Monday, January 21, 2013

မြန်မာ CSO များ ဘာလဲ? ဘယ်လဲ?

by Than Htaik on Monday, January 21, 2013 at 10:44am ·
 
အစိုးရကတော့ (သမ္မတကြီးကတော့) အရပ်ဖက်အဖွဲ့အစည်းတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြေလျော့သွားအောင် လုပ်ဆောင်ပေးမယ်လို့ ကတိပေးလိုက်ပြီ။ ကျွန်တော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်း (Civil Society Organization) တွေကကော …….
ပွင့်လင်းမြင်သာမှု၊ တာဝန်ယူဆန်းစစ်ခံနိုင်မှုတွေကို အရင်ထက်ပိုပြီး တာဝန်ခံပါ့မယ်လို့ပြောရဲပြီလား။
လခအနေနဲ့ သောင်းဂဏန်းသာရတဲ့ မော်တော်ယာဉ်ထိန်းရဲတစ်ယောက် လ္ဘက်ရည်ဖိုး ၅၀၀ / ၁၀၀၀ လောက် တောင်းတာ၊ ဧည့်စာရင်းလာတိုင်တဲ့သူကို ရပ်ကွက်ရုံးက လခမရတဲ့ ဆယ်အိမ်မှူးတစ်ယောက်က စာရွက်စာတမ်းကြေးဆိုပြီး ပိုက်ဆံ တစ်ရာလောက်တောင်းတာမျိုးကို လာဘ်ပေးလာဘ်ယူ လုပ်နေပါတယ်ဆိုပြီး ဒီလိုအပြုအမူတွေပပျောက်အောင် ဖြေရှင်းပါ့မယ်ဆိုတဲ့ လေလုံးကြီးတွေနဲ့ လခကို မြန်မာငွေသိန်းသန်းချီပြီးယူသွားတာကိုတော့ ရပိုင်ခွင့်ပါလို့ လိပ်ပြာသန့်နေကြဦးမှာလား။ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံးရဲ့ ပျော့ကွက်ဟာကွက်လေးတွေကို ထောက်ထောက်ပြပြီး ခွင်ရှာနေတာမျိုးတွေကိုတော့ ရပ်တန်းကရပ်သင့်ကြပါပြီ။ (ဧရာဝတီက နာဂစ်ဒုက္ခသည်တွေအတွက်ဆိုပြီး ရေသန့်ဗူး ခြောက်ဒါဇင်လောက်ကို ရန်ကုန်ကနေ အဲယားကွန်းကား စီးလုံးငှားပြီး သွားပေးတတ်တာမျိုးကို ရည်ညွှန်းပါသည်။) လခအများကြီးယူနေကြတာကို အပြစ်တင်ခြင်းမဟုတ်ပါ။ လခအများကြီးယူပြီးရင် တာဝန်လည်း အများကြီး ယူဖို့သင့်နေပါပြီ။
အထက်ကပြောခဲ့သလို မဖြစ်စလောက်လုပ်ငန်းလေးတွေကို အစီရင်ခံစာထဲမှာ လှလှပပရေးထည့်လိုက်ရုံနဲ့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ထူထောင်လိုက်နိုင်ပြီတို့၊ (ဆန်လေးဆီလေး နည်းနည်းပါးပါး ပေးပြီးတာနဲ့) အကျိုးခံစားခွင့်ရှိသူ ဘယ်နှစ်ထောင် ဘယ်နှစ်သောင်းကို ကယ်တင်လိုက်နိုင်ပြီတို့၊ ဟိုတယ်ကြီးတွေပေါ်မှာတက်ပြီး နှစ်ရက်လောက် သင်တန်းပေးလိုက်ရုံနဲ့ အစိုးရဋ္ဌာနကြီးတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်လိုက်နိုင်ပါပြီတို့၊ စတဲ့စကားမျိုးတွေကိုတော့ မပြောစေချင်တော့ဘူးဗျာ။
တစ်ကယ်စေတနာရှိတယ်၊ တစ်ကယ်လည်း ဖွံ့ဖြိုးစေချင်တယ်ဆိုရင် တစ်ကယ်လုပ်ကြပါ။ ဖြစ်နိုင်ပါတယ်။ ပံ့ပိုးမယ့် အလှူရှင်တွေရှိတယ်။ နိုင်ငံတွေရှိတယ်။ အဖွဲ့အစည်းတွေရှိတယ်။ ဘာကိုမှ ထိန်ဝှက်ထားစရာမလိုပါဘူး။ အစိုးရကိုတော့ ပွင့်လင်းမြင်သာမှုမရှိဘူး၊ အကျင့်ပျက်ခြစားနေပါတယ်လို့ တစ်ချိန်လုံးဝေဖန်နေကြတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းဆိုသော အဖွဲ့များ(အထူးသဖြင့် အဖွဲ့ကြီးများ)မှ ၀န်ထမ်းတွေအနေနဲ့လည်း မိမိကိုယ်ကို ပြန်ပြီးသုံးသပ်သင့်ကြပါပြီ။ မနေ့တစ်နေ့ကမှ လစာလေးတိုးလို့ အစိုးရ၀န်ထမ်းတွေက အသက်ရှုလေးနည်းနည်းချောင်လာသလို ခံစားရတယ်။ လူမှုအဖွဲ့အစည်းပါ၊ လူထုအကျိုးအတွက်ပါလို့ ကြွေးကြော်နေကြတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းဝန်ထမ်းများကတော့ အခုလို အချိန်မျိုးမပြောနဲ့၊ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတောင် လခကို သိန်းဆယ်ဂဏန်းယူနေကြတဲ့အပြင် ငွေလဲနှုန်းလေး နည်းနည်းကျသွားလိုက်တာနဲ့ ချူသံပါအောင်ညည်းနေတတ်ကြတာကို ကြားရတော့ ကျွန်တော့်မှာ မြန်မာလူထုကိုယ်စား သူတို့ကိုပဲ ကရုဏာသက်ရတော့မလို၊ ကိုယ့်ကိုယ်ကိုပဲ ဒီလိုအခွင့်အရေးမျိုး မရှာခဲ့ရကောင်းလားဆိုပြီး ကျိန်ဆဲရတော့မလိုလို ……. ။
အသင်းအဖွဲ့စည်းမျဉ်းဥပဒေအရ ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှာ ဖွဲ့စည်းခွင့်တင်တဲ့အခါ အခက်အခဲတွေအများကြီးရှိတယ်၊ အဆင့်ဆင့်ကျော်ဖြတ်ရတဲ့အတွက် အရမ်းပင်ပန်းရတယ်ဆိုတာ အမှန်ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဆီအငေါ်မတည့်သော သတ်မှတ်ချက်တွေကြောင့် အဖွဲ့အစည်းတော်တော်များများဟာ မှတ်ပုံတင်လုပ်ငန်းကို စတောင်မစနိုင်ကြသေးပါဘူး။ ထားလိုက်ပါတော့ အစိုးရဖက်က ကိစ္စတွေကို။ လူမှုရေးအဖွဲ့အစည်းတွေဖက်ကကော …….. ။
လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွေကို သက်ဆိုင်ရာဝန်ကြီးဋ္ဌာနမှာ လစဉ်ပုံမှန်တင်ပေးပါရဲ့လား။ သာမန်လုပ်ငန်းတစ်ခုကို ဟန်ပြတင်ထားပြီး လက်တွေ့မှာတော့ ရွာထဲဆင်း၊ တစ်ယောက်နှစ်ယောက်လောက်ကို မေးချင်တာမေးပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆုံးရှုံးနေပါပြီ၊ သုံးမရလောက်အောင် ဆင်းရဲမွဲတေနေပါပြီလို့ ဆရာကြီးစတိုင်နဲ့ ခပ်တည်တည် ဆက်ဖိန့်ကြဦးမှာလား။ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းလုပ်နေပါတယ်ဆိုပြီး ၀န်ထမ်းအသီးသီးက အလွှာအလိုက် စိတ်ကြိုက်စည်းစိမ် ခံစားကြပြီးမှ အစိုးရကို ပြန်တင်ပြတဲ့အခါ ဒီလအသုံးစရိတ်ကတော့ ဒီလောက်ပါပဲလို့ အစွန်းထွက်လောက်ကိုပဲ ပြန်ပြနေကြဦးမှာလား။ (အလှူရှင်ထံသို့ ပြန်လည်ပေးပို့ရသော ဘဏ္ဍာရေးအစီရင်ခံစာနှင့် အစိုးရကိုတင်ပြသော ဘဏ္ဍာရေးအစီရင်ခံစာ တစ်ထပ်တည်းကျသော အဖွဲ့အစည်းမျိုး မတွေ့ဖူးသေးပါ။ ကျွန်တော်ညံ့လို့သာ ဖြစ်ပါမည်။ ထိုအစီရင်ခံစာနှစ်ခုမှာလည်း ငွေကြေးပမာဏ အဆရာချီကွာတတ်ပါသည်။)
ကျွန်တော်တို့လောကရဲ့ စည်းမျဉ်းတစ်ခုကို ပြောပြပါဦးမည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆင်းရဲသားများကိုသာ ပေးရမည်တဲ့။ အဆိုပါဆင်းရဲသားကို မည်သို့သတ်မှတ်သနည်းဆိုလျှင် ဆင်ခြေဖုံးနေရာအချို့မှလွဲ၍ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများကို ထည့်သွင်းတွက်ချက်ခြင်း မပြုကြပါ။ သို့သော် စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်း အများစုသည် ရန်ကုန်မြို့ပေါ်ရှိ လူကုံထံနေရာများတွင် ရုံးစိုက်ထားကြသည်ကိုပင်။ နေရာငှားရမ်းခ တစ်ခုတည်းအတွက်ကိုပင် (၀န်ထမ်းစရိတ် မပါသေးပါ) လစဉ် ဆယ်သိန်းမှ သိန်းရာချီပေးရသော နေရာများဖြစ်နေသည်။ အကျိုးသက်ရောက်မှုနှင့် ကုန်ကျစရိတ်တို့အား  မည်သို့မည်ပုံ တွက်ချက်ကြသည်ကိုတော့ ကျွန်ုပ်လည်း ဉာဏ်မမီတော့ပေ။
အစိုးရ၀န်ထမ်းဆိုလျှင် ညွှန်ကြားရေးမှူးချုပ်အဆင့်လောက်ရှိသူပင် ခရီးသွားသည့်အခါတွင် စောင့်ထိန်းရသော စည်းကမ်းများစွာရှိနေပါသည်။ ကျွန်တော်တို့ဆီက အရပ်ဖက်လူမှုအဖွဲ့အစည်းဝန်ထမ်းများမှာတော့ အဲယားကွန်းကား စင်းလုံးငှား၊ လေယာဉ်စီး၊ ဟိုတယ်ကြီးတွေမှာတည်း၊ စားသောက်ဆိုင်ကြီးတွေမှာစား။ နိုင်ငံကောင်းမကောင်းတော့မသိဘူးဗျာ၊ သူတို့ကတော့ တယ်ကောင်းဆိုပဲ။ နာဂစ်ကာလတုန်းကဆိုရင် ရန်ကုန်မြို့ပေါ်က ဟိုတယ်ကြီးတွေမှာ နေ့စဉ်လိုလို အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေး၊ ညှိနှိုင်းအစည်းအဝေး၊ လုပ်ငန်းပြန်လည်သုံးသပ်ခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ပြင်ဆင်ရေးဆွဲခြင်း၊ စသည်စသည်ဖြင့် ခေါင်းစဉ်ပေါင်းများစွာနဲ့ လုပ်လိုက်ကြတာများဗျာ။ အချို့ရက်တွေဆိုရင် တစ်ရက်တည်း တစ်နေရာတည်းမှာတောင် နှစ်ခုသုံးခုကို ထပ်လို့။ အခန်းအားအောင် မနည်းစောင့်ခဲ့ရတယ်။ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး လူထုကတော့ ဘယ်လောက်ထိ သတိရှိသလဲတော့မသိဘူး။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကတော့ အတော့်ကို နိုးကြားကြပါရဲ့။ သဘာဝဘေးတစ်ခု ကျလာလို့ကတော့ အရင်ဦးအောင်သွားပြီး စီမံချက်နယ်မြေလို့ နာမည်တပ်လိုက်ကြတော့တာပါပဲ။
ဥပမာအနေနဲ့ အစိုးရမဟုတ်သော ပြည်ပအဖွဲ့အစည်းတွေအကြောင်းကို ပြောပြပါရစေ။ (ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေက စုစည်းလို့မလွယ်လို့ပါ။) လုပ်ငန်းဆောင်ရွက်မှုများအတွက် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတစ်ခုနဲ့ နားလည်မှုစာချွန်လွှာ (Memory of Understanding, MOU) တစ်ခု လက်မှတ်ရေးထိုးတဲ့အခါ စီမံကိန်းပမာဏကို အနည်းဆုံး ဒေါ်လာငါးသန်း ($ 5,000,000) သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပအဖွဲ့အစည်း ၅၃ ခုလောက် နားလည်မှုစာချွန်လွှာရေးထိုးပြီးပြီလို့ သတင်းစာထဲမှာ ဖတ်ဖူးပါတယ်။ အဲဒါဆိုရင် တစ်နှစ်ကို သန်း ၂၅၀-၃၀၀ ခန့်သော ဒေါ်လာငွေတွေ ဘယ်ကိုစီးဆင်းသွားကြပါသလဲ။ တာဝန်ရှိသူတွေအနေနဲ့ကလည်း လုပ်ငန်းပိုင်းမှာသာ စွက်ဖက်မှုတွေရှိခဲ့ကြတာပါ၊ ငွေကြေးအပိုင်းကို ၀င်ရောက်စစ်ဆေးတာမျိုး မလုပ်ခဲ့ကြသေးပါဘူး။
နိဂုံးချုပ်အနေနဲ့ မှတ်ပုံတင်တဲ့ကိစ္စကို ထပ်ပြောချင်ပါသေးတယ်။ မှတ်ပုံတင်တဲ့လုပ်ငန်းဆိုင်ရာ အခက်အခဲတွေကို ဖြေလျော့ပေးသွားမယ်ဆိုတာ မင်္ဂလာရှိတဲ့သတင်းပါ။ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းဆောင်ရွက်မယ့်နေရာ၊ စီမံကိန်းကာလ စတာတွေကို သေသေချာချာ ကြိုတင် ဖော်ပြပေးထားရပါတယ်။ မြန်မာနိုင်ငံအနှံ့အပြား ပေါက်ကရတွေ လုပ်ချင်တာလုပ်ဖို့ ထမင်းစားလက်မှတ် ထုတ်ပေးလိုက်တယ်လို့ မယူဆစေချင်ပါဘူး။ မှတ်ပုံတင်မရခင်မှာတော့ ဋ္ဌာနဆိုင်ရာဝန်ထမ်းဆိုရင် အကူစာရေးအဆင့်ကိုတောင် ဆရာ၊ ဆရာလို့ ခေါ်တတ်ကြပြီး မှတ်ပုံတင်ရပြီးသွားတာနဲ့ ညွှန်ချုပ်အဆင့်လောက်ကိုတောင် ထီမထင် မလုပ်ကြပါနဲ့လားဗျာ။ ကျွန်တော်တို့ပြောပြောနေတဲ့ HAP တို့၊ Sphere တို့ စတဲ့ စည်းမျဉ်းတွေထဲကလို ပါဝင်ပတ်သက်သူ (stakeholder) တိုင်းကို အသိအမှတ်ပြု လေးစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ကြီးဆိုပြီး လက်မ, မထောင်ကြပါနဲ့ဗျာ။
လူသားချင်းစာနာထောက်ထားမှုဆိုတာ အင်မတန် ဂုဏ်ယူစရာကောင်းတဲ့၊ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့အလုပ်ပါ။ မှန်မှန်ကန်ကန်သာ လုပ်တတ်မယ်၊ လုပ်ကြမယ်ဆိုရင် အမိမြန်မာနိုင်ငံတော်ကြီး ပြန်ပြီးမထူထောင်နိုင်စရာ အကြောင်းမရှိပါဘူး။ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူပညာရှင်တွေ စုစည်းနေတဲ့၊ စဉ်းစားတတ်သောဦးဏှောက်များ စုဝေးနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းဆိုတာ နိုင်ငံတော် တည်ဆောက်မှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။ ခဏတာခံစားခွင့်တွေအတွက် မျိုးဆက်သစ်တွေရဲ့အနာဂါတ်ကို အရောင်မဆိုးကြပါနဲ့။ ကုန်ကုန်ပြောမယ်ဗျာ ကိုယ့်နိုင်ငံကို ရောင်းမစားကြပါနဲ့။ ကျွန်တော်တို့အားလုံး ညီညွတ်ကြမယ်ဆိုရင် အချိန်တိုအတွင်း ပန်းတိုင်ရောက်ကြမှာပါ။ နောက်ဆုံးဗျာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းပါလို့ အမည်ခံထားကြတဲ့ အဲဒီဝန်ထမ်းတွေရဲ့ လစာတစ်ခုတည်းအပေါ်မှာပဲ ၀င်ငွေခွန်လေးကို ပီပီပြင်ပြင်ကောက်လိုက်စမ်းပါ။ ဘယ်သူ့ဆီကမှ အကူအညီတောင်းခံနေစရာမလိုဘဲ လှည်းတန်းခုံးကျော်တံတားမျိုး နှစ်စင်းလောက် ဆောက်လို့ရပါတယ်။
မှတ်ချက်။        ။ အပြောနှင့်အလုပ် မညီညွတ်သော အဖွဲ့အစည်းအချို့ကိုသာ ရည်ညွှန်းပါသည်။ သန့်ရှင်းသောစေတနာ၊ ခိုင်မာသော ယုံကြည်ချက်၊ ပီပြင်သော လုပ်ငန်းဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်နေကြသော မည်သည့်အဖွဲ့အစည်းကိုမျှ မဝေဖန်လိုပါ။
ဝန်ခံချက်။     ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ဆိတ်ကို တစ်အိတ်လုပ်ထားသည့် လုပ်ကြံဖန်တီးမှုများဖြင့် ရန်ပုံငွေတောင်းခံသည့် စီမံကိန်းအဆိုပြုလွှာ(Proposal)တစ်စောင်ကို လောလောဆည် ရေးသားနေပါကြောင်း …….။
ရတနာ (BRAVEHEART Foundation)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...