Wednesday, May 20, 2015

ကျိုးကြေသွားသော အတ္တရဲ့ ခေါင်းလောင်းကွဲစ



“ ဆရာမ သမီး မခိုးပါဘူး......”
“နင်မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် နင့်လွယ်အိတ်ထဲ ရောက်နေတာလဲ”
“သမီးတကယ် မခိုးခဲ့ပါဘူးရှင်.....စာအုပ်က ဒီထဲဘယ်လိုရောက်နေတာလဲ ဆိုတာ သမီးတကယ်မသိပါဘူး။ ဘုရားပေးပေး ကျမ်းပေးပေး သမီးမခိုးခဲ့ပါဘူး....ဟီး...ဟီး...ဟီး”
“အေး......။ ငိုပြမနေနဲ့တော့ ။ အခုက လက်ပူးလက်ကြပ် သက်သေနဲ့တကွ မိတာ။ ငြင်းချက်ထုတ်ချင်ရင် မနက်ဖြန် အုပ်ထိန်းသူတွေ ခေါ်လာပြီး ကျောင်းအုပ် နဲ့တွေ့ပြီး ပြော။ ခုတော့ ဆရာမ စာသင်မယ်။
စာအုပ် ပိုင်ရှင်ကလည်း စာအုပ်ပြန်ရပြီ ဆိုတော့ ကျေနပ်လိုက်တော့။ အားလုံး မှတ်ထားကြပါ ။ သူတစ်ပါး ပစ္စည်းခိုးရင် ငရဲရောက်တာ နောက်မှ ခံစားရမယ်။ လက်ရှိမှာ ခုလို ဖမ်းမိသွားလို့ကတော့ ရှက်တတ်လို့ရှိရင် နှစ်ခါ ပြန်သေနေပြီ။ အကျင့်ပျက်တာ ဆရာမ အတန်းထဲမှာ မရှိရဘူး။ ကဲ....စာဆက်သင်ရ အောင်။ သမိုင်းစာအုပ် စာမျက်နှာက ၅၉ ကိုလှန်။ အားလုံးမြန်မြန်လုပ်ကြ
“ဟုတ်....ဆရာမ”
ဒီနေ့ ကျွန်မအတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများ စောင့်ကြိုနေသည်။ တစ်နေ့တာ၏ စာသင်ချိန်တစ်ဝက် ကုန်ဆုံးပြီး အားလပ်ချိန်ဆင်းပြီးနောက် စာသင်ခန်းပြန်ဝင်ချိန်တွင် အခန်းထဲမှ ကျောင်းသူတစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်တန်းသည်။ ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း၊တန်းခွဲ အားလုံးတွင် အတော်ဆုံးဖြစ်နေရမည်။ စာရိတ္တကောင်းသော၊ ယဉ်ကျေးလိမ္မာသော၊ စာတော်သော၊ စည်းကမ်းသေသပ်သော စံနမူနာများ တသော သော နှင့် ပြည့်နေရမည်။ ကျွန်မ လိုချင်သော ပုံစံခွက်တွင် ကလေးများအားလုံးကို လိုရာပုံသွင်းချင်သည်။ ဒါကြောင့် ကျွန်မ အနု နည်း၊ အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့သည်။
ထိုကျောင်းသား/သူများကြားတွင် ကျွန်မဟာ နာမည်ကျော်ကြားခဲ့ပါသည်။ ဆရာမ ဒေါ်ဂျမ်းပုံ သည် ကျွန်မ နာမည်အရင်း မဟုတ်သည့်တိုင် တိုးတိုးနှင့်ကြားနေရသော ကျွန်မနာမည်ပြောင်ပင်။ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအရာတွင် ထိပ် ဆုံးရောက်နေ မည့် ကျွန်မ အတန်း၏ ဒီနေ့ တိုင်တန်းမှုသည် ခိုးမှု ။ ကျွန်မလုံးဝ လက်မခံနိုင်ပါ ။ ကျွန်မ အတန်းတွင် ဆိုဆုံး မ၍ မရသော အကျင့်ပျက် ကျောင်းသူ/သားများ မလိုပါ။ သေချာ ကိုင်တွယ် ကြီးကြပ်ရမည့် ဒီကိစ္စကို သာမာန် သင်ပြဆုံးမ သလို ဆိုဆုံးမလိုက်ရင် ရပြီထင်ခဲ့သော်လည်း ဒီလောက် ထိမလွယ်ကူခဲ့မှန်း ကျွန်မ မသိခဲ့ပါ။
စာအုပ်ပျောက်လာတိုင်တုန်းက အခိုးခံရသည့် ကျောင်းသူက မျက်ရည်လည်ရွဲနှင့် ပျောက်သွားသော စာအုပ်သည် သူမ၏ နိုင်ငံခြားရောက်နေသော အကို လက်ဆောင်ပေးလိုက်သည့် စာအုပ်ဖြစ်ကြောင်း ငိုရင်းပြောပြ သည်။ သူမ တန်ဖိုးထားရ သည့်အတွက် ပြန်လိုချင်ပါကြောင်း ထပ်ပြောသည်။ တန်ဖိုးထားအပ်သော အမှတ်တရ ပစ္စည်းတို့သည် လွယ်လွယ်နှင့် ပျောက်ဆုံးသွားတိုင်း ပြန်လိုချင်တတ်သည်မှာ လူသဘာဝ။ အခုလည်း အခိုးခံရသော ကျောင်းသူလေးရဲ့ အမှတ်တရ စာအုပ်ကလေးသည် သူမအတွက်တော့ အရေးပါ လှသည်မဟုတ်ပါလား။ ဒါထက် အကျင့်ပျက်သော စာအုပ်ခိုးသူ ကိုလည်း ကျွန်မဒီအတိုင်း လွှတ်မထားနိုင်ပါ။ အကျင့်ပြင်တန်ပြင်၊ မပြင်ပါက အုပ်ထိန်းသူခေါ်ခိုင်းပြီး ကျောင်းအုပ် ရုံးခန်းသို့ပို့ရမည်။
တစ်တန်းလုံးကို လွယ်အိတ်ကိုယ်စီ စာရေးခုံတန်း ပေါ်တင်ခိုင်းလိုက်ပြီးနောက် ထိုင်ခုံတန်းပေါ်တွင် မတ်တပ် ရပ်ခိုင်းထား လိုက်သည်။ စာအုပ်ပျောက်သွားသော ကျောင်းသူအား တစ်ယောက်ချင်းလွယ်အိတ်ကို လိုက်လံ စစ်ဆေးခိုင်းလိုက် သည်။ ကျောင်းသူသည် တစ်တန်းပြီး တစ်တန်း စစ်သွားပြီးနောက် အလယ်တန်း ခုံတန်းရေ ၃ ခုံမြောက်တွင် စာအုပ်ပျောက် ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။ ပန်းနုရောင် ဒိုင်ယာရီ စာအုပ်ကလေးကို လက်တွင်ကိုင်ပြီးထွက်လာသည်။ ကြားရသည့် နားပင် မယုံချင်ပါ။ ဒီစာအုပ်အား “ နှင်းနွယ်အောင်” လွယ်အိတ် မှ တွေ့ခဲ့သည်လို့ ပြောပါသည်။
ဒီကျောင်းသူသည် အတန်းတွင် အလွန်အေးပြီး စာတော်သော ကလေးတစ်ယောက်ပင်။ သူမတွင် မိဘမရှိဟု ကျောင်းလာ အပ်သည့် မိဘမဲ့ မိန်းကလေးကျောင်းကဆရာမကြီး ပြောခဲ့သည်။ ဆရာမကြီးသည်လည်း စည်းကမ်းထိန်း သိမ်းရေးဝါဒ ကိုလက်ကိုင်စွဲထားသူ တစ်ဦးပင်။ ဘာအတွက်ကြောင့် ဒီကောင်မလေး အကျင့် ပျက်သည် ကိုမတွေးတတ်ပါ။
ကျွန်မမေးမြန်းသမျှ “စာအုပ်ကို ကျွန်မ မခိုးပါ” ဟုသာ အကြိမ်ကြိမ်ထွက်ဆိုနေသဖြင့် စိတ်လည်းတိုလာသည်။ ခိုးသည့် အပြင် ဝန်မခံတတ်သော လူတန်းစားမျိုးသည် အကျင့်မကောင်းသော သူများဖြစ်သည်။ သက်သေ ထောက်ထား လည်း ပြည့်စုံနေ တာတောင် ဝန်မခံသေးသော ကျောင်းသူအား ကျွန်မ နောက်ဆုံး warning (သတိပေးခြင်း) အနေဖြင့် သူမ အုပ်ထိန်းသူအား ကျောင်းအုပ်ကြီးဆီ ခေါ်လာခိုင်းလိုက်သည်။
ကျွန်မ ပြဿနာအား ရေငြိမ်းလိုက်ပြီးနောက် စာဆက်သင်ရန် ပြင်ဆင်လိုက်သည်။ တရှုပ်ရှုပ် နှင့် ငိုနေသော ကျောင်းသူ သည် ကျွန်မ၏ စာသင်နေချိန်အတွင်း မျက်ရည် တဒီးဒီးကျလျှက်ရှိပြီး မျက်နှာကို ဖတ်စာ အုပ်တွင် ပို့ထားသော်လည်း အာရုံမရောက်ကြောင်း ကျွန်မကောင်းကောင်းသိသည်။ စိတ်လည်းမကောင်းပါ။ ကျွန်မ စည်းကမ်းကိုသာ အကောင်းဆုံး ထိန်းသိမ်းခဲ့သည်။ ကျွန်မစေတနာသည် ပန်းကလေးများအားရောက် သည့်အရပ်တွင် ကောင်းစွာခြေချနိုင်ရန် ရည်မှန်း လျှက် ပြုစုပေါင်းသင်သော်လည်း ပန်းကလေးတစ်ပွင့် နွမ်း နေသည် ကို မသိကျိုးကျွန် ပြုခဲ့သည်။
XXXXXXXXXXXXXXXXxXXX
“ဆရာကြီး......။ ကျောင်းသူတစ်ယောက် ကျောင်းပေါ်က ခုန်ချသတ်သေတယ်။ အလံတိုင်အောက်က သွေးအိုင်ထဲ မှာ ဗျ.....”
ကျောင်းစောင့်ကြီးရဲ့ အသံသည် အစည်းအဝေးခန်း ကိုလွှမ်းလိုက်သည်။ ကျောင်းလွတ်ပြီး၍ ကျောင်းအုပ်ကြီးက အစည်း အဝေးခေါ်သောကြောင့် ဆရာအားလုံးလည်းစုံနေသော အခန်းထဲတွင် အာမေဋိတ်များ သံပြိုင် ကိုယ်စီနှင့် ဆရာများအားလုံး ဝရုန်းသုန်းကား အပြင်ပြေးထွက်တော့သည်။ ကျွန်မရင်ထဲ မှာလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ တုန်လှုပ်စွာဖြင့် Meeting room (အစည်းအဝေးခန်း)မှ ပြေးထွက်လာသည်။ ကျွန်မ ရင်မောစွာ ဆရာအုပ်ကြီးကြား တိုးဝှေ့ဝင်ကြည့်လိုက် သည်။
သွေးအိုင်ထဲတွင် ကျောင်းစိမ်းတို့ အရောင်ပြောင်းကုန်ပြီ ဖြစ်သော ကျွန်မ၏ ကျောင်းသူလေးသည် အရောင် စွန်း စက္ကူ တစ်ရွက်ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သေဆုံးနေသည် ကိုတွေ့လိုက်ရသည်။ ကျွန်မသွေးများပြောင်းပြန် စီးဆင်းလျှက် ခေါင်းတွင် မိုက်ခနဲဖြစ်သွားသည်။ ကျွန်မ ယူကြုံးမရ အော်ငိုချမိသည်။ ကျွန်မ စိုက်ခင်းထဲက ပန်းပွင့်လေး ရုတ် ချည်း ကြွေလွင့်သွားပါလား ။ ကျွန်မရဲ့ ခေါင်းပေါ်မှာ တည်ရှိနေသော ကောင်းကင်ပြာတွင်လည်း သွေးရောင်ပြည့် လွှမ်းနေသော နေကြတ်ခြင်း ဝင်ရောက်လာသည်ဟု ထင်မိသည်။
ကျွန်မဆိုသော အတ္တဘော ဆရာမသည် စည်းကမ်းသေသပ်မှု ဆိုသော ခေါင်းစဉ် အောက်တွင် ရိုးသားဖြူစင်သော ကျောင်း သူလေးတစ်ယောက်၏ ဘဝတစ်ခု ပျက်သုဉ်းသွားစေခဲ့သည်။ စည်းကမ်းသာ အဓိက၊ ပဓါန ထင်မိသော ကျွန်မသည် စိတ်ဓါတ်ရေးရာတွင်လည်း တယူသန်ခဲ့မိသည်။ ကျွန်မ ရင်မှာလာစိုက်နေ သော ခေါင်းလောင်းကွဲစတစ်ခုသည် တစစ်စစ်နှင့် ထိုးနှက်နေသည်။ ကျောင်းသူလေး၏ နောက်ဆုံးစာဟု ထင်ရသော ညာလက်ထဲမှ စာရွက်ညစ်ညစ်ကို အသာအယာဖြေ ထုတ်ဖတ် ကြည့်လိုက်သည်။ မျက်လုံးပေါင်း များစွာက မျက်ရည်များ တစိမ့်စိမ့် ယိုစီးလာသည်။ အချိန်မတန်ဘဲ ရင့် ကျက်ခြင်းသို့ မရောက်နိုင်ခဲ့သော စိတ်နု ကိုယ်နု ကျောင်းသူကလေး၏ နောက်ဆုံးစာသည် ကျွန်မအတွက် ယူကြုံးမရ နိုင်သော နုတ်ဆက်စာ ဖြစ်လာခဲ့ သည်။
“ ဆရာမရှင်........
တပည့်မိုက် တစ်ယောက်ကို ခွင့်မလွတ်ပါနဲ့။
ဆရာမ နဲ့ သက်ဆိုင်ရာ ကျောင်းဆရာ၊ ဆရာမ များအပေါ် သမီး ကံငါးပါးနှင့် ပြစ်မှားမိခဲ့တာ ရှိသော် .... သမီး အားခွင့် လွှတ်ပေးပါ။
သမီး.....နောက်ဆုံး အကြိမ်ထိ ရိုးသားခဲ့တာကြောင့် သမီး ဒီစာအုပ်လေးကို လုံးဝမခိုးခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဆရာမ သမီးလုံးဝ မယူခဲ့ပါဘူး။
ငယ်ငယ်ကတည်းက မိဘမရှိခဲ့တာကြောင့် ဆရာမက သမီးကိုအကျင့်ပျက်သူ လို့ထင်ကောင်းထင်မယ်။
သမီး ဂေဟာစရောက်ကတည်းက ဆရာမကြီးရဲ့ လမ်းညွန် အုပ်ထိန်းမှု အောက်မှာ စာရိတ္တ လုံးဝမဖောက် ပြားခဲ့ပါဘူး။
ကျောင်းတက်နေတဲ့ တစ်လျှောက်လုံးလည်း သူများ ခဲသွားတိုလေးတစ်ချောင်း တောင်မှ မယူခဲ့ဖူးပါဘူး။
ဒီနေ့ သမီးရိုးစွပ်ခံရတော့ အရမ်းနာကျင်တာပဲ။
ဆရာမ အခန်းထဲက ထွက်သွားတော့ တစ်ခန်းလုံးက သမီးက စတိုးလင်း စတုဒင့်( stolen student ) လို့ ခေါ်တယ် ။
သမီးအရမ်းရှက်တာပဲ။
သမီးလေ ...ဒီလိုဖြစ်ရတာ အရင်ဘဝက ဝဋ်ကြွေးကြောင့်ထင်ပါတယ်။
သူတို့ကိုလည်း ပြောပေးပါ။ သမီး လုံးဝမခိုးခဲ့တာ သမီးအသက်နဲ့ရင်းပြီး သက်သေပြသွားပါတယ်လို့။
သမီးရဲ့ ဆရာမကြီးကိုလဲ ပြောပေးပါ ။
ဆရာမက သမီးကို အုပ်ထိန်းသူ ခေါ်ခဲ့ခိုင်းတာလေ။
ဆရာမကြီးကို ဒီလို အရှက်မခွဲချင်လို့ပါ။ ဆရာမကြီး ကို မပူပန်စေချင်လို့ပါ။
သမီး ကိစ္စကို သမီး ရှင်းအောင်လုပ်သွားခဲ့ပါတယ် ။
ဆရာမရဲ့ စည်းကမ်းအောက်မှာ အမဲစက် ခနထင်ခဲ့တဲ့ သမီး အဖြစ်ကိုလဲ ဆရာမရင်ထဲက ဖျက်ပေးပါနော်။
သမီး နောက်ဆုံးအကြိမ် ဖြူစင်မှုကို သက်သေပြသွားပါတယ်။
သမီး ဒီလို မလုပ်သင့်ပေမယ့် ကြံမိကြံရာ ကြံသွားလို့ ဒီစာ ဖတ်နေတဲ့ ဆရာမ သမီးကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုတော့ ပါဘူး။
သမီးလေ......အရမ်းကြောက်နေတယ် ။
သမီးခြေထောက်တွေ မခိုင်တော့ဘူး ဆရာမရယ်။
သမီးနားမှာ ဒီစာရေးတဲ့အချိန်ရော ခုန်ချတော့မယ့် အချိန်ရော တစ်ယောက်မှအနားမှာမရှိဘူး။
သမီးမသေချင်သေးဘူး ဆရာမရယ်................
တပည့်မိုက်
နှင်းနွယ်အောင်”
ကျွန်မ နှလုံးအိမ်တို့ ပွက်ပွက်ဆူပြီး အရည်ပျော် ကုန်ခဲ့ရသည်။ နှလုံးသားမရှိသော ဆရာမ၊ စည်းကမ်းကို ပထမတန်း တင်မိသော ဆရာမ ၊ သိက္ခာတရားတို့နှင့်ပတ်သက်သော အကြောင်းအရာတို့၌ ညံ့ဖျင်းခဲ့သော ဆရာမ ။ တစ်ခု မကောင်းသော ဂုဏ်ပုဒ်တွေ နှင့် ကျွန်မ စာတစ်စောင်ကြောင့် နှလုံးသားကွဲကြေရပါပြီ။
ရိုးသားသော ကလေးကို မှ သူခိုးဖြစ်စေခဲ့သည်။ ဒဏ်ရာနှင့် အတောင်ကျိုးငှက်ငယ် ကိုမှ ရိုက်သတ်မိသည်။ ကျွန်မအား ဆရာမ လို့ခေါ်ထိုက်စရာ တစ်ကွက်မှမရှိတော့။ ကျွန်မကို ခွင့်မလွတ်ခိုင်းခဲ့သော ကလေးက ကျွန်မ တပည့်မဟုတ်ပါ။ ကျွန်မ သာ သူမကို ခွင့်လွှတ်ခိုင်းရမည့် ကျွန်မ ဆရာပါ။ စာညစ်ညစ်ကိုလက်တွင်း တင်းတင်းဆုပ်ပြီး အရူးတစ်ပိုင်း ပြေး ထွက်မိ သည်။ ကျွန်မ နားတွင် ဘေးကနေပြီး ကပ်လာပြောနေသည်။
“သမီးကို ခွင့်မလွှတ်ပါနဲ့” ၊ “သမီး..မသေချင်သေးဘူး ဆရာမရယ်” ။
ကျွန်မနားတွေ အူနေခဲ့သည်။ ကျွန်မ မျက်လုံးတွေ မျက်ရည်ကြောင့် ဝေဝါးနေသည်။ တစ်ခါတစ်လေ စာအုပ်ပေါ် မျက်နှာ အပ်နေလည်း စာပေါ်အာရုံရောက်မနေတဲ့ သူမ ပုံရိပ်လေးတွေ အား မြင်လိုက်ရသည်။ ကျွန်မ ဘာမှမသိတော့ပါ။ ကောင်း ကင်ကြီးကို မပွင့်တပွင့် ကြည့်ရင်း ကတ္တရာ လမ်းထက်မှာ လဲလျောင်း လိုက်သည်။
XXXXXXXXXXXXXXXXXXXX
“ဆရာမ သမီး မသေချင်သေးဘူး ဆရာမရယ်။ သမီးလေး စာအုပ် မခိုးခဲ့ပါဘူး။ သမီး ကြောက်နေတယ် ။ မှောင်နေတာဘဲ့။ ဘယ်နေရာရောက်မှန်းမသိဘူး။ သမီးကို ခွင့်မလွှတ်ပါနဲ့.....”
“ သမီးရေ.....ဆရာမကိုခွင့်မလွှတ်ပါနဲ့ကွယ်။ ဆရာမ စည်းကမ်းကို ရှေ့တန်းတင်မိတဲ့ အမှား သမီးကို ဘဝခြား လိုက်သလို ဘဲ့ကွယ်။ ဆရာမလေ ။ ဆရာမ မဟုတ်တော့ဘူး။ လူသတ်မိတဲ့ အမိုက်မ။ ဆရာမ မှားပါပြီကွယ်...။ နောက်ဘဝဆိုတာ ရှိများရှိရင် ဆရာမဆီလာခဲ့ပါဦးကွယ်။ ဆရာမ ဒူးထောက်တောင်းပန်ချင်တယ်။ သမီးကျေနပ်အောင် ဆရာမတောင်းပန်ပါ့ မယ်။”
“ဆရာမ....သမီးကို ကတိတစ်ခုပေးပါ။ ဆရာမ စာဆက်သင်ဦးမယ်လို့။ ပန်းကလေးတွေကို လွတ်လွတ် လပ်လပ် အလေ အလွင့်မရှိအောင် လွတ်လွတ်လပ်လပ်ပြုစုပျိုးထောင်ပေးဦးမယ်လို့ သမီးကို ကတိပေးပါ။ ဆရာမ ကတိပေးရင် သမီးလွတ် လွတ်လပ်လပ်နဲ့ ခရီးဆက်သွားတော့မယ် ။ ဆရာမ ကတိပေးမယ် မဟုတ်လား”
“ သမီးရယ်။ ဆရာမ လူမှမဟုတ်တာ စာဆက်သင်လဲမထူးတော့ပါဘူး။ ဒါပေမယ့် သမီးကို ဆရာမ ကတိပေး ပါတယ် ။
သမီးပြန်လာတဲ့အချိန်ထိ ဆရာမ စာသင်နေဦးမယ်ဆိုတာကိုပေါ့။ ကတိပေးပါတယ်”
“သမီးသွားတော့မယ်။ ဆရာမ အားတင်းထားပါနော်”
“သမီး .....သမီး.......။ ”
ကျွန်မ လန့်နိုးလာခဲ့သည်။ အိမ်မက်ထဲမှာ ကျောင်းသူလေး ကိုကျောင်းစိမ်းနီလေးနှင့်တွေ့လိုက်သည်။ မောပန်းစွာ တဒိတ် ဒိတ် ခုန်နေသော ရင်အစုံသည် ဘေးမှ အမေကမ်းလာပေးသည့် ရေအေးတစ်ခွက်နှင့် ငြိမ်သက် လိုက်ရသည်။ ရင်တုန်လို့ နေသေးသည်။ ခေါင်းလောင်းကွဲစလေး နှင့်ကတိတစ်ခုပြုထားမိပြီးနောက် ကျွန်မ နှလုံးသားတို့ ရှတ မနေတော့ပါ။
စည်းကမ်းဖြင့် အတင်းဘောင်ခတ်နေတတ်သော ကျွန်မသည် ပျိုးပင်တို့ကို ဘောင်ဖွင့်ပြီး စိုက်ပျိုးကြည့်မည်။ ကျွန်မအား သတ္တိခွန်အားများကို ကျောင်းသူလေးက အဆုံးစွန်ထိ လာပေးသွားခဲ့သည်။ ကျွန်မအတွက် နေ့ သစ်တိုင်းမှာ မျှော်လင့် ချက်ပျက်သုဉ်းခဲ့ပြီ ထင်ခဲ့သည်။အခုတော့ ဘဝသစ်ပြန်စမည့် ခြေလှမ်းသစ်တွေတိုင်း တွင် လက်ထဲက စာရွက်ညစ်ညစ်လေး က အားအင်ပြုပေးနေတော့သည်။
XXXXXXXXXXXXXXXXXXXX
“ဒို့ကျောင်း"
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း
ကလေးများ သံပြိုင်ရွတ်ဆိုတော့ သူငယ်တန်း ကဗျာလေးသည် မနက်အရုဏ်တွင် ပီယဝါစ တေးဆိုနေသော ငှက်ကလေး များနှယ်။ ကျွန်မ ပြုံးပျော်နေသည်။ ရွာတစ်ရွာ၏ မူလတန်းစာသင်ကျောင်းတွင် ပြောင်းလဲ တာဝန် ချခံရသော်လည်း ကျွန်မ ထူးပြီး စောဒက မတက်နေတော့ပါ။ အခုဆိုရင် ကျွန်မ ဘောင်မခတ်ပဲ ပန်းကလေး တွေ ပျိုးတတ်ခဲ့ပြီ။ ကလေးများ အပြုံးကို စားသုံးပြီး တစ်နှစ်ပြီး တစ်နှစ်ကျော်လွန်ခဲ့သည်မှာ သုံးနှစ်တိုင် တိုင်ပြည့်တော့မည်။ စိတ်များလည်း အတော်ပင်ငြိမ်ခဲ့သည်။
သုံးနှစ်ဆိုသော ကာလသည် အတိတ်ကကွဲသွားဖူးသည့် ခေါင်းလောင်းလေးအကြောင်းမှာ တွေးမိတိုင်း တစ်ဖန် ပူနွေးလာ စမြဲ။ နောက်ဆုံး ကျောင်းမပြောင်းခင် ကျောင်းတက်လိုက်ရသည့် နေ့တွင် အတန်းထဲက စာအုပ်ပျောက် တိုင်သော ကျောင်း သူလေးက သူ့အပြစ်ကို လာဝန်ခံခဲ့သည်။ သူမရဲ့ မနာလိုဝန်တို မစ္ဆိယ စိတ်ကြောင့် သေရသည်ဟု ငိုရင်း ရှိုက်ရင်းပြော ရှာပါသည်။ အတန်းထဲတွင် လတိုင်း အဆင့် တစ်စွဲတတ်သော နှင်းနွယ်လေးကို သူမ ကြည့်မရလို့ အားလပ်ချိန် မုန်စား ဆင်းချိန်တွင် သူမလွယ်အိတ် ထဲမှ စာအုပ်ကို နှင်းနွယ် လွယ်အိတ်ထဲကို သွားထည့်ထားပြီး လုပ်ကြံချောက်ချလိုက်သည် ဟုဝန်ခံခဲ့သည်။ ထောင်းထောင်းကြေနေ သော စိတ်ဖြင့်သာ သူမကို စည်းမျဉ်းအရ ကျောင်းထုတ်လိုက်ပါသည်။ ကျွန်မလည်း ထိုကျောင်းနှင့် ဝေးရာတွင် ဇာတ်မြုပ်နေထိုင်ခဲ့သည်။ အခုဆိုရင် ကျွန်မ သေချာပျိုးခဲ့သော ပန်းပွင့်ငုံများ ခုတွင်လန်း ဆန်းလျှက် ရှင်သန် နေကြသည်။ကျွန်မ အတွေးတွေ ဖြန့်ကျက်နေဆဲတွင်
“ဆရာမ..... သားကို အဘဘုန်းကြီးပေးထားတဲ့ စာအုပ်။ အဲဒါ သာဂိခိုးလိုက်တယ်”
အာရုံတွေ စုဝေးလျှက် ။ ကျွန်မ ဒီတစ်ခါတွင် ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော သုံးနှစ်လောက် က ကျောင်းသူအား ဖျတ်ခနဲ သတိရလိုက်သည်။ ဒိုင်ယာရီ စာအုပ်ထဲက သွေးစွန်းနေသော စာရွက် ညစ်ညစ် ကိုဖွင့်ကြည့်လိုက်ရင်း။
ချစ်ခင်လေးစားစွာဖြင့်
ပျူမခ (ကော့သောင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...