ပညာအတန်းအစား ခွဲခြားဆက်ဆံမှု
ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုပြီးတော့ ကြော်ငြာတွေ စ၀င်နေပါပြီ။ ကျောင်းမဖွင့်မီ ကျောင်းသားတွေကို ကြိုတင်လက်ခံကြမယ်။ အလကား ပေးစရာတွေရှိတာ အဲဒီအချိန်ပေးမယ်။ ကျောင်းဖွင့်ရင် စာပဲသင်မယ်။ အလုပ်မရှုပ်တော့ဘူးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ပညာရေးဌာနက လုပ်နေတဲ့ စီမံချက်တစ်ခုလို့ဆိုနိုင်ပါတယ်။
ဒီမနက် ကားစီးလာတော့ ကိုယ့်ရှေ့ကထိုင်ခုံက အမျိုးသမီးနှစ်ယောက်
ပြောဆိုလာတာကို သတိထားလိုက်မိ တယ်။ အထူးသဖြင့် ပညာရေးဌာနကအကြောင်း
ဖြစ်နေတော့ ပိုပြီး စိတ်ဝင်စားမိတာပေါ့။ သူတော့ ပြောနေတာက ကိုယ့်သားသမီးကို
A အခန်းရရေး ဆွေးနွေးနေကြတာဖြစ်ပါတယ်။ အဲဒီဆွေးနွေးချက် နောက်မှာ
ဘယ်သူ့ကို ဘယ်လောက် ပေးရမယ်ဆိုတဲ့ မသမာမှုတွေ ကပ်ပါလာပြီ။
ပညာရေးဌာနကဖွင့်ထားတဲ့ ကျောင်းတွေမှာ အတန်းတွေကို ကိုယ်ထင်သလို A, B, C, D ခွဲခြား သတ်မှတ်မှုတွေဟာ ယနေ့အထိ ခေတ်မကုန် သေးပါလား။ ပညာအတန်းအစားကို စာသင်ခန်းနဲ့ ခွဲခြား သတ်မှတ်ပြီး ခွင်တစ်ခုလို ဖန်တီးထားတာကို ပြန်လည် စဉ်းစားဆင်ခြင်ကြစေလိုပါတယ်။
အတော်ဆုံးကလေးတွေကို A ခန်း၊ နောက်တော်သူတွေကို B ခန်း၊ နည်းနည်း တော်သူတွေကို C ခန်း၊ လုံးဝ သုံးစားမရသူတွေကို D ခန်းလို့ သတ်မှတ်ထားလိုက်ရင် D ခန်းမှာနေရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ဓာတ်တွေဟာ ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာ စိတ်ပညာကိုပါ လေ့လာရတဲ့ ဆရာ ဆရာမတွေ ပိုပြီး သဘောပေါက်မယ်လို့ထင်ပါတယ်။ ပညာရေးဌာနမှာ ကျောင်းသားရော မိဘများကိုပါ စိတ်ရောဂါရစေတဲ့ ခွဲခြား ဆက်ဆံမှုတွေဖြစ်ပါတယ်။
ကျောင်းသားသစ်လက်ခံရေးမှာ ကျောင်းထဲကို အသင်းအဖွဲ့တွေကလည်း ခြေရှုပ်လာတယ်။ မိဘဆရာ အသင်းတွေနဲ့ တိုင်ပင်ပြီး ကျောင်းလက်ခံပါလို့ ဌာနက အမိန့်ထုတ်ထားပေမယ့် တကယ့်လက်တွေ့မှာ ကျောင်း လက်ခံရေးပြဿနာ၊ နယ်ကျော်ကိစ္စ၊ အတန်းကောင်းရရေးဆိုတာတွေကြောင့် ရပိုင်ခွင့်တွေကို ကျောင်းသား တိုင်း၊ မိဘတိုင်းမရနိုင်သေးတဲ့ အနေအထားမှာရှိနေပါတယ်။
မြန်မာ့ ပညာရေးလောကမှာ ကျောင်းသားတွေကိုယ်တိုင် ကိုယ်ကြိုက်တဲ့ကျောင်း ကိုယ်နေခွင့်ရရေးဟာ အလှမ်းဝေးနေပါသေးတယ်။ လေ့ကျင့်ရေးကျောင်း၊ နာမည်ကျော်ကျောင်းကြီးတွေမှာ ကျောင်းအပ်နှံခွင့် ရရေးဆိုတာ သာမန်လူတန်းစားတွေ စိတ်ကူးထဲတောင်ထည့်လို့ မရတဲ့ ကိစ္စတစ်ခုဖြစ်နေပါသေးတယ်။
အစိုးရက စာအုပ်တွေအလကားပေးပြီး ပညာရေးမြှင့်တင်ရန်လုပ်နေပါ တယ်။ တောကျောင်းတွေအတွက် ကျေးဇူးတင်စရာကောင်းပါတယ်။ မြို့ကျောင်းတွေကတော့ စာအုပ်ထက် အတန်းရရရေးကို လိုက်နေရတဲ့ အဆင့်မှာ မြန်မာ့ပညာရေးဟာ အားလုံးအတွက် တန်းတူညီမျှပညာရေးလို့ ပြောရခက်ပါတယ်။
စနစ်တစ်ခုကို ပြင်တယ်ဆိုတာ တစ်နေရာတည်းကြည့်ပြီး ထင်တိုင်းလုပ်နေတဲ့ မိုးကျရွှေကိုယ်တွေကို ပညာရေးလောကရဲ့ သရုပ်မှန်အတွင်းထဲအထိ ဆင်းကြည့်စေချင်ပါတယ်။
၂၀.၅.၂၀၁၅

0 comments:
Post a Comment