Monday, May 25, 2015

အ ရိ ပ် များ နှ င့်ေ တွ့ ဆုံ ခြ င်း


နံနက် ရှစ်နာရီပင် ဖြစ်သော်လည်း နွေဦးကာလ၏ နေက တော်တော်မြင့်နေပြီ။ တော်တော်လေးလည်း ပူနေပြီ။ နွေဦး၏ အငွေ့အသက်နှင့်အတူ ဥသြငှက်၏ တေးဆိုသံက လွမ်းမောချင်စရာ။ ငယ်ငယ်က ကျက်ခဲ့ဖူးသော နေရောင်ခြည်သည် ရောဂါပိုးများကို သေစေ၏ ဟူသော စကားကို ပြန်သတိရကာ လမ်းလျှောက်ထွက်ချင်စိတ်ဖြစ်လာခဲ့သည်။
ပိတ်ရက်မို့ အိမ်မှာ လူစုံတက်စုံ၊ တယောက်တပေါက် ပြောကြဆိုကြ ၊ငြင်းခုန်နေကြ၊ ချက်ပြုတ်နေကြရင်း ဆူဆူညံညံ၊ ထိုအသံများနှင့်စာလျှင် ခပ်နွေးနွေး နေရောင်ခြည်အောက်မှာတယောက်တည်း အေးအေးေးဆေး လမ်းလျှောက်နေရသည်က ပိုအဆင်ပြေလိမ့်မည်ဟု တွေးထင်မိသည်။

အမှန်ဆိုလျှင် ညက အိပ်မပျော်။ သည်မနက်မှာ အလုပ်မသွားရသည့်အတူတူ နောက်ကျ နေမြင့်သည်အထိ အိပ်ရန် တွေးထားခဲ့သည်။ သို့သော်လည်း အခြေအနေက မပေး၊ ထို့ကြောင့် ရေမိုးချိုး အဝတ်အစားလဲကာ ကော်ဖီတခွက်ကို မြန်မြန်မော့သောက်ပြီး အောက်ကို ဆင်းလာခဲ့သည်။ ညက အိပ်မပျော်သည့်အကြောင်းကို တွေးမိတော့ နေ့အချိန် လင်းလင်းရှင်းရှင်းကြီးထဲမှာ ဘေးဘီ ဝဲယာကို မလုံမလဲ လိုက်ကြည့်မိသေးသည်။ ခက်တော့ ခက်နေပါပြီ။

ပြောရလျှင် ညက မအိပ်ခင်မှာ အီးမေးလ်ဖွင့်မိသည်။ သူငယ်ချင်းတယောက်က E Book တချို့ ပို့ထားသည်။ စာဖတ်ဝါသနာပါသော်လည်း အင်တာနက်မှရသော ပီဒီအက်ဖ်များကို ဒေါင်းလုပ်ချရန် အလွန်တရာ ပျင်းရိတတ်သည့် ကိုယ့်အကြောင်းကို သိနေသော သူငယ်ချင်းက သူ ဒေါင်းထားသမျှကို မကြာခဏ ပို့ပေးလေ့ရှိသည်။ ညကလည်း သူ ပို့ပေးသော စာစုများထဲမှ စိတ်ဝင်စားစရာ ခေါင်းစဉ်ခပ်ဆန်းဆန်းတခုကို ဖတ်လိုက်မိသည်။ ခေါင်းစဉ်က "အရိပ်များနှင့် တွေ့ဆုံခြင်း" ဟူ၏။

အရိပ်များကို စတင်စိတ်ဝင်စားမိသည့် အဓိက အကြောင်းရင်းမှာ ကင်မရာ စကိုင်စဉ်အချိန်က ဖြစ်သည်။ အချို့သော အရာဝတ္ထုများသည် သူ့အတိုင်းဆိုလျှင် သိပ်စိတ်ဝင်စားစရာ မကောင်းတတ်သော်လည်း နေရောင် (သို့) မီးရောင်တခုခုနှင့် အနေအထား အချိုးတကျ ဖြစ်သွားလျှင် လှပသော အရိပ်ကလေးတွေနှင့် အလွန် စိတ်ဝင်စားစရာကောင်းသော ဓါတ်ပုံတပုံ ဖြစ်ပေါ်လာတတ်သည်။ ထိုမှစကာ ပိန်ပိန် ၀၀၊ ပုပု ရှည်ရှည်၊ စွေစွေစောင်းစောင်းနှင့် အမျိုးစုံလှသော အရိပ်များကို စိတ်ဝင်စားစွာဖြင့် နှစ်သက်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် အရိပ်ခေါင်းစဉ်ဖြင့်စာစုကို ရွေးချယ် ဖတ်ရှုမိခြင်းပင်။ သို့သော် စာစုက မျှော်လင့် တွေးထင်ထားသလို ချစ်စဖွယ် အရိပ်ကလေးများအကြောင်း မဟုတ်။ သရဲလိုလို တစ္ဆေလိုလို၊ မကောင်းဆိုးဝါးများကြောင့် ဖြစ်ပေါ်လာသော အရိပ်ဆိုးဆိုးတွေ အကြောင်းသာ။ သို့သော် စိတ်ဝင်စားစရာတော့ ကောင်းနေသည်မို့ အဆုံးအထိအောင် ဖတ်လိုက်မိသည်။ ပြဿနာက အဲဒီကစတာ ဖြစ်သည်။

*****

ကျွန်မအကြောင်းကို ပြောရလျှင် အလွန်ကြောက်တတ်သော ဟူသော နာမဝိသေသနကို ထိပ်ဆုံးနေရာမှ ထည့်သွင်း ရေးသားရန် သေချာပေါက် လိုအပ်ပါလိမ့်မည်။ ငယ်ငယ်က ကျောင်းမှာ သူများတွေပြောကြသော ခြေကလိမ်မ ဆိုသူကို ကြောက်သည်။ အိမ်သာထဲမှာ ခြေကလိမ်မ ရှိသည်ဆိုသော စကားကို ကြားအပြီးမှာ ကျောင်းမှ အိမ်သာကို ခြေဦးပင် မလှည့်တော့။ ကိစ္စကြီး ငယ်များကို ဒုက္ခခံကာ အိမ်ရောက်မှ ဖြေရှင်းသည်။ ညနေဖက် ကျောင်းကားစောင့်ချိန်များတွင် မလှမ်မကမ်းမှ ညောင်ပင်အိုကြီးအနောက်ကွယ်တွင် ပုန်းနေသော ကျောပေါက်ကြီး တယောက်ရှိသည်ဆိုသော စကားကို ကြားရစဉ်က အသည်းခိုက်အောင် ကြောက်ရွံ့နေခဲ့ဖူးသည်။ မိုးရွာ လေတိုက်၍ သစ်ကိုင်းများ လှုပ်ယမ်းနေလျှင်လည်း စောင်ကို ခေါင်းလုံအောင် ဆွဲခြုံကာ တတ်သမျှ မှတ်သမျှ ဘုရားစာများကို ရေရွတ်ရင်း အိပ်ရသည်။

ထိုမျှသာမက ပိုးကောင်မွှားကောင်များကိုလည်း သေမတတ် ကြောက်သည်၊ ပိုးဟပ်ကိုမူ အကြောက်ဆုံး ဖြစ်သည်။ မြွေဆိုလျှင် ဓါတ်ပုံကိုပင် သေသေချာချာ မကြည့်ရဲ။ နောက်ဆုံးနှစ် ကျောင်းအပြီး ဘီပီအိုင်မှာ လက်တွေ့ ကွင်းဆင်းခဲ့ရစဉ်က မြွေဆိပ်ထုတ်နည်းကို ပြသစဉ် အထဲဝင်မကြည့်ရဲပဲ ထိုအဆောက်အဦး အပြင်ဖက် နေပူကြဲကြဲမှာ တယောက်တည်း ရပ်ကျန်နေခဲ့ဖူးသည်။ ထိုသို့ ရပ်နေရင်းက ရှေ့နောက် ဘေးဘီ ဝဲယာကို မူးနေအောင် ချာချာလည် လှည့်ပတ်ကြည့်ရှုကာ ဘယ်အချိန်မှာများ ခြေထောက်နားကို မြွေတကောင်တလေ ရောက်လာမလဲဟု တွေးတော ပူပန်နေခဲ့ဖူးသည်။ မြွေများထားသော ထိုမြွေရုံအနီးမှာ ထိန်သိမ်းထားရာမှ မတော်တဆ လွတ်ထွက်လာသော မြွေ တကောင်တလေ မရှိနိုင်ပါဟု ဘယ်သူက အာမခံနိုင်မည်လဲ။

အလားတူပင် ည အမှောင်ကိုလည်း ကြောက်တတ်သည်။ သရဲကားများဆိုလျှင် အနားတောင် မသီဝံ့။ တခါက အီးမေးလ်မှ ရောက်လာသော Spot the different ဟု ခေါ်ကြသော တူရာ တူရာများ ရွေးချယ် ရှာဖွေရသော ကစားနည်းကို စိတ်ပါဝင်စားစွာ ကစားကြည့်နေစဉ် ရုတ်တရက် ကြောက်မက်ဖွယ် အသံကျယ်ကြီးနှင့်အတူ မည်းမည်းသဲသဲ ရုပ်ဆိုးဆိုးအကောင်ပုံကြီး မော်နီတာမှာ ၀ုန်းကနဲ ပေါ်လာစဉ် သေလုမျောပါး ထိတ်လန့်သွားကာ တပတ်တိတိ ဖျားနာခဲ့ဖူးသည်။ ထိုသို့ အကြောက်ကြီး ကြောက်တတ်သူ တယောက် ဖြစ်သည်။ အခုလည်း ထို စာစုကိုဖတ်အပြီးမှာ လူက အတော်လေး တုန်လှုပ် ခြောက်ခြားနေပေပြီ။ သည်အရွယ်ကြီးကျမှ ဝတ္ထုဖတ်ပြီး ကြောက်သည်ဟု သူများကို သွားပြောလျှင် ဟားတိုက် ရယ်မောလှောင်ပြောင်ကြမည်ပင်။ ထိုသို့ လူအများ ရယ်မောစရာ အဖြစ်မျိုးကို မနှစ်မြို့သောကြောင့် စိတ်ကို တင်းကာ မီးမှိန်မှိန်ဖွင့်ထားရင်း အိပ်ခဲ့ရသည်။ သို့သော် နှစ်နှစ်ခြိုက်ခြိုက်ကား အိပ်မပျော်… လန့် လန့်နိုးသည်မှာ အကြိမ်ကြိမ်။ သည်လိုနှင့် မိုးသာ လင်းသွားသည် အိပ်ရေးကား မဝခဲ့ချေ။



လမ်းကို ဖြေးဖြေးမှန်မှန်လျှောက်ရင်း ညက ဖတ်ခဲ့သော စာထဲမှ အကြောင်းများကို ကြိုးစား မေ့ဖျောက်နေစဉ်အချိန်မှာ နံဘေးမှ တစုံတယောက် အပြေးတပိုင်းဖြင့် ဖြတ်ကျော်သွားသည်။ စိတ်ထဲ တမျိုးဖြစ်သွားပြီး ထိုသူ၏ ကျောပြင်ကို လှမ်းကြည့်လိုက်ရာ အနက်ရောင် တီရှပ်ပေါ်တွင် ဒိုင်နိုဆောနှင့် ဆင်ဆင်တူသော အရုပ်ဆိုးဆိုး အကောင်ကြီးတကောင် ပါးစပ်ဟကာ ဒေါသတကြီး မန်ဖီနေသောပုံကို တွေ့လိုက်ရသဖြင့် ပုခုံးကို တချက် တွန့်လိုက်မိပြီး ခြေလှမ်းများ အလိုလို နှေးသွားခဲ့သည်။

ခြေလှမ်းမှန်မှန်ဖြင့် အေးအေးသက်သာ လျှောက်လာရင်း လမ်းဆုံမီးပွိုင့်သို့ ရောက်လာခဲ့သည်။ ခုနက တွေ့လိုက်ရသော တီရှပ်အနက်နှင့်လူလည်း မီးပွိုင့်တွင် လမ်းကူးရန် စောင့်ဆိုင်းနေသည်ပဲ။ ထိုလူ၏ အနောက်ဖက် ခပ်လှမ်းလှမ်းတွင် ရပ်ရင်း တစေ့တစောင်း အကဲခတ်ကြည့်နေမိသည်။ ဘုရားရေ… သူက ကလေးငယ်တယောက်ကို လက်ဆွဲထားပါလား၊ လွန်ခဲ့သော မိနစ်ပိုင်းလေးက ကျွန်မအနားမှ အပြေးတပိုင်းနှင့် ဖြတ်ကျော်သွားစဉ်အချိန်က ထိုသူ့လက်ထဲတွင် ကလေးငယ်တယောက် မပါမှန်း သေသေချာချာ မှတ်မိပါသည်။ ခြေလှမ်းနှစ်ဆယ်ခန့်သာ ကွာဝေးသော မီးပွိုင့်တွင်မူ သူက ကလေးငယ်တယောက်ကို လက်ဆွဲလျှက်။

အနည်းငယ် စိတ်ရှုပ်သလိုဖြစ်သွားကာ ကလေးကို ကြည့်လိုက်မိသည်။ ကလေးက ယောက်ျားလေးဖြစ်ပြီး တီရှပ်အနက်ရောင်နှင့် ဘောင်းဘီတို အနီရောင်ကို ၀တ်ဆင်ထားပါသည်။ အသက် နှစ်နှစ် (သို့မဟုတ်) သုံးနှစ်ခန့် ရှိမည်ဟု ခန့်မှန်းမိပါသည်။ ကျွန်မသည် သူများအသက်များကို ခန့်မှန်းရာတွင် ကျွမ်းကျင်သူ တယောက် မဟုတ်သော်လည်း ထိုကလေးကတော့ မည်သည့်နည်းနှင့်မှ အသက်သုံးနှစ်ထက် ပိုမကြီးနိုင်ဟု သေချာနေပါသည်။ ဇဝေဇ၀ါအတွေးတို့ဖြင့် ငေးကြည့်နေစဉ်အချိန်မှာ ကလေးက ရုတ်တရက် ကိုယ့်ဖက်ကို လှည့်ကာ ပြုံးရယ်ပြလိုက်ပါသည်။ မျှော်လင့်မထားသော အဖြစ်အပျက်ကြောင့် ကျွန်မ လန့်သွားပါသည်။ ဆံပင်နက်ကောက်ကောက်၊ အသားဖြူဖြူနှင့် ချစ်စရာ ကလေးလေး၏ မျက်နှာပေါ်တွင် ထူးဆန်းသည်က ဖြူကြည်ကြည် သွားတက် ချွန်ချွန်လေးများပင်။ သုံးနှစ်အရွယ် ကလေးငယ်တယောက်မှာ ထိုသို့သော သွားတက်တွေ ရှိနေနိုင်သည်လား။ စဉ်းစားနေတုန်းမှာပင် ကလေးက နောက်တကြိမ် ပြန်လှည့်လာကာ ပါးစပ်ကို ဟ ကာ သွားများကို စေ့ရင်း ခွီးးးးး ဟု မာန်ဖီသော ပုံစံမျိုး လုပ်ပြပြန်ပါသည်။ မြတ်စွာဘုရား… ဒီကလေးနှယ့်နော်၊ ဖြစ်ချင်တော့ မီးပွိုင့်ကလည်း ကြာလိုက်တာ။ ကိုယ့်အကြောင်း ကိုယ်သိနေသော ကျွန်မ သူ့ကို ချက်ချင်း မျက်နှာလွှဲလိုက်ပါသည်။

သို့သော် တစုံတရာက ကျွန်မစိတ်ကိုနှိုးဆော်လိုက်သည့်အလား၊ နောက်ထပ်တကြိမ် ကလေးငယ်ကို ဖျတ်ကနဲ ကျွန်မ လှမ်းကြည့်လိုက်မိပါသည်။ ထိုအခါ ကျွန်မကို တည့်တည့်ကြီး စိုက်ကြည့်နေသော ကလေးငယ် မျက်ဝန်းတောက်တောက်များနှင့် ရုတ်တရက် ဆုံတွေ့ရပြန်သည်။ ဘုရားရေ… ထိုစက္ကန့်ပိုင်းကလေးမှာပင် သူက ခွီး ဟု အသံပြုကာ ကျွန်မကို နောက်တကြိမ် ထပ်မံ ခြောက်လှန့်ပြန်ပါသည်။ သည်တကြိမ်မှာတော့ ကျွန်မ ခေါင်းထဲတွင် နောက်ကျိ မူးဝေလာသလိုပါ ခံစားရကာ အိမ်ဖက်ကို ပြန်လှည့်ဖို့ စဉ်းစားရတော့တာ ဖြစ်သည်။ စဉ်းစားပြီး နောက်ပြန်လည့်ချိန်နှင့် တပြိုင်နက်မှာပင်မီးပွိုင့် မီးစိမ်းသွားဟန် တူပါသည်။ ကျွန်မ မျက်နှာမူရာအရပ်ကို ဆန့်ကျင်ပြီးကားများ စတင်မောင်းနှင်ကြသည်ကို သတိထားလိုက်မိသည်။ သို့ဆိုလျှင် ဟိုသားအဖ ကားလမ်းကို ဖြတ်ကူးသွားလောက်ရောပေါ့ ဟု တွေးမိသည်။ ထိုအတွေးနှင့်အတူ လှည့်ကြည့်ချင်စိတ်ကို ကြောက်စိတ်က ထိန်းချုပ်ထားသောကြောင့် ကျွန်မ လှည့်မကြည့်ဖြစ်ပါ။

ခြေလှမ်းဆယ်လှမ်းခန့် ရောက်ပြီးချိန်တွင် ကျွန်မနောက်မှ ခြေသံလိုလို ကြားသောကြောင့် အသာ လှည့်ကြည့်လိုက်ရာ အသံထွက်အော်မိတော့မလို ဖြစ်သွားသည်။ ကျွန်မ ပါးစပ်ကို လက်ဖြင့် အမြန်အုပ်ကာ အချိန်မီ ပိတ်ပလိုက်ရသည်။ ခုနက လမ်းကူးတော့မည့် ဟိုသားအဖ ဘယ်က ဘယ်လိုဖြစ်ပြီး ဘာအကြောင်းကြောင့် အနောက်ကိုပြန်လှည့်လာခဲ့သည် မသိ။ ကျွန်မဘေးမှ ဖြတ်ကျော်တက်သွားပြန်သည်။ ခုနက ကျွန်မကို တခွီးခွီးဖြင့် အော်ခဲ့သော ကလေးက ထိုလူ၏ ပုခုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်သား။ ကျွန်မ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ ဘုရား တ မိ ပြန်သည်။ ကျွန်မ မီးပွိုင့်မှ ပြန်လှည့်လာသည်မှာ အချိန်အားဖြင့် နှစ်မိနစ် သုံးမိနစ်ခန့်သာ ကြာလိုက်သည်ထင်၏။ ထိုမိနစ်ပိုင်းကလေးတွင် ကလေးလေးက သေသေချာချာကြီး အိပ်မောကျသွားခဲ့သည်မှာ ဖြစ်နိုင်ပါသလား။ ထိုအတွေးတို့နှင့်အတူ နေရာမှာ ခြေစုံရက်လျက်သား ကျွန်မ၏ ခြေထောက်များက ကြောက်စိတ်တို့ဖြင့် ယိမ်းယိုင်ကာ ပျော့ခွေပြီး လဲပြိုကျလုမတတ် ဖြစ်နေပေပြီ။ ကျွန်မနေထိုင်သော အိမ်ကို လှမ်းတွေ့နေရသော အကွာအဝေးဖြစ်သောကြောင့် အငှားကားတစီးကို တားပြီ အိမ်ပြန်ရအောင်ကလည်း အခက်။ လမ်းဆက်လျှောက်ရန်ကလည်း အားမရှိ။ လမ်းဘေးရေမြောင်းကို ကာရံထားသော အစိမ်းရောင်သံတိုင်များကို အသာမှီထိန်းထားရင်း ကျွန်မ အသက်ကို ဝအောင် ရှူကာ ရှေ့တူရူသို့ မရဲတရဲ ကြည့်လိုက်သည်။

အချိန်ကား မနက် ကိုးနာရီနီးနီးရှိနေမည်ဟု ခန့်မှန်းမိသည်။ နေရောင်ခြည်တို့၏ အနွေးဓါတ်မှာ အတန်ငယ် မြင့်မားလာသည်။ ချွေးထွက်စ ပြုလာသည်။ ကျွန်မ မျက်စိတဆုံး မြင်တွေ့နိုင်သော မြင်ကွင်းတလျောက်တွင် လူသူလေးပါး ကင်းရှင်းနေသည်။ ကျွန်မ ခြေထောက်နားမှာ ခြောက်သွေ့သွေ့ သစ်ရွက်အကြွေများကို တွေ့ရသည်။ လေနည်းနည်းတိုက်လိုက်သောအခါ သူတို့က ပေါ့ပေါ့ပါးပါး ဟိုဟိုဒီဒီရွေ့လျား ပျော်ပါးလျက်။ ကျွန်မ ခေါင်းမော့ကြည့်လိုက်သောအခါ ပိတောက်ပင်အကြီးကြီးများမှ ဖျာကျလျှက်ရှိသော ပိတောက်ကိုင်းရှည်များကလည်း လေယူရာ တိမ်း ယိမ်းနွဲ့လျက်။ လမ်းမပေါ်တွင် ကားရောင်စုံတို့က လမ်းပေါ်တွင် မနှေးလွန်း မမြန်လွန်း မောင်းနှင်လျက်။ သေချာချင်စိတ်ဖြင့် နောက်တကြိမ် သေသေချာချာ ကြည့်လိုက်သောအခါ အခုနက ကျွန်မဘေးနားက ဖြတ်သွားသော ကလေးချီထားသော လူကို အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။ အရာရာသည် စနစ်တကျ မှားယွင်းလျက်ရှိကြောင်း ကျွန်မ ရိပ်မိလိုက်သည်။

ကျွန်မ အသက်ကို ဝအောင်ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အားအင်ကုန်ခမ်းကာ ချိနဲ့နဲ့ ဖြစ်နေသော ခြေထောက်အစုံကို ကြိုးစား အားတင်းလိုက်စေသည်။ ထို့နောက် ဘယ်ကိုမှမကြည့်တော့ပဲ အိမ်ဖက်သို့ ဦးတည်ပြီး အပြေးတပိုင်း လျှောက်ပြန်လာခဲ့သည်။ အိမ်အောက်သို့ ရောက်သောအခါ အလွန်တရာ မောဟိုက်နေသကဲ့သို့ ခံစားရသော်လည်း မနားနိုင်ပဲ ဓါတ်လှေခါးခလုတ်ကို နှိပ်ကာ အိမ်ပေါ်သို့ တက်ခဲ့သည်။ မကုန်ဆုံးသေးသော ကြောက်စိတ်တချို့နှင့်အတူ ဓါတ်လှေခါးထဲတွင် ခုနက သားအဖ ရုတ်တရက်များ ပေါ်လာလိမ့်နိုးတွေးကာ အစီအစဉ်မကျလှသော ဘုရားစာများ နှုတ်တိုက်ရွတ်ဆိုရင်း ရင်တထိတ်ထိတ် အသည်းတယားယား။

ကျွန်မ နေထိုင်ရာအထပ်အရောက်တွင် ဓါတ်လှေခါးထဲမှ အမြန် ပြေးထွက်ကာ ပွင့်နေသော အိမ်တံခါးမှ တဆင့်အိမ်ထဲသို့ ပြေးဝင်လိုက်ပြီး တစုံတယောက် လိုက်ဝင်လာတော့မည့်အလား တံခါးကို မြန်မြန်ပြန်ပိတ်လိုက်မိသည်။ လမ်းလျှောက်သွားတာ မြန်လှချည်လား… ဘာစားအုံးမလဲ… အစရှိသည်ဖြင့် လှမ်းပြောနေသော စကားသံများ၊ မေးခွန်းများကို မည်သို့မျှ မတုံ့ပြန်နိုင်ပဲ အခန်းထဲ တန်းဝင်ကာ အိပ်ယာပေါ်သို့ အရုပ်ကြိုးပြတ်လှဲချလိုက်မိသည်။ အိပ်ယာဘေးတွင် ညက ဖွင့်ထားလက်စ ကွန်ပျူတာမှ မီးအစိမ်းလေးက မှိတ်တုတ် မှိတ်တုတ်နှင့် ကျွန်မကို လှောင်ပြောင်နေသလိုပင်။

ညက ဖတ်ခဲ့သော စာစုကို ကွန်ပျူတာထဲမှ ဖျက်ပစ်ရန် သတိရပြီး ကျွန်မ အိပ်ယာမှ အားယူပြီး ထလိုက်သည်။ ထို့နောက် အရိပ်များနှင့် တွေ့ဆုံခြင်း စာစုကို ရှာပြီး ဖျက်လိုက်သည် ။မော်နီတာ ညာဖက်အောက်ခြေထောင့်နားမှ အမှိုက်ခြင်း ကိုပါ တဆက်တည်း ရှင်းကာ ကွန်ပျူတာကို ပိတ်ချလိုက်သည်။ သေချာစေရန် မီးခလုတ်ကိုပါ မမှီမကမ်းနှင့် လှမ်းပိတ်လိုက်သေးသည်။ စိတ်ထဲ အနည်းငယ် ပေါ့ပါးသွားသယောင်။ လူရော စိတ်ပါ အလွန်တရာ ပင်ပန်းနွမ်းနယ်နေသောကြောင့် ထိုအခိုက်အတံ့လေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရန်သာ ကျွန်မ ဆန္ဒရှိနေခဲ့သည်။

*****

နွေနံနက်ခင်းသည် လိုသည်ထက်ပိုမို ပူပြင်းလှသည်။ သွေ့ခြောက်ခြောက် နွေဦးနှင့် နေခြည်နွေးနွေးကို ချစ်ခင်နှစ်သက်သော်လည်း နောက်ရက်များတွင် ကျွန်မ လမ်းလျှောက်ဖြစ်မည် မထင်တော့ပါ။ ထို့အတူ ခေါင်းစဉ်လှလှတပ်ထားသော စာစုတိုင်းကိုလည်း ကျွန်မ ဖတ်ဖြစ်မည် မထင်တော့ပါ။

သက်ဝေ
(၀၂ စက်တင်ဘာ ၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...