Thursday, May 28, 2015

အတူတူဆိုရင်...


အမှန်ဆိုလျှင် ကိုယ့်ဘဝထဲကို ကိုယ့်အတွေးတွေထဲကို သူမ ဝင်ရောက်လာတာ သိပ်မကြာလှသေး။ အချိန်ကာလတွေကို သေသေချာချာ လက်ရေချိုး ရေတွက်ကြည့်မိတော့ ဒီနှစ် ကိုယ့်မွေးနေ့ ပတ်ဝန်းကျင်က စပြီး သူမနှင့် ရင်းနှီးခင်မင်ခဲ့ရတာ ဖြစ်သည်။ ကိုယ်ပိုင် ဘဝတခုကို ကိုယ်တယောက်တည်း တည်ဆောက်နေစဉ် မမျှော်လင့်သော အချိန်တခုတွင် သူမနှင့် မျှော်လင့်မထားသော ဆုံဆည်းခြင်း မျိုးဖြင့် တွေ့ကြုံ ဆုံဆည်းခဲ့ရသည်။
တောင်တန်းတွေကြားမှာ၊ တိမ်လိပ်တွေအောက်မှာ၊ နှင်းမုန်တိုင်းတွေ ကြားထဲမှာ၊ ကြမ်းတမ်းသော မိုးစက် မိုးပေါက်တွေအောက်မှာ၊ အစာရှာထွက်ရင်း လူကိုတွေ့လျှင် လာ လာပုတ်တတ်သော ဝက်ဝံစုံတွဲတွေ ရှိရာ နေရာဒေသတချို့ဆီသို့ တကိုယ်တည်း ခရီးသွားနေရင်း သူမသည် ကိုယ့်နံဘေးမှာ ရှိနေတတ်သော ခရီးဖေါ်တယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ကိုယ့်ရဲ့ ဘဝ တစိတ်တဒေသ အကြောင်းနှင့် ကိုယ့်ရဲ့ အလုပ်အကိုင် အကြောင်းတွေ သူမကို ပြောပြမိသည်။ သူမ၏ ဘဝအကြောင်းကိုလည်း တစေ့တစောင်း သိခွင့်ရခဲ့သည်။ သည်လိုစကားတွေပြောရင်း၊ တယောက်အကြောင်း တယောက် ပြောပြကြရင်း ကိုယ်တို့နှစ်ယောက် ရင်းနှီးခဲ့ရသည်။

သူမ၏ ဘဝကတော့ သာမန် မိန်းကလေးတယောက်၏ ရိုးစင်း ရှင်းလင်းသော ဘဝတခုသာ။ သို့သော်လည်း ကိုယ့်မှာ ရှိမနေသော ကန့်သတ်ချက်မျိုးတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော တာဝန်ဝတ္တရားတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော ထောက်ထား ငဲ့ညှာစရာတွေ သူမဆီမှာ ရှိနေသည်။ ထို့အပြင် ရိုက်ချိုး ဖျက်ဆီး၍မရနိုင်သော နံရံတံတိုင်း တခုလဲ သူမနှင့်အတူ အခိုင်အမာ ရှိနေလေသည်။ သည်အကြောင်းကို တွေးမိကြတိုင်း၊ ပြောမိကြတိုင်း ကိုယ်တို့နှစ်ယောက်လုံး ဝမ်းနည်းကြေကွဲကြရသည်။ ထိုအကြောင်းတွေကို အတတ်နိုင်ဆုံး မေ့ဖျောက်ထားဖို့ နှစ်ဦးသား (တိုင်ပင်စရာမလိုပါပဲ) ကြိုးစားမိကြသည်။ တခါတရံ အမှန်တရားကို မဖြစ်မနေ လက်ခံကြရမည့် အချိန်မျိုးမှာတော့ ထိုမေ့ထားသော အကြောင်းအရာများကို စကားဝိုင်းအတွင်းသို့ အတင်း ဆွဲခေါ် သယ်ဆောင်လာဖြစ်ကြသည်ပေါ့။ ထိုအကြောင်းတွေ ပြောမိလျှင် ပြောနေရင်းနှင့်ပင် တခါတခါ ငြိမ်သက်နေမိကြသည်။ သူမကတော့ သက်ပြင်းတွေကို မကြာခဏ ချတတ်သည်။ ထိုသို့သော အခြေအနေတွေကြားမှပင် တစထက်တစ တိုးပွားလာသော သံယောဇဉ်ကြိုးတွေက ကိုယ့်တို့ နှစ်ယောက်စလုံးကို အထပ်ထပ် ရစ်နှောင်နေကြသည်။

အဝေးကြီးမှာ နေကြရသော်လည်း နှစ်ဦးသား အစဉ်နီးနီးလေးရှိနေသလို ခံစားကြရအောင် အချိန်များစွာမှာ ကိုယ်တို့နှစ်ဦးက နီးကပ်နိုင်ခဲ့ကြသည်လေ။ ပျော်ရွှင်စရာအချိန်များကို အတူတူ မျှဝေခံစား၊ ဝမ်းနည်းစရာ အကြောင်းများကို အတူတူ ဝမ်းနည်း၊ တယောက်၏ ပြဿနာတွေကို တယောက်က နားထောင်၊ ဖြေရှင်းလို့ ရနိုင်မည့် နည်းလမ်းများကို ရှာဖွေပေးကြ၊ အချင်းချင်းလဲ ဖေးမ ကူညီစောင့်ရှောက်ရင်း၊ အဖေါ်ပြုရင်း တယောက်ကို တယောက် ကောင်းတူ ဆိုးဖက် ရဲဖေါ် ရဲဖက်တွေပမာ တွယ်တာလာကြသည်။ ထိုအရာတွေကို ကိုယ်က အချစ် ဟု ပြောပြခဲ့သော်လည်း သူမက သံယောဇဉ် ဟူသော စကားလုံးကိုသာ ပိုမိုနှစ်သက်သည်ဟု ဆိုစမြဲ။ ကိုယ့်ကို ချစ်လား လို့ မေးမိလျှင် သူမက ဘယ်တော့မှ အဖြေ ပေးလေ့မရှိ။ သိရက်သားနဲ့ မမေးပါနဲ့ကွာ ဟု ပြန်ပြောတတ်သော သူမကို ချစ်ခင် ကြင်နာစိတ်ဖြင့် အစဉ် နားလည်ပေးခဲ့ရသည်ပဲ။

အချစ်ဆိုသည်မှာ ပူလောင်သည် မှန်သော်လည်း၊ ရယူပိုင်ဆိုင်လိုစိတ်တို့နှင့် ယှဉ်သော အချစ်မျိုး ကိုယ့်ဆီမှာ ရှိမနေသော်လည်း အမှန်အတိုင်းဆိုရလျှင် သူမနှင့် အတူတူရှိချင်မိသည်။ သူမနှင့် အတူရှိနိုင်မည့် အချိန်ကလ တခုကိုလည်း တောင့်တ မျှော်လင့်နေမိသည်။ သူမ ကရော… တခါတခါ စိတ်လိုလက်ရ ရှိနေချိန်များတွင်တော့ စာတိုစာရှည်တွေ ရေးလေ့ရှိသည်။ သူမ၏ မာဆတ်ဆတ် စကားသံတွေထဲမှာ ရှာမတွေ့ရတတ်သော အရာတချို့ကို စာတွေထဲမှာ တွေ့ရတတ်သည်။ ထိုစာများမှတဆင့် သူမ၏ ရင်ထဲကို အတားအဆီးမရှိ မြင်ရလေ့ရှိသည်။ ထိုစာများကို ဖတ်ရလေတိုင်း စာလုံးဝိုင်းဝိုင်းလေးများနှင့်အတူ လိုက်ပါခံစားမိပြီး ဝမ်းသာ ဝမ်းနည်း ခံစားချက်မျိုးကို တပြိုင်နက် ခံစားရတတ်သည်။

ကိုယ်တို့နှစ်ယောက်သည် အသက်အရွယ်နှင့်လိုက်ကာ အမျိုးမျိုး ပြောင်းလဲနေကြသော တာဝန်များ ဝတ္တရားများ၊ စာနာ ထောက်ထား ငဲ့ကွက်စရာများစွာတို့ကို ဖယ်ခွာ ချန်ထားခဲ့နိုင်သော၊ ကိုယ့်ဘဝကို ကိုယ် ရာနှုန်းပြည့် ပိုင်ဆိုင်နိုင်သော အချိန်တချိန်ကို အတူတူ တောင့်တ မျှော်လင့်မိကြသည်။ နှစ်ဦးသား အတူတူ ရှိနေနိုင်မည့် အချိန်တွေအကြောင်းကို မကြာခဏ တွေးတော စဉ်းစားကြည့်ကြသည်။ တယောက်ကို တယောက် အချိန်ပြည့် အဖေါ်ပြုနိုင်ကြမည့် ကာလများကို ပိုင်ဆိုင်ခွင့်ရခဲ့လျှင်တော့ဖြင့် လူနေသိပ်မထူထပ်လှသော၊ လှပ၍ တိတ်ဆိတ်ငြိမ်းချမ်းသော တောင်ပေါ်မြို့လေးတခုမှာ ဘဝနှစ်ခုကို တခုတည်း ပေါင်းစည်းနိုင်ရန် အရင်ဆုံးကြိုးစားကြမည်။ နှစ်ယောက်ဟာ တယောက်ထည်း ဖြစ်သွားကြမည့် အချိန်ကာလတခုဆီသို့ပေါ့။ ထိုအခါ…



အတူတူဆိုရင်…
တယောက်ကို တယောက် အတတ်နိုင်ဆုံး ချစ်ခင်ကြင်နာကြမည်။ တယောက်ကို တယောက် အတတ်နိုင်ဆုံး နားလည်မှုတွေထားပြီး စိတ်ရှည်သည်းခံကြမည်။ မကြည်မလင် အမြင်မတော်သည်များကို ချစ်ခင်သော စိတ်ကလေးဖြင့် ဖြည့်ယူကာ ကြည်လင်စေကြမည်။

နံနက်စောစော နေထွက်ချိန်များတွင် ဟိုး အရှေ့ဖက်အရပ်မှ တောက်ပသော နေလုံးကြီးကို ငေးမောကြည့်ကာ အတူတူ နိုးထကြမည်။ ပြီးတော့ အပြာရောင် တိမ်လိပ်တွေ သိပ်လှတဲ့ နေ့တွေမှာ ကြည်လင်သော စိတ်နှလုံးတို့ဖြင့် ကောင်းကင်ပေါ်က တိမ်တွေကို အတူတူ မော့ကြည့်ကြမည်။ ကိုယ်ရော သူမပါ တိမ်တွေကို သိပ်ချစ်ကြသူတွေ မဟုတ်လား။

ပြီးလျှင်တော့ ကိုယ်တို့နှစ်ယောက်ရဲ့ တနေ့တာ အချိန်တွေကို စားစရာတွေ အတူ ပြင်ဆင် ချက်ပြုတ်ရင်း၊ စာတွေ အတူတူဖတ်ရင်း၊ ကဗျာတွေ အတူတူစပ်ရင်း၊ သီချင်းသံတွေကြားမှာ စီးမျောရင်း ကုန်ဆုံးစေကြမည်ပေါ့။ စာတွေဖတ်လို့ ညည်းငွေ့လာကြသည့် တချို့သော အချိန်မျိုးတွေမှာတော့ ချစ်စရာ ခွေးပုပုလေးတကောင်နှင့် ဘောလုံးလေး တလုံးနှင့် အတူတူ ဆော့ကစားကြအုံးမည်လေ။

ညနေခင်း နေဝင်ချိန်များမှာတော့ ကမ်းစပ်တနေရာဆီကို လမ်းလျှောက်ထွက်ရင်း စကားတွေ အများကြီးပြောကြအုံးမည်။ တယောက်လက်ကို တယောက်က ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားကြရင်းပေါ့။ ထိုအခါ ဓါတ်ပုံရိုက်တာ ဝါသနာပါသော ကိုယ်က သူမကို နောက်ခံရှုခင်း လှလှတွေနှင့် သဘာဝကျသော ဓါတ်ပုံလှလှတွေလဲ ရိုက်ပေးမိမည် ထင်သည်။

ညအိပ်ရာဝင်ချိန်များမှာတော့ အခန်းမီးကို မှိန်မှိန်လေးထားပြီး ကြယ်တွေဆီကို အတူတူ ကြည့်ကြမည်။ ကြယ်ကြွေချိန်တွေ ကြုံခဲ့လျှင်တော့ နောင်ဘဝဆက်တိုင်း အတူတူ ရှိနေနိုင်ပါရစေ ဟူသော မရိုးနိုင်သည့် ဆုတခုကို စိတ်တူ ကိုယ်တူ တောင်းဖြစ်ကြမည် ထင်သည်။ လသာသော ညတွေမှာတော့ ကိုယ်တို့နှစ်ယောက်လုံး လှပသော လရောင်၏ ဖျားယောင်း ဖမ်းစားမှုတွေကို ကျေကျေနပ်နပ်ကြီး လက်ခံကြမည်ပေါ့လေ။ အတွေး စိတ်ကူးတွေထဲမှာတော့ အနှိုင်းအဆမဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ကောင်းလှသည်။

လက်ရှိအနေအထားမှာ ကိုယ်တိုင်က လူ့ဘဝ၏ တဆစ်ချိုးဟု ဆိုလျှင် ရနိုင်သော အသက်အရွယ် အပိုင်းအခြားတခုကို ရောက်မှန်းမသိ ရောက်ရှိနေခဲ့ပြီ။ ကိုယ်တို့နှစ်ယောက်၏ လုပ်ရပ်များကို မှန်သည် မှားသည် ကဲ့ရဲ့ ကန့်ကွက် အပြစ်တင် စကားတင်း ဆိုစရာများ မရှိနိုင်တော့မည့် အချိန်ကာလ တခုကို ရောက်ရှိရန် ကိုယ်တို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြရပေဦးမည်။ ကိုယ့်သက်တမ်း မည်ရွေ့ မည်မျှ ကျန်ရှိနေသေးသည်ကို ကိုယ်တိုင်လဲ မသိနိုင်။ သူမ၏ သက်တမ်းကိုလဲ ကိုယ် မမှန်းဆနိုင်။ သို့သော်လည်း ကိုယ်တို့နှစ်ယောက်၏ သက်တမ်းတွေကို အတတ်နိုင်ဆုံး အရှည်ကြာဆုံး ဆွဲဆန့်နိုင်ရန်၊ ကိုယ်တို့နှစ်ယောက်အတွက် အချိန်တွေ များများ ကျန်ရှိနေရန်၊ ကျန်းမာစွာ ရှင်သန်နေထိုင်ရန် အတွက် ကိုယ် သူ့ကို အထပ်ထပ် သတိပေးနေမိသည်။ သို့မှသာ တချိန်ချိန်မှာ ကိုယ်တို့နှစ်ယောက် ဖန်တီးချင်သော ဘဝလေးတခုဆီသို့ အတူတူ လှမ်း၍ မျှော်လင့်နိုင်မည် မဟုတ်ပါလား…။

သက်ဝေ
(၂၉  အောက်တိုဘာ ၂၀၀၉)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...