့တဲ့၂၅လောက်ကအခု
လက်ရှိနေနေတဲ့ဗဟိုလမ်းကပြည်ရိပ်မွန်အိမ်ရာ ဆိုတာရှိဖို့နေနေသာသာဗဟိုလမ်းဆိုတာ
တောင် ရှိသေးတာမဟုတ်ဘူး။
ကိုယ့်တူမလေးရဲ့ ကျေးဇူးကြောင့် အခုလက်ရှိ ဗဟိုလမ်း ပြည်ရိပ်မွန် အိမ်ရာမှာ နေဖြစ်ခဲ့တယ်။ နည်းနည်းတော့ အဆင့်မြင့်တယ်။ အပေါ်ဆုံးထပ် (ရှစ်လွှာ) မှာ နေဖြစ်တယ်။ လှည်းတန်းမဟုတ်ပေမယ့် လှည်းတန်းရပ်ကွက်ကြီး တစ်ခုလုံးကို အခန်းတံခါး ပြူတင်းပေါက်ကနေ မိုးပြီး မြင်နေရတယ်။ဟိုမှာလှည်းတန်းခုံးကျော်တံတား၊ ဟောဒါက ယခင် (အာတီးယားလမ်း) စသဖြင့်။
၁၉၈၆ ခုနှစ်က မေမေထုတ်ပေးတဲ့ ပိုက်ဆံနဲ့ မန္တလေးက ဟယ်ရီလင်းဆိုတဲ့ အဆိုတော် တစ်ယောက်ကို စီးရီးထုတ်ဖို့ဆိုပြီး လှည်းတန်းကမာရွတ်မှာ နေဖြစ်ခဲ့တာ ဖြစ်တယ်။
အဲဒီတုန်းက ကိုယ့်ညီ သူငယ်ချင်းတွေဖြစ်တဲ့၊ ကိုယ်ညီလေးတွေလို ဖြစ်တဲ့၊ မန္တလေးက ဂျီတီအိုင် ကျောင်းဆင်းလေးတွေဖြစ်တဲ့ အင်ဂျင်နီယာ ပေါက်စလေးတွေဖြစ်တဲ့ ကိုမြင့်လွင် နဲ့ ကိုဝင်းတူး တို့ နှစ်ယောက်ဟာ ရေကြည်ရာ မြက်နုရာ ကမာရွတ် လှည်းတန်း ထန်းတစ်ပင်လမ်း ခြံဝင်းကြီးတစ်ခုထဲက ရေနံချေးတွေ မည်းနေအောင် သုတ်ထားတဲ့ နှစ်ထပ်အိမ်ကြီးတစ်လုံးကို အဆောင်လုပ်ထားတဲ့ အိမ်ကြီးမှာ ငှားနေကြတယ်။
ကိုယ့်တစ်ယောက်စာဆိုရင်ရန်ကုန်ဘယ်မှာ
နေနေဖြစ်တယ်။မြေနီကုန်းမှာဓာတ်ပုံဆိုင်ဖွင့်ထားတဲ့ ဦးလေးရဲ့အိမ်ကလည်း ရှိတယ်။ ဒါပေမယ့် ဟယ်ရီလင်း ရဲ့ စီးရီးသွင်းဖို့ မန္တလေးကတစ်ပါတည်းတီးဝိုင်းပါခေါ်လာတော့ အဲ့သလို ကိုယ်တတ်နိုင်တဲ့ငွေကြေးလောက်နဲ့ပဲ အဆောင်ငှားနေမှဖြစ်မှာဆိုတော့ အခုနက ထန်းတပင်လမ်းထဲကအဆောင်မှာပ
ဲကိုမြင့်လွင်တို့အဆက်အသွယ်နဲ့ပဲနေဖြစ်ခဲ့တာ
ဖြစ်တယ်။
မနှစ်က လွှင့်ဖြစ်ခဲ့တဲ့ မြ၀တီက ကျွန်တော့်ရဲ့ ရှင်သန်နေသော သီချင်းများ အစီအစဉ်မှာ ပြောခဲ့သလို တီးဝိုင်းနာမည်ကို “စကြ၀ဠာမီးပြတိုက်များ” ပေးထားပြီး Lead ဂစ်တာကို အဲဒီတုန်းက ကိုအောင်နိုင် နောက် (ပီလွန်)ကတီးပါတယ်။အခုကွယ်လွန်သွားပါပြီ။Drumsကဟင်နရီကိုမြ၀င်းကတီးပေးပါ
တယ်။Bassဂစ်တာကိုတော့လက်ရှိမြန်မာ
ပြည်ရဲ့ Rock Monster ဖြစ်တဲ့ လေးဖြူက တီးပါတယ်။သူတို့အားလုံးကမာရွတ်လှည်း
တန်း ထန်းတစ်ပင်လမ်းက အဆောင်မှာ နေသွားသူတွေပေါ့။ (ကိုမြ၀င်း နဲ့ လေးဖြူ က မန္တလေးတက္ကသိုလ်ကပေါ့)။
သိတဲ့အတိုင်းပါပဲကမာရွတ်လှည်းတန်းဆိုတာကတော့အနယ်နယ်အရပ်ရပ်ကပညာသင်ယူဖို့ပဲဖြစ်ဖြစ်၊ အနုပညာနယ်ပယ်မှာ တိုးဖို့ပဲဖြစ်ဖြစ်၊ သွားရေးလာရေး၊ စားရေးသောက်ရေးက အစ အစစ အဆင်ပြေပါတယ်။ မနက်ပိုင်း Breakfast ဆိုရင်လည်း အဖိုးနည်းဝန်ပါ။ နေ့လည်စာ Lunch ကျပြန်တော့ ငွေစကြေးစ အနည်းငယ်နဲ့သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နဲ့ပြီးတယ်။မြို့ထဲDowntownသွားချင်ရင်
လည်း ကားမှတ်တိုင် ဆယ်ခု မကျော်ဘူး။ ကျွန်တော်တို့ စီးရီး အသံသွင်းဖို့ Date ယူထားတဲ့ စတူဒီယိုကလည်း အိုအေစစ် စတီဒီယို၊ ရှစ်မိုင်အကျော်မှာ အခု ၅၁ ကားစီးသွားရင် ဘာကြာတာမှတ်လို့ ခဏပဲ။
အဲဒီခေတ်အဲဒီကာလကပိုက်ဆံငါးသောင်းဆိုတာ အတိုင်းအတာတစ်ခုအထိ တော်တော် အသုံးခံပါတယ်။ အနည်းဆုံး စီးရီးခွေကြမ်း တစ်ခုတော့လုပ်လို့ရတယ်။လွမ်းစရာကောင်းအောင် ပြန်ပြောနေတာလို့တော့ မထင်လိုက်ပါနဲ့။ အဲဒီတုန်းကကိုအောင်မင်းတို့ကိုမြတ်ကျော်သိန်းတို့ မောင်နှမလေးယောက် Leo အဖွဲ့ကို ဟာမိုနီ ငှားလိုက်တာ ပိုက်ဆံ ခုနှစ်ထောင်ပဲ ပေးရတယ်။
အိုအေစစ် စတူဒီယိုမှာ ခုနပြောတဲ့ Leo အဖွဲ့ ကျွန်တော့်စီးရီးမှာပထမဆုံးစပြီးဟာမိုနီလိုက်တဲ့ သီချင်းက အခု လေးဖြူ ဆိုပြီးပေါက်သွားတဲ့ “ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့” သီချင်းပါပဲ။ အဲဒီသီချင်းကိုမှ သူတို့ ပထမဆုံးရွေးပြီး ဟာမိုနီလိုက်တာကိုလည်း အံ့သြရပါတယ်။ ဟာမိုနီဆိုပြီး အင်ဂျင်နီယာအခန်းထဲလာပြီး သူတို့နားထောင်တော့လည်း အစက ရုပ်သိပ်မထွက်သေးတဲ့ သီချင်းဟာ အဲဒီကျမှ ဂျာမန်စစ်တပ်ကြီး ချီလာသလား အောက်မေ့ရတယ်။ နားထောင်ရတာ စိတ်တက်ကြွဖို့ သိပ်ကောင်းသွားတယ်။ Leo အဖွဲ့ကိုယ်တိုင်လည်း တော်တော် Active ဖြစ်သွားပုံရပါတယ်။
အဲဒီတုန်းက ဇော်ဝင်းထွဋ် ဆိုရင် အိုအေစစ်ကို ရောက်ရောက်လာပြီး ကျနော်တို့အဖွဲ့ကို မသိမသာ အကဲခတ်ပါတယ်။ အဲဒီ Judas Priest သီချင်းကိုလည်း “အေးဗျာ... အဲဒီသီချင်းကို အစက ကျွန်တော်လည်း လုပ်ဖို့ပါပဲ။ အခု ခင်ဗျားတို့ လုပ်သွားတော့လဲ ကောင်းပါတယ်” ဆိုပြီး လွတ်တဲ့ငါးမှ ကြီးတဲ့ ပုံမျိုးနဲ့ ပြောပါတယ်။
အိုအေစစ်မှာသီချင်းသွင်းတော့ကိုယ်ကဘာမှမတီးတတ်တော့ အချို့အချိန်တွေ အားပါတယ်။ ဆရာဦးဇော်မြင့် (ဇော်ဇော်အောင်) နဲ့လည်း လက်ဘက်ရည်ဆိုင်မှာ အနည်းအကျဉ်း Talking ပွားဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာ တက္ကသိုလ်မှာပဲ ရှိပါသေးတယ်။ သူနဲ့ စကားပြောရတာလည်း တစ်ခါတစ်ခါ အတော်တက်ကြွစရာ ကောင်းပါတယ်။ တစ်ခါတစ်ခါတော့လည်း Modernism တွေအကြောင်း ပြောဖြစ်တယ်။ အရိုးပေါ်အရွက် မဖုံးရအောင် ဆိုတာကို သူက လက်ခံချင်ပုံမရဘူး။ အရွက်နဲ့ ချည်း အနုပညာဖြစ်အောင် လုပ်ပြချင်တဲ့ စိတ်မျိုး သူ့မှာ ရှိပုံရပါတယ်။ အနုပညာ် အပေါ် ကန့်သတ်ချက်တွေ စည်းမျဉ်းဥပဒေသတွေကို သူမုန်းတီးနေပုံပါပဲ။(တောင်သူလယ်သမားဂျာ
နယ်မှာငါးမြှောင်တောင်ပိုးအကြောင်းဆောင်းပါးတစ်ပုဒ်တစ်လေရေးပြီးကိုယ့်ကိုယ်ကို စာရေးဆရာ) လို့ ထင်နေသူနဲ့ ဇော်ဇော်အောင် ကြမ်းတစ်ပြေးတည်း မထိုင်နိုင်ပါဘူးလို့ အဲ့သလို မာန်တက်ပြီး ဆရာဦးဇော်မြင့်က ပြောပါတယ်။
အဲဒီ ၁၉၈၆ ခုနှစ်တုန်းကအိုအေစစ်စတူဒီယိုမှာ ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့ ဟယ်ရီလင်း ရဲ့ စီးရီးစ်ဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ မထွက်ဖြစ်ခဲ့ဘူး ဆိုပေမယ့် အဲဒီကမှ မြန်မာပရိသတ်အတွက် Heavy Metal ဆိုတဲ့ တေးဂီတ အမျိုးအစား တစ်မျိုး သော်ဒီဝေ၊ ဟယ်ရီလင်း၊ လေးဖြူ၊ အငဲ စတဲ့ RockArtistတွေကိုတော့မွေးဖွားပေးနိုင်ခဲ့ပါတယ်။
စီးရီးသွင်းပြီးလို့ ဆရာကောင်းမြတ်က Mix Down ဆွဲပေးတဲ့ ညကိုလည်း ပြန်ပြောင်း သတိရမိတယ်။ နေ့သစ်များအကြောင်း၊ ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့၊ ဂန္ထ၀င်မြောက်အိမ်အပြန် သီချင်းတွေကို ပြန်နားထောင်ပြီး မျက်ရည်ဝိုင်းမိတယ်။ အားလုံးပြီးဆုံးသွားတော့ ည ၂ နာရီကျော်ပြီ။ လှည်းတန်း ထန်းတစ်ပင်လမ်းက အဆောင်ပြန်ဖို့ စောနေသေးတယ်။ မင်္ဂလာဒုံဘက်မှာ ကျိုက္ကလို့ ဘုရားပွဲရှိတယ်။ ဘုရားပွဲဈေးသွားပြီး လက်ဖက်ရည်သောက်ပြီး မနက် ၅ နာရီလောက်မှ ကျွန်တော်တို့အဖွဲ့ လှည်းတန်း ပြန်ရောက်တယ်။
အခုပြောပြနေတာတွေ အားလုံးကတော့ ၁၉၈၆ ခုနှစ်လောက်က ရော့ခ် ဒိုင်ယာရီ တစ်ပုဒ်ပါပဲ။ အဲဒီအထဲကလူတချို့ဟာကမာရွတ်လှည်တန်းတစ်ပိုက်မှာ နေထိုင်သွားခဲ့ဖူးတယ်။ တချို့ဟာ ကမ္ဘာမြေပေါ်မှာ မရှိတော့ဘဲသေဆုံးသွားကြပြီး တချို့ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ တစ်ခဲနက်လက်ခုပ်သံတွေရတဲ့ Celebrity တွေဖြစ်နေကြတယ်။ တချို့လှည်းတန်းက လူတွေ မသိကြပေမယ့် သော်ဒီဝေ တို့ လေးဖြူ တို့ ဟယ်ရီလင်း တို့ဆိုတာ ဟောဒီ ငါတို့ လှည်းတန်း ထန်းတစ်ပင်လမ်း ဟိုနားက အဆောင်မှာ နေသွားတာပါကွာလို့ ပြောကောင်းပြောမယ့်သူတွေ ရှိနေလိမ့်မယ်။
မုဒိတာဖြင့်
✍ သော်ဒီဝေ ✍
မေလ ၂၂ ရက် ၂၀၁၀ခုနှစ်
`` စကြ၀ဠာမီးပြတိုက်များ ´´
တေးဂီတအဖွဲ့

0 comments:
Post a Comment