“ ရိုးသားခြင်းနဲ့ ချင်းတို့ပြည် . . . ”
ဦးဟန်ကြည်တို့ ပါမိုင်းကိုရောက်ပြီး ဘာအလုပ်မှ မစနိုင်သေးတဲ့အချိန်၊ ရွာသူရွာသားတွေကလည်း မရမ်နယ်တစ်နယ်လုံးမှာ ကားလမ်းစပေါက်တဲ့ သူရို့ရွာရဲ့ ကားလမ်းဖွင့်ပွဲအတွက် အင်တိုက်အားတိုက် လုံးပမ်းနေကြချိန်၊ ယဉ်ကျေးမှုခြင်း ရေချိန်ညှိမရသေးတဲ့ အနှီသုံးလေးရက်အတွင်းမှာ လင်မယားနှစ်ယောက်စလုံး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် အတော်လေးကို ယောင်ချာ ချာဖြစ်ခဲ့ရပါရဲ့။
ကုသရေးကလည်း အရှိန်မရ၊ သင်ကြားရေးကလည်း လုပ်ငန်းမစနိုင်သေးတဲ့
အနှီအချိန်အတွင်းက တစ်ညနေခင်းမှာ နှစ်ယောက်သား စိတ်လေလေနဲ့ ရွာစွန်က
လမ်းကလေးအတိုင်း ရောက်ရာပေါက်ရာ လျှောက်သွားဖြစ်ပါလေရော။ ရွာအတွက်
ဖွံ့ဖြိုးရေးတွေ ဘယ်ကစလို့ ဘယ်လိုလုပ်ပေးရမယ်ဆိုတာကို ကြက်ဥအစရှာသလို
တိုင်ပင်ကြရင်း စကားတပြောပြောနဲ့ လျှောက်နေတဲ့ ဦးဟန်ကြည်တို့ရှေ့မှာတော့
ရွာခံကလေး ဘုစုခရုတသိုက်က လေးခွတစ်ယောက်တစ်လက်စီနဲ့ လက်တည့်စမ်းနေကြတာ
ဖြိုးခနဲဖြောင်းခနဲ။
ကလေးတွေရဲ့ လေးခွလေးငါးလက်က ထွက်လာတဲ့ လောက်စာလုံးတွေ ကိုယ့်ခေါင်းပေါ်ကျလာမှာစိုးလို့ အပေါ်ကိုမော့ကြည့်မော့ကြည့်လုပ်ရင်း လျှောက်လာတဲ့ ဦးဟန်ကြည်ရဲ့ မျက်လုံးအစုံက လမ်းဘေးဘယ်ညာကို ပြန်ကြည့်လိုက်မိတဲ့အခါမှာ အမြင်အာရုံထဲကို တန်းခနဲဝင်လာတာက တောလမ်းကလေးဘေးမှာ တုတ်နဲ့ထိုးပြီး စိုက်ထားတဲ့ တစ်ထောင်တန် အခေါက်ကလေးတစ်ခေါက်။
ရွာရောက်တာ သိပ်မကြာသေးတာမို့ ရွာသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေအကြောင်းကို ဂဃနဏမသိသေးတဲ့ ဦးဟန်ကြည်ရဲ့ အတွေးထဲမှာတော့ အနှီပိုက်ဆံခေါက်ကလေးက တောစောင့်နတ် တောင်စောင့်နတ်တွေကို ပူဇော်ထားတဲ့ ပိုက်ဆံကလေးလို့ ယူဆမိပေသပေါ့လေ။ သို့ပေမင့် ဦးဟန်ကြည့်စိတ်ထဲမှာ တအံ့တသြဖြစ်သွားတာက ဦးဟန်ကြည်တို့ရှေ့မှာ လေးခွတစ်လက်စီနဲ့ လက်တည့်စမ်းနေကြတဲ့ ကလေးတသိုက်က အနှီလောက် ထင်းထင်းကြီးမြင်သာနေတဲ့ ပိုက်ဆံကို ရှိတယ်လို့တောင် သဘောမထားဘဲ တဟေးဟေးတဟားဟားနဲ့ ရယ်ကြမောကြရင်း ငှက်ပစ်မပျက်တဲ့အချက်။ ပိုက်ဆံကို လက်ဖျားနဲ့တောင် တို့မသွားတဲ့အချက်။
သို့ပေမင့် ဘာမဆို ခပ်ဖော့ဖော့တွေးတတ်တဲ့ ဦးဟန်ကြည်ကတော့ “ သည်ကလေးတွေ နတ်ကိုင်မှာကြောက်လို့ ပိုက်ဆံကို လက်ဖျားနဲ့တောင် မထိကြတာကိုး... ” လို့ ယူဆပြီး လေးခွသမား ကလေးတစ်ယောက်ကိုလှမ်းခေါ်၊ ပိုက်ဆံနားမှာအရပ်ခိုင်း၊ ဓာတ်ပုံတစ်ချက် အသာရိုက်ယူပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါလေရော။
ညပိုင်းလူနာကြည့်ချိန်ရောက်လို့ “ နေခယ်ပေါ ” လက်ထဲမှာ အနှီပိုက်ဆံကလေးကို တုတ်ကလေးတန်းလန်းနဲ့ ပြန်မြင်လိုက်ရတော့ စပ်စပ်စုစုနိုင်တဲ့ ဦးဟန်ကြည်က “ ဒါလေးက ဘာလုပ်တာလဲ ” လို့ မေးမိပေသပေါ့လေ။ ဦးဟန်ကြည့်စိတ်ထဲမှာတော့ အနှီပိုက်ဆံကလေးနဲ့ စပ်လျဉ်းပြီး သူရို့မရမ်တွေရဲ့ ရိုးရာယုံကြည်မှုတွေအကြောင်း သိရလိမ့်မယ်လို့ တွေးနေမိသကိုး။ သို့ပေမင့် “ မနက်က ကျွန်တော်တောင်ယာသွားတော့ လမ်းမှာ ပိုက်ဆံတစ်ရွက်ကျနေတာတွေ့လို့ သူ့ပိုင်ရှင်အလွယ်တကူမြင်ရအောင် လမ်းဘေးမှာ ထားပေးခဲ့တာ...အခု ပိုင်ရှင်မတွေ့လို့ ပြန်ယူလာတာလေ... ” ဆိုတဲ့အဖြေကိုရတော့ အထင်နဲ့အမြင် ပါစင်အောင် လွဲနေတဲ့အပြင်၊ ကိုယ်ဘယ်လိုမှ ထင်မထားတဲ့ အဖြေမျိုးဖြစ်နေတော့ ဦးဟန်ကြည်ခမျာ တအံ့တသြတွေကိုဖြစ်လို့။ ကိုယ့်ပစ္စည်းမဟုတ်တဲ့ ပိုက်ဆံကို လက်ဖျားနဲ့တောင် ယောင်လို့တို့မသွားကြတဲ့ လေးခွသမား ကလေးဘုစုခရုလေးတွေကိုလည်း မျက်စိထဲမှာ ပြန်မြင်ယောင်လာပါရောလား...။
“ သည်ပိုက်ဆံကို ဘာလုပ်မတုန်း ” လို့ ဆက်မေးကြည့်လိုက်တော့ “ သည်ည ဘုရားကျောင်းသွားရင် ရွာသားတွေအားလုံးရှေ့မှာ ဘယ်သူ့ပိုက်ဆံလဲလို့မေးမယ်လေ...သူ့ပိုင်ရှင်ဆိုရင် လာယူမှာပေါ့...တကယ်လို့ ပိုင်ရှင်မတွေ့ရင်တော့ ဘုရားကျောင်းကို လှူထားခဲ့မယ်... ” လို့ ဖြေပါလေရော။ နေခယ်ပေါရဲ့ အဖြေကို ကြားတဲ့ဦးဟန်ကြည့်မှာ ကောက်ရတဲ့ပစ္စည်းတွေအပေါ်ထားတဲ့ ကိုယ့်လူမျိုးတွေရဲ့ သဘောထားကို ထင်းထင်းကြီးပေါ်နေတဲ့ “ ရေအဆုံး ကုန်းတ၀က် ” ဆိုတာကြီးကို သတိရသွားပြီး ရှက်လိုက်တာမှ လွန်ပါရော။ မရှက်တမ်း ၀န်ခံရရင် ဦးဟန်ကြည်တို့လို အသိပညာ အတတ်ပညာ အထိုက်အလျောက် ပြည့်စုံပါတယ်ဆိုတဲ့ လူတွေတောင်မှ လူမသိသူမသိ ကောက်ရရင် အိပ်ထဲထည့်ပစ်လိုက်တာက ခပ်များများ။
ဟော...သူရို့ချင်းတွေမှာကျတော့ အနှီလို မဟုတ်ဘဲကိုး။ အသက်အရွယ်ရပြီးသား လူကြီးတွေက သူများကျကျန်ခဲ့တဲ့ ပစ္စည်းကို မကောက်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမင့် အသိပညာ မပြည့်စုံသေးတဲ့ ကလေးပေါက်စကတောင်မှ ကိုယ့်ပစ္စည်းမဟုတ်ရင် မယူဘူးဆိုတာ တကယ့်အံ့တစ်ပါး။ ငွေပေါပါတယ်ဆိုတဲ့ ဗမာပြည်မကြီးက မြို့ကြီးပြကြီးမှာတောင် ပစ္စည်းတစ်ခု ပိုက်ဆံတစ်ရွက် ကျကျန်ခဲ့ရင် ပြန်ရဖို့ဆိုတာ ဖြစ်တန်စွမ်း အတော့်ကို နည်းပေမင့် တစ်နေကုန် တစ်နေခမ်း တောင်ယာအလုပ်ကို တပင်တပန်းလုပ်ရသလောက် ငွေကြေးရှားပါးတဲ့ ချင်းတောင်တန်းက တောသားကလေးတွေကတောင် ထင်မှတ်မထားတဲ့ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံနေတာ အံ့လည်းအံ့သြ၊ ယဉ်ကျေးလှပါတယ်ဆိုတဲ့ ဦးဟန်ကြည်အပါအ၀င် မြို့သားလူရည်မွန်တွေအကြောင်းတွေးမိပြီး ရှက်ကလည်းရှက်၊ သည်လောက် စာရိတ္တကောင်းတဲ့ နယ်မြေမှာ ဖွံ့ဖြိုးရေးလာလုပ်မိတာ မှန်လိုက်လေခြင်း၊ တန်လိုက်လေခြင်းဆိုတဲ့အတွေးနဲ့ ပီတိတွေလည်းဖြစ်၊ တဒင်္ဂအခိုက်အတန့်ကလေးမှာ ခံစားချက်ပေါင်းများစွာနဲ့ ဘာပြောရမှန်းမသိအောင်ကို ဖြစ်လို့။
ရွာခံသင်းထောက်ဆရာကို အနှီပိုက်ဆံအကြောင်း နောက်တစ်ရက်မှာ စကားစကြည့်တော့ “ ဟုတ်တယ်ဆရာ...ပိုင်ရှင်မတွေ့လို့ ရံပုံငွေထဲ ထည့်လိုက်တယ် ” လို့ အဖြေပေးပြီး စာရင်းစာအုပ် လှန်ပြတော့ ပိုင်ရှင်မဲ့အလှူငွေ တစ်ထောင်ကျပ်ဆိုတဲ့ စာရင်းကလေးက နေ့စွဲနဲ့တကွ အတိအကျ။
ဦးဟန်ကြည် ပါမိုင်းမှာ အခြေစိုက်နေတဲ့ တစ်လတာအတွင်းမှာ အားဆေးပုလင်းတစ်လုံး လမ်းမှာ ကောက်ရလာရင်လည်း “ ဒီဆေးပုလင်းက ဆရာ့ဆေးပုလင်းလားဆရာ ” လို့ လာလာမေးကြတာ သူရို့ထုံးစံ။ ဒါတင်ဘယ်ကလိမ့်တုန်း။ ဦးဟန်ကြည်တို့ စခိုင်းလမ်းအတိုင်း အတော်ဝေးဝေး လမ်းလျှောက်တုန်းက လမ်းဘေးမှာ သည်အတိုင်းရပ်ထားတာ တွေ့ခဲ့ရတဲ့ ဆိုင်ကယ်တစ်စီးကလည်း နောက်ထပ် လေးငါးရက်ကြာလို့ သည်လမ်းကို ထပ်ရောက်တဲ့ အချိန်အထိ ဘယ်သူကမှ လက်ဖျားနဲ့ မတို့မထိဘဲ သည်အတိုင်း။ မြို့ကိုပို့ပြီး ရောင်းဖို့အတွက် တောထဲကနေ တပင်တပန်းသယ်လာပြီး လမ်းဘေးမှာ ပုံထားကြတဲ့ ထင်းတွေကလည်း သူ့ပိုင်ရှင်လာမယူမချင်း တစ်လကိုးသီတင်း သည်အတိုင်း။
Civilized ဖြစ်လှပါတယ် လူယဉ်ကျေးတွေ စာတတ်ပုဂ္ဂိုလ်တွေပေါလှပါတယ်၊ ဘာသာရေး တရားပွဲတွေ ခြိမ့်ခြိမ့်သည်း စည်ကားလှပါတယ်၊ အလှူရေစက် လက်နဲ့မကွာအောင် လှူကြတန်းကြပါတယ်ဆိုတဲ့ မြို့ပြတွေမှာ ညရေးညတာ သူခိုးကပ်မှာပူရ၊ ဟိုနားသည်နား ခရီးသွားရင် ဓားပြတိုက်ခံရမှာကြောက်ရနဲ့ စိတ်လုံခြုံမှု အပြည့်အ၀မရခဲ့တဲ့ ဦးဟန်ကြည်တို့မှာ ယဉ်ကျေးမှုမဖွံ့ဖြိုးဘူး၊ လူနေမှုအဆင့်အတန်း နိမ့်ကျတယ်၊ ဆင်းရဲနုံချာတယ်၊ ပညာတတ်နည်းတယ်လို့ မြို့ကြီးသားများ သတ်မှတ်ထားကြတဲ့ ချင်းပြည်နယ်က တောကြိုအုံကြားမှာ ပစ္စည်းအတွက်လည်း မပူရ၊ အသက်အတွက်လည်း မကြောင့်ကြရဘဲ စိတ်ရောကိုယ်ပါ ချမ်းသာလိုက်သမှ တကယ့်သုခဘုံကို ရောက်နေသလိုမျိုး။
ဦးဟန်ကြည်နဲ့ ရွာခံမရမ်တွေ စကားစပ်မိကြတိုင်းမှာ “ ကျွန်တော်တို့ရွာက ဆင်းရဲပါတယ်ဆရာရယ်...ဘာမှလည်းမရှိဘူး...သည်လိုဒေသမျိုးမှာ ဆရာတို့ လာနေပြီး လုပ်ကိုင်ပေးနေတာ အားနာပါတယ်... ” လို့ သူရို့ပါးစပ်ကထွက်တိုင်း ဦးဟန်ကြည်က -
“ ခင်ဗျားတို့ မရမ်ရွာတွေက မဆင်းရဲကြပါဘူးဗျာ...သည်ကနေ့ခေတ်မှာ အရှားပါးဆုံး၊ အဖိုးအတန်ဆုံးဖြစ်တဲ့ ကိုယ်ကျင့်တရားနဲ့ လူမှန်းသိကတည်းက ပြည့်စုံနေကြတဲ့ ခင်ဗျားတို့ဒေသဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးဒေသပါ... ”
- လို့ လှိုက်လှိုက်လှဲလှဲ ပြန်ပြောဖြစ်ပါရဲ့။
တကယ်တမ်းပြောရမယ်ဆိုရင်လည်း ရိုးသားခြင်းရတနာဆိုတာ အဖိုးအနဂ္ဃထိုက်တယ် မဟုတ်လား... ။ သည်တော့ ရိုးသားခြင်းတွေနဲ့ ထုံမွှမ်းထားတဲ့ ချင်းတို့နယ်မြေဆိုတာလည်း လူမှုတန်ဖိုး အမြင့်မားဆုံးကို ပိုင်ဆိုင်ထားကြတဲ့ နယ်မြေတစ်ခုပဲပေါ့လေ . . . ။ ။
( ဟန်ကြည် )
၂၂.၅.၂၀၁၅ ( သောကြာနေ့ )

0 comments:
Post a Comment