Friday, May 15, 2015

“ဘယ်လိုလူကြီးလဲ”

          တဖြေးဖြေးနဲ့ လူတန်းစား ကွဲပြားကွာဟလာတဲ့ နေရာမှာတော့ ကိုယ့်သမီးနဲ့ကိုယ်နဲ့တောင် အဆင့်အတန်းချင်း မတူတော့ပါဘူး။ သူက ကိုယ့်လို လမ်းဘေးဆိုင် မပြောနဲ့ ဆိုင်ကြီးကန္နားကြီး မဟုတ်ရင် ဝင်ကို မထိုင်ချင်သူ။ ဖေ့စ်ဘုတ်ပေါ် ဂုဏ်ဆာပြီး Check in ဝင်ထားတဲ့ဆိုင်တိုင်းဟာ သူကြိုက်တတ်မှန်းသိလို့ ကိုယ်လိုက်လိုက်ပို့ရတဲ့ နေရာတွေချည့်ပဲ။ ကိုယ့်ကို သူများတကာက လိုက်ကျွေးတဲ့ ကောင်းကောင်းကန်းကန်း ဆိုင်ကလေးတွေဆိုလည်း မှတ်ထားပြီး သမီးနဲ့ နောက်တစ်ခေါက် ပြန်လာရတာပါပဲ။ တစ်ယောက်ကို တစ်သောင်းခွဲ တစ်နာရီဝင်စား ဆိုတဲ့ အဝစားဆိုင်တွေ၊ 23 USD / person ဆိုင်တွေကိုတော့ နောက်တစ်ခါ လခထုတ်တဲ့အခါ သွားရအောင်လို့ ထုံးတို့ထားရတာပေါ့။ တခါတခါတော့လည်း ကိုယ့်ဘာသာကိုယ်တောင် အမြင်ကပ်မိတယ်။ လူ့ရှေ့သူ့ရှေ့တော့ ပဲကလေးခံလို့ တို့ကနန်းဆိတ်ကနန်းလုပ်ပြီး မထိတထိစားနေရင်း အတွင်းစိတ်ထဲကနေ ဟိုဟာကလေးဆိုရင် ငါ့သမီး ကြိုက်လောက်တယ်။ ဒီဟာကလေးတော့ စားမှာ မဟုတ်ဘူး နဲ့ ဘာလာလာ သမီးမယ်ထွေး ဈေးတင်ဖို့လုပ်နေတယ်။


          တကယ်တမ်းကျတော့ ကိုယ့်စိတ်ကိုယ့်သဘောနဲ့ဆိုရင် အဲသည်ဆိုင်တွေ ဘယ်ဟာတစ်ခုမှ သဘောမကျပါဘူး။ “စားပွဲကိုထိုင် ဝိုင်နဲ့အတည် ဂုဏ်သရေကြီးသည် တီးပါတီ။ တခြားဟာတွေက ရင်ပြည့်မည် မစားပါနဲ့ဆိုသည်။” ဆိုတဲ့  မကြည်အောင် သီချင်းထဲကလိုပဲ ခံစားရတယ်။ ကိုယ့်ပါးစပ်က အရသာခံတတ်ပေမယ့် မြိန်တော့မမြိန်ဘူး။ ကိုယ့်စိတ်ကတော့ အိမ်မှာချက်တဲ့ ဘဲဥချဉ်ရည်လေးပဲဖြစ်ဖြစ်၊ အညာထောင်းကလေးပဲ ဖြစ်ဖြစ်၊ ငယ်ငယ်ကတည်းက စားနေကျဟာတွေနဲ့ပဲ အာသာပြေတယ်။ ခေတ်ကာလ စားကောင်းသောက်ဖွယ်များဆိုတာကလည်း နိပါတ်တော်ထဲက သုံးနှစ်ကျွန်ခံစားရတဲ့ တစ်သိန်းတန် ထမင်းတစ်နပ်ဆိုတာလိုပဲ။ အဖိုးထိုက်အဖိုးတန် ရှိလိုက်ပါဘိ။ ရွှေထမင်း ရွှေဟင်းတွေများ ချက်ထားသလား အောင့်မေ့ရတယ်။ အသက်အရွယ်အရ ကိုယ်ကပဲ အစားအသောက်ကို မခုံမင်တော့တာလား မသိ။ ကိုယ့်အဖို့တော့ တစ်နပ်ဆို တစ်နပ်စာပဲ။ ကုန်တန်ဝတန် တစ်ပန်းကန် တော်ပြီ။ နင်းကန်စားလိုက်မိရင် နေရထိုင်ရတာ လေးတယ်။ ဝလည်း မဝချင်တော့ဘူး။

          မနက်အိပ်ယာနိုးရင် အိမ်အောက်ဆင်းပြီး လမ်းထိပ်က ကြာဇံလက်သုပ်ကလေးကို ပဲပင်ပေါက်ဟင်းခါးကလေးနဲ့ စားလိုက်တယ်။ အဲ့လောက်ဆို အနေတော်ပဲ။ စားလို့လည်း ကောင်းသား။ ၃၀၀ ပဲ ကုန်မယ်။ ကိုယ်တို့အိမ်နားမယ် ပေါချောင်ကောင်းဆိုင်တွေ အများကြီးပဲ။ ထမင်းကြော်တစ်ပန်းကန်ကို ကြက်ပေါင်ကျော်နဲ့ စားမှ ၈၀၀ တဲ့။ ဝက်သားနှပ်နဲ့ဆို ၆၀၀၊ ဘဲဥဟင်းနဲ့ဆို ၅၀၀။ သမီးသာဆိုရင် အဲ့လိုအပေါစား အစားအစာတွေ လက်ဖျားနဲ့တောင် တို့မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သူနဲ့ကိုယ်နဲ့ အဆင့်အတန်းချင်း မတူဘူး လို့ပြောတာ။ သူကဖြင့် ခရီးတွေဘာတွေထွက်လို့ ဟော်တယ်က မှာစားရင်တောင် Dining Room ထဲ ဆင်းမစားချင်ဘူး။ အိပ်ခန်းထဲ လာပို့ခိုင်းတဲ့အစား။ သူက တမင် ဘဝင်ကိုင်ပြီး ဈေးကြီးတာမှ စားချင်တယ် လုပ်နေတာ မဟုတ်ပါဘူး။ လောက်ကိုင်ကို လိုက်လာတုန်းကဆို သူ့ခမျာ သိပ်ဒုက္ခရောက်တာပဲ။ ဝက်သား အမဲသား မစားတော့ ချက်ကျွေးရင်လည်း ကြက်သားပဲ ရှိတာ။ ငါးရောကြက်ရော အသေမရောင်းဘူး။ အရှင်ဝယ်ပြီး ကိုယ့်ဘာသာ စီရင်ရတာမို့ အဆင်မပြေဘူး။ ဈေးထဲမှာအကောင်လိုက် ပေါင်းပြီးသား ကြက်ကိုပဲဝယ်ပြီး ပြန်ချက်ပေးရတယ်။ ဒါပေမယ့် အဲ့ဒါကြီးလည်း တရုတ်စော်နံလို့ တစ်ခါက နှစ်ခါ မစားနိုင်ဘူး။ ဆိုင်တွေမှာ လိုက်ကျွေးလည်း ယူနန်တရုတ်ဆိုင်က အပူအစပ်အရသာကို သူမခံစားနိုင်ဘူး။ တစ်ပတ်လောက်နေတော့ ငိုကာယိုကာနဲ့ ပြန်ပြေးရော။ ကိုယ်မွေးထားပေမယ့်လည်း ကိုယ့်အနေကိုယ့်အစား မဟုတ်တော့ ကိုယ်ကပဲ သူ့အနေသူ့အစားကို သိအောင် လိုက်မှတ်ရတယ်။ သူ့လျှာသူ့ခံတွင်းက ဗမာစာ၊ တရုတ်စာ၊ ကုလားစာ၊ ထိုင်းစာများကို မနှစ်ခြိုက်တတ်ဘူးဗျ။ ဘိုဝင်စားသလား မသိ။ ဥရောပ အစားအစာများဆို အကုန်နှစ်သက်တယ်။ အာရှတိုက်မှာ သူခုံခုံမင်မင်စားတာ ဆူရှီတစ်ခုပဲရှိတယ်။

            သူ့အဖေက သူကြိုက်တတ်တဲ့ ဆိုင်ကလေးတွေ ခေါ်သွားရင်တော့ သူက မီနူးကို သေချာဖတ် မြည်းစမ်းကြည့်ပြီး သဘောကျရင် ဘာမှ မပြောဘူး။ သူ့အဖေလိုပဲ ပဲကလေးခံလို့ တို့ကနန်းဆိတ်ကနန်း စားတယ်။ သဘောမကျရင်တော့ ကုန်အောင် ဆက်မစားတော့ဘူး။ သည်တစ်ခါ ခေါ်လာတဲ့ဆိုင် ညံ့တယ် လို့ ဖအေကို အမှတ်လျှော့တယ်။ နောက်ကို အဲသည်ဆိုင် သူမလာတော့ဘူး။ သူ့ကိုလိုက်ပို့တဲ့ဆိုင်တွေမှာ ကိုယ်က အာသာမပြေတော့ အိမ်ပြန်ရောက်မှပဲ ထမင်းထပ်စားချင်စား၊ မစားလည်း သူ့ကျွေးပြီးပြီမို့ ကိုယ့်ဘာသာ ကိုယ်စားချင်ရာထွက်စားလို့ ရပြီလေ။ ကိုယ်က ဖအေမို့ ကိုယ့်သမီးစားချင်တာ လိုက်ကျွေးပြီးတဲ့အခါ ကိုယ့်အလှည့်ကျ အမေ့အိမ်ပြန်ပြီး ကိုယ့်အမေက ကိုယ့်အကြိုက်ကိုယ့်အစာကလေးတွေ ဖွယ်ဖွယ်ရာရာ စီစဉ်ပြီးကျွေးတာကို ပြန်စားတာပေါ့။ ဘာရမလဲ။ လောကကြီး သည်လိုပဲ သံသရာလည်ရတာ။

            စားတာမစားတာ အပထား။ သူနေထိုင်ရာ ပတ်ဝန်းကျင် ပထဝီမြေပြင်ကလေးနဲ့ ရှင်သန်နေထိုင်ရာ လူသားတွေအကြောင်း သိစေချင်လို့ လမ်းထိပ်က ဆိုင်ကလေးတွေ ဘယ်လိုရှိတယ်။ ဘယ်ဆိုင်က ဘာတွေကောင်းတယ်။ မအေးခြင်းတောင်း ဘယ်လောက်ပေးရတယ်။ သူ့ကို သိအောင် ပြောပြောပြတဲ့အခါ သူ့ဆီက ထူးထူးဆန်းဆန်း မေးခွန်းတစ်ခု အမေးခံရပါတယ်။ “လမ်းထိပ်ကဆိုင်တွေမှာ ဘာဖြစ်လို့ ဝယ်စားရတာလဲ။ ဟိုတလောကတင် အဲ့သည်ဆိုင်တွေ မကောင်းကြောင်း ရေးထားတယ် မဟုတ်ဘူးလား။” တဲ့။ သူတို့အပြုအမူကို မကြိုက်ဘူး ပြောပြီး သူတို့ဆိုင်မှာ ဝယ်စားနေတာ သဘာဝမကျတဲ့အကြောင်း သမီးက ထောက်ပြပေမယ့် ကိုယ်မြင်လိုက်တာကတော့ သမီးရဲ့စိတ်ထဲမှာ ကိုယ်ရေးတဲ့စာကို သဘောမပေါက်လိုက်ဘူး ဆိုတာပါ။ လူတွေဟာ ပါးစပ်ကပြောတော့သာ လွယ်တာ။ စည်းကမ်းကို လက်တွေ့လိုက်နာနိုင်ဖို့ကျတော့ ပြောတဲ့သူကိုယ်တိုင်တောင် ပြီးပြီးပြောက်ပြောက် မေ့ပစ်လိုက်ကြတာကိုး။ ဒါပေမယ့် သမီးကို အဓိက ရှင်းပြချင်တာကတော့ သူ့အဖေဟာ သူများမကောင်းကြောင်းတွေ ဆီလိုအပေါက်ရှာ ရေးသားပြီး လူသိများအောင် လူအထင်ကြီးအောင် မင်္ဂလာယူနေတာ မဟုတ်တဲ့အကြောင်းကိုပေါ့။

            အဲသည်ဆိုင်ကလေးတွေအကြောင်းကို ရေးမိတဲ့အကြောင်းကတော့ သမီးက အားလုံးသိမ်းတဲ့ ဦးသိမ်းစိန် လို့ ထင်နေမှာစိုးလို့ မြန်မာပြည်မှာ ကျုးကျော်နေထိုင်သူတွေ၊ အိမ်ခြေယာမဲ့တွေ ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ မြင်သာတဲ့ ဥပမာပေးတာပါ။ အဲ့သလို ရေးတဲ့အတွက် အဲသည်ဆိုင်ကလေးတွေအပေါ်မှာ နစ်နာစေလိုတဲ့စိတ်လည်း မရှိဘူး။ ဆိုင်ရှင်တွေအပေါ် မလိုမုန်းတီးတဲ့ စိတ်လည်း မဖြစ်ဘူး။ နေ့တိုင်း မြင်နေရတဲ့ မျက်နှာတွေ။ ခေါ်ခေါ်ပြောပြော ရောရောနှောနှောပါပဲ။ သူတို့လည်း သူတို့ရဲ့ သမုဒ္ဒရာ ဝမ်းတစ်ထွာကို သူတို့တတ်တဲ့နည်းနဲ့ ဖြည့်ဆည်းနေတာ။ သူတို့အကြောင်းကို ကိုယ်ရေးတဲ့အခိုက်မှာ ဘယ်သူဘယ်ဝါတွေ ဆိုတာ လုံးဝခေါင်းထဲမှာ မရှိဘူး။ ဘယ်လိုအပြုအမူတွေ ဆိုတာကို မြင်အောင်ကြည့်တာ။ အဲ့ဒီတော့ သမီးကို ပထမဦးဆုံး နားလည်အောင် ရှင်းပြချင်တာ ပုဂ္ဂလဒိဋ္ဌာန် နဲ့ ဓမ္မဒိဋ္ဌာန် ဆိုတဲ့ သဘောတရား နှစ်ခုပါပဲ။

            ပုဂ္ဂလဒိဋ္ဌာန်ဆိုတဲ့သဘောက အဝါရောင်စာနယ်ဇင်းသမားတွေ ရေးလေ့ရှိပါတယ်။ အဖြစ်အပျက် အကြောင်းအရာတစ်ခုခုဟာ ကာယကံရှင်ဘယ်သူဘယ်ဝါ ဆိုတဲ့အပေါ်မှာ မူတည်ပြီး စိတ်ဝင်စားစရာကောင်းလာတာ။ နမူနာတစ်ခုပြရရင် တရားရုံးဆိုတာ နေ့စဉ်နဲ့အမျှ အမှုတွေ စစ်နေရတယ်။ ဒါပေမယ့် လူဆိုတာ ကိုယ်နဲ့ဆိုင်တာကိုပဲ စိတ်ဝင်စားတယ်။ မဆိုင်ရင် အမှုမဲ့အမှတ်မဲ့ပဲ သဘောထားတာ။ နိုင်ငံရပ်ခြား အမှုထဲက တစ်ယောက်ယောက်ဟာ မြန်မာဖြစ်တယ် လို့ သိလိုက်ရရင် အရင်ဆုံး စိတ်ဝင်စားတာက မြန်မာတွေ ဖြစ်မှာပေါ့။ ဘယ်သူပါလိမ့်။ ကိုယ်နဲ့သိတဲ့သူ တစ်ယောက်ယောက် များလားပေါ့။ အဲသည်မြန်မာမှာမှ မြန်မာဆရာဝန်တစ်ယောက်လို့ ပြောလိုက်ရင် ဆေးလောကကလူတွေ ချာကနဲ လှည့်ကြည့်ကြတော့မှာ။ ဘူလေးလဲ အာ့ဘူလေးလဲ ဆိုပြီး။ ဆိုလိုတာက အဖြစ်အပျက်တစ်ခုခုဟာ သက်ဆိုင်သူတွေအတွက် အာရုံစိုက်စရာ၊ အလေးအနက်ထားစရာ ဖြစ်လာတာကို ပြောချင်တာ။ တကယ်လို့များ အဲသည်အမှုအခင်းဟာ နိုင်ငံကျော် ဆယ်လီဗျစ်တီတစ်ယောက်ယောက်နဲ့ ပတ်သက်နေရင် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ပြောရမယ့် အတင်းအဖျင်းကြီးတစ်ခု ဖြစ်လာပါလေရော။ ဒါပေမယ့် ချီးမွန်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုတဲ့ လောကတံထွာ ဓမ္မတာအတိုင်း နောက်ထပ် သတင်းထူးတစ်ခုပေါ်လာရင် မဆိုင်တဲ့သူတွေက မေ့သွားကြလိမ့်မယ်။ ကာယကံရှင်တွေမှာတော့ လူသိရှင်ကြား လိုရင်လိုသလို မလိုရင်မလိုသလို တွေးတောပြောဆိုကြတဲ့ ဒဏ်တွေကို ခံလိုက်ရပြီ။ ဒါတွေဟာ တဘက်သားကို နစ်နာစေတယ်။ မရေးသင့်ဘူး။

         ဒါပေမယ့် လူတွေက အဲ့ဒါမျိုးပဲ ဖတ်ချင်ကြတာ။ ဆယ်လီဗျစ်တီမှန်သမျှ ပါပါရာဇီကို ကြောက်ရတာချည့်ပဲ။ ကိုယ်ရေးတဲ့စာတွေမှာ အမည်နာမ တိတိပပနဲ့ ရေးဖြစ်ရင် အဆိုတော်တွေ တေးရေးဆရာတွေနဲ့ သူတို့အပေါ် မထိခိုက်လောက်တဲ့ အကြောင်းအရာတွေကိုပဲ ရေးလေ့ရှိတယ်။ ခင်တဲ့မင်တဲ့သူဆို နည်းနည်း ကျီစယ်မိတယ်။ ဒီလောက်ပဲ။ သူတို့နဲ့ ပတ်သက်တဲ့ အတွင်းရေး ထဲထဲဝင်ဝင်တွေဆိုရင် ကိုယ်ကိုယ်တိုင် ဘယ်လောက်ပဲ သိသည်ဖြစ်စေ၊ မရေးဘူး။ မျက်နှာနာစရာဖြစ်မစိုးလို့ အခင်မင်ပျက်မစိုးလို့ မဟုတ်ဘူး။ သူတို့အတွက် ကိုယ်ဟာ မယုံကြည်အပ်သောသူ ဖြစ်မှာသာစိုးတာ။ ကိုယ်သိလာခဲ့တဲ့ သူတို့အတွင်းရေးတွေဟာ သူငယ်ချင်းမိတ်ဆွေအဖြစ် သိလာရတာ။ ဖေ့စ်ဘုတ်ပေါ် စာတစ်ပုဒ်ရဖို့ သူငယ်ချင်းချင်း သစ္စာ မဖောက်နိုင်ဘူး။ ချစ်တဲ့ခင်တဲ့သူတွေမို့လို့ ထိန်ချန်အုပ်ဆိုင်းပြီး မရေးပဲ လက်ရှောင်နေတာ မဟုတ်ဘူး။ မနှစ်မြို့သူ စက်ဆုပ်ရွံရှာသူများကိုလည်း ဘယ်တုန်းကမှ နံမည်အတိအကျနဲ့ တိုက်ခိုက်ဆော်တီးနေတာ မရှိခဲ့ဘူး။ ကိုယ့်စာဟာ သူတပါး ပါစင်နယ်တွေနဲ့ ချယ်မှုန်းထုံမွှန်း မထားချင်ဘူး။ ဒါပေမယ့် အဖြစ်အပျက် အကြောင်းအရာ တစ်ခုခုကို ဦးတည်ပြီးရေးတဲ့အခါ အဓိက ပါဝင်သူ လူပုဂ္ဂိုလ်တွေကတော့ မရေးမဖြစ် ရေးရတော့မှာပဲ။ သည်အခါမှာ ကိုယ်က ဘယ်သူဘယ်ဝါဆိုတဲ့အပိုင်းကို မှိန်ပလိုက်ပြီး ဘယ်မှာ ဘာဖြစ်ဆိုတာကို အမည်မဖော်လိုသူလှထုံလုပ်ပြီး ရေးတယ်။ ကာယကံရှင်ကို မသိတဲ့သူတွေက ဘယ်သူမှန်း မသိလောက်အောင် တစ်ကွက်ချန်ထားပြီး အဖြစ်အပျက် သဘောတရားကို စောင်းပေးရေးတယ်။ အဲ့ဒါကို ဓမ္မဒိဋ္ဌာန် လို့ ခေါ်တယ်။

          အဲ့သလို ထိန်ချန်ရေးသားတာတောင်မှ ကိုယ်နဲ့ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်နဲ့ အခင်မင်ပျက်ဖူးတယ်။ သူ့အဖြစ်အပျက်ကို ကိုယ်ရေးတယ်။ ဘယ်သူဘယ်ဝါလို့ ဖော်ပြမထားဘူး။ ဒါပေမယ့် အဲသည်အဖြစ်အပျက်က ကိုယ်မရေးခင်ကတည်းက ဂျာနယ်တွေအပေါ် ဟိုးဟိုးကျော်နေလို့ လူတကာသိနှင့်ပြီ။ ကိုယ်သိတာတောင် သူပြောပြလို့ မဟုတ်ဘူး။ ဂျာနယ်ထဲက ဖတ်ရတာ။ ကိုယ်က ဝင်ရေးရတဲ့ အကြောင်းက သူတို့ဘက်က မှန်တယ်ဆိုပြီး သည်းသည်းမည်းမည်း တိုက်ခိုက်နေတဲ့အထဲမှာ သူတို့သတိမထားမိတဲ့ အချက်တွေကို ထောက်ပြတာ။ နောက်ပြီး အဲသည်ကိစ္စကို ရပ်လိုက်စေချင်တာ။ ရှေ့ဆက်လို့ ဘာဖြစ်မယ်ဆိုတာ သူမသိပေမယ့် ကိုယ်သိနေပြီ။ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ နစ်နာစရာရှိရင် သူတို့ဘက်က နစ်နာမှာကို မြင်လို့ တရားနဲ့ဖြေခိုင်းတဲ့အခါ သူတို့ဘက်က ကိုယ့်ကိုမြင်တာက နံမည်ကြီးချင်လို့ သူများအဖြစ်အပျက်ကို စောင်းပါးရိပ်ချည် အထုပ်ဖြည်တယ်တဲ့။ စိတ်မကောင်းတော့ ဖြစ်မိတယ်။ ကိုယ်ရေးတဲ့စာကို အခေါက်ခေါက် ပြန်ဖတ်တော့ အခုရေးထားတဲ့ စာပိုဒ်လိုပဲ သည်လိုအဖြစ်အပျက်မျိုး ရှိတယ် ဟုတ်လား ဆိုတာကလွဲလို့ ဘယ်သူ့အကြောင်း ရေးနေတယ်ဆိုတာ သူနဲ့ကိုယ်နဲ့က လွဲလို့ တခြားလူ ဘယ်သူမှ သိစရာမရှိဘူး။ ကိုယ်ရေးတဲ့စာကြောင့် သူ့အပေါ်မှာ ထိခိုက်နစ်နာစရာ ရှိမရှိ သေချာအောင် ပြန်ဖတ်တယ်။ အဲ့ဒါသေချာတဲ့အခါ ကိုယ်ရေးတဲ့ စေတနာဟာ ပေါ်ပြူလာဖြစ်ချင်တဲ့စိတ်၊ ဆရာကြီးဝင်လုပ်ချင်တဲ့စိတ်၊ သူတော်ကောင်းကြီးလုပ်ပြီး အမှတ်ဝင်ယူချင်တဲ့ စိတ်စေတနာ မပါတာ သေချာရဲ့လား လို့ သုံးသပ်တယ်။ တောင်းပန်တာကတော့ တောင်းပန်လိုက်ပါတယ်။ သူမကြိုက်တာကို ရေးမိမှကိုး။ ဒါပေမယ့် နောင်တမရချင်တဲ့အတွက် ကိုယ့်လိပ်ပြာကိုယ် သန့်အောင် စစ်ကြောတယ်။ စာရေးတယ်ဆိုတာ လိပ်ပြာတောင်ပံခတ်ရသလိုပဲမို့ မသန့်ရှင်းတဲ့ လိပ်ပြာနဲ့ဝင်စားပြီးရေးရင် ဘယ်လိုမှ သန့်ရှင်းတဲ့ စာကောင်းပေမွန်တွေ ထွက်လာစရာ အကြောင်း မရှိဘူး။ စာဖတ်သူတွေဆီမှာ အတွေးအမြင်တစ်ခုခု အစဆွဲထုတ်နိုင်ဖို့ကလွဲရင် ကိုယ့်စာတွေမှာ ဘာအကျိုးအမြတ်ကိုမှ မမျှော်ကိုးဘူး။

          စာရေးတဲ့အခါ ချစ်စေချင်လို့လည်း မရေးသလို၊ မုန်းစေချင်လို့လည်း မရေးဘူး။ ဒါပေမယ့် ချစ်ခြင်းမုန်းခြင်းဆိုတာ စာဖတ်သူတွေမှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်မို့လို့ ဖြစ်ပေါ်လာတဲ့ ရလာဒ်အတိုင်း ခံယူရမှာပါပဲ။ အထူးသဖြင့်တော့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ရေးတဲ့အခါ သေချာပေါက် လူမုန်းများနိုင်တာကို သဘောပေါက်ပါတယ်။ ပဋိပက္ခတွေကြားထဲ ဝင်ရေးလို့ကတော့ ဘာပြောကောင်းမလဲ။ ရှေ့တင်ရော နောက်ကွယ်မှာပါ ဆဲဆို ဝေဖန် တိုက်ခိုက်တာ ခံရဖူးပါတယ်။ ဒါလည်း လက်ခံရမှာပေါ့။ ကိုယ်က ကိုယ်ထင်တာ ရေးတယ်မဟုတ်လား။ သူတို့လည်း သူတို့ထင်သလို တုန့်ပြန်ကြမှာပေါ့။ ကိုယ့်စာမျက်နှာပေါ်မှာ သူများတွေလာဆဲထားလို့၊ မကောင်းပြော အပုတ်ချထားလို့ အဲသည်စာတွေကို ဖျက်ပစ်တာ၊ အဲသည်လူကို ဘလောက်လုပ်တာ ဘယ်တုန်းကမှ မလုပ်ဖူးပါဘူး။ သည်အတိုင်းပဲ ထားတယ်။ Agree to disagree ပါ။ သည်လိုအမြင် သည်လိုအတွေးမျိုးလည်း ရှိတတ်တယ်ဆိုတာ ကိုယ်တိုင်ရော စာဖတ်သူတွေပါ သိရတာပေါ့။ လူတော်တော်များများဟာ ကိယ်နဲ့သဘောမတွေ့တဲ့၊ အာရုံနောက်စရာကောင်းတဲ့သူတွေကို သူတို့ဝေါပေါ်မှာ မမြင်ချင် မဖတ်ချင်ကြပါဘူး။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ့်ကိုမုန်းတဲ့သူတွေ အမြင်မတူတဲ့သူတွေကို လှစ်လျူရှုလို့ မဖြစ်ပါဘူး။ သူတို့ဘယ်လိုတွေးသလဲ တုန့်ပြန်သလဲဆိုတာလည်း သိချင်ပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုဆိုတာ ဖတ်နေကျလူတွေ၊ Like နေကျလူတွေက Very good, excellent မှတ်ချက်ပေးလို့ မခိုင်မာပါဘူး။ ကိုယ့်ကိုမုန်းတဲ့သူတွေ၊ ကိုယ်နဲ့ အမြင်မတူတဲ့သူတွေ သဘောပေါက် လက်ခံလာအောင် ရေးနိုင်မှ တကယ့်အောင်မြင်မှုပါ။ မသိသေးတဲ့သူတွေကို သိသွားအောင်၊ မှားနေတဲ့ အတွေးအခေါ်တွေကို မှန်သွားအောင် တည့်နိုင်မှ စာရေးရကျိုးနပ်တာလေ။

          ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်းမုန်းခြင်းအပေါ် အခြေခံပြီးတော့ စာမရေးဖြစ်အောင်လည်း ကြိုးစားပါတယ်။ ချစ်တဲ့သူမို့ အမြင်မတော်လည်း ရေငုံနှုတ်ပိတ်ပြီး ချီးမွှန်းခန်းဖွင့်ဖို့ချည့် ရှာမနေသလို မုန်းတဲ့သူမို့ ကလော်လိုက်မယ် ဆော်လိုက်မယ် အပြစ်ရှာကြံပြီး အမြစ်ပါလှန်လိုက်မယ်ဆိုတဲ့ ဒေါသတွေ စာထဲမှာ ပါနေရင် ဘယ်ဖတ်ကောင်းတော့မတုန်း။ ဟိုးရှေ့ကပြောခဲ့တဲ့ လမ်းဘေးဆိုင်ကလေးတွေအကြောင်း ရေးတဲ့အခါ၊ ဆေးလောကအကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ရေးတဲ့အခါ သူတို့ကို ချစ်တဲ့စိတ်လည်းမထား မုန်းတဲ့စိတ်လည်း မထားပဲ ဘေးကနေထွက်ပြီး အပြင်လူတစ်ယောက် အဖြစ်နဲ့ ရေးပါတယ်။ ဒါကြောင့်မို့လို့ သူတို့မကောင်းကြောင်းရေးပြီး သူတို့ဆိုင်မှာ သွားဝယ်စားနိုင်တာဟာ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေတာ မဟုတ်ပါဘူး။ လူတစ်ယောက်တည်းပေမယ့် စာရေးတဲ့သူနဲ့ လမ်းထဲမှာ နေထိုင်တဲ့သူဟာ သပ်သပ်စီမို့ပါ။ “ခုနစ်စဉ်အလွမ်း” ထဲမှာ သုမောင်ကြီး သူ့ယောက္ခမသတင်းကို ရေးတဲ့အခါ ခင်သန်းနုက သူ့အဖေအိမ်ပေါ်နေပြီး အငြှိုးနဲ့ ရေးတယ် လို့ စွပ်စွဲတာ မှတ်မိကြသေးလား။ ကိုယ်တိုင်စာရေးဖြစ်တဲ့အခါကျတော့ သတင်းစာဆရာသုမောင်အကြောင်း ကိုယ်တိုင်နားလည်လာပါတယ်။ စာရေးတဲ့အခါ ကိုယ့်စိတ်ထဲက ချစ်ခြင်းမုန်းခြင်းကို အခြေခံရင် ဒေါသသင့်တယ် လို့ ခေါ်ပါသတဲ့။ သိသာပါတယ်။ ဖတ်လို့မကောင်းပါဘူး။

          ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ဂုဏ်ဖော်ချင်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း သူတော်ကောင်းလေးတစ်ဦးလို့ မယူဆမိပါဘူး။ ဒါပေမယ့် စာကောင်းကလေးတွေတော့ ရေးချင်တယ်။ စာကောင်းရေးချင်တဲ့သူဟာ စိတ်ကောင်းစေတနာကောင်း မွေးရတယ်လို့ စာရေးဆရာမကြီး လူထုဒေါ်အမာ ဆုံးမတာ မှတ်သားဖူးပါတယ်။ ဒါကြောင့်မို့ ကိုယ်ရေးတဲ့စာတွေမှာ အငြင်းသန်ဖို့ထက် စေတနာမှန်ဖို့ကို အဓိက ထားပါတယ်။ ကိုယ့်ဘက်က စေတနာမှန်တယ်လို့  ယုံကြည်တဲ့အခါ ကိုယ့်စာကို မနှစ်မြို့နိုင်သူတချို့ရဲ့ ဆဲဆိုရှုံ့ချ တိုက်ခိုက်တာကို အပြုံးမပျက် ခံနိုင်ရည်ရှိတယ်။ အဲသည်ခံနိုင်ရည်ဆိုတာ တသက်လုံး မအေနှမ ကိုင်တုပ်နေတဲ့ အသိုင်းအဝိုင်းထဲကလာလို့ နားရည်ဝသွားတဲ့ ခံနိုင်ရည်မျိုး မဟုတ်ပါဘူး။ ပတ္တြမားရွှေဂူ ကဗျာထဲကလို ပိန်းကြာဖက် ရေမတင်တဲ့ ခံနိုင်ရည်အင်အားမျိုးပါ။

          အဲသည်ကိစ္စနဲ့ပတ်သက်ပြီး ဟိုတလောက အင်္ဂလန်မှာ ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမှုတစ်မှုအကြောင်းကို ဥပမာပြန်ကောက်ချင်ပါတယ်။ မြန်မာဆရာဝန်ကလေးဟာ သူများရပ်ရွာမှာ ကိုယ်တတ်တဲ့ပညာနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေခိုက်၊ မခိုင်လုံတဲ့ စွပ်စွဲချက်တွေအကြားမှာ လူမျိုးရေးခွဲခြား နှိပ်ကွပ်တဲ့အစွဲကြောင့် မဟုတ်တမ်းတရား ပြစ်ဒဏ်ချခံရတယ် ဆိုပါစို့ (ဆိုကြပါစို့)။ တရားရုံးက ချမှတ်လိုက်တဲ့ပြစ်ဒဏ် ၁၈ လ ဆိုတာ သူ့ဘဝကို အညွန့်ကျိုးသွားအောင် လုံးဝ (လုံးဝ) မစွမ်းဆောင်နိုင်ပါဘူး။ သူ့ဘက်က အမှန်တရားဆိုတာ ရှိနေရင် အင်္ဂလန်တစ်နိုင်ငံလုံးကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့သတ္တိကို ပေးပါလိမ့်မယ်။ ဘယ်နေရာရောက်ရောက် ပြန်လည်ရှင်သန်နိုင်တဲ့ စိတ်ဓါတ်ခွန်အားကို ပေးပါလိမ့်မယ်။

           ဟိုးအရင်က ရေးခဲ့ဖူးတဲ့ “A passage to India” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကလေးကို မှတ်မိကြဦးမလား မသိပါဘူး။ စေ့စပ်ထားတဲ့ စစ်ဗိုလ်ကလေးဆီ လိုက်လာတဲ့ အင်္ဂလိပ်မိန်းမပျိုကလေးဟာ လူပြတ်တဲ့ကျောက်ဂူထဲမှာ အပူဒဏ်ကြောင့် မူးဝေမိန်းမောသွားခိုက် လမ်းပြလုပ်တဲ့ အင်ဒီးယန်းဆရာဝန်ကလေးက မတော်မတရားကျင့်တာခံရလို့ ဆေးရုံရောက်သွားပါတယ်။ လူနှစ်ဦးတည်း ဖြစ်လိုက်တဲ့ ရာဇဝတ်မှုဟာ ရာရာသသ၊ အဖြူ နဲ့ အမည်းဆိုတဲ့ လူတန်းစားနိုင်ငံရေးပြသနာတွေ ပါလာတဲ့အတွက် အဓိကရုဏ်းတွေပါဖြစ်ကုန်ပါတယ်။ အမှန်တရားက ကာယကံရှင် နှစ်ယောက်ပဲ သိတာပါ။ ဒါပေမယ့် တရားခွင်မှာ မကြားဝံ့မနာသာတွေ တစ်တစ်ခွခွ မေးတာရော၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် ကပ်သီးကပ်ဖဲ့ စကားစစ်ထိုးတာကြောင့်ရော၊ လူတစ်ယောက် အသိစိတ်ကင်းလွတ်တဲ့ အခိုက်အတန့်မှာ မိသားစုတစ်စုရဲ့ ဘဝပျက်သွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်ရော အကျယ်အကျယ် ဆက်မဖြစ်ချင်တော့တဲ့ လူဖြူမိန်းကလေးက “သေတော့ မသေချာပါဘူးလေ။” လို့ စကားတစ်ခွန်း ကျွံသွားပါတယ်။ အဲသည်စကားလေးတစ်ခွန်းဟာ လူမျိုးရေး အဓိကရုဏ်းတွေကိုတော့ ငြိမ်းသွားစေခဲ့ပေမယ့် အင်္ဂလိပ်အစိုးရအတွက်တော့ အကြီးအကျယ် မျက်နှာပျက် အရှက်ရစေခဲ့ပါတယ်။ ဆေးရုံရောက်လို့ မသေအောင် မနည်းကုထားရတာတောင်မှ တရားခွင်က ရှေ့နေတွေ ကုလားဖန်ထိုးလိုက်တဲ့အခါ တကယ်လား အိပ်မက်လား မရေမရာ ဖြစ်သွားတာကိုး။

           တရားခံစစ်စစ်ကြီးက လူဖြူတွေ မတရားစွပ်စွဲခံရတဲ့ သူတော်စင် သူရဲကောင်းကလေး ဖြစ်သွားပြီး နောင်သောအခါ
ရွေးကောက်ပွဲတွေ ဘာတွေဝင်၊ အောင်မြင်တဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်သွားပါတယ်။ မိန်းကလေးခမျာတော့ လူဖြူအသိုင်းအဝိုင်းက ကျဉ်ထားတာခံရလို့ အင်္ဂလန်လည်း ပြန်မရတော့။ ဇနပုဒ်က ရေကန်ကလေး တစ်ကန်ရဲ့နံဘေးမှာ တစ်ဦးတည်း နေသွားရပါတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အပြစ်ကျူးလွန်ထားလို့ လိပ်ပြာမလုံတဲ့ အရေခြုံသူတော်ကောင်းကြီးက သူ့ကြောင့် အသက်ထက်ဆုံး ငြိုးငယ်စွာ နေထိုင်သွားရတဲ့ အမျိုးသမီးကြီးကို သွားတောင်းပန်ပါတယ်။ အဲသည်အမျိုးသမီးက သူ့ကို မမှတ်မိတဲ့အတွက် ဘာအတွက် တောင်းပန်တာလဲ လို့ မေးပါတယ်။ အတိတ်က အဖြစ်အပျက်ကို ပြန်ပြောတဲ့အခါ သူပြန်ပြောတဲ့စကားက အင်မတန်မှကို မှတ်သားစရာ ကောင်းလိုက်တာ။ အဲသည်ရာဇဝတ်မှုကို စီရင်ချက်ချလိုက်ပြီးကတည်းက သည်အဖြစ်အပျက်ဟာ သူ့ဆီမှာ မကျန်တော့ပါဘူးတဲ့။ သူဟာ အပြစ်မရှိတဲ့သူတစ်ယောက် ဖြစ်တဲ့အတွက် လိပ်ပြာမလုံစရာလည်းမရှိ၊ နောင်တရစရာလည်းမရှိ။ ဝမ်းနည်းပူဆွေးစရာလည်း မရှိပါဘူး တဲ့။ သူကသာ ကွင်းလုံးကျွတ် လွတ်သွားတဲ့သူပါ တဲ့။ မင်းကတော့ အမှုပြီးကတည်းက နေ့စဉ်နဲ့အမျှ  ကိုယ့်မကောင်းမှုက ကိုယ့်ပြန်ခြောက်လှန့်နေလို့ သည်ကနေ့ထိတိုင် မလွတ်နိုင်သေးတဲ့ အကျဉ်းသားတစ်ဦး ဖြစ်နေတာ လို့ ဆိုပါတယ်။

            ရှည်ရှည်ဝေးဝေး ဇာတ်ကြောင်းပြန်နေရတဲ့ အကြောင်းကတော့ လူတစ်ယောက်ရဲ့ဘဝမှာ လိပ်ပြာဆိုတာ ဘယ်လိုသဘောမျိုးရှိသလဲ။ ဘယ်လို စိတ်ဓါတ်ခွန်အားမျိုးကို ပေးသလဲဆိုတာ သမီး နားလည်စေချင်လို့ပါ။ သူ့ကိုဝယ်ပေးထားတဲ့ သော်တာဆွေ ဝတ္ထုတိုပေါင်းချုပ်ထဲက “မှန်ကန်ခြင်း နဲ့ ရဲရင့်ခြင်း” ဆိုတာကို နောက်တခေါက်လောက် ထပ်ဖတ်လိုက်ရင် ပိုသဘောပေါက်သွားပါလိမ့်မယ်။ ဆရာကြီး ရွှေဥဒေါင်း ပြောတဲ့ ခွန်အားရှိသောစာ ဆိုတာမျိုး ရေးချင်ရင် စာရေးသူမှာလည်း စိတ်ဓါတ်ခွန်အားရှိနေဖို့ လိုသတဲ့။ လိပ်ပြာသန့်နေဖို့လိုသတဲ့။ အမှန်တရားဘက်က ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုသတဲ့။ အဲ့ဒါတွေ ပြည့်စုံလာတဲ့အခါ ဆန္ဒာဂတိ၊ ဘယာဂတိ၊ မောဟာဂတိ၊ ဒေါသာဂတိ အစရှိတဲ့ အဂတိတရားလေးပါးနဲ့ ရေးစားနေသူ အွန်လိုင်းပေါ်က သူရဲကောင်းများကို ကိုယ်နဲ့ အတန်းအစား မတူကြောင်း သဘောပေါက်သွားပြီး သနားဂရုဏာစိတ်နဲ့ ဥပေက္ခာပြုနိုင်လာပါလိမ့်မယ်။

           အခုပြောတဲ့အ အတန်းအစားဆိုတာမျိုးဟာ ဟိုးအစက ပြောခဲ့သလို ဘယ်ဆိုင်မှာ စားတယ်။ ဘယ်လောက်တန်မှ စားတယ်။ ဘယ်လိုအဆင့်အတန်းမျိုးနဲ့ နေထိုင်စားသောက်တယ်ဆိုတဲ့ အတန်းအစားမျိုးကို မဆိုလိုပါဘူး။ သူတို့ရေးနေတဲ့စာတွေရဲ့ စိတ်ရင်းစေတနာ ရည်ရွယ်ချက်က ဘာလဲ။ ကိုယ်ရေးနေတဲ့စာတွေရဲ့ စိတ်ရင်းစေတနာ ရည်ရွယ်ချက်က ဘာလဲ။ အဲသည် အတန်းအစား အဆင့်အတန်းကို ကိုယ့်ဘာသာကိုယ်ပဲ ခွဲခြားသတ်မှတ်ထားပါတယ်။ သမီးက လမ်းဘေးစာတွေကို ရွံသလို ကိုယ်ကလည်း ပေါက်ပန်းလေးဆယ် အခြေအမြစ်မရှိပဲ ဆိုက်ဝါးလုပ်တဲ့စာမျိုးကို ရွံပါတယ်။ သူတို့ပရိသတ်နဲ့သူတို့ နှစ်သက်တဲ့သူတွေ၊ နားမလည်တဲ့သူတွေ ရှာဖွေဖတ်ရှုကြမှာ သိပေမယ့် ကိုယ့်သမီးကိုတော့ ဆိုင်ကြီးဆိုင်ကောင်း ကြေးထိုက်ဖိုးတန် တွေမှာ လိုက်ကျွေးသလို သန့်သန့်ပြန့်ပြန့် စာကောင်းပေမွန်တွေကိုပဲ ဖတ်စေချင်ပါတယ်။ အဓိက သိစေချင်တာကတော့ သူ့အဖေဟာ လမ်းဘေးက ပေါပေါပဲပဲ အစားအသောက်တွေ စားတတ်သောက်တတ်သူ cheap person တစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ဒါပေမယ့် ကလေကချေ အစုတ်ပလုပ် မဟုတ်တမ်းတရားတွေ လျှောက်ရေးနေတဲ့  cheat person တစ်ယောက် မဟုတ်မှန်း သိရင်တော်ပါပြီ။

            တကယ်တော့ စာရေးတယ်ဆိုတာ သူ့အဖေရဲ့ အသက်မွေးဝမ်းကြောင်းလည်း မဟုတ်ပါဘူး။ စာရေးခြင်းအမှုနဲ့ စာရေးရန် လိုအပ်သောကိရိယာများကို ဝယ်ယူနိုင်လောက်သော ဝင်ငွေလည်း မရပါဘူး။ ကိုယ့်ရှိတာတွေ အားလုံး သူများပေးထားလို့ လူတန်းစေ့တာပါ။ ဒါပေမယ့် စာရေးတဲ့အလုပ်အပေါ်မှာ သူ့အဖေထားတဲ့ ခံယူချက်၊ စေတနာ၊ လိပ်ပြာ၊ အားထုတ်မှု ဆိုတာတွေကတော့ တစ်ပြားမှ ပေးစရာမလိုလို့ တန်ဖိုးမရှိဘူး ထင်နေမှာကို စိုးပါတယ်။ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပုဝါကြီးပါကွယ်။ ရောင်းစားဖို့တော့ မစဉ်းစားနဲ့။ သမီးအမေကလွဲရင် ဘယ်သူမှ ဝယ်တဲ့သူ မရှိဘူး။ သူတောင် ရောင်းများဝယ်မှား ဘယ်နားထားရမှန်းမသိတဲ့ နတ်အိုးကွဲကြီး အဖတ်တင်နေတာ မဟုတ်လား။ လူကို ဘယ်လိုအတန်းအစားမန်း မသိမှာစိုးလို့ ကိုယ့်သမီးရှေ့ကိုယ် မဏ္ဍပ်တိုင် တက်ပြလိုက်တယ်ကွယ်။ ခုနှစ်ရက်သားသမီးအပေါင်း သောက်မြင်အကြီးကြီး ကပ်ကြစေကုန်သတည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...