ဘုန်းကြီးကျောင်းသားဘ၀မှသည် ပါမောက္ခဘ၀ဆီသို့ (အပိုင်း -၃)
ထို့နောက် နိုင်ငံခြား ပညာတော်သင် လွှတ်ရန်အတွက် လျှောက်လွှာခေါ်ခဲ့ပေသည်။
ဖြေဆိုမည့်သူများမှာ မြန်မာ တနိုင်ငံလုံး အတိုင်းအတာအရ သုံးထောင် ရှိပေသည်။
ဦးနေ၀င်းလက်ထက်က နိုင်ငံခြားပညာတော်သင်ဆု ဆိုသည်မှာ အလွန်ရတောင့်ရခဲသော
ဒုလ္လဘတရား တခု ဖြစ်ပေသည်။ လူတိုင်းလိုချင်သော ဆုတခုလည်း ဖြစ်၏။ ဆရာကြီးကား
ငယ်စဉ်က သူတကာ ရယ်သွမ်းသွေးခံ၍ ထီးတချောင်းတွင် Ph.D ဟူသော ဘွဲ့ကိုရေးကာ
စိတ်ကူးတွင်ရေးဆွဲခဲ့သော အိမ်မက်သည် အမှန်တကယ်ဖြစ်လာရန် လမ်းစတွေ့ပြီဖြစ်၍
အရင်ကထက် အဆပေါင်းများစွာ ကြိုးစားခဲ့ပါသည်။
the Nation သတင်းစာနှင့် the Guardian သတင်းစာပါ အယ်ဒီတာ့အာဘော် ခေါင်းကြီးများကို ကြိမ်ဖန်များစွာ ရေးသား လေ့ ကျင့် အားထုတ်ခဲ့သည်။
နိုင်ငံခြားပညာတော်သင်အတွက် ဖြေဆိုသော အောင်စာရင်းထုတ်ပြန်သောအခါ ဆရာကြီးသည် ဖြေဆိုသူ သုံး ထောင်၏ ထိပ်ဆုံးက နံပတ်တစ် စွဲခဲ့လေသည်။ တောသားလေး၏အိမ်မက်သည် အမှန်တကယ် အကောင်အထည် ပေါ်ခဲ့ ပါလေပြီ။ ပညာသင်ဆုရပြီးနောက် သြစတြေးလျနိုင်ငံရှိ နာမည်ကျော် မိုနာ့(ခ်ျ) တက္ကသိုလ်၌ ပါရဂူဘွဲ့ကို တက်ရောက် သင်ကြားခဲ့ပါသည်။ ၁၉၇၈ ခုနှစ်တွင် ဆရာကြီး အင်မတန်လိုလားခဲ့သော သမိုင်းပညာဆိုင်ရာ ပါရဂူဘွဲ့ကို မိုနာ့(ခ်ျ) တက္က သိုလ်မှ အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါသည်။
ဆရာကြီးငယ်စဉ်က အများတကာ အလှောင်အပြောင်ခံ၍ ရေးသားခဲ့သော မိမိအမည်နောက်နားက ဘွဲများ အား လုံးကို ပိုင်ဆိုင်သိမ်းပိုက်နိုင်ခဲ့ပါသည်။ အပိုဆောင်သည့်အနေဖြင့် ဥပဒေပညာဘွဲ့တခုကိုပင် အရယူလိုက်ပါသေးသည်။ ဆရာကြီးကား သမိုင်းပညာကိုသာ တတ်သည်မဟုတ် ဥပဒေပညာကိုလည်း ကောင်းမွန်စွာ သင်ယူတတ်မြောက် ထားသူ ဖြစ်သည်။
လူ့ဘ၀ဆိုသည်ကား အစဉ်သဖြင့် ချောမွေ့နေတတ်သော ပန်းမွေ့ရာ ရွှေကော်ဇော မဟုတ်တတ်ကြ။ တချိန် မ ဟုတ်တချိန်တော့ ခလုတ်တိုက်လှဲရန် ချောင်းနေသော အကုသိုလ်တရားသည် အလစ်ကိုစောင့်နေ၏။ မိမိဆန္ဒကိုပြည့်ဝ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့သည့်အပြင် တက္ကသိုလ်နယ်မြေကို နင်းဖူးသူတိုင်း စွဲလန်းတွယ်တာတတ် သည့် ကန့်ကော်မြိုင်တန်း၊ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုတ်ပင်နှင့် ဂျဒ်ဆင်အိုနံဘေးမှ လူးလာလျှောက်လှမ်းရင်း တပည့်များကို ပညာနို့ချိုတိုက်ကျွေးကာ ထာဝရ ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီး လုပ်တော့မည်ဟု တွေးရင်း ကြည်နူး နေသော ဆရာကြီး၏ဘ၀ထဲသို့ ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်၌ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရခိုင်ကျောင်းသားတဦးဖြစ်သည့် စိန်ထွန်းခိုင် ဓါးထိုးခံရပြီး သေဆုံးမှုက ၀င်ရောက်လာခဲ့ပါသည်။
ဝင်းမင်းအမည်ရှိ ဗမာကျောင်းသားက လူငယ်ချင်းရန်ဖြစ်ရာတွင် ဓားဖြင့် အလစ်ချောင်းထိုးလိုက်သောကြောင့် ရခိုင်ကျောင်းသား သေဆုံးရကာ ပြဿနာပေါ်ခဲ့ရသည်။ ရခိုင်ကျောင်းသားများက မကျေနပ်၍ ဆူဆူပူပူ လုပ်လာကြရာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ညွန့်က အကူအညီတောင်း၍ ကျောင်းသားများအကြားတွင် ဖြစ် ပွားခဲ့သော မကျေနပ်မှုများကို ဆရာကြီး ဒေါက်တာအေးကျော်က ၀င်ရောက်ဖြန်ဖြေ၍ ပြဿနာမီးကို အေးငြိမ်းစေခဲ့သည်။
သို့သော် မအေးခဲ့သည်များကတော့ ဓားထိုးမှုကျူးလွန်သည့် ကျောင်းသား ၀င်းမင်းကို မည်သည့် အရေးယူမှုမျိုး မှ မပြုလုပ်ဘဲ ရခိုင်ကျောင်းသား ၁၂ ယောက်ကို ဆူပူမှုဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပေသည်။ ထို့ပြင် ဤပြဿနာ နှင့် ပတ်သက်၍ ဆရာကြီးကိုလည်း အလုပ်မှနုတ်ထွက်မည်လော ရာထူးချခံမည်လောဟု မေးခဲ့သဖြင့် ဆရာကြီးသည် ရာထူးမှ နှုတ်ထွက်ခဲ့ပေသည်။ ထိုစဉ်က သမိုင်းဌာနတွင် ကထိက တာဝန်ကို ထမ်းဆောင်နေခဲ့သည်။
ဌေးဝင်း
********

0 comments:
Post a Comment