Sunday, May 17, 2015

[Free Thinker] ဒတ်စ်မိုက် နှင့် လူမိုက် အကြောင်း

(၁)




တစ်နေ့သ၌ ကျွန်ုပ်သည် ဘာတွေရှုပ်လို့ရှုပ်မှန်းမသိ၊ အလွန်အလုပ်ရှုပ်နေစဉ် သားသားနားနား ၀တ်စားထားသော အမျိုးကောင်းသားကလေးတစ်ဦးသည် အိမ်ပေါက်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီးသကာလ ဟဲလို ဟု နှုတ်ဆက် လေ၏။ ၎င်းကဲ့သို့ပင် တော်ကြာ ဆာဗေးဆိုကာ လာလိုလာ၊ ပစ္စည်းကြော်ငြာ ရောက်လိုရောက်၊ အာမခံကုမ္ပဏီက သူတို့ ပေါ်လစီ ဘယ်လိုကောင်းကြောင်း မဲဆွယ်လိုဆွယ်ဖြင့် မကြာခဏဆိုသလို ရောက်လာတတ်လေ့ရှိ၏။
ဆာဗေးသမားများ ကိုတော့ ကျွန်တော် အချိန်ယူကာ စိတ်ရှည်လက်ရှည် ဖြေပေးပါသည်။ အနို့ ကျွန်ုပ်ကလည်း စတက်တစ်စ်တစ်ကို စိတ်ဝင်စား သကိုး။ ပစ္စည်းကြော်ငြာလာလျှင်တော့ ငါက အပိုပစ္စည်းဆိုလို့ ဘာမှသုံးတတ်တဲ့ကောင်မဟုတ်ဘူးကွ။ ဈေးထဲမှာမြင်နေရတဲ့ ပစ္စည်းတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ ငါနဲ့မပတ်သက်ဘူး ဟု ဂွစကားပြောတတ်သည်။ အာမခံသမားများဆိုလျှင်မူ မင်းပြန်ဝယ်မယ်ဆို ငါ့လက်ထဲ အခုရှိနေတဲ့အာမခံတွေတောင် ပြန်ရောင်းလိုက်ချင်သေး။ မင်းတို့ အဆွယ်ကောင်းလို့ ငါ ၀ယ်မိတာ အခု ထွေးမရ၊ အံမရကြီးဖြစ်နေတယ် ဟု ဘုတောလွှတ်တတ်၏။
(တကယ်လည်း ဤအတိုင်းဖြစ်နေတာ ဖြစ်ပါသည်။)



ဆို၊ ကိုယ်ဘာကူညီရမလဲကိုယ့်ဆရာ ဟု ဆိုလေသော် ထိုသူလည်း အရောင်းကိုယ်စားလှယ်တို့၏ သဘာဝအတိုင်း ပြုံးရွှင်စွာ ဖြင့် မင်းအိမ်မှာ ဖုံတွေအရမ်းတက်နေတယ် ထင်တယ်။ မင်း နှာရည်ယိုတာ မဖြစ်ဖူးလား ဟု ဆို၏။ နှာရည်လား။ ယိုသပေါ့ကွာ၊ တနင်္ဂနွေလိုနေ့မျိုးဆို ပိုတောင်ဆိုးသေး။ ငါတို့ရွာက ဖိုးသွင်ဥ စမ်း ကျနေတာပဲ။ တသွပ်သွပ်နဲ့။ ဟောသည် ဒွန္နယာကြီးမှာ ငါ အမုန်းဆုံးအရာတွေကို ပြပါဆိုရင် နှာရည်ယိုတာဟာ ထိပ်ဆုံးကပေါ့ကွာ ဟု ကျွန်ုပ်လည်း ညှောင်နာနာနှင့် ငြီးလေ၏။ ထိုအခါ ၎င်းက အကွက်တော့ဆိုက်ပြီဟူသော မျက်နှာပေးဖြင့် ဒါဖြင့်ကွာ ငါတို့ မင်းအိမ်ကို ဖုံလာရှင်းပေးမယ်။ ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘူး။ မင်းသဘောတူမယ်ဆို ငါ လူလွှတ်လိုက်မယ် ဟု အားတက်သရောပြောလေသည်။



ကျွန်ုပ်မှာ အလကားရလျှင် ရေတောင်သေအောင်သောက်တတ်သည့် သဘာဝရှိသူဖြစ်၍ ဒါဆိုလည်း လုပ်လိုက်လေ၊ ငါက အိမ်ကို ညနေ ၆ နာရီလောက်မှပြန်ရောက်တော့ ၇ နာရီလောက်ဆို အဆင်ပြေမယ်ထင်တယ်။ ရေမိုးချိုး၊ ချက်ပြုတ်စားသောက် ဖို့ကလည်း ရှိသေးသကိုးကွ ဟု လက်ခံလိုက်၏။ ၎င်းက you will feel better. ဆိုကာ ပြန်သွား၏။



(၂)



သူတို့ကလည်း သိပ်မလာချင်ရှာပါ။ နောက်နေ့ညနေ ၇ နာရီလောက်တွင် Hand carry သေတ္တာတစ်လုံး၊ အခြား အထုပ်ကြီး အထုပ်ငယ်များဖြင့် နောက်တစ်ယောက် ရောက်လာ၏။ ကျွန်ုပ်လည်း အတန်ငယ်အံ့သြသွားသည်နှင့် နေပါဦးဆရာကြီးရယ်၊ အိမ်မှားလာပြီထင်တယ် ဟု ဆိုရာ ၎င်းက မမှားပါဘူးကွ၊ ဟောဒီမှာ မင်းလက်မှတ် ဟု ပိုင်ပိုင်နိုင်နိုင်ပြုံး၍ ပြသောကြောင့် ကြည့်လိုက်ရာ မနေ့ကလာသွားသည့် မိတ်ဆွေ၏ အဆက်ဖြစ်မှန်း သိရ၏။



ထို့နောက် ၎င်းက ပါလာသည့် ပစ္စည်းပစ္စယများထုတ်၊ ၎င်း၏ကိရိယာများအကြောင်း တစ်ခုပြီးတစ်ခုမိတ်ဆက် ရှင်းပြ၊ ကက်တလောက်များပေး။



အရင်ခေတ်က မွေ့ယာတွေဘာတွေ မလိုဘူး။ ဖျာနဲ့ပဲအိပ်တာ။ မွေ့ယာသုံးရင်တောင် ခပ်ပါးပါးလေးတွေ။ အဲဒီတော့ မွေ့ယာတို့၊ ခေါင်းအုံးတို့၊ စောင်တို့ကို နေလှန်း၊ ဖုံခါလို့ရတယ်။ ဒါပေမဲ့ အခုခေတ်မွေ့ယာကြီးတွေဆိုတာ မင်းသိတဲ့အတိုင်း အကြီးကြီးနဲ့ အလေးကြီးတွေ ကွ။ ဘယ့်နှာလုပ် နေလှန်းမတုံး။ အဲသည်တော့ အဲသည်မွေ့ယာတွေမှာ အမှုန်တွေ ဘယ်လောက်ပြည့်နှက် နေမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်သကွ။ ဟောသည်မှာကြည့်စမ်း - ဟုဆိုကာ ပရင့်ထုတ်ထားသည့် စာရွက်တစ်ထပ်ကို ပြ၏။




စာရွက်ထဲတွင် ကြောက်စရာအကောင်ကြီးများကို တွေ့ရ၏။ ခေါင်းစီးကို ကြည့်လိုက်တော့ ဒတ်စ်မိုက် (House Dust Mite) ဟု တွေ့ရ၏။ ဒတ်စ်မိုက်ကို ဖုံလှေး ဟု ဘာသာပြန်လျှင် သင့်တော်ပါလိမ့်မည်။ (ဒတ်စ်မိုက်အကြောင်းသိလိုသူများ http://en.wikipedia.org/wiki/House_dust_mite တွင်ဖတ်ကြည့်ကြပါခင်ဗျား။ သည်နေရာတွင် ကျွန်တော်လေမရှည် တော့ပါ။ ဤကား စကားချပ်)








မင်းနှာရည်ယိုရတာ အဲသည်အကောင်တွေကြောင့်ပဲကွ။ အဲသည်အကောင်တွေဟာ ရင်ကြပ်ပန်းနာ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ပြဿနာ၊ နှာခေါင်းပိတ်၊ နှာရည်ယိုတာတွေရဲ့ အဓိက လက်သည်ပဲကွ။ အဲဒီအကောင်တွေကို သာမန် မျက်လုံးနဲ့ မမြင်ရဘူး။ အဲဒီအကောင်တွေဟာ မွေ့ယာတွေမှာ ကပ်နေတတ်တယ်။ အဲဒီတော့ မွေ့ယာပေါ်မှာအိပ်တဲ့အခါ ရောဂါဘယတွေ ရလာတာပေါ့ကွာ။ အဲဒီအကောင်တွေ ဘယ်လိုတွေနေတယ်ထိုင်တယ် . . . ဘယ်လိုပေါက်ပွားတယ် . . . ဘာညာကွိကွ . . . ။



အတော်များများလေရှည်ပြီးလေသော် ကိုင်း၊ လုပ်ငန်းစကြစို့ ဟုဆိုကာ ၎င်း၏ ကိရိယာများကို ဆင်လည်းဆင်၊ ပြလည်းပြ၏။ ထို့နောက် ကတ္တီပါအနက်စကလေးတစ်စကို ဖုံစုပ်သည့်စက်အ၀တွင် ကပ်ချည်လိုက်ကာ ကျွန်တော်အိပ်သည့်မွေ့ယာကို ဖုံများစုပ်ပြ၏။ ဖုံစုပ်ပြီးနောက် ကတ္တီပါစကလေးကို ထုတ်ပြလေသော် ဖုံများစွာကပ်နေသည်ကို မျက်မြင်ဒိဋ္ဌ တွေ့ရလေ၏။ ထိုမျှသာမကသေး။ ကတ္တီပါစကိုထုတ်ကာ မွေ့ယာအား နောက်ထပ်တစ်ဖန် ဖုံထပ်စုပ်ပြန်၏။ ယခုတစ်ခါတွင် အထဲမှ ရေအိုးကို ထုတ်ပြ၏။ (ဖုံစုပ်စက်မှာ စုပ်၍ရသောဖုံများကို ရေဖြင့်စုပ်ယူသောစနစ်ဖြစ်၏။) အလိုလေး၊ ဖုံစုပ်စက်မှ ရေအိုးထဲတွင်လည်း ဖုံများ မနည်းပါလေ။ ကျွန်တော် အတော်မျက်လုံးပြူးသွား၏။



ထိုအခါ ၎င်းက ကိုင်း၊ မင်းတွေ့တယ်မဟုတ်လား။ မင်းမွေ့ယာမှာ ဖုံတွေ ဘယ်လောက်တောင်များနေသလဲဆိုတာ။ အဲဒါဟာ မင်းကျန်းမာရေးအတွက် အန္တရာယ်ပဲကွ။ မင်းမွေ့ယာမှာ ဒတ်စ်မိုက်တွေ ဘယ်လောက်တောင်ရှိနေသလဲမသိဘူး။ အဲဒါဟာ မင်းနှာခေါင်းပြဿနာရဲ့ အဓိက တရားခံပဲကွ . . ဟု ဆိုလေသော် ကျွန်ုပ်မှာ ပါးစပ်အဟောင်းသားနှင့် ဘာမှပြန်မပြောနိုင်အောင် ရှိလေ၏။



ထို့နောက်ဆက်၍ ငါနောက်အခန်းတွေပါ ဖုံစုပ်ပေးမယ်၊ မင်းပိုက်ဆံတစ်ပြားမှ ပေးစရာမလိုပါဘူးကွာ ဆိုလေ၏။ (လာပြန်ပြီ) ကျွန်ုပ်လည်း တူမများနေသောအခန်းနှင့် နောက်တစ်ခန်းကို ဖွင့်ပေးလိုက်၏။ မွေ့ယာ ၅ ခုလောက် စုပ်ပြီးသွားသော် ကျွန်ုပ်လည်း အားနာလာသည်နှင့် တော်ပါပြီကွာ၊ နောက်တစ်ခန်းတော့ ထားလိုက်ပါတော့ ဟု ပြော၏။ သို့တိုင် သူက ရပါတယ်ကွ၊ ငါလုပ်ပေးပါမယ် ဟု ပြောသေးသည်။ သို့တိုင် ကျွန်တော် ဆက်မလုပ်ခိုင်းတော့ပါ။



ကျွန်တော်လည်း စက်ကို သဘောကျနေပြီဖြစ်သဖြင့် နေပါဦးကွာ၊ မင်းဖုံစုပ်စက်က ဘယ်လောက်တုံးဟု စပ်စုသော် ၎င်းက ဒီစက်က လိုကယ်ဖြစ်မဟုတ်ဘူးကွ။ အီတလီဒီဇိုင်း ဟု ဆို၏။ ဘယ်လောက်လဲဆိုတော့ ၃၈၀၀ ဆိုလား။



အောင်မယ်လေးဗျ ဟု ကျွန်တော်အလန့်တကြားအော်လေသော် နေပါဦးလေ၊ မင်းအကုန်လက်ငင်းပေးစရာမလိုပါဘူးကွ၊ ၃၆ လ ခွဲပေးလိုက်၊ ဟော တစ်လ ၁၀၀ လောက်ပဲပေးရတော့မယ်။ မင်းကျန်းမာရေးနဲ့ ပိုက်ဆံ ၁၀၀ နဲ့လဲမလား ဟု အပိုင်ကိုင်လေ ၏။



ကျွန်ုပ်လည်း ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ ကြက်ဖကြီးလည်လိမ်ထားသလို ငိုင်နေလေ၏။ အတန်ကြာမှ လေသံပျော့ ကလေးဖြင့် မင်း ၃၈၀၀ ဆိုတော့ များတာပေါ့ကွာ။ လျှော့ပါအုံးကွဟု မရမှန်းသိလျက် သွေးတိုးစမ်းလေ၏။ သို့သော် ကြက်ရောင်းသူသည် ခြံထဲမှကြက်ကို အပိုင်ကြည့်သကဲ့သို့ကြည့်ကာ များပါဘူးကွ။ ဟောဒီစက်က အာမခံဘယ်နှစ်နှစ်မှန်း သိရဲ့လား။ ဟားဟား၊ ၃၅ နှစ်အာမခံကွ။ မင်းစဉ်းစားကြည့်စမ်း၊ ၃၈၀၀ ကို ၃၅ နှစ်နဲ့စားကြည့်စမ်း။ အမှန်မှာ နောင် ၃၅ နှစ်ကြာ လျှင် အနှီပုဂ္ဂိုလ် ရှိချင်မှတောင် ရှိတော့မည် ဖြစ်၏။




ကျွန်ုပ်လည်း ကိုင်း၊ ကိုင်း မောင်ရင့်စက်သာ မှာလိုက်တော့ ဟု ပြောလိုက်သည်။ ပြောသာပြောရ အစပိုင်းကလောက် လေသံ သိပ်မမာနိုင်တော့။ နောက်တစ်ယောက်လည်း မကြာပါ။ ဖုံးဆက်ပြီး ၁၀ မိနစ်ပင် မစောင့်ရ။ ပုံးကြီးနှင့် ရောက်လာလေ၏။ တိုတိုပြောရလျှင် အနှီသကောင့်သား အပြောကောင်းမှုကြောင့် ထို အလွန်အင်မတန်ဈေးကြီးလှသော ဖုံစုပ်စက် ဆိုတာကြီးကို ကျွန်ုပ် ၀ယ်လိုက်မိတော့၏။ သူများအပြောကောင်းတာနှင့် ဖုံစုပ်စက်ကို ၃၈၀၀ ပေးဝယ်သူအား လူမိုက်ဟုမခေါ်လျှင် အဘယ်သူကို လူမိုက်ခေါ်ပါတော့မည်နည်း။








(၃)



ကျွန်တော်ငယ်ငယ်က ခပ်ပေပေနေခဲ့တာ ဖြစ်၏။ မိုးရေတွေ စိုနေပေမင့် ရေစိုအ၀တ်ကြီးနှင့် နေချင်နေရသည်။ အနို့ လဲစရာ အ၀တ်က မရှိ။ မိုးရွာကြီးထဲ ထီးမပါဘဲ သည်အတိုင်း လျှောက်လိုက လျှောက်၏။ သို့သော် ကျွန်တော့်မှာ နှာစေးတာ၊ ချောင်းဆိုးတာ၊ ဖျားတာနာတာ ဘာကမှ သိပ်မဖြစ်ခဲ့။ ဆေးဝါးဆိုလို့ ဘာဆေးမှ သောက်ရသည်လို့ သိပ်မရှိခဲ့။ သည်လို ဒေါင်ဒေါင်မြည်ကျန်းမာရေးကောင်းနေတာ အသက် ၄၀ မကျော်မီက။ အသက် ၄၀ ကျော်လာတော့ အကြီးအကျယ် နေထိုင် မကောင်းတာမဖြစ်လျှင်တောင် ယခင်ကလောက် သိပ်ကျန်းမာရေး မကောင်းတော့။ လွန်ခဲ့သော ၄ - ၅ နှစ်လောက်က စကာ မနက်ပိုင်းတွင် နှာရည်ယိုသည့် ရောဂါရလာ၏။ အိပ်ယာထတွင် နှာများချီကာ တောက်လျှောက် နှာရည်ယို၏။ အထူးသဖြင့် တနင်္ဂနွေနေ့များတွင် တစ်နေ့လုံးလိုလို နှာရည်ယို၏။ ဘာဆေးသောက်လို့မှမရ။



ကျွန်တော်က တနင်္ဂနွေနေ့များတွင် ဘယ်မှမသွားဘဲ အေးအေးဆေးဆေး စာရေးနေတတ်သည်။ နှာချေခြင်း၊ နှာရည်ယိုခြင်းသည် စာရေးခြင်းအတွက် ကြီးစွာသော အနှောက်အယှက်ဖြစ်၏။ ဤသည့်အခါများတွင် ကျွန်တော် အတော်ဒေါသထွက်၏။ ဆေးမြီးတိုများဖြစ်သည့် ရေရှူခြင်း၊ ကြက်သွန်နီကို အလုံးလိုက်ကိုက်စားခြင်း၊ ရေနွေးထဲ ပရုပ်ဆီထည့်ရှူခြင်း စသည်တို့မှာ အခြားသူများသာ ပျောက်ချင်ပျောက်ရမည်။ ကျွန်တော့်အတွက်တော့ ဘာမှ မထူးခြား။ နှာရည်ယိုလာလျှင် ဘာမှလုပ်လို့မရ။



ထိုမျှမက ရထားစီးနေစဉ် နှာရည်ယိုခြင်းသည်လည်း အလွန်ဆိုးသည်။ ကျွန်တော်နှာရည်ယိုတာ သူများနှင့်မတူ။ ခဏလေးတောင်မှ မနားဘဲ တောက်လျောက် စီးကျနေတာဖြစ်၏။ ဆိုတော့ နှာရည်ယိုလျှင် တော်ရုံတန်ရုံ တစ်ရှူးနှင့်မရ။ သည်တော့ ယူလာသည့် တစ်ရှူးများ ခဏနှင့်ကုန်၏။ တစ်ရှူးကုန်လျှင် ဘာနှင့် သုတ်ရပါမည်နည်း။ ကျွန်တော် သည်ဒုက္ခမျိုး ရထားပေါ်တွင် မကြာခဏ ကြုံခဲ့ရဖူး၏။ နောက်တော့ တစ်ရှူးအစား သတင်းစာ ဆောင်ထားရ၏။ သတင်းစာစက္ကူက တစ်ရှူး ထက် ပိုအသုတ်ခံသည်။



နောက်တစ်ခုမှာ စာအုပ်ဟောင်းများကိုမွှေသည့်အခါ ကျွန်တော် နှာချေတတ်၊ နှာရည်ယိုတတ်သည်။ ဤသည်မှာ စာအုပ်ဟောင်းများတွင် ကပ်နေသည့် ဖုံများ နှာခေါင်းအတွင်းဝင်ခြင်းကြောင့် ဖြစ်၏။ အလာ့ဂျစ်ဖြစ်တာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် စာအုပ်ဟောင်းများကို လှန်သည့်အခါ အလွန်သတိထားရသည်။



ဖုံများကို အလွန်မုန်းတတ်သော ကျွန်တော်လည်း အထက်ဖော်ပြပါ ဖုံစုပ်စက်ကြီးဝယ်ပြီးသည်မှ စ၍ ၃-၄ ရက်တစ်ခါ၊ တစ်ပါတ်တစ်ခါ ဖုံစုပ်ခြင်းအမှုကို (မွေ့ယာ အပါအ၀င်) ပြုလုပ်လေသော ဟူသတတ်။ အကျိုးဆက်ကား -



ယခု ကျွန်တော် ယခင်ကကဲ့သို့ မနက်ပိုင်းများတွင် နှာချေခြင်း၊ နှာရည်ယိုခြင်း မဖြစ်တော့ပါ။ ညအိပ်ယာဝင်ခါနီး ဘာမီတွန်၊ စီဗစ် သောက်ရခြင်းဒုက္ခမှ ကင်းသွားပြီဖြစ်ပါ၏။ သို့သော် -



နှာမချေတော့သောကြောင့် အေးအေးဆေးဆေး စာရေးနေပြီဟု မမှတ်ပါလင့်။ BCSS သင်တန်း approve ဖြစ်ပြီဆိုကတည်းက တနင်္ဂနွေနေ့တိုင်း မိုးလင်းကမိုးချုပ် စာသင်နေရသည်ဖြစ်ရာ ယနေ့ထိတိုင် အေးအေးဆေးဆေး စာရေးရသည့်ရက် တစ်ရက်မှ မရှိသေးပါ။



ကျွန်တော်ကဲ့သို့ မနက်ပိုင်း နှာချေတတ်သူ၊ နှာရည်ယိုတတ်သူများ အိပ်ယာကို ဖုံစုပ်စက်ဖြင့်စုပ်၊ အိမ်ကို အကြိုအကြားများပါ မကျန် ဖုံစုပ်ပေးကြရန် အကြံပေးပါ၏။ ကလေးသူငယ်၊ သက်ကြီးရွယ်အိုမိဘများ ရှိသူများလည်း ဖုံသန့်ရှင်းရေးလုပ်ရန် အထူး သင့်တော်လှ၏။



မိတ်ဆွေအပေါင်း နှာခေါင်းပြဿနာမှ ကင်းဝေးကြပါစေကုန်သတည်း။



ကျေးဇူးတင်ပါသည်။



အေးငြိမ်း


၁၆ မေ၊ ၂၀၁၅။ ည ၁၁း၁၁ နာရီ


--
Posted By အေးငြိမ်း to Free Thinker at 5/18/2015 10:30:00 AM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...