Sunday, May 31, 2015

“အင်္ဂလိပ်ကျေးဇူး မြင့်မိုရ်ဦး”

“နှစ်ကျိပ်ရှစ်ဆက် မဟာဝင်တည် အတိတ်အဖြစ်အပျက် ကမ္ဘာတွင်သည်။ ဘယ်ရာဇာပင် မစံမြန်းသည့် မန်းရွှေမြို့ပြည်။” တဲ့။
         မန်းလေးသူ မန်းလေးသားတွေဟာ အင်မတန်မှ မဟာဆန် နန်းဆန်တဲ့သူ၊ ယဉ်ကျေးတဲ့သူတွေလို့ ကိုယ်တွေ တစ်သက်လုံး ယူဆထားခဲ့ကြပါတယ်။ အောင်မြေမြမန်း နန်းလေတည်စိုက်ရာမှာ ရာဇာမင်းစိုးတို့နဲ့ တမြေတည်းတရေတည်း နေခွင့်ရခဲ့သူတွေ မဟုတ်လား။ ရပ်ကြီးသူ ရပ်ကြီးသားများလို့ ဆိုလို့ရတာပေါ့။ (အခုလည်း ပြည်ကြီးသူ ပြည်ကြီးသားများလို့ ပြောရင် မမှားသေးပါဘူးနော့။) မျိုးချစ်စိတ်ဓါတ်လည်း အင်မတန်ကို ပြင်းပြတဲ့သူတွေပါ။ ယောင်ပေစူးကလေးနဲ့ ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ဆယ်နှစ်အရွယ် ကလေးငယ်ကလေးတောင်မှ ဘီရိုပေါ် မောင်နှံတင်၍ ဆောင်ပျံပလ္လင် ဂေါဝိန်စခန်းကို မြန်းကြွရှာလေပြီ ဆို ပါတော်မူတာမြင်မိရင် စီးကြမျက်ရည် ရွှေနန်းတော်တိုင်ကို မှီကာငိုမိပါသတဲ့။ သူကမှ ကိုယ်တိုင်သိမီလိုက်ရလို့ တ ကာ မုနိ ကြွေလုသည်းဆိုင် ဖြစ်နေရှာတာ မဟုတ်ပါဘူး။
ဟိုးတုန်းက မြန်မာသီချင်း အဆိုကောင်းလှသူကြီးတွေ “ရွှေပြည်ကြီး” သီချင်းကို ရင်ထဲဆို့တက်လာအောင် ဝမ်းခေါင်းသံကြီးနဲ့ ဆိုလိုက်တယ်ဆိုရင် ကြားရသူမြန်မာအပေါင်းတို့ဟာ မျက်ရည်ဖြိုင်ဖြိုင် ကျလာအောင်ကို ငိုကြလွမ်းကြပါသတဲ့။ သည်လိုအရသာမျိုးကိုမှ ကိုယ်တို့တတွေက မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် လို့ ခေါ်ခဲ့ကြတာ မဟုတ်လား။ အဲသလိုတိုင်းပြည်ကြီးအတွင်းမှာ ကိုယ်က အင်္ဂလိပ်ကျေးဇူး မြင့်မိုရ်ဦး လို့ စာတတန်ပေတဖွဲ့ ရေးမိရင် ပြည်ပအားကိုး ပုဆိန်ရိုး၊ အမျိုးဂုဏ်ဇာတိဂုဏ် မစောင့်ထိန်းသူ၊ အမေကျော် ဒွေးတော်လွမ်းသူ၊ လူသားအဖြစ် ရပ်တည်ရှင်သန်ဖို့ရာတောင်မှ မတန်မရာ မအပ်မသင့်တော့သူတစ်ယောက်အဖြစ် ဖြုတ်ထုတ်သတ် အလုပ်ခံရဖို့ပဲ ရှိပါတယ်။ မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်ပြီး နင့်အမေ ကုလားဖြူယူထားလို့ နင်လည်းပဲ ပထွေးလွမ်းချင်း တနေတာ မဟုတ်လား လို့ ကိုယ်နဲ့ တစ်ခါမှ မတွေ့ဖူး မမြင်ဖူးသူကိုပါ အမှုတွဲထဲ ဆွဲထည့်ကြဦးမှာ။

        တကယ်တမ်း စဉ်းစားကြည့်တော့ ကိုယ်တို့မှာ ရှေးမြန်မာ့ဦးစွန်းက သွားလေသူကြီးများ ချန်ရစ်တဲ့ ဘိုးဘွားအမွေအနှစ်တွေကို ချစ်မြတ်နိုးချင်ပါသော်လည်း လက်လှမ်းမီရာမှာ ဘာတစ်ခုမှ လောက်လောက်လားလား မကျန်ရစ်တော့တာမို့ မန္တလေးတက်ပြီး ကျုံးရေတွေ မကုန်မချင်း သောက်ရမလိုဖြစ်နေပြီ။ သူမပြောနဲ့။ သူ့နောက်မှာ ကိုယ့်ကို ကျွန်ပြုသွားလေသူ အင်္ဂလိပ်မင်းများ စွန့်ခွာထားရစ်ခဲ့လေသော ကျွန်မွေကျွန်နှစ်ကလေးတွေတောင် ပြောင်တလင်းခါသွားတာကို မြင်တဲ့အခါမှ အလိုလေးလေး မောင်မင်းကြီးသားများ ကျေးဇူးတော်ကလည်း တယ်မသေးပဲကိုးလို့ Thanks giving ခံစားချက်ကြီး ပေါ်လာပြီး အမိမတ အဖမတ ပထွေးကိုတတ ငိုမိရပါတယ်။ ဟုတ်သည် မဟုတ်သည် စာဆုံးအောင်ဖတ်ပြီး ငြင်းနိုင်ငြင်းကြပေါ့။

          ပထမဦးဆုံး သတိထားမိတာက ကိုယ်အသက်မွေးဝမ်းကျောင်းနေတဲ့ ဆေးပညာဆိုတာကြီးက အင်္ဂလိပ်တွေ သင်ပေးခဲ့တဲ့ အနောက်တိုင်းဆေးပညာကြီး ဖြစ်နေတာကိုပါ။ ကိုယ်တို့ဆီက တိုင်းရင်းဆေးတွေကို ဘယ်သူကမှ လာသင်ပေးတာ မဟုတ်ဘူး။ သင်ပေးလည်း သွေးဆေး နဲ့ လျက်ဆားလောက် ဖော်ရောင်းပြီး သူဌေးအစောကြီး ဖြစ်နေလေမလား။ စကောနှစ်ချပ် တောင်ပံခတ် ဖြတ်ဖြတ်မြည်လတ္တံ့ ဆိုတဲ့ သပွတ်ခါးသီးဝိဇ္ဇာများ ဖြစ်နေမလား မပြောတတ်ပေါင်။ ကျားကျားမီးယပ်ဆရာ ဖြစ်မနေတာတောင် ကျေးဇူးတင်နေရသေး။ ကိုယ်တို့မြန်မာပြည်ဆေးလောကရဲ့ အစအဦးဟာ အင်္ဂလိပ်စစ်ဗိုလ်ဆရာဝန်များနဲ့ စခဲ့တယ်။ ကိုယ်ကလေးဘဝကအထိ ပန်ချာပီဆရာဝန်တွေ မြင်ဖူးခဲ့သေးတယ်။ မြန်မာဆရာဝန်ထဲမှာ အစောဆုံးလို့ဆိုရမယ့် ဒေါက်တာရှောလူးတောင်မှပဲ သာသနာပြု မစ်ရှင်ဘုန်းတော်ကြီးများက ခေါ်ဆောင်သွားလို့ ဆေးပညာတွေ တတ်ခဲ့တာ။ မင်းတုန်းမင်းကြီးလက်ထက် ဥရောပကို ပညာတော်သင်တွေ စေလွှတ်ခဲ့ရာမှာ ဘယ်သူကမှ ဆေးပညာသင်ကြားခဲ့တယ် လို့ မကြားဖူးဘူး။ ကင်းဝန်မင်းကြီး အီတလီသွားတဲ့အခါတုန်းကလည်း အနောက်တိုင်းဆေးပညာများ ကို အရေးတယူလုပ်ပြီး စကားထဲထည့် မပြောခဲ့ဘူး။ သီပေါအရှင်နှစ်ပါး ပါတော်မူချိန်အထိ နန်းတော်ထဲ အင်္ဂလိပ်ဒေါက်တာ ရှိတယ်လို့တောင် မကြားဖူးဘူး။ ရှိမှာလည်း မဟုတ်ဘူး။ ဆေးကုတယ်ဆိုတာ အသက်အပ်ပြီး ကုရတာ။ ကိုယ်မယုံတဲ့ လူမျိုးခြား တိုင်းတစ်ပါးသားဆီမှာ ရွှေနန်းရှင် သက်လုံးပုံကုဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ပဲနဲ့။
 
           အင်မတန်အယူအဆ အစွဲကြီးတဲ့ ကိုယ်တို့ မြန်မာလူမျိုးတွေ အင်္ဂလိပ်သယ်လာတဲ့ အနောက်တိုင်းဆေးပညာကို ယုံယုံကြည်ကြည် လက်ခံကုသဖို့ဆိုတာ အချိန်တော့ တော်တော်ယူခဲ့ရမယ် ထင်ပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ငယ်ငယ် ကလေးဘဝကအထိ အပရိက ဖျားတာနာတာဖြစ်တိုင်း အိမ်က တိုင်းရင်းမြန်မာဆေးပေးခန်းကိုပဲ ခေါ်သွားနေကျမို့ပါ။ မပျောက်ဘူးလို့ မပြောပါဘူး။ ပျောက်ပါတယ်။ စွမ်းပါတယ်။ ဖန်ပုလင်းကြီးထဲက အနီရောင် အဝါရောင် အမှုန့်ကလေးတွေကို ရွှေချင်တဲ့ ချိန်ခွင်ကလေးနဲ့ချိန်ပြီး သင့်တင့်ရာ ရုက္ခမျိုးနွယ် ပဉ္စငါးပါးနဲ့ တွဲကာဖက်ကာ သုံးဆောင်ရတာပ။ သေရေးရှင်ရေးကျတော့ ဆေးရုံကိုရောက်အောင် ပြေးနိုင်ဖို့လိုတယ်ဆိုတာ ကိုယ့်မှာတော့ ဖအေတစ်ယောက်လုံး ဆုံးပြီးမှရတဲ့ အသိဥာဏ်ပါ။ အဲသည်နောက်မှာတော့ ကိုယ်ကိုယ်တိုင် ဆရာဝန်ဖြစ်ချင်ဇောနဲ့ အပတ်တကုတ် အားထုတ်လေ့လာခဲ့လို့ ခုဆိုရင် ကိုယ့်ကို ဆေးကုစားတဲ့ ယောဆရာလို့ပင် ခေါ်ကြပေမယ် မဟုတ်လား။

          ဆေးကျောင်းသက်တမ်းတလျှောက်လုံး မြန်မာဆရာဝန်စစ်စစ်ကြီးတွေနဲ့ သင်ကြားတတ်မြောက်လာခဲ့ပါလျက် အလကားနေ အင်္ဂလိပ် အင်္ဂလိပ် တလိပ်တည်းလိပ်နေတာ မဟုတ်ပါဘူး။ အခုဟာက ဆရာကို ပြောနေတာ မဟုတ်ဘူး။ ပညာရပ်နယ်ပယ်ကို ပြောနေတာ။ ကိုယ်တို့တတ်မြောက်ထားတဲ့ ဆေးပညာဆိုတာ အင်္ဂလိပ်က သယ်လာတဲ့အတတ်။ ဒါကြောင့်မို့လို့ ကနေ့ထက်တိုင် အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ဝေလက သမားဟူးရားကြီးများဆီမှာ ထုံသွားသွားကူးနေရတုန်း။ ဟိုကဆရာကြီးများကလည်း အရင်တုန်းကလို ပညာရင်ငွေ့ မပေးနိုင်တော့လို့ စာမေးပွဲလေး စစ်စစ်ပြီး ဘုရင်မကြီးစကတ်ဖိုးပြည့်အောင် ရေစင်ဖိုးကလေးတွေ ကောက်နေကြတုန်း။
တော်ဝင်သမားတော်ကြီးများဆီက တပည့်အဖြစ် အသိအမှတ်ပြုကြောင်း လက်မှတ်ထောက်ခံစာကလေးများမပါရင် အပြင်မှာ ဆေးကုစားလို့တောင် အူမစိုတော့လောက်အောင် ကျီးနဲ့ဖုတ်ဖုတ် ဒေါက်တာအစုတ်ဖြစ်နေရတာ ကိုယ်တို့ မြန်မာပြည်မှာပါဗျာ။ ရွာပြန်ပြီး စုတ်ထိုးဆရာနဲ့ ကုချင်ကုပလိုက်မယ်။ နိုင်ငံခြားဘွဲ့မပါတဲ့ အမ်ဘီဘီအက်စ် ငုံးစိစိနဲ့ ဆရာဝန်ဆီမှာတော့ သိက္ခာအကျခံပြီး မကုသေးဘူး။ လူသာ ဆင်းရဲချင် ဆင်းရဲပစေ။ မနေလို့ သေရကြေးဆိုရင်တော့ ဂုဏ်သရေရှိရှိ သေချင်တာပေါ့။ ဆြာဝန်ကြီးဆိုင်းဘုတ်က ဘွဲ့ကလေးတွေကို စာလုံးပေါင်းရေပြီး တရားနဲ့ဖြေရတာ လူကြားလို့လည်း ကောင်းတယ်လေ။
 
          သည်ကနေ့ခေတ်အခါမှာ အဲသည် အင်္ဂလိပ်ပထွေး ချန်ထားရစ်တဲ့ ဆေးပညာအမွေကလေးတွေတောင်မှပဲ ရင်းစားပြန်မရလို့ လုံးပါးပါးနေတာ အများသိတော်မူတဲ့အတိုင်းပါဗျာ။ နိုင်ငံတကာအဆင့်မီ ခေတ်နဲ့အမီ ရင်ဘောင်တန်းလိုက်နိုင်သော မြန်မာဆရာဝန်များဖြစ်ဖို့ ကျွန်တော်တို့ ဘယ်လောက် ကြိုးစားနေရသလဲ။ ဘယ်လောက် အဆက်ပြတ်ကျန်ခဲ့သလဲဆိုတာ ကွကိုလည်းသိ လူတကာလည်း သိမို့ မပြောတော့ပါဘူး။ အတည်းနာနွန်းနွန်းနို့။ ပင်စင်ယူသွားရှာသူ ကျွန်တော်တို့ဆရာ ဂုရုကြီးတစ်ပါးကတော့ ပြောဖူးပါတယ်။ တစ်သက်လုံး အင်္ဂလိပ်နောက် ထပ်ချပ်မကွာ လိုက်လာတဲ့ဘဝကနေ ယိုးဒယားနောက်လိုက်၊ အိန္ဒိယနောက်လိုက်ဘဝကို ရောက်သွားရတာ သိပ်ရင်နာဖို့ကောင်းပါသတဲ့။ မယုံရင် ယိုးဒယားနဲ့ ကျန်းမာရေးသဘောတူစာချုပ်တွေ ချုပ်လာတဲ့ ဒုသမ္မတကြီးသာ မေးကြည့်ပါတော့။ ဟုတ်တာပေါ့လေ။ ကျွန်ဖြစ်တာချင်းတူရင်တောင် အိမ်ကြီးအိမ်ကောင်းမှာပဲ ကျွန်ဖြစ်ပျစီ။ အင်္ဂလိပ်ကျွန်ဖြစ်ရတာ ကုလားကျွန်၊ ထိုင်းကျွန်ထက်တော့ သာသပ။ အုပ်ချုပ်သူခေါင်းထဲ ဦးနှောက်မရှိရင် ဘင်္ဂါလီကျွန်ဖြစ်ဖို့လည်း သိပ်ဝေးမယ်မထင်နဲ့။

           အုပ်ချုပ်သူခေါင်းထဲ ဦးနှောက်ရှိဖို့ကတော့ သူ့ပညာအရည်အချင်းအပေါ်မှာ တည်ပါလိမ့်မယ်။ ခြောက်တန်းဦးနှောက်နဲ့ အုပ်ချုပ်ခဲ့တဲ့အရသာ မှတ်မိသေးတယ် မဟုတ်လား။ အောက်စ်ဖို့ဒ်ဦးနှောက်နဲ့ အုပ်ချုပ်တာကလေးလည်း တလှည့်လောက်ပေးကြည့်ပါလား။ ဘာရယ်လို့ ဟုတ်ပါဘူး။ မနေလို့ သေရရင်တောင် ဂုဏ်ဆာလို့ရသေးတာပေါ့နော။ ငါ့နှယ် သေလို့သာသေလိုက်ရ ဆြာ့ဘွဲ့တွေကဖြင့် ယူကေတွေချည့်ပါ လို့။ ဒီလိုဆိုတော့ ကိုယ်တို့ ပညာရေးအမွေကြီးကလည်း ကျွန်ပညာရေးစံနစ်က ဆင်းသက်လာတာ မြင်မိပြန်ပါသေးကော။
မြန်မာကျောင်းသား အစဉ်အဆက် သပိတ်မှောက်တောင်းဆို ကန့်ကွက်လာခဲ့တဲ့ ကျွန်ပညာရေးစံနစ်က ရန်ကုန်တက္ကသိုလ်ကြီးလည်း သိပ်မကြာခင်မှာ ပုဂ္ဂလိကလက်ထဲရောက်မလား၊ ဖက်စပ်အကျိုးတူ ပူးပေါင်းစာချုပ်တွေ ထွက်လာမလား၊ အဆင့်မြင့် တက္ကသိုလ်ရိပ်မွန် ကွန်ဒိုကြီးရယ်လို့ ဘီလ်ဘုတ်ကြီးပေါ်ရောက်လာမလား၊ ရင်တထိတ်ထိတ် ရှိလှတယ်။ ရွှေတိဂုံဘုရားကြီးတောင်မှ သတ္တဝါတွေကို မကယ်နိုင်ပဲ ရွှေတိဂုံကိုကယ်ကြပါ ဗီနိုင်းတွေ ပလူပျံနေတဲ့ခေတ် မဟုတ်လား။ ဒဂုံစီးတီးပရောဂျက်ကြီး၊ ရေကူးအသံလွှင့်ရုံ မြေနေရာငှားစားတာကြီးတွေကို လူဆိုးတွေနဲ့ဖိုက်တင်ချပြီး သမ္မတကြီးက လာကယ်တော်မူလိုက်တယ်ဆိုတဲ့ ဇာတ်ပေါင်းခန်းရိုက်ချင်ရင် တိတ်တိတ်ပုန်း မြိုဆို့ထားတဲ့ နိုင်ငံခြားသားအပင်းတွေကို ချွေးသိပ်နိုင်ဖို့ အလျော်အစားပေးစရာ မြေနေရာကျယ်ကျယ်ဆိုလို့ ဒါကြီးပဲကျန်တော့တယ်။ လက်ရှိအသုံးမဝင်တော့သည့် အဆောက်အဦဟောင်းများကို ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက် မလုံလောက်ပါသဖြင့် လို့ အကြောင်းပြလို့လည်းရတယ်။ (ရွဲ့ပြောနေတာနော်။ အဟုတ်မှတ်ပြီး လိုက်လုပ်မနေနဲ့။ သပိတ်မှောက်ပြိုက်မယ်။)
 
          ပစ္စည်း သင်္ခါရ လူသင်္ခါရခေတ်ကြီးမှာ University Campus ကြီးကိုလည်း သင်္ခါရလောကကြီးထဲ ထည့်ပလိုက်လို့ ရပါတယ်။ မလွမ်းသေးပါဘူး။ ဒါပေသိ အင်္ဂလိပ်အစိုးရ မျိုးစေ့ချသွားတဲ့ ပညာရေးအမွေအနှစ်ကြီးကိုရော ဘယ်လိုသဘောထားကြမလဲ။ နည်းနည်းလောက် နောက်ကြောင်းပြန်လိုက်ကြရအောင်နော့။ နယ်ချဲ့လက်ပါးစေ ကျွန်သဘောက်ဘဝမှာ တက္ကသိုလ် ကောလိပ် တက်ခဲ့ဖူးတဲ့ ကိုယ့်အဖိုးကိုယ့်အဖွားများ ရှိသေးရင် မေးကြည့်ကြစမ်းပါ။ သူတို့ ဘယ်လိုနေခဲ့စားခဲ့ ပညာသင်ခဲ့ရသလဲ။ ကိုယ်တို့တက္ကသိုလ်ကျောင်းသားဘဝနဲ့ တူသလား တန်သလား။ ဘင်တန်သူ၊ အင်းယားသူ၊ မာလာသူ၊ သီရိသူကနေ ဂျီဟောသူ၊ ဂန္ဓမာသူဖြစ်တဲ့အထိ တက္ကသိုလ်ကျောင်းသူဆိုတာ ဘယ်လိုအတန်းအစားနဲ့ နေခဲ့ရတယ် ထင်သလဲ။ တံတားဖြူ ကန်ဘောင်မှာ တိုင်းတပါးသား တစ်ယောက်မှမပါပဲ မြန်မာစစ်စစ် စစ်သားကြီးတွေက၊ လုံထိမ်းကြီးတွေက၊ ရဲကြီးတွေက (ကြိုက်တာပြော တူတူပဲ) သူတို့မအေ သူတို့နှမဆက်ဆံတဲ့အတိုင်း လာဆက်ဆံကြတာ အင်္ဂလိပ်ခေတ်က ဗိုလ်အောင်ကျော်လမ်းမှာ မြန်မာမတွေ အဲသလောက် အဖြစ်မဆိုးကြဘူး မဟုတ်လား။ အင်္ဂလိပ်လက်အောက်မှာ သခင်တွေ ထောင်ကျရင် ထောင်ထဲမှာ ဘယ်လိုနေ ဘယ်လိုစားရသလဲ။ သည်ကနေ့ မြန်မာကျောင်းသားကလေးတွေ ရုံးထုတ်ရင် လက်ထိပ် သံခြေကျင်းတောင် ဖြုတ်မပေးပဲ ဘယ်လိုဆက်ဆံနေသလဲ မြင်တဲ့အတိုင်းပဲ။ အဖမ်းခံ အရိုက်ခံ ထောင်ကျခံရတဲ့ဘဝချင်း အတူတူမှာတောင် အင်္ဂလိပ်ကျေးဇူး မြင့်မိုရ်ဦး လို့ တ ထိုက်ပါပေတယ်။

         သူ့ကျွန်အဖြစ် နွံနစ်နေလို့ ဗြိတိသျှအစိုးရပေးတဲ့ ကျွန်ပညာရေးစံနစ်မှာ သင်ကြားတတ်မြောက်လာသူတို့ဟာ ဘွဲ့ရတာနဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ရာထူး တက်လမ်းများ ဖြောင့်တန်းသွားတာဟာ ရှေးကတော့ ပညာတတ်တွေ ရှားပါးတဲ့အချိန်မို့လို့ ဆိုချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ ပြောပါရစေ။ အမောင်တို့အမိတို့ကို ပါမောက္ခချုပ်ကြီးက ဘွဲ့ရထိုက်ပြီဆိုပြီး ဦးထုပ်ပြားအနက်ကလေး ဆောင်းပေးလိုက်တဲ့နောက် ဟယ်ရင်တန်ခုနစ်တန်းအောင်ထားတဲ့ ဖိုးဖိုးနဲ့အတူတူ ဂါဒီးယန်းသတင်းစာထိုင်ဖတ်ပြီး ဘိုလို ဆွေးနွေးနိုင်ပြီလား။ ကျွန်ခေတ်မို့ ကျွန်စကားပြောနိုင်ဆိုနိုင်တာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ အစိုးရအလုပ်ထဲဝင်ကြည့်လိုက်ပါ။ ကိုယ်တို့ငယ်ငယ် ဘီအေ ဘီအက်စီအောင်ရင် အစိုးရအလုပ်ဖြေဖို့ သင်တန်းများစွာ တက်ရပါတယ်။ အင်တာဗျူးဖြေနည်းသင်တန်း၊ လက်နှိပ်စက်၊ လက်ရေးတို၊ (အခုခေတ်လိုဆို ကွန်ပြူတာဆိုပါတော့ကွယ်။) စာရင်းကိုင်၊ စာရင်းစစ်၊ အကောင့်တင်း၊ လော်ဂျစ်စတစ်၊ အစရှိသည်တို့ကလည်း အင်္ဂလိပ်စံနစ်ဇယားချထားတဲ့ ပညာရပ်တွေဖြစ်ပါတယ်။ ရပ်ကွက်ထဲ စာအုပ်အငှားဆိုင် ဖွင့်စားရင်တောင် Book keeping တတ်တဲ့သူနဲ့ မတတ်တဲ့သူ ဆီနဲ့ရေလို ကွာသဗျ။ ကျွန်ပညာရေးစံနစ်က ခေါင်းထဲကို အတတ်ပညာတွေပေးခဲ့ပြီး အမျိုးသားပညာရေးစံနစ်နဲ့တွေ့တော့မှ လက်ထဲကို အောင်လက်မှတ်တွေချည့် ပေးလိုက်တာ။ ကျောင်းလာချင်လာ မလာချင်နေ။ တတ်ချင်ရင် ကျူရှင်ယူ၊ အောင်ချင်ရင် ဆရာကန်တော့၊ နိုင်ငံနဲ့အဝှမ်း တက္ကသိုလ် ကောလိပ်ကြီးတွေ ရာထောင်ချီပြီး ဖွင့်လှစ်ပေးလိုက်တာ အခုဆိုရင် HD မထွက်သေးတဲ့ကျောင်းဆိုရင် မျက်နှာငယ်ရမလိုတောင် ဖြစ်နေပြီ။ (တော်ပါသေးရဲ့။ ဆေးကျောင်းအခွေ ထွက်ပြီးလို့) ကလေးတွေက ကျွန်တော်တို့အားလုံး “My father is U Ba.” ခေါ်ရတာ ရှက်လှပါပြီဆိုလို့ ထောင်ထဲထည့်ထားတာ အခုထိတောင် အကုန်ပြန်မလွှတ်သေးဘူး။ ဘာမှ လုပ်စရာမရှိရင် ဝိဇ္ဇာ နဲ့ သိပ္ပံကို ပေါင်းလိုက် ခွဲလိုက် နေကြာကွာစိလုပ်ပြီး ပညာရေးပြုပြင်ပြောင်းလဲရေး နံမည်တပ်လိုက်တာ ၃၆ ခေါက် မကတော့ဘူး။ နောက်ဆုံးတော့ ငါတို့တတွေ အင်္ဂလိပ်ကချပေးခဲ့တဲ့ ကျွန်ပညာရေးစံနစ်အတိုင်း ရှိနေရင် သိပ်ကောင်းမှာပဲ လို့ တောင့်တမိတော့တယ်။
  
           ကိုယ့်ဘုရင် ကိုယ့်အရှင်ကို ကြက်ကလေး ငှက်ကလေးလို ဖမ်းသွားပြီး တတိုင်းတပြည်လုံး ကျွန်ဇာတ်သွင်းတဲ့ ပထွေးကိုမှ ဖအေခေါ်ချင်လောက်အောင် မျိုးချစ်စိတ်ကင်းမဲ့လှတယ် လို့ ဆိုမယ်ဆိုရင်လည်း ခံရမှာပါပဲ။ ဒါပေမယ့် အုပ်ချုပ်သူလာရင် မတ်တတ်ရပ်ပြီး စကားပြောတတ်အောင် အင်္ဂလိပ်က သင်ပေးခဲ့တာဗျ။ ကိုယ့်မြန်မာတွေနဲ့ဆိုရင် ပြားပြားဝပ် ရှိုခိုးဦးတင် ခစားပြီး မော်ဖူးစေ ဆိုမှ မော့ကြည့်လို့ရမှာ။ ရှင်ဘုရင် မပြောနဲ့ ဝန်ကတော် လာရာလမ်း ရောက်လာမှန်းမသိလို့ ဖယ်မပေးရင် ကျိန်စာတုတ်စာ မိဖို့သာပြင်။ မနေ့တနေ့က နိုင်ငံတော်အကြီးအကဲလာလို့ ကြမ်းပြင်ပေါ် ကျုံ့ကျုံ့ကလေးထိုင်ပြီး လက်အုပ်ချီခစားနေတာ မြင်ရတဲ့အခါ၊ လူကြီးယာဉ်တန်းလာတာ လမ်းဘေးကပ်မပေးလို့ ကားပေါ်က တစ်ခုခုနဲ့လှမ်းအပစ်ခံရ၊ မော်တော်ပီကယ်က လိုင်စင်သိမ်းတာပါ ခံရတဲ့အခါ ဟိုးတုန်းက မြန်မာရှင်ဘုရင်တွေလက်က လွတ်အောင် ကယ်သွားတဲ့ အင်္ဂလိပ်ကိုတောင် ကျေးဇူးတင်မိသေး။ အခုလို ထီးသွေးနန်းသွေး တစ်စက်မှမပါတဲ့ မဗျိုင်းတို့လင်မယားလောက်ကို ရှိခိုးကော်ရော် ပူဖော်အကျွန် ဆက်ဆံနေရရင် မဟာဆီမဟာသွေးများနဲ့ဖြင့် အသက်တောင် ကျန်မယ် မဟုတ်။ မဆက်ဆံချင်နေလေ။ အဲ့လိုအကောင်မျိုး အစိုးရအလုပ်ထဲမှာ ဘာတစ်ခုမှ တိုးတက်စရာမမြင်၊ လောက်ကိုင်ပို့ပစ်မှာ။ (ပို့လည်း ပို့ပြီးပါပြီလေ။ ပြန်မခေါ်လို့ ဘူတန်တောင် ရောက်သွားသေး) ကိုယ်တစ်ယောက်တည်း ကျွန်ခံရတာ မဟုတ်ဘူး။ အလုပ်လုပ်လုပ် မလုပ်လုပ်၊ ကိုယ့်အိမ်က မိန်းမ သားသမီးများတောင် မမလေး ဆပ်စပင်ဒါမလျှော်ရင်၊ ထမင်းချက် ဈေးဝယ် အနှိပ်အနယ်ကလေးမှ မဆက်တတ်ရင် ဘာဖြစ်သွားမယ် ထင်သလဲ။ ဘာဖြစ်သွားမယ် ထင်သလဲ။ မလျှော်ချင်နေလေ။ သည်လိုလျှော်ခွင့်ရဖို့ လက်အုပ်ကလေးချီပြီး စောင့်မျှော်နေသူတွေ ရိုက်သတ်လို့တောင် မကုန်။ သူများတွေ ဘူးသီးမှ အရီးလာမတော်နဲ့။ ဗိုလ်ဖြစ်ချင်တဲ့အကောင်ဆိုတာ အထက်အရာရှိ ဘယ်လိုဆက်ဆံရသလဲမှ မသိရင် သွားလေဦးတော့ လောက်ကိုင်။ ဘုန်းကြီးလည်းရူး လှေလည်းလူးတဲ့ ကိုယ့်မြန်မာဓလေ့စရိုက်နဲ့မို့ အင်္ဂလိပ်သာ ကျွန်ပြုမသွားခဲ့ဘူးဆိုရင် ကိုယ်တို့လည်း ယာဉ်တန်းလာသံကြားတာနဲ့ လမ်းဘေးမှာ ပြားပြားဝပ် ကန်တော့နေရလိမ့်မယ် ထင်တယ်နော်။ ခုလိုစာမျိုး ရေးလို့ကတော့ ဖဝါးတော်ခြေတံဆိပ် ခတ်နှိပ်ချီးမြှင့်ခံရဦးမှာ။
 
           တကယ်တော့ အင်္ဂလိပ်ကြီးက သူ့ဟာသူနေတာပါ။ မြန်မာပြည် လွတ်လပ်ရေးရတာပဲ ၆၇ နှစ် ပြည့်ခဲ့ပေါ့။ ဒါပေသိ ကိုယ့်တိုင်းပြည်အခြေအနေက ကျွန်စုပ်ပစ်လိုက်တဲ့ သရက်စေ့ဘဝက မတက်သေးဘူး။ ကြာလေနစ်လေ တိုက်တန်းနစ်ကြီး ဖြစ်နေပြီ။ အုပ်ချုပ်သူအဆက်ဆက် ကိုယ့်အာဏာတည်မြဲရေးသာ ဦးစားပေးတယ်။ အဲသည်ကလွန်ရင် ကိုယ့်မိသားစုအသိုင်းအဝိုင်း ကျိကျိတက်ချမ်းသာရေးကို အလေးထားတယ်။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ နောင်လာမယ့် မျိုးဆက်သစ်အတွက်ဆိုတာ ပါးစပ်ဖျားကလေးတင် လိမ်တာ။ ဝမ်းခေါင်းသံတောင် မထွက်ဘူး။ တစ်နိုင်ငံလုံးက ကိုယ့်မလိုလားမှန်းသိတာတောင် “လူနှစ်သောင်းအပြင် ပိုမသတ်ရပါဘူး” လို့ ပါးစပ်က ပြောထွက်ပြီး ရက်ရက်စက်စက် နှိမ်နှင်းတယ်။ လူနှစ်သိန်း သူ့ဝဋ်ကြွေးနဲ့သူ သေတာလောက်တော့ အိပ်ပျက်ခံပြီး ထွက်မကယ်ဘူး။ အသံကောင်းဟစ်တာများတော့ “အိမ်က ကိုကိုဖြင့် နိုင်ငံရေးသမားတွေလို အာဏာကို တစက်ကလေးမှ စိတ်ဝင်စားတာ မဟုတ်ဘူးရှင့်။ သူ့ခမျာ ရှေ့တန်းမှာ စစ်တိုက်နေတာ မဟုတ်ရင် နောက်တန်းမှာ ပရဟိတတွေလုပ်ရ၊ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ရ နဲ့ အချိန်တောင် မလောက်ဘူး။” လို့ အတည်ပေါက်ကြီး မျက်နှာကို စေ့စေ့ကြည့်လို့ ပြောနိုင်ပါပေတယ်။ တကယ်တမ်းကျတော့ တစ်နိုင်ငံလုံး လုပ်သမျှ စီးပွားရေးတွေမှာ ကိုကိုနဲ့ကင်းတာ ဘာတစ်ခုမှ မရှိဘူး။ သည်အိမ်ကကိုကိုနဲ့ ဟိုအိမ်ကကိုကို အဝေမတည့်လို့ စားခွက်လုကြမှ ကိုယ်တို့က သိရတာ။
 
          ကိုယ့်မှာ အဲသလို တွေးတတ်မြင်တတ်တဲ့ အသိဥာဏ်ရှိလာတာ အဲ့ဒါလည်း အင်္ဂလိပ်ကျေးဇူး သိလား။ နို့မို့ စောစောက ဗိုလ်ကတော်ပြောတဲ့စကား အဟုတ်ကြီးမှတ်ပြီး အနားမှာ ထမီဖာထန်းခေါက်ဖာ ထမ်းနေရမှာ။ သူများပြောရင် ဟုတ်သည် မဟုတ်သည် မချင့်ချိန်ပဲ တန်းယုံပစ်လိုက်တာ၊ အမျိုးဘာသာ သာသနာခေါင်းစဉ်တပ်လိုက်ရင် ခိုင်းချင်ရာခိုင်း ရိုင်းတယ်လို့မရှိ၊ လည်ချောင်းသွေးနဲ့ ခြေဆေးပြဝံ့တာ၊ မြန်မာတမျိုးသားလုံး အရိုးစွဲနေတဲ့ အဲသည်သူငယ်နာတွေကို သူများနိုင်ငံက စာပေ၊ သမိုင်းကြောင်း၊ ဖြစ်စဉ်တွေနဲ့ ချိန်ထိုးပြီးမှ စင်အောင်ကုစားခဲ့ရတယ်။

           မကြာခင်မှာ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး အမျိုး ဘာသာ သာသနာအတွက်လို့ သည်းခြေကြိုက် သကာဖုံးထားတဲ့ မျက်နှာဖုံးတစ်မျိုးပြောင်းစွပ်ပြီး သည်ဘီလူးကြီးတွေချည့်ပဲ ဝင်ကကြဦးမှာ။ သည်အတွေးအခေါ် သည်ဥာဏ်ရည် သည်ဦးနှောက်နဲ့ သည်လိုပဲ သူများလိမ်သမျှ ယုံနေရင် အင်္ဂလိပ်လက်အောက်က လွတ်လပ်တာ အနှစ်တစ်ရာကြာလည်း အိမ်နီးချင်းပတ်ချာလည်က ဘုံကျွန်ပြုထားလို့ သေသော်မှတည့် သြော်ကောင်း၏ ဘဝက တက်နိုင်လိမ့်မယ် မဟုတ်။ ကျွန်ဘဝက လွတ်တယ် မလွတ်တယ်ဆိုတာ သူများက လာအုပ်ချုပ်တာကို မဆိုလိုဘူး။ ကိုယ့်ခေါင်းထဲက ကိုယ်ပိုင်အသိဥာဏ်နဲ့ ကိုယ်တိုင် ဆုံးဖြတ်တာကို ဆိုလိုတယ်။ မဆလ၊ နဝတ၊ မအဖ၊ အခု လက်ရှိအစိုးရ၊ သပ်သပ်စီလား၊ တစ်ဖွဲ့တည်းလား၊ နံမည်ပြောင်းပြီး ခေါင်းမြီးခြုံလိုက်ရုံနဲ့ အပ်ချလောင်း ပြောင်းလဲသွားမလား။ ရုပ်ကြီးတွေကဖြင့် တူလိုက်တာမှ ချွတ်စွပ်နော်။ အခု နောက်တစ်ခါ လာပြန်ချည်သေးလေ။ တဖုံနွှဲလို့ တနှဲဆင် ရွှေရိုးမြင်ရင် မှတ်မိပါ့မလား။ သေသေချာချာ ကြည့်ထားကြနော်။ မျက်စိမမှိတ်နဲ့ မျက်တောင်မခတ်နဲ့။ အကွက်တွေလည်းဆန်းမယ် အထွက်တွေလည်းကြမ်းမယ်။ ထပ်ပြီး အလိမ်ခံရရင်တော့ မျက်ရည်လည်းခမ်းမယ်။ မတတ်သေးရင် အင်္ဂလန်ကို ကျွန်ခံတစ်ခေါက်လောက် ထွက်ကြဦးစို့နော့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...