Sunday, May 31, 2015

သုံးရာသီ


နဂိုမျက်နှာထားကိုက ပြုံးရွှင်နေတဲ့ ယာဉ်ထိန်းရဲတစ်ယောက် (၂၆x၈၀) လမ်းထောင့်က မီးပွိုင့်မှာ အလုပ်လုပ်နေတယ်။ မန္တလေးမြို့ရဲ့ မေလ၊ နေ့ခင်း (၁၂း၃၀) အချိန် ရာသီဥတုက ကျဲကျဲတောက်ပူလောင်နေတယ်။ အမိုးအကာအောက်မှာ နေထိုင်ရတဲ့သူတွေအတွက် သိပ်မသိသာလှပေမယ့် မိုးကောင်းကင် ဟင်းလင်းပြင်အောက်၊ လမ်းမတစ်ခုထက်ရောက်နေတဲ့ ကျွန်တော့်အဖို့တော့ သူ့ကိုစောင့်ကြည့်နေရတဲ့ (၁၅) မိနစ်လောက် အချိန်ကလေးမှာတောင် သက်သောင့်သက်သာမရှိခဲ့ဘူး။
သူကတော့ အပူဒဏ်ကို မမှုတဲ့ဟန်နဲ့ လမ်းမအလယ်မှာ လက်ကလေးပြလိုက်၊ ၀စီမှုတ်လိုက်နဲ့ အပြုံးမပျက် ၀န်ဆောင်မှုပေးနေတယ်။
“ရဲလင်းတယော မှ သုံးရာသီ”
“ရဲလင်း(၅)ဘက်ကို (၃၅)”
သူ့ခါးကြားမှာချိတ်ထားတဲ့ စကားပြောစက်က စကားဝှက်အသံတချို့ထွက်ပေါ်လာတယ်။ “သုံးရာသီ”ဆိုတာက သူ့ရဲ့ စက်အမည်။ ကိုယ်ပိုင်အမှတ် လ-၁၇၉၀၀၉ ၊ ယာဉ်ထိန်းကုတ်နံပါတ် ၃၄၃၅၊ တပ်ကြပ်ကြီး သန့်ဇော်မင်း ဆိုတဲ့ သူရဲ့ အမည်နာမထက် မန္တလေးသားတွေ သိကြတာက “သုံးရာသီ” “အပြုံးလှပိုင်ရှင်” “Ever Smile” ဆိုတဲ့ နာမည်တွေပါ။
မန္တလေးမြို့၊ (၂၆ x ၈၀)မီးပွိုင့်၊ လမ်း (၃၀ x ၇၃) မင်္ဂလာဈေး မီးပွိုင့်၊ (၆၂ x ၆၆) လမ်း ဆီဒိုးနားထောင့် မီးပွိုင့်၊ (၂၆ x ၇၈) လမ်း မီးပွိုင့်နဲ့ ဈေးချိုတစ်လျှောက် လမ်းမတွေပေါ်မှာ သူ့ကို တွေ့နိုင်တယ်။ တွေ့တိုင်းလည်း ပြုံးပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမော ရှိနေစမြဲ။ လက်ပြရင်း၊ ၀စီမှုတ်ရင်း လမ်းရှင်းတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ လမ်းဖြတ်ကူးဖို့ကူညီတယ်။ မတော်တဆမှုတစ်စုံတစ်ရာဖြစ်လာရင်လည်း ဖေးဖေးမမရှိတယ်။ ဒီတော့ သူနဲ့ကြုံတွေ့ဖူးတဲ့လူတော်တော်များများက မတော်တဆ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ရင်တောင် ရောက်လာတဲ့ယာဉ်ထိန်းရဲကို သူပဲဖြစ်နေစေချင်ကြတာတွေ့ရတယ်။
ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းနဲ့လင့်လမ်းဆုံက ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ခင်မြင့်မောင်က တာဝန်ဝတ္တရားကျေပွန်မှု၊ ပျူငှာစွာဝန်ဆောင်မှုတွေကြောင့် ပြည်သူချစ်တဲ့ယာဉ်ထိန်းရဲတစ်ယောက်အဖြစ် ပြည်သူကြားမှာ နာမည်ကောင်းတစ်ခုရခဲ့သလို မန္တလေးမြို့က တပ်ကြပ်ကြီး သန့်ဇော်မင်းကလည်း ရွှေမန်းသူ၊ ရွှေမန်းသားတွေအတွက်ဂုဏ်ယူစရာဖြစ်လာခဲ့တယ်။ဒါကြောင့်မန္တလေးမြို့မှာယာဉ်ထိန်းရဲအဖြစ်သူတာဝန်ကျတဲ့(၂)နှစ် လောက်ကာလကလေးအတွင်းမှာပဲ “အပြုံးလှပိုင်ရှင်” အဖြစ်၊ “Ever Smile” အဖြစ်လူသိများလာခဲ့တယ်။
“(၂၆ x ၈၀) နဲ့ ဈေးချိုနာရီစင် မီးပွိုင့်က အရှုပ်ဆုံးနဲ့ အလုပ်အများဆုံးပဲ။ ထမင်းကို မစားရဘူးရယ်။ (၂၆) လမ်းပေါ်ရှင်းလိုက်၊ လမ်း (၈၀) ပေါ်ရှင်းလိုက်နဲ့၊ ဟိုလျောက်၊ သည်လျောက် တစ်နေကို ကုန်ရော” လို့ တပ်ကြပ်ကြီး သန့်ဇော်မင်းက သူ့ရဲ့မူပိုင်အပြုံးမျက်နှာနဲ့ ကျွန်တော့်ကိုပြောပြတယ်။
မန္တလေးမြို့က ယာဉ်ထိန်းရဲတွေဟာ အလှည့်ကျစနစ်နဲ့ တစ်နေ့တစ်နေရာစီ လှည့်လည် တာဝန်ထမ်းဆောင်ကြရတာပါ။ မီးပွိုင့်တွေ၊ လမ်းဆုံတွေမှာ ယာဉ်ကြောရှင်းလင်းရေးအပြင် ပညာပေးဟောပြောပွဲနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်တွေလည်း ရှိကြတယ်။ မီးပွိုင့်စနစ်ရှိတဲ့လမ်းဆုံတွေမှာတာဝန်ကျတဲ့နေ့ရက်တွေဆို လူသက်သာပေမယ့် မီးပွိုင့်စနစ်မရှိတဲ့နေရာ၊ မီးပွိုင့်စနစ်ရှိပေမယ့် မနိုင်မနင်းဖြစ်လာလို့ ပွိုင့်ကိုပိတ်ပြီး ကိုယ်တိုင်အချက်ပြရတဲ့အခါမျိုးတွေမှာ တစ်နေကုန်နီးပါး လမ်းမပေါ်မှာ အလုပ်ရှုပ်ကြရတာတွေ့ရတယ်။
“ ခုလို ပူအိုက်နေတဲ့ရာသီမျိုးမှာ ဒီဝတ်စုံကြီးနဲ့ အကြာကြီးနေပူထဲနေရတာ တကယ်တော့ ဘယ်ခံနိုင်မလဲဗျာ။ ဒါပေမဲ့ ၀ါသနာပါတော့လည်း လမ်းပေါ်ရောက်တာနဲ့ အဲဒါတွေက ပျောက်သွားတာပါပဲ။ ယာဉ်ကြောတွေ ကျပ်နေတာမြင်လိုက်ရရင် စိတ်ထဲတမျိုးဖြစ်တာပေါ့။ သွားရ၊လာရ အဆင်ပြေအောင် လုပ်ပေးချင်တာပဲ။ လမ်းရှင်းနေတဲ့အချိန် ကျန်တာဘာမှကိုမရှိဘူး။ အန္တရာယ်ကင်းဖို့၊ လမ်းရှင်းဖို့ပဲ စိတ်ထဲရှိတော့တယ်” လို့ သူက ပြောတယ်။
သူခဏနားတဲ့အချိန် လမ်းဆုံက ယာဉ်ထိန်းရဲရုံးလေးမှာ အချိန်အတော်ကြာအောင် စကားတွေပြောဖြစ်တယ်။ မီးပွိုင့်က အချက်ပြမီးတွေနဲ့ ဆက်သွယ်ထားတဲ့ ကိရိယာတွေရယ်၊ စကားပြောဆက်သွယ်ရေးစက်တွေရယ်၊ သောက်စရာရေဗူးအချို့ရယ်၊ ကျောပိုးအိတ်နဲ့ အသုံးအဆောင်အချို့ရယ်ကလွဲပြီး ဘာမှမရှိတဲ့ အဲဒီအခန်းလေးထဲမှာ ၀ါးကုလားထိုင်လေးတွေပေါ်ထိုင်ပြီးစကားပြောရင်း သူ့ဘ၀အကြောင်း တတ်နိုင်သလောက်ထိတွေ့ဖို့ကြိုးစားမိတယ်။
သူ့အနေနဲ့ကတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ဇာတိ၊၀န်ထမ်းမိဘကမွေးဖွားလာတဲ့ မွေးချင်း(၄) ယောက်ထဲက ဒုတိယမြောက်သားတစ်ယောက်ဖြစ်တယ်ဆိုတာကလွဲလို့ သူ့ရဲ့ငယ်ဘ၀အကြောင်းကို ထူးထူးခြားခြားပြောပြစရာမရှိခဲ့။ သူ (၁၀) တန်းကျောင်းသားဘ၀မှာ ၀န်ထမ်းတွေရဲ့သဘာဝအတိုင်း မိဘတွေက ရွှေဘိုမြို့ကို ပြောင်းလာတော့ သူလည်း ရွှေဘိုမြို့ရောက်လာတယ်။ ရွှေဘို အ.ထ.က (၂) ကနေ (၁၀) တန်းအောင်ခဲ့တယ်။ မြန်မာစာ အဓိကနဲ့ အဝေးသင်တက္ကသိုလ်တက်နေရင်း ဒုတိယနှစ်မှာ ရဲတပ်ဖွဲ့ထဲဝင်ခဲ့တယ်။ ရဲတပ်ဖွဲ့ထဲဝင်ရတဲ့ ရည်ရွယ်ချက်ကတော့ ခပ်ရှင်းရှင်းပါပဲ။
“ ရွှေဘိုမှာနေရင်း မန္တလေးကအဒေါ်အိမ်လာရင်း လမ်းပေါ်မှာ ယာဉ်ထိန်းရဲမြင်တော့ သဘောကျတယ်ဗျ။ လက်ပြရတာသဘောကျတယ်။ ရဲထဲဝင်မှ ယာဉ်ထိန်းရဲဖြစ်တာဆိုတော့ ရဲထဲဝင်လိုက်တာပဲ” တဲ့။
ဒါပေမဲ့ သူစိတ်ကူးယဉ်ခဲ့ရတဲ့ ယာဉ်ထိန်းရဲဘ၀ကို လက်တွေ့မှာတော့ ရဲတပ်ဖွဲ့ထဲဝင်ပြီး (၁၇) နှစ်လောက်ကြာတဲ့အခါမှ ရခဲ့တယ်။ တောင်လေးလုံးရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်းတက်ခဲ့ပြီးတဲ့နောက် ရွှေဘိုမြို့မှာ တာဝန်ကျတယ်။ နယ်ထိန်းအဖြစ်(၁၁)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ မန္တလေး၊ ရွှေစာရံ ရဲတပ်ရင်း(၄)မှာ ပြောင်းရွှေ့တာဝန်ထမ်းတယ်။ အဲဒီမှာ (၆) နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲရောက်လာခဲ့တယ်။
ယာဉ်ထိန်းရဲအဖြစ်လက်ရှိ တာဝန်ကျနေတာ (၂) နှစ်လောက်ပဲရှိသေးပေမယ့် သူတကယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရတဲ့ အဲဒီ(၂) နှစ်တာကာလက သူ့အတွက်စိတ်ကျေနပ်စရာကောင်းမယ်ဆိုတာ သေချာခဲ့သလို အစိုးရ၀န်ထမ်းတွေအနေနဲ့ရဖို့မလွယ်ကူတဲ့ ပြည်သူကပေးတဲ့အချစ်တော်ဆုရခဲ့တယ်ဆိုတာကလည်း အခုအမည်တွင်နေတဲ့ “အပြုံးလှပိုင်ရှင်” တို့၊ “Ever Smile”တို့ ဆိုတဲ့နာမည်တွေက သက်သေပြနေတယ်။
“ အလုပ်လုပ်တာကိုသဘောကျလို့ဒီနာမည်ရတယ်ထင်ပါတယ်ဗျာ။ ဒီလိုကြီးဖြစ်လာစေချင်တာ၊ နာမည်ကြီးချင်တာမျိုးတော့ စိတ်ကူးထဲမရှိဘူး။ အဲလိုဖြစ်လာရင်လည်း နေရထိုင်ရတာ ကျဉ်းကျပ်လာမှာလေ။ လမ်းပေါ်ရောက်လာရင် ယာဉ်ကြောရှင်းတဲ့ ရဲတစ်ယောက်လို့ပဲစိတ်ထဲရှိတော့တယ်။ ရဲဘော်တွေ၊ တပ်ကြပ်တွေ၊ အရာရှိတွေဆိုတဲ့စိတ်က ရှိကိုမရှိတာ” လို့ တပ်ကြပ်ကြီးက ဆိုတယ်။
သူက ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲရောက်လာတယ်။ သူ့ရဲ့ တာဝန်သိသိ၊ စေတနာပါပါလုပ်ဆောင်ချက်တွေကြောင့် အချိန်တိုတိုအတွင်းမှာပဲ ရဲချုပ်ကပေးတဲ့ ၀န်ထမ်းကောင်းလက်မှတ်ကို ၂၀၁၄ ခုနှစ်မှာရခဲ့တယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးကပေးတဲ့ ထူးချွန်ဆုကိုလည်း ရခဲ့တယ်။
ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့တော့ ရဲချုပ်ကပေးတဲ့ ၀န်ထမ်းကောင်းလက်မှတ်ဟာ သူ့အတွက် အမြင့်ဆုံး၊ ကျေနပ်စရာအကောင်းဆုံး ဆုတစ်ဆုဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ မန္တလေးသတင်းပုံရိပ်အဖွဲ့နဲ့ လောကပါလလူမှုကူညီရေးအသင်းကပေးတဲ့ “ အပြုံးအလှပိုင်ရှင်” ဆုကတော့ ပြည်သူကပေးတဲ့ဆုဖြစ်တာကြောင့် အစိုးရ၀န်ထမ်းတိုင်းမရနိုင်တဲ့၊ တန်ဖိုးကြီးတဲ့ဆုတစ်ခုလို့ ကျွန်တော်ယုံကြည်လိုက်တယ်။
ပြည်သူက အသိအမှတ်ပြုတဲ့ ဆုလာဘ်အဖြစ် သူတာဝန်ကျရာ လမ်းပေါ်မှာ သူ့ကိုရေလာတိုက်သူ၊ အစားအသောက်ကျွေးသူတွေ မရှားပါးလှဘူး။ သူ့အတွက် အ၀တ်အထည်၊ သေတ္တာ၊ အိတ် စတဲ့ အသုံးအဆောင်ပစ္စည်းတွေလည်းပေးကြတာလည်းများတယ်။ ကားကိုရပ်ပြီး သဘောကျလို့ဆိုပြီးပေးသွားတဲ့စာအိတ်တွေအထဲမှာ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းဆိုတဲ့ ပမာဏရှိတဲ့ ငွေကြေးတွေလည်း ပါခဲ့တယ်။
တပ်ကြပ်ကြီး သန့်ဇော်မင်းက “ ကျွန်တော့်အတွက်ကတော့ ပြည်သူနဲ့အဆင်ပြေတယ်။ တသားတည်းပဲ။ မိုက်မိုက်ရိုင်းရိုင်းဆက်ဆံခံရတာ မရှိပါဘူး။ ဟိုနေ့က ရုံးသွားတော့ လမ်းပိတ်နေတာ။ ဆိုင်ကယ်ရပ်၊အကျီလေးကဗျာကယာလဲ၊ လမ်းပေါ်ပြေးတက်ပြီးရှင်းပေးမိတယ်။ ဦးထုပ်ဆောင်းဖို့တောင် မေ့နေတာ။ လူတွေက ကျွန်တော့်ကို ဦးထုပ်လာပေးတယ်။ ဆိုင်ကယ်ကြည့်ပေးတယ်။ ကူညီကြတယ်။ မကောင်းမြင်ရင် ယူနီဖောင်းအပြည့်အစုံမ၀တ်ဘူးပြောကြမှာပေါ့။ သော့တန်းလန်းထားခဲ့တဲ့ ကျွန်တော့် ဆိုင်ကယ်တောင်ကြည့်ပေးကြတယ်။ ကျွန်တော့်အတွက်ကတော့ ဘယ်နေရာမှာပဲ လမ်းရှင်းရှင်း၊ သဟဇာတဖြစ်ပါတယ်” လို့ ဆိုတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ သူပျော်ရွှင်နေပေမယ့် နယ်ထိန်းရဲတပ်ဖွဲ့မှာတာဝန်ကျစဉ်ကလည်း တာဝန်ကျေအောင်ဆောင်ရွက်ခဲ့တာပါပဲလို့သူကဆိုတယ်။ ရွှေဘိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတစ်ခုမှာသူကနယ်ထိန်းတာဝန်နဲ့ စုံစမ်းဖော်ထုတ်နေတုန်း ရွှေစာရံ၊ တပ်ရင်း(၄)ကို ပြောင်းရွှေ့ခဲ့ရတဲ့အခါ မပြီးပြတ်သေးတဲ့အမှုအတွက် တစ်ဖက်တစ်လမ်းက စုံစမ်းရင်း (၄)နှစ်နေမှ အမှုမှန်ပေါ်ခဲ့ရတာကတော့ သူ့အတွက် မှတ်မှတ်ရရရှိနေခဲ့တယ်။
“တော်တော်လေး မခံမရပ်နိုင်ဖြစ်လို့ တပ်ရင်း(၄)ကနေ ခွင့်နဲ့ပြန်တယ်။ ပြန်တာနဲ့ အဲဒီအမှုပဲလိုက်နေတာ။ အမှန်တော့ ကျွန်တော်က တအားလိုက်လုပ်လို့မရတော့ဘူး။ အဲဒီအမှုက စီအိုင်ဒီက ရဲအုပ်လှဟန်နဲ့၊ ရဲတပ်သားအောင်ဇော်လင်းတို့ ကိုင်တာပေါ့။ ကျွန်တော်က သူတို့ကိုကူပြီး တတ်နိုင်သလောက် ဒီဘက်က စုံစမ်းတာ။(၄) နှစ်တိတိကြာမှပေါ်တယ်။ အဲဒါကတေ့ မှတ်မှတ်ရရပဲ” လို့ သူက ဆိုတယ်။
သူ့ရဲ့မိသားစုဘ၀၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်မေးတဲ့မေးခွန်းတွေအများစုကိုတော့ သူကဖြေလိုဟန်မရှိပါဘူး။ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုအတွက်လည်း သူအသားမပေးချင်ဘူး။ ပြောသမျှစကားလုံးတွေ၊ ဖြေသမျှအဖြေတွေရဲ့အဆုံးသတ်မှာ “ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေအကြောင်း၊ ကျွန်တော့်တာဝန်နဲ့ပတ်သက်တာပဲ ရေးပါဗျာ” ဆိုတဲ့ စကားက ပါပါလာတတ်တယ်။ သူ့ရဲ့အမြင်တွေ၊ သူရဲ့ဝေဖန်ချက်တွေကိုရယူမယ့်အစား သူ့ကိုစောင့်ကြည့်ပြီးတော့ ဝေဖန်တာမျိုးကိုခံချင်တယ်။ အမှန်တကယ် အလုပ်လုပ်၊ မလုပ်စောင့်ကြည့်ပြီး အမှားအမှန်ကို ဝေဖန်ထောက်ပြစေချင်တယ်။
“ ကျွန်တော့်ကိုသိတာမဟုတ်ဘူး။ ကျွန်တော့်အလုပ်ကိုသိတာ။ သန့်ဇော်မင်းကို လက်ခံတာမဟုတ်ဘူး။ ကျွန်တော့်ယူနီဖောင်းနဲ့ အလုပ်လုပ်တာကိုလက်ခံကြတာဗျ” လို့သူက ပြတ်ပြတ်သားသားပဲဆိုတယ်။
သူ့ရဲ့ပုဂ္ဂိုလ်ရေးတည်ဆောက်မှုထက် ယာဉ်ထိန်းရဲတပ်ဖွဲ့တစ်ခုလုံးရဲ့ဂုဏ်ကိုတည်ဆောက်ချင်တဲ့စိတ်၊ တပ်ဖွဲ့အပေါ်လေးစားတဲ့စိတ်ရှိတာ သူ့ရဲ့စကားတွေထဲမှာ ပိုပိုပြီးမြင်သာလာရတယ်။ ဒါပေမဲ့ ကျွန်တော်က
“ ပြည်သူတွေဆိုတာကလည်း အခုအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ အားလုံးကလေးစားကြည်ညိုကြတာချည်းပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်ကိုတော့ အားလုံးရဲ့ရင်ထဲမှာ ကြည်ညိုမှုရှိတယ်လို့ မပြောနိုင်ဘူးလေဗျာ။ အခုလည်း အဲဒီလို သဘောမရှိနိုင်ဘူးလား” လို့ သူ့ကို တုံ့ပြန်ပြီး မေးခွန်းထုတ်မိတဲ့အခါ သူက ထုံးစံအတိုင်းပြုံးတယ်။ ဒီလိုနဲ့ ရဲနဲ့ပြည်သူ့ကြားက ဆက်ဆံရေးအဖုအထစ်လေးတွေအကြောင်း ကျွန်တော်တို့ဆက်ပြီးပြောဖြစ်ကြတယ်။
“ စိတ်မကောင်းတော့ဖြစ်မိတာပေါ့။ ကိုယ်တိုင်ခံစားကြည့်မိမှ သိမယ်လို့လည်းမပြောချင်ဘူး။ အဲဒီစကားက မသုံးသင့်တဲ့စကားပဲ။ အခုနောက်ပိုင်း ဖေ့စ်ဘုတ်မှာ ပုံတွေနဲ့ တက်လာတယ်။ ပြောဆိုခံရတယ်။ ကိုယ့်တပ်ဖွဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။တကယ်တော့ အဲဒီလို တက်လာတာတွေမမြင်ချင်ဘူးဗျာ။ အများနဲ့ လုပ်ရတာဆိုတော့လည်း။ ဒါပေမဲ့ ကောင်းတာလုပ်ပြီး ကောင်းတာပြောခံရတာတွေလည်း ရှိပါတယ်” လို့ သူက ခပ်ဝေးဝေးကို ငေးကြည့်ရင်း ဆိုတယ်။
သူ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို စောင့်ကြည့်၊ ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး ကျွန်တော်ပြန်လာတဲ့အခါ မန္တလေးနေက ခြစ်ခြစ်တောက်ပူနေဆဲ။ တပ်ကြပ်ကြီး သန့်ဇော်မင်းကလည်း ပွိုင့်အလယ်မှာ သူ့အလုပ်ကိုသူ ဆက်လုပ်ဆဲ။ မီးပွိုင့်စနစ်ရှိတဲ့အဲဒီမီးပွိုင့်မှာတောင် သူ့ရဲ့အပြုံးလှပိုင်ရှင်ဆိုတဲ့ဘွဲ့ကိုဆက်လက်ထိန်းသိမ်းရင်း၊ လက်အချက်ပြရင်း ခရီးသွားပြည်သူတွေကိုဝန်ဆောင်မှုပေးနေဆဲ။ ရုံးကိုပြန်ဖို့ ဆိုင်ကယ်ရှိရာအလာ ယာဉ်ထိန်းရဲရုံကလေးထဲက သူ့မိတ်ဆွေတစ်ယောက်ရဲ့ ကရုဏာဒေါသနဲ့စကားသံက နောက်ကျောဘက်ဆီက ပျံ့လွင့်လာတယ်။
“ ဟေ့ရောင်။ လာနားဦး။ နေပူထဲတောက်လျောက်ကြီးဆင်းနေတယ်။ မင်းတော့ သေမှာပဲ” တဲ့။

ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...