မရှိမဖြစ်သော အရည်အချင်း (၂) မျိုး
အပိုင်း (၃)
ဒီကနေ့ ကမ္ဘာမှာ ပြိုင်ဆိုင်ခြင်း ပြိုင်ရင်း ပြိုင်ရင်းနဲ့ နောက်ကျတော့ တိုက်ခိုက်ခြင်း၊ တိုက်ခိုက်လို့မရတော့ တိတ်တဆိတ် စွပ်စွဲခြင်း၊ ဒါတွေဟာ Competition, fighting, assassination, abusing၊ ဒီမကောင်းမှုတွေ အားလုံး ဘယ်ကနေ စတင် ပေါက်ဖွားသလဲဆိုရင် (The thought of selfishness) အတ္တဆန်လွန်းတဲ့ အတွေးကနေ ပေါက်ဖွားတာ။
မြတ်ဗုဒ္ဓရဲ့ အနတ္တသုတ်၊ အဲဒီ အနတ္တသုတ်ကို နားလည်ရမှာက
ငါဆိုတာကိုမေ့ထား၊ ငါဆိုတာကို မေ့နိုင်မှ ငါ့ဥစ္စာဆိုတာ မေ့လို့ရတယ်။ ငါကို
သိပ်ပြီးတော့ ရှေ့တန်းတင်လာရင် ငါ့ဥစ္စာပါ ရောက်လာရော၊ ဒီတော့
ဘာဖြစ်လဲဆိုရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ခေါင်းပါးလာတယ်။ အဲဒီနောက်ပိုင်းမှာ
(Competition) ငါနဲ့သူနဲ့ ပြိုင်မယ်၊ ပြိုင်ဆိုင်ခြင်းရဲ့နောက်မှာ
(Fighting) ငါက သူ့ကိုတိုက်မယ်၊ သူက ငါ့ကိုတိုက်မယ်။ တိုက်ခိုက်ခြင်းကနေ
(Adusing)စွပ်စွဲခြင်းတွေ ဆက်လာမယ်၊ စွပ်စွဲလို့မရတော့ (assassination)
လုပ်ကြံသတ်ဖြတ်တာတွေ ရောက်လာကုန်ရော။
အတူနေတဲ့ ငါ့ရဲ့ လောကကြီး၊ ငါ့ရဲ့ Socity၊ ငါ့ရဲ့ (Environment) အတွက် --
၁။ ကောင်းကျိုးဖြစ်အောင် ဆောက်ရွက်ပါရစေ။
၂။ ဒုက္ခဖြစ်အောင် မဆောင်ရွက်ပါရစေနဲ့။
အဲဒီ စိတ်ကူးတွေမပေါက်ကြတာ ဘာ့ကြောင့်လဲ ဆိုလိုရှိရင် ပညာမဲ့တာ။ မေတ္တာ၊ ကရုဏာ၊ ခန္တီ ကင်းမဲ့တာကနေပြီးတော့ ပညာ ကင်းမဲ့သွားတယ်။ မေတ္တာ အားနည်းတဲ့ပုဂ္ဂိုလ် ပညာအားလည်း လျော့သွားတယ်။ Lack of wisdome in the world today လို့ပြောရင် ဒီ ကနေ့ကမ္ဘာမှာ ပညာမဲ့တာဟာ ဘယ်က စသလဲ၊ အတ္တဆန်လွန်းတဲ့ အတွက်ကြောင့် ပညာမဲ့တာ။ Phiosopher တွေက ဒါကို ပြောင်းပြန် ပြန်ပြောတယ်။ အတ္တဆန်လွန်းတဲ့အတွက်ကြောင့် အတ္တဆန်တယ်တဲ့။
တို့ငယ်ငယ်က သင်ထားတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ-
`အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ´
ဘယ်သူမှ မသင်ဖူးဘူး၊ သင်ဖူးလား၊ ဘယ်နားရှိမှန်းတောင် မသိဘူး။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ အဲဒါလိုပဲ သင်္ခါရပစ္စယာပိ အဝိဇ္ဇာလည်း ရှိတယ်၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာပိ ဝေဒနာလည်း ရှိရမယ်၊ `အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ ´ ဆိုတဲ့ အယူအဆရှိသလိုပဲ၊ `သင်္ခါရပစ္စယာ အဝိဇ္ဇာ ´ ဒါလည်းပဲ ရှိရမယ်။ နောက်တစ်ခါ `သင်္ခါရပစ္စယာ ဝိဉာဏံ´ လို့ရှိခဲ့ရင် `ဝိဉာဏပစ္စယာပိ သင်္ခါရာ´ ဒါလည်းပဲ ရှိရမယ်။
အဲဒီတော့ ဝိဘင်္ဂဆိုတဲ့ စာလုံးဟာ ဝေဖန်တာ စိစစ်တာ၊ ဝေဖန်စိစစ်တဲ့ဉာဏ်ဟာ သိပ်အဖိုးတန်တယ်၊ တစ်သမတ်တည်း သွားရမယ်လို့ မှတ်မနေနဲ့။
ဥပမာအားဖြင့် - သီလ သမာဓိ ပညာ စာလုံး (၃) လုံးကို တန်းစီပြောတယ်၊ `သီလ အရင်ကျင့်၊ သီလပြည့်စုံမှ သမာဓိကျင့်၊ သီလမပြည့်စုံဘဲနဲ့ သမာဓိ မကျင့်နဲ့ဦး ´ ဒီလို မဟုတ်ဘူး။
`ပညာထိပ်ဆုံးမှာမို့လို့ နောက်ဆုံးမှကျင့်၊ သမာဓိ မပြည့်စုံမချင်း ပညာ မလုပ်နဲ့ ၊ ဝိပဿနာ မလုပ်နဲ့ ´
ဒီလို ဆိုလိုတာ မဟုတ်ဘူး။ (၃) ခုလုံးဟာ တစ်ပြိုင်နက်တည်း လုပ်လို့ရတယ်။
အဲဒီတော့ ဒေသနာတွေကို (Traditional Learning) အစဉ်အလာအတိုင်းသင်နေရင် ဒီအသိဉာဏ်ဟာ (Develop) ဖြစ်လာမှာ မဟုတ်ဘူး။ သင်ကြားတဲ့နည်းစနစ်၊ သင်ယူတဲ့နည်းစနစ် ဒါတွေကို ကျယ်ကျယ်ပြန့် ပြန့်  နားလည်ဖို့ဆိုရင် ကျယ်ကျယ်ပြန့် ပြန့်  သင်နည်းတွေ ရှိရမယ်။ အဲဒီတော့ ဝိဘင်္ဂဆိုတာ ဝေဖန်စိစစ်တာ၊ အဘိဓမ္မာ (၇) ကျမ်းမှာ ဒုတိယကျမ်းဟာ ဝိဘင်္ဂ-ဝိဘင်းခေါ်တယ်၊ အဲဒီမှာဖတ်။
ပဋိစ္စသမုပ္ပါဒ်ဝိဘင်း သုတ္တန္တဘာဇနိယအခန်းမှာ `အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ ´ရှိပါတယ်။ ပြောင်းပြန်လျှောက်ဟောတာ၊ ဒါဘုရား ဟောတာ၊ အဲဒါ လူတွေလည်း မသိ၊ ဆရာတော် သံဃာတွေကလည်း မဟောဘူး၊ တစ်ယောက်တစ်လေက ဒီချောင်ကြိုချောင်ကြားက ကတ်သီးကတ်သတ် စာတွေတွေ့ပြီး ဘယ်ကျမ်းက ဘယ်နေရာမှာဆိုတဲ့ ကျမ်းညွှန်းကိုမပြောဘဲနဲ့ ဟောလိုက်ရော၊ ဟာ-အဲဒီ တစ်ယောက်တည်းသောပုဂ္ဂိုလ်က အစဉ်အလာသမားတွေကြားထဲမှာ ဆန့်ကျင်ဘက်ဝါဒီ ဖြစ်သွားတယ်။
အဲဒါကြောင့် မိလိန္ဒမင်းကြီးက ဇမ္ဗူဒီပါရောက်လာပြီးတော့ သံဃာတော်တွေကို တွေ့တိုင်း မေးခွန်းတွေ လျှောက်လျှောက်ပြီး မေးလိုက်တာ သံဃာတော်တွေက သူမေးတာ မဖြေနိုင်တော့ တောထဲမှာပြေးပြီး သွားပုန်းနေကြရတယ်။ ဟိမဝန္တာမှာ သွားပုန်းကြတယ်။
မိလိန္ဒမင်းက ဘာပြောသလဲ...
``အယံ ဇမ္ဗူဒီပေါ ပဏ္ဍိတေဟိ သုညော´´ လို့ ဒီလိုပြောတယ်။
ဟောဒီ ဇမ္ဗူဒီပါမှာ ပညာရှိ ဆိတ်သုဉ်းသွားပြီ။ ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်၊ လောကကြီးက တစ်ခါတစ်ခါ သိပ်ပြီး ဆိတ်သုဉ်းတယ်၊ လေးနက်တဲ့ အတွေးအခေါ်လည်း မရှိဘူး၊ ကြီးကျယ်မြင့်မြတ်တဲ့ မျှော်မှန်းချက်လည်း မရှိဘူး။
ဘုရားသားတော်၊ သမီးတော်တွေ ဘုရားရဲ့ အဆုံးအမကို ဘယ်လိုသင်ရကြားရမယ်ဆိုတာ စိတ်ကူးထဲမှာကို မရှိဘူး။ လူတွေကို စိတ်ကူးပြီးတော့ လူတွေလိုနေ၊ လူတွေလို သွားနေကြတာ သူတို့ရဲ့ ဘဝကို သူတို့ (Upgrade) မြှင့်တင်ဖို့ရာ စိတ်ကူးကို မရှိဘူး။
အဲဒီ အတွေးအခေါ်တွေ အောက်တန်းကျလွန်းတဲ့အတွက်ကြောင့် ဘဝဟာ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း အလုပ်တွေရော အပြောတွေရော အောက်တန်းကျပြီး ဟို အောက်ရောက်သွားတာ၊ အမှိုက်ပုံထဲ အပစ်ခံရတဲ့ ကြေးခွက်လို ဖြစ်သွားတာဟာ အများကြီးပဲ။ ပတ်ဝန်းကျင့်နဲ့ အဖွဲ့အစည်းကို ကြည့်ကြ။
ဆက်ရန် ----
သီတဂူဆရာတော်ဘုရားကြီး

0 comments:
Post a Comment