ပြည်သူသာအမိ ပြည်သူသာအဖ တရားစီရင်ရေးစနစ်
နိုင်ငံသားအကျဉ်းသားဟောင်းတွေက
အင်န်အယ်လ်ဒီလွှတ်တော်တွေမှာ လွှတ်တော်အမတ်တွေ ဖြစ်လာကြပြီး၊
အင်န်အယ်လ်ဒီအစိုးရအဖွဲ့ခေါင်းဆောင် လူထုသမ္မတဦးထင်ကျော်နဲ့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေခေတ်က
တရားစီရင်ရေးဆိုတာ အမိန့်ဖတ်ပြရတဲ့ တရားသူကြီးတွေနဲ့ ရုပ်ရှင်ဆန်ခဲ့ပါတယ်။
မတရားတဲ့ ဥပဒေတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကြောင့်
တိုင်းပြည်ရဲ့အရေးအရာတွေကို စီမံခန့်ခွဲကြရမယ့် ပုဂ္ဂိုလ်တွေဟာ
နိုင်ငံရေးအကျဉ်းသားဘ၀ကို မရောက်ချင်ဘဲ ရောက်ခဲ့ကြရပါတယ်။
အဲဒီလို စစ်အာဏာရှင်တွေ မတရားလုပ်ခဲ့တဲ့ အကျိုးဆက်ဟာ ကနေ့ထက်ထိ ရှိနေတုန်းပါ၊ တရားသူကြီးတချို့ဟာ လူလည်ကျပြီး မှေးစားနေတဲ့အထိ တရားစီရင်ရေးမဏ္ဍိုင်မှာ အမြစ်တွယ် ရှင်သန်နေဆဲပါ။ ``တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာအောင် ဘယ်လိုပြုပြင်ဆောင်ရွက်မလဲ`` DVB ဒီဘိတ်မှာ ကြိုးစားအဖြေရှာထားပါတယ်။
အဲဒီလို စစ်အာဏာရှင်တွေ မတရားလုပ်ခဲ့တဲ့ အကျိုးဆက်ဟာ ကနေ့ထက်ထိ ရှိနေတုန်းပါ၊ တရားသူကြီးတချို့ဟာ လူလည်ကျပြီး မှေးစားနေတဲ့အထိ တရားစီရင်ရေးမဏ္ဍိုင်မှာ အမြစ်တွယ် ရှင်သန်နေဆဲပါ။ ``တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာအောင် ဘယ်လိုပြုပြင်ဆောင်ရွက်မလဲ`` DVB ဒီဘိတ်မှာ ကြိုးစားအဖြေရှာထားပါတယ်။
ဦးဆောင်ဆွေးနွေးသူတွေက
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ရန်ကုန်တိုင်းတရားသူကြီးဟောင်း
ဦးကျော်ထွန်း၊ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း
အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦး၊ ဥပဒေပညာရှင် ဦးဟန်ညွန့် (ဥပဒေ)၊
အမျိုးသားလွှတ်တော်အမတ် တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး (စိန်ဂျွန်း) တို့
ဖြစ်ပါတယ်။
စစ်အာဏာရှင်ခေတ်မှာ တရားစီရင်ရေးမဏ္ဍိုင်ပျက်စီး
၁၉၆၂
စစ်အာဏာရှင်ခေတ်မတိုင်မီက တရားစီရင်ရေးမဏ္ဍိုင်ဟာ တည့်မတ်ပြီး၊ စစ်တပ်က
အာဏာသိမ်းပြီးနောက်မှာ တရားစီရင်ရေးမဏ္ဍိုင်ဟာ တိမ်းစောင်းခဲ့တယ်လို့
ဦးကျော်ထွန်းက ပြောပါတယ်။ အရင်ခေတ်က တရားရေးဝန်ကြီးအပါအ၀င်
အရာရှိကြီးတွေဟာ ဂုဏ်သိက္ခာကို အလွန်ထိန်းသိမ်းကြပြီး၊ မိသားစုဝင်တဦးဦးက
မဟုတ်တာလုပ်ရင် အရှက်သိက္ခာအတွက် ကြိုးဆွဲချသေလိုက်တာမျိုးအထိတောင်
ရှိခဲ့တယ်လို့ သူက ဖြည့်စွက်ပါတယ်။
လက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးချုပ်နဲ့ တရားသူကြီး စုစုပေါင်း ခုနစ်ယောက်မှာ လေးယောက်ဟာ
စစ်တပ်က လာသူတွေဖြစ်တယ်၊ သမ္မတဦးသိန်းစိန်လက်ထက်မှာ သူတို့ဟာ အရှင်မွေး
နေ့ချင်းကြီးတွေဖြစ်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ
တရားလွှတ်တော်ချုပ်တရားသူကြီးတွေရဲ့ အရည်အချင်းတခုဖြစ်တဲ့
``ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက
ယူဆသူ`` လို့ ဆိုပေမယ့် ဘယ်နေရာမှာ ထင်ရှားနေသလဲ မသိပါဘူးလို့
ဦးသိန်းသိန်းဦးက ပြောပါတယ်။
၁၉၆၂
စစ်အာဏာရှင်ခေတ်ကစပြီး တရားစီရင်ရေးဟာ အုပ်ချုပ်ရေးက ခိုင်းတဲ့အတိုင်း
ဆောင်ရွက်ရတယ်၊ မလိုက်နာရင် တရားသူကြီးကို အရေးယူတယ်လို့ ဦးဌေးဦးက
ပြောပါတယ်။ ၁၉၆၂ က စပြီး တရားစီရင်ရေးဟာ
အုပ်ချုပ်ရေးရဲ့နင်းပြားဘ၀ရောက်ခဲ့ရတယ်လို့ သူက ဖြည့်စွက်ပါတယ်။
၁၉၆၂
နောက်ပိုင်းမှာ လုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီ (လ-အ-က) ဆိုတဲ့
ဗိုလ်မှူးတွေ ကြီးစိုးတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပါ
အကုန်ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ အခွင့်ထူးခံလူတန်းစားတရပ်
ပေါ်ပေါက်လာတယ်လို့ ဦးကျော်ထွန်းက ပြန်ပြောင်းပြောပြတယ်။
ဆိုရှယ်လစ်စီးပွားရေးစနစ်မှာ ပစ္စည်းရှားပါးပြီး ခွဲတမ်းစနစ်ဖြစ်လို့
ဆန်ကောင်းရင် ဗိုလ်ကြီးတွေက မမသွားကြလို့ ဗိုလ်ကြီးမမဆန်ဆိုတာပါ
ပေါ်ခဲ့ဖူးတယ်၊ အဲဒီကတည်းက တရားစီရင်ရေးလည်း ပျက်ခဲ့တယ်လို့ သူက
ဖြည့်စွက်ပါတယ်။
၁၉၆၂
ကနေ ၁၉၈၈ အထိဟာ စစ်အာဏာရှင်စနစ် ပထမခေတ်ဖြစ်ပြီး၊ ၁၉၈၈ ကနေ
ဦးသိန်းစိန်အစိုးရလက်ထက်အထိက စစ်အာဏာရှင်စနစ် ဒုတိယခေတ်ဖြစ်တယ်လို့
ဦးသိန်းသန်းဦးက ပြောပါတယ်။ စစ်အာဏာရှင်တွေခေတ်မှာ စစ်အာဏာရှင်စနစ်ကို
ကျားကန်ဖို့ တရားစီရင်ရေးမဏ္ဍိုင်ကို အာဏာခိုင်မြဲရေးယန္တရားအဖြစ် သုံးကြတယ်၊
တရားသူကြီး၊ အကျဉ်းထောင်အရာရှိနဲ့ ရဲအရာရှိတွေဟာ ကြောက်နေကြရပြီး
အာဏာရှိသူက ခေါ်ခိုင်းရင် လုပ်ကြရတယ်၊ အခွင့်အရေးတောင်းဆို ဆန္ဒပြကြတဲ့
ကျောင်းသား၊ အလုပ်သမားနဲ့ လယ်သမားတွေကို ထောင်ချတဲ့အလုပ် လုပ်ကြရတယ်လို့
သူက ထောက်ပြပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ဖို့ လွယ်၊ မလွယ်
တရားစီရင်ရေးမဏ္ဍိုင်
မယိမ်းယိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါလို့ ဦးဟန်ညွန့်က ပြောပါတယ်။
တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာဖို့ တရားသူကြီးတယောက်တည်း လုပ်မရဘဲ ဥပဒေအရာရှိ၊
ရဲအရာရှိ၊ အကျဉ်းထောင်အရာရှိ၊ တရားလို တရားခံ သက်သေအဖြစ် ရှိနေတဲ့
ပြည်သူတွေအပါအ၀င် အားလုံးပါဝင်ပြီး တာဝန်ကျေပွန်မှသာ အောင်မြင်နိုင်မယ်လို့
သူက ရှင်းပြပါတယ်။
စစ်အာဏာရှင်တွေက
လေ့ကျင့်ပျိုးထောင်ပေးလိုက်တဲ့ တရားသူကြီးတွေကို လွတ်လပ်တဲ့
တရားစီရင်ရေးရဖို့ တပ်ဆင်ပေးရမယ်၊ ဒါမှာသာ တရားစီရင်ရေးမဏ္ဍိုင်
တည့်မတ်မယ်လို့ ဦးသိန်းသိန်းဦးက ထောက်ပြပါတယ်။ စစ်အာဏာရှင်တွေကို
ကျားကန်ပေးပြီး ဒီမိုကရေစီလိုလားသူတွေကို ထောင်ချမယ်ဆိုတဲ့ အတွေးအခေါ်မျိုး၊
ငါ့အတွက်နဲ့ ငါ့အဘအတွက်ဆိုတဲ့ အတွေးအခေါ်မျိုးကနေ လူထုကို အခြေခံတဲ့
လူထုကို စောင့်ရှောက်မယ်ဆိုတဲ့ စိတ်မျိုး သွင်းပေးနိုင်မှ တရားသူကြီးတွေဟာ
မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်မယ်လို့ သူက အကြံပြုပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်
တည့်မတ်ဖို့ အခက်အခဲတွေ ရှိနိုင်ပေယ့် ငါးနှစ်အတွင်း အောင်မြင်အောင်
ဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှိတာကို ယုံကြည်ပါတယ်လို့ ဦးဌေးဦးက
ပြောပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်မှာ တရားသူကြီးတွေဟာ အဓိကလို့ ပြောနေပေမယ့်
တရားရုံးတွေမှာ ဥပဒေဆိုင်ရာ စာအုပ်စာတမ်းတွေ မရှိဘူး၊ တရားသူကြီးတွေဟာ
ဟိုမေးဒီမေးနဲ့ အမိန့်တွေ ချနေကြရတယ်၊ တရားသူကြီးဖြစ်လောက်တဲ့
အရည်အချင်းရှိရမှာဖြစ်ပြီး တရားမျှတမှုကို အခြေခံလို့ ပြည်သူအားလုံးကို
တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ စောင့်ရှောက်မယ်ဆိုတဲ့စိတ်မျိုး
ထားကြရမယ်လို့ သူက ဖြည့်စွက်ပါတယ်။
တရားစီရင်ရေးအာဏာဟာ
လုပ်ချင်သလို လုပ်ခွင့်ရတာ မဟုတ်ဘူးဆိုတာကို တရားစီရင်ရေးမဏ္ဍိုင်မှာ
တာဝန်ထမ်းဆောင်နေကြတဲ့ တရားရေးဝန်ထမ်းတွေ သိကြရမယ်လို့ ရုပ်သံကနေ
ပါဝင်ဆွေးနွေးတဲ့ လွှတ်တော်အမတ်ဟောင်းနဲ့ တရားလွှတ်တော်ရှေ့နေ
ဦးသိန်းညွန့်က ပြောပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ဖို့ တရားစီရင်ရေးနဲ့
စီမံခန့်ခွဲရေးကို ပေါင်းစပ်ပြီး တရားလွှတ်တော်ချုပ်က ကိုင်ထားတာကို
ပြောင်းလဲပစ်ရမယ်၊ တရားစီရင်ရေးကို တရားလွှတ်တော်ချုပ်က ဆောင်ရွက်ပြီး
တရားရုံးတွေနဲ့ တရားသူကြီးတွေကို မြှင့်တင်ဖို့ စီမံခန့်ခွဲရေးကို
လွှတ်တော်ကို တာဝန်ခံမယ့် တရားရေးဝန်ကြီးက လုပ်ဆောင်ရမယ်၊ ထိရောက်တဲ့ အရေးယူ
အပြစ်ပေးတာတွေကိုလည်း မလွဲမသွေ လုပ်ရလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။
တရားသူကြီးတွေမှာလည်း
တော်တည့်မှန်ကန်တဲ့ တရားသူကြီးတွေရှိသလို ကြောက်တတ်တဲ့
တရားသူကြီးတွေရှိတယ်၊ ခေါင်းကိုသေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့
တောင်သူမကြီး ဒေါ်ခင်ဝင်းအမှုမှာ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ကို အမှုဖွင့်ဖို့ ရဲက မဖွင့်ပေးလို့
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ စာချွန်တော်လျှောက်ဖို့
ကျမ်းကျိန်လွှာလိုအပ်တာမှာ မန္တလေး၊ စစ်ကိုင်း ဘယ်တရားရုံးက တရားသူကြီးမှ
ကျမ်းကျိန်လွှာ လုပ်မပေးဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မဏ္ဍိုင်သုံးရပ်ကို
တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲမယ်ဆိုတာကို ဟန်ပြလေးတောင် မလုပ်ကြဘူးလို့
ဦးသိန်းသန်းဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တည့်မတ်နိုင်မလား
စစ်အာဏာရှင်တွေကို
ရွံ၊ မုန်း၊ ကြောက်ရတဲ့ ဘ၀က လွတ်မြောက်ပြီး ခေါင်းဆောင်ကောင်း
(ဒေါ်အောင်ဆန်းစုကြည်) ကို ရထားလို့ လူတွေဟာ တက်ကြွနေကြတယ်လို့
ဦးကျော်ထွန်းက ပြောပါတယ်။ ၀န်ထမ်းတွေရဲ့ ရည်မှန်းချက်ဟာ
ရာထူးတိုးရေးဖြစ်တယ်၊ မိုးကျရွှေကိုယ်တွေလာရင် ၀န်ထမ်းတွေ စိတ်ဓာတ်ကျတယ်၊
ဝန်ထမ်းကို ကောင်းကောင်းခိုင်းချင်ရင် ပြည့်စုံအောင် ထားပေးဖို့ လိုတယ်၊
လာဘ်ငွေများများရရင် ဂုဏ်ရှိတယ်လို့ ထင်နေကြတယ်၊ စနစ်ကို
ပြန်တည့်နိုင်ရင်တော့ တရားသူကြီးတွေ မတ်လာကြမယ်၊ တရားစီရင်ရေးမဏ္ဍိုင်
တည့်မတ်နိုင်ပါတယ်လို့ သူက ရှင်းပြပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ဖို့
တရားသူကြီးတွေရဲ့လုပ်ပိုင်ခွင့်အတွက် အာမခံချက်ပေးထားတဲ့ ဥပဒေရှိရမယ်၊
တရားစီရင်ရေးမဏ္ဍိုင်က ကျင့်သုံးမယ့် ဥပဒေတွေကလည်း တရားမျှတရမယ်၊
ရဲအရာရှိတွေ၊ ဥပဒေအရာရှိတွေနဲ့ ရှေ့နေရှေ့ရပ်တွေကလည်း ဖြောင့်မတ်ပြီး
ဥပဒေကို လေးစားလိုက်နာရမယ်၊ တရားသူကြီးကတော့ နိုင်ငံတော်နဲ့
နိုင်ငံသားတွေအပေါ် သစ္စာရှိရမယ်၊ မုန်းလို့ ဒါမှမဟုတ် လာဘ်ရလို့
သစ္စာမဲ့ရင်တော့ စွပ်စွဲပြစ်တင် အရေးယူပြီး ထိန်းကျောင်းရမယ်လို့ ဦးဌေးဦးက
ပြောပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ လေးစားကြည်ညိုမှုကို ရထားတဲ့
ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်မှာ အားလုံးက လိုက်နာကြမယ်ဆိုရင်
တရားစီရင်ရေးမဏ္ဍိုင်ဟာ တည့်မတ်နိုင်ပါတယ်လို့ သူက ဖြည့်စွက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က
၂၀၁၆ ရဲ့ မြန်မာ့နှစ်သစ်ကူး (၁၃၇၈) မိန့်ခွန်းမှာ ပြည်သူတွေနဲ့
နိုင်ငံတော်ကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်မယ်လို့ ပြောခဲ့တယ်၊ မေတ္တာခြုံလို့
လုံနိုင်ပါစေ၊ သစ္စာဆောင်၍ အောင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်၊ ဒီတော့
မူရောလူရောကောင်းပြီး တရားလို၊ တရားခံ၊ သက်သေ၊ အစိုးရရှေ့နေ၊ အကျဉ်းဦးစီး၊
တရားသူကြီး စသဖြင့် အားလုံးဟာ ဥပဒေနဲ့အညီ မေတ္တာထားနိုင်မယ်၊
သစ္စာဆောင်နိုင်မယ်ဆိုရင် မှန်ကန်မျှတတဲ့ တရားဥပဒေစိုးမိုးရေးကို
ရနိုင်ပါတယ်လို့ ဦးဟန်ညွန့်က ပြောပါတယ်။
မေတ္တာ၊
သစ္စာ၊ စေတနာအပြင် တရားသူကြီးတွေဟာ သတ္တိရှိဖို့ လိုအပ်တယ်၊ ကိုယ်မှန်ရင်
သတ္တိမရှိစရာ မရှိပါဘူးလို့ ဦးကျော်ထွန်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ
မှန်နေတဲ့အတွက် သတ္တိရှိတယ်၊ တရားသူကြီးတွေလည်း မှန်နေရင်
သတ္တိရှိလာလိမ့်မယ်၊ တရားစီရင်ရေးမှာ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့
သစ္စာရှိဖို့နဲ့ သတ္တိရှိဖို့ အရေးကြီးတယ်၊ ဒါဆိုရင် တရားစီရင်ရေးမဏ္ဍိုင်ဟာ
ပြည့်စုံကောင်းမွန်သွားလိမ့်မယ်လို့ သူက အကြံပြုပါတယ်။
မဟုတ်တာလုပ်တာကိုတွေ့ရင်
(ကြုံရရင်) နိုင်ငံသားတွေအားလုံး မခံကြပါနဲ့လို့ ဦးဌေးဦးက ပြောပါတယ်။
အရင်ကတော့ ပြောမိရင် နိုင်ငံတော်လျှို့ဝှက်ချက်ကို ဖောက်ဖျက်မှုနဲ့
အချုပ်ထဲထောင်ထဲ ရောက်မယ်၊ အခုတော့ မတရားတာကို တွေ့ရင်ကြုံရင် ပြောဖို့
တာဝန်ရှိတယ်၊ အခွင့်အရေးရှိတယ်၊ အဲဒီလိုပြောမှလည်း မဟုတ်တာကို
မလုပ်ရဲတော့မှာပါ၊ အားလုံးမှာ တာဝန်ရှိပါတယ်လို့ သူက ဖြည့်စွက်ပါတယ်။
သတ္တိကောင်းတဲ့
တရားသူကြီးတွေ ရှိပါတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ ပျက်စီးနေတဲ့
တရားသူကြီးတွေဆိုတာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားသူကြီးစုစုပေါင်းရဲ့
သုံးပုံတပုံလောက်ပဲ ရှိပါတယ်၊ ဒါ့ကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့
လွှတ်တော်ပါဝင်တဲ့ တရားရုံးစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ တရားရုံးတွေကို
စောင့်ကြည့်ရမယ်၊ စနစ်ပြောင်းဖို့ ဥပဒေနဲ့အညီ ရဲရဲရင့်ရင့်
ဆောင်ရွက်ကြရမယ်၊ အစိုးရကလည်း အားပေးရမယ်၊ ဒါဆိုရင် ပြည်သူသာအမိ ပြည်သူသာအဖ
တရားစီရင်ရေးစနစ် ပေါ်ပေါက်လာလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။
0 comments:
Post a Comment