Wednesday, May 27, 2015

သမီးဖတ်ဖို့ ကျက်သရေ မနက်ခင်းကလေး - မောင်သာချို။



(တစ်)
သမီးရေ...
ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ကြိုက်မိတဲ့ အကျင့်စရိုက် တွေထဲမှာ တစ်ခုကတော့ မနက်အစောကြီး အိပ်ရာက ထတတ် တာပဲသမီးရဲ့။ ဟုတ်တယ်။ ဖေဖေ ဟိုး... ငယ်ငယ်ကလေး တည်းကစလို့ အခုအထိ မပျောက်မပျက် ကျင့်မြဲကျင့်နေမိခဲ့တာ မနက်စောစောမှာ အိပ်ရာက ထတာပါပဲ။
ငှက်ကလေးတွေက ကျည်ကျည်ကျာကျာနဲ့ နံနက်ခင်း စကားကို ဆိုကြချိန်။ သစ်ရွက်ကလေးတွေက ညလုံးပေါက်သောက် ထားတဲ့ ရေငွေ့ကလေးတွေနဲ့ စွတ်စွတ်စိုစို ရှိကြချိန်။ လမ်းတွေ ပေါ်မှာက လူသူလေးပါးနဲ့ ယာဉ်အသွားအလာတို့ ရှင်းလင်း ချိန်။
ဟိုး...အရှေ့အရပ်ဆီက မိုးကုပ်စက်ဝိုင်းကြီးဆီမှာ ရောင် နီတို့ ပျို့လာနေချိန်။ အဲသည်လိုအချိန်မျိုးမှာ အိပ်ရာက နိုးထလာ ပြီး မနက်ခင်းရဲ့အလှကို ခံစားရတာဟာ စိတ်ကို သိပ်ပြီးကြည် လင်ချမ်းမြစေတာပါပဲ သမီးရယ်။
ဖေဖေက နည်းနည်းကလေးအချိန်ရရင် လမ်းကို တံ မြက်စည်းလှည်းတယ် သမီးရဲ့။ ပြီးတော့ သစ်ပင်ကလေးတွေကို ရေလောင်းတယ်။ နည်းနည်းကလေး အချိန်ပိုရလာရင်တော့ လမ်း ကို ရေဖျန်းတယ်။ ညမှာ ဘယ်လောက်ပဲ အိပ်ရာဝင် နောက်ကျ နောက်ကျ မနက်ခင်းမှာဆိုရင်ဖြင့် ဖေဖေက အဲဒီအတိုင်းပဲ။
*****
(နှစ်)
တစ်ရက်၊ တစ်မနက်ခင်းမှာတုန်းကလည်း ဖေဖေက ထုံးစံအတိုင်းပဲပေါ့။ လုပ်မြဲ ကိုင်မြဲ ဆောင်ရွက်မြဲ ကလေးတွေ လက်စသတ်ပြီးချိန်မို့ အိမ်အရှေ့ လမ်းမတစ်နေရာမှာ မတ်တတ် ရပ်ရင်း တောင်ငေးမြောက်ငေးပေါ့။
သမီးမေမေက ပဲပြုတ်လာရင် ဝယ်ထားလိုက်ပါဦးတဲ့။ အိမ်အတွင်းဘက်ကနေ လှမ်းအော်လေရဲ့။ မကြာမကြာ ဖေဖေ တို့က ပဲပြုတ်ဝယ်နေကျလေ။ ထမင်းကြော်ဖို့၊ နံပြားနဲ့စားဖို့၊ ဆီ ထမင်းနဲ့ စားဖို့။
ပဲပြုတ်သည်ကြီး ရောက်လာတဲ့အခါ ဖေဖေက လာပါ ဦးပေါ့။ အိမ်ရှေ့ခရေပင်နဲ့ သရက်ပင်ကလေး ကြားထဲက အုတ်ခုံ ကလေးပေါ်မှာ ပဲပြုတ်တောင်းကလေးကို အငွေ့တထောင်းထောင်း နဲ့တင်ပြီး ပဲပြုတ်ထည့်နေတဲ့ ဈေးသည်ကြီးဟာ အသက်ငါးဆယ် ကျော် ခြောက်ဆယ်နီးပါးလောက် ရှိပုံရပါရဲ့။ ဒါပေမဲ့ လူက အ သက်ကိုကျော်လွန်ပြီး အိုစာလွန်းပါတယ်။ ပြီးတော့ နည်းနည်း လည်း ညှိုးနွမ်းလွန်းပါတယ်။
သူက ပဲပြုတ်နှစ်ရာဖိုးကို မှန်းဆထည့်နေတဲ့အခိုက် ဖေဖေက စောင့်စားလို့နေစဉ်လိုက်မှာကိုပဲ သုံးလေးအိမ်အကျော် လောက်က အမျိုးသမီးတစ်ဦး ဘေးနားဆီမှာလာရပ်ကာ ''နှစ် ရာဖိုးလောက် လုပ်ပါဦးအဒေါ်''...တဲ့။
ပဲပြုတ်ရောင်းသူအဒေါ်ကြီးက တစ်ချက်ငဲ့ပြီး ''လာ မှာပေါ့ငါ့တူမရဲ့၊ အိမ်ရှေ့က စောင့်နေပါလား''တဲ့။
အဲဒီမှာ ဖေဖေကြိုက်သွားတာက ဈေးဝယ်အမျိုးသမီး ပြန်ပြောလိုက်တဲ့ စကားပါ။
''သြော်... အဒေါ်ရယ်... လှမ်းမြင်နေရတဲ့ဥစ္စာ လာဝယ်လိုက်တော့ပြီးတာပဲ။ မဟုတ်ရင်...လှမ်းခေါ်ဦး၊ ပဲပြုတ် တောင်းကို အောက်ချဦး၊ ပြန်ရွက်ဦး...ကသီပါတယ်''တဲ့။
ကောင်းလိုက်တဲ့စိတ်ထား။ ကျက်သရေရှိလိုက်တဲ့ စကား။ ကိုယ်မှတစ်ပါး အခြားသော လူတစ်ယောက် သက်သာ အောင်၊ အသက်ရှူချောင်အောင် ဘယ်လို နေထိုင်ပြုမူ ဆောင် ရွက်မလဲဆိုတဲ့ တွေးပုံမျိုးပေါ့။
ဟုတ်တယ်လေသမီးရဲ့။ အိမ် ဆယ်အိမ်ရှိလို့ ဆယ် အိမ်လုံးက ပဲပြုတ်ဝယ်တဲ့အခါ ဈေးသည်ခမျာမှာ အိမ်ပေါက်စေ့ သူ့ပဲပြုတ်တောင်းကို ချလိုက်ရ၊ ပြန်ရွက်လိုက်ရ၊ ချလိုက်ရ၊ ပြန် ရွက်လိုက်ရနဲ့ မကသီရှာဘူးလား။ အိမ်တစ်အိမ်ရှေ့မှာ ပဲပြုတ် တောင်းချထားတဲ့အခိုက် နီးရာက လာဝယ်လိုက်ကြတော့ရော ပြီးမသွားဘူးလား။ လူဆန်အောင်နေတဲ့ အနုပညာဟာ သိမ်မွေ့ လိုက်တာ။
*****
(သုံး)
တစ်ခါက ဝန်ထမ်းအိမ်ရာတစ်ခုမှာပေါ့။ နှစ်ထပ်တိုက် ကလေးတွေကို လေးခန်းတွဲပြီး မိသားစု လေးစုစီ တွဲနေကြရတဲ့ အိမ်ရာစခန်းကလေးထဲမှာ နေခဲ့ရစဉ်တုန်းကပေါ့။
ဈေးသည်ကလေးတွေ ဝင်ဝင်လာကြတယ် သမီးရဲ့။ အများဆုံး ဝင်လာတတ်ကြတာကတော့ သား၊ ငါး၊ ပုစွန်၊ ဟင်း သီးဟင်းရွက် ဈေးသည်ကလေးတွေပေါ့။ ဘာယူကြဦးမလဲလို့ မေးတဲ့အခါ သူသူကိုယ်ကိုယ်နီးရာ နီးရာထွက်လာကြပြီး လိုအပ် တာကို ဝယ်သွားလိုက်ကြတာပါပဲ။
အင်း...ဖေဖေ့စိတ်ထင် နှစ်အိမ်သုံးအိမ် သမီးရဲ့။ အကုန်လုံး အပေါ်ထပ်တွေချည်းပဲ။ ဘယ်တော့မှ ထွက်မဝယ် ဘူး။ ဘယ်တော့မှ ဆင်းမဝယ်ဘူး။
''ပြီးရင်...အပေါ်တက်ခဲ့ပါဦး''တဲ့။
ဈေးသည်သားအမိမှာ အမေဖြစ်တဲ့သူက ခေါင်းခု ပုဆိုးနဲ့ သူ့လည်ပင်းက ချွေးတွေကိုသုတ်ရင်း အပေါ်ထပ် ဝရန် တာဆီလှမ်းကြည့်ကာ လာခဲ့မယ် လာခဲ့မယ်တဲ့။ အဲဒါ အမြဲတမ်း သမီးရဲ့။ လူ့လောကကြီးမှာ စာနာတယ် မစာနာဘူးဆိုတာဟာ တကယ့်ကိုမှ ပါးပါးကလေးပဲနော်။
သြော်... ဖေဖေပဲပြုတ်ဝယ်နေတုန်းမှာ ရောက် လာတဲ့ အမျိုးသမီးကျတော့လည်း စိတ်ကိုထားတတ်လိုက်တာ။ ပေါ့ပါးပြီး လွတ်လပ်လိုက်တာ။ မနက်ခင်းဟာ ကျက်သရေတွေ နဲ့ လွှမ်းခြုံလို့။ ။
‪#‎TheFlowerNews‬
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...