Friday, January 4, 2013

အသားကျခြင်းသီအိုရီ


by Soe Thiha Naung on Thursday, January 3, 2013 at 11:04am 

မှောင်ရီပျိုးစ။ ခုံလေးများကို ပလက်ဖောင်းတွင် အစီအရီချထားသည်။ လက်ဖက်ရည်ဆိုင်တော့ မဟုတ်၊ ဘီအီးဆိုင်။ အမြည်းများကို ပန်းကန် အသေးလေးများဖြင့် မှာနိုင်သည်။ ဘီအီးကတော့ သူငယ်ချင်း အပြောအရ ရှယ်ဘီအီး၊ စပ်စပ်စုစု မေးကြည့်တော့ ဘီအီးအဆီကို ပြန်စပ်ထားသည်ဟု သိရသည်။
ဘီအီးမကြိုက်သော သူငယ်ချင်း တစ်ယောက်က ထိုကဲ့သို့သော ဘီအီးစပ်ရာတွင် အရက်ဆီ အပြင်းစားကို နှီးဖျားနှင့်တို့ပြီး ထည့်သည်။ အဲဒီအတွက် အချိန်အဆမတတ်လျှင် အန္တရာယ်အလွန်များကြောင်း ပြောသည်။ ဘီးအီးကြိုက်သော သူငယ်ချင်းများကတော့ သိပ်လက်ခံချင်ပုံမရ။ ကျွန်တော် ကိုယ်တိုင် ကတော့ ဘီအီးမကြိုက်၊ တစ်ပွဲ တစ်ရာလောက်နှင့် ငရံ့ခြောက်၊ ဆတ်သားခြောက်၊ ကြက်ရိုးပဲဟင်း စသည်ဖြင့် အမျိုးစုံလှသော အမြည်းများကို တစ်ပွဲပြီးတစ်ပွဲမှာစားရတာကို ကြိုက်သည်။ လမ်းမီးတိုင် အောက်တွင် ထိုင်ပြီး တံတားကြီးကို ငေးကြည့်ရတာ ကြိုက်သည်။
အရက်ကိုတော့ အဖြစ်လောက်သာ သောက်လေ့ရှိသည်။ အများအားဖြင့် သောက်ဖြစ်သည်က ဂရန်းရွှေပတ်၊ ပုလင်းပြားအသေးလေး ဝယ် တစ်ခွက်စာ နှစ်ပက်လောက် ထည့်ပြီးလျှင် ရပြီ။ ကျန်တာကိုတော့ ဘီအီး မကြိုက်သည့် သူငယ်ချင်းက သောက်လေ့ရှိသည်။

ဆိုင်ကြီးကနားကြီးမှာ ထိုင်ပြီး သောက်ရတာထက် အခုလို လမ်းဘေးဆိုင်လေးတွေမှာ အမြည်းတွေ အများကြီး စားလို့ရတဲ့ နေရာတွေမှာ သောက်ရတာကို နှစ်သက်သည်။ ပွဲသိမ်းတိုင်း ပန်းကန်တွေ တောင်လို ပုံနေသည်က ထုံးစံ။ ထိုကဲ့သို့သော ဆိုင်လေးများအနေဖြင့် လမ်းဘေး ပလက်ဖောင်းတွင်လဲ ရှိသလို၊ ဆိုင်နှင့်ကနားနှင့်လဲ ရှိသည်။ ထိုင်ပါများလာတော့ ဘယ်ဆိုင်က ကြက်ရိုးပဲဟင်းကောင်းတယ်၊  ဘယ်ဆိုင်ကတော့ဖြင့် ငရံ့ခြောက်က မငန်ဘူး စသည်ဖြင့် လျှာအမှတ်အသားတွေ ဖြစ်လာသည်။ တကယ်တော့ အမြည်းပန်းကန်ကို ကြည့်လျှင် ဘယ်လိုမှ စားမလောက်သော အနေအထားသာ ပါသည်။ ဟကောင်ရ .. အမြည်းပါဆိုမှ အမြည်းလောက်ပဲ ရမှာပေါ့။ မင်းက အမြည်းစားတာမှ မဟုတ်တာ၊ ထမင်းစားသလို လာစားနေတာကိုးဟ ဟု သူငယ်ချင်းက သူမြည်းနေသည့် ပန်းကန်က တစ်ဖတ်တည်းကျန်နေသော ငါးခြောက်ကို ယူရင်းပြောသည်။ မင်းလိုကောင်နဲ့ သောက်ရတာ စိတ်အတော်လေဖို့ ကောင်းတယ်၊ အမြည်းစားမယ် ကြံရင် မရှိတော့ဘူး။ မင်းလက်ချက်မိသွားပြီဟု ပြောသည်။ ငါက ဒီမှာလာပြီး ထမင်းစားသလို စားနေတာ မဟုတ်ဘူး၊ ဘဝမှာကွာ ဘာမဟုတ်တဲ့ ပိုက်ဆံလေးနဲ့ မြည်းချင်ရာ မြည်းခွင့်ရတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချနေတာကွ။ ဒါမျိုး ဘယ်နေရာမှာ ရနိုင်မလဲဟု ပြန်ပြောဖြစ်သည်။

ဟိုလူကမှ အရက်သမား အစစ်ကွဟု သူငယ်ချင်းက လက်တို့တော့။ သေသေချာချာ ကြည့်ဖြစ်သည်။ သူမှာထားသည်က ဘီအီးတပုလင်း မြေပဲတစ်ပန်ကန်နှင့် ဆားတစ်ပန်းကန်၊ အရက်တစ်ခွက်သောက်လိုက် မြေပဲလေး တစ်စိဝါးလိုက်၊ ဆားလေးတစ်တို့ တို့လိုက်နှင့် ဟန်ကျနေသည်။ နောက်သူငယ်ချင်း တစ်ယောက်ကတော့ အရက်သမားအစစ်ကြီး ဖြစ်နေပြီဆိုတော့ သူဘဝက တန်ဖိုးကြီးလာပြီပေါ့ကွာဟု ပြောသည်။ မင်းက ဘာဆိုင်လို့လဲဆိုတော့ သူ့အတွက် နေ့ရက်တွေက သိပ်မကျန်တော့ဘူးလေကွာ၊ ဒီတော့ နေ့ရက်တိုင်းဟာ တန်ဖိုးကြီးလာတာပေါ့။ အဲဒီတန်ဖိုးကြီးလာတဲ့ ရက်တွေတိုင်းမှာ အရက်ကို တန်ဖိုးရှိရှိ သောက်နေပုံပဲကွ၊ သူ့ကြည့်ရတာ ဖောနေပြီ၊ ရှောတော့မယ်ထင်တယ် ဟု အချင်းချင်း တီးတိုးပြောဖြစ်သည်။ ဘီအီးမကြိုက်သော သူငယ်ချင်းကတော့ ဟေ့ကောင်တွေ မင်းတို့ သူများ ဖောရှောမှာကို သွားပြောမနေနဲ့၊ မင်းတို့ ဖောပြီးမရှောအောင် နေဖို့လိုတယ်ဟု ပြန်ပြောသည်။

ညသည် တစ်စထက်တစ ပီပြင်လာသည်။ အစက ဆူညံပွက်လောရိုက်နေသော အသံများသည် အရက်အရှိန်ကြောင့် ဆည်းချက်တွေလို ဖြစ်လာသည်။ အစက သဟဇာတ မဖြစ်သော အရက်ဝိုင်းမှ ဆူညံဆူညံ အသံများသည် အရက်၏ တန်ခိုးနှင့်အတူ အသားကျလာသည်။ တစ်ခါတစ်ခါ ဘဝဆိုတာ ကာလဒေသအလိုက် အသားကျဖို့ပဲလိုတယ်၊ ဒါဆိုရင် ဘယ်နေရာဖြစ်ဖြစ် နေတတ်ရင် နေတတ်စရာပဲဟု တွေးမိသည်။ လမ်းဘေးပလက်ဖောင်းက အရက်ဆိုင်သေးသေးလေးတွင် အသားကျနေသည့် ကိုယ့်အဖြစ်ကို ကျေနပ်စိတ်တွေပင် တစ်ဖွားဖွားပေါ်လာသည်။ ပန်းကုံးတွေ၊ ဘီယာဂျားတွေ ကြားထဲမှာ အသား သွားကျနေတာထက်စာရင် အခုအခြေအနေက အများကြီး ပိုက်ဆံကုန် သက်သာသလို၊ ကိုယ်နဲ့ တန်ရာတန်ရာ ဖြစ်နေသေးသည်။

သူငယ်ချင်း တစ်ယောက်ကတော့ ထိုကဲ့သို့သော ပန်းကုံးယဉ်ကျေးမှု၊ ဘီယာယဉ်ကျေးမှုထဲမှာ အချိန်အတော်ကြာ အသားကျပြီး အခုတော့ စီးပွားရေး အခြေအနေ မည်သို့ ရှိသည်မသိ၊ အသားကျနေကြနေရာတွေကို ခြေဦးမလှည့်နိုင်တော့၊ တစ်ခါတစ်လေ ကျွန်တော်တို့နှင့် လိုက်ထိုင်လျှင် နန်းကျဘုရားတစ်ပါးလို ငူငူကြီးထိုင်နေတတ်သည်။ အမြည်းလည်းမစား၊ အရက်လည်း ဟုတ်တိပတ်တိ မသောက်။ ပလက်ဖောင်း၊ လမ်းမီး၊ ဟိုမှာ တံတာကြီး ဘယ်လောက် လှလိုက်သလဲကွာဟု စိတ်ပြေလက်ပျောက် ပြောကြည့်တော့၊ စင်မြင့်၊ ဆလိုက်မီး၊ ပန်းကုံးလောက် စိတ်ဝင်စားပုံမရ၊ ဓာတ်တိုင်ကို ငေးကြည့်နေသော သူငယ်ချင်း၏ အမြင်တွင် ဓာတ်တိုင်သည် သူ ပန်ကုံးစွတ်သော ကောင်မလေး အမှတ်နှင့် ကြည့်နေသည်လား မသိ။

လောကကြီးမှာ အသားကျစွာ နေထိုင်နိုင်ခြင်းသည် တစ်နည်း ရောင့်ရဲတင်းတိမ်ခြင်းသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံစေ၏ဟု မှတ်ချက်ချမိသည်။ ရောင့်ရဲတင်းတိမ်ခြင်းသည် မင်္ဂလာတစ်ပါးဟုတော့ မင်္ဂလာတရားတော်နှင့် မတွဲလို။ လက်ဘေးအရက်ဆိုင်နှင့် မင်္ဂလာတရားတော် လားလားမှ မအပ်စပ်ဟု မချင့်မရဲ တွေးမိသောကြောင့်။ ဘာပဲ ဖြစ်ဖြစ် နာမည်မရှိသော အရက်ဆိုင်လေးကိုတော့ ရောင့်ရဲအိမ်ဟု ကိုယ့်ဘာသာ နာမည်ပေးထားသည်။ သူငယ်ချင်းကို ပြောပြတော့ မင်းဟာက ဆင်ခြေကြီးပါကွာ။ ဘယ်လိုသောက်သောက် သေမှာက သေမှာပါပဲ။ ရောင့်ရဲပြီးသောက်သောက် မရောင့်ရဲပဲ သောက်သောက် သေမှာပါပဲ။ အခုတောင် အမြည်းကို မရောင့်ရဲနိုင်လို ပန်းကန်တွေ တောင်လိုပုံနေပြီမလားဟု ပြောသည်။ သူကတော့ အမြည်းပဲ ဖိစားနေသည့် ကျွန်တော်ကို ဘယ်တုန်းကမှ မကြည်၊ ကြိုက်သလောက်စားပါ။ နောက်တစ်ပန်းကန်မှာပါ။ ငါရှင်းပါ့မယ် ဆိုတာတောင် ဟေ့ရောင်က ငါက နောက်တစ်ပန်းကန်ရဲ့ အရသာကို လိုချင်တာမဟုတ်ဘူး။ အခုလက်ရှိစားနေတဲ့ ပန်းကန်က အရသာကို အရက်နဲ့ တစ်တိတိ မြည်းချင်တာဟဟု ဆိုသည်။ သူပြောတာ သိပ်တော့နားမလည်။ အင်း မင်းအရက်သမား အစစ်မဟုတ်သေးပါဘူးကွာဟု သူငယ်ချင်းက ပြောသည်။

အရက်သမားအစစ်တဲ့။ ဘယ်လိုမျိုးပါလိမ့်။ အရက်ကို သစ္စာရှိစွာ သောက်သူကို အရက်သမားဟု ခေါ်သလား၊ အရက်စွဲနေသူကို အရက်သမားအစစ်ဟု ခေါ်သလား။ သူငယ်ချင်း တစ်ယောက်ကတော့ အရက်သမား အစစ်ဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ် သူ့ ဒဿနကို ပြောသည်။ တကယ်တော့ အရက်သမား အစစ်ဆိုတာ အရက်ရဲ့ အရသာကို အစအဆုံးမြိန်မြိုန်ရှက်ရှက် ကြိုက်ပြီး သောက်တဲ့သူကို ခေါ်တယ်ကွ။ ငါဆိုကွာ၊ လျာဖျားလေးနဲ့ ထိတဲ့ ခါးသက်သက်အရသာ၊ နောက် လည်ချောင်းထဲကို ပူဆင်းသွားတဲ့ အရသာ၊ ဗိုက်ထဲမှာ နွေးနွေးလေးဖြစ်လာတဲ့ အရသာ၊ သွေးလည်ပတ်မှုတွေ ကောင်းလာလို့ လန်းဆန်းလာတဲ့ အရသာ၊ နောက် နည်းနည်းထွေလာတဲ့ အရသာ၊ နောက်မူးလာတဲ့ အရသာပေါ့ကွာ။ ကသိုင်းရှုသလို အစအဆုံးလိုက်ကြည့်ပြီး အစအဆုံးကြိုက်နေတော့ ငါကမှ အရက်သမားအစစ်ကွ။ အဲ .. အဲဒီလို အရက်ရဲ့ အရသာက လက်မစ်တတ်လာရင် မရတော့ဘူး။ ဒီတော့ လတ်မစ်ကို ဘယ်တော့မှ အတက်မခံဖို့လဲ လိုသကွဟု ဆိုသည်။ သူကတော့ သူပြောတဲ့အတိုင်း ဟုတ်ပုံရသည်။ သူက အရက်ကသိုင်းဆိုသော စကားကို အမြဲတမ်းပြောသည်။ အားလုံးက အရက်ကသိုင်းကို ရန်ကသိုင်းဟု ပြောင်းပြီးသူကို ရန်ကသိုင်းဟု နောက်ခေါ်ကြသည်။ ကျွန်တော်ကတော့ အရက်ကို မကြိုက်၊ အရက်ဆိုင်နှင့် သဟဇာတဖြစ်ရုံ အမြည်းစားကောင်းရုံသာ သောက်တတ်သည်။ အမြည်းများသည် အရက်သောက်မှ အရက်နှင့်မြည်းမှ ချိုသည့်အရာက ပိုချို၊ အီသည့်အရာက ပိုအီ၊ စိမ့်သည့် အရာက ပိုစိမ့်ပြီး စားလို့ကောင်းလေ့ရှိသည်။ တစ်ခါက လမ်းကြုံသဖြင့် ထမင်းနှင့်စားဖို့ အမြည်းတွေ အများကြီး ဝယ်လာဖြစ်သည်။ အိမ်ရောက်တော့ ဘယ်လိုမှ စားမကောင်း၊ အရသာမရှိ။ သူငယ်ချင်းကို ပြောပြတော့ ဟေ့ကောင် မင်းက အရက်နဲ့ တွဲဖက်တဲ့ အမြည်းတွေအပေါ် သစ္စာမရှိတဲ့ကောင်ဟု ထောမနာပြုသည်။

အရက်ဆိုင်ကလေးသည် ပိတ်ရက်မရှိ။ ဆိုင်ရှင်က သဘောလဲ ကောင်းသလို၊ မျက်နှာလဲ ချိုသည်။ စားပွဲထိုးလေးများကလဲ အားလုံးနှင့် ဘော်ဒါလေးတွေ ဖြစ်လို့နေသည်။ လာသောက်သူများသည်လဲ အများအားဖြင့် မျက်နှာစိမ်းတွေ မပါ။ သောက်နေကြ ဖောက်သည်တွေသာ များသည်။ လူမှုဝန်းကျင်လေး တစ်ခုဖြစ်လို့နေသော အရက်ဆိုင်လေးတွင် အရာအားလုံးသည် သစ္စာရှိစွာ လည်ပတ်နေတတ်သည်။ တစ်ချက်တစ်ချက် လွင့်လာတတ်သော မြောင်းပုတ်နံ့၊ တစ်ချက်တစ်ချက် ဖြတ်သန်းသွားသော ကားသံ စသည်ဖြင့် အရာအားလုံး သူ့နေရာနှင့်သူ အံဝင်ဂွင်ကျ ဖြစ်နေတတ်သည်။ ဒီဆိုင်လေးကို ခဏခဏ လာထိုင်ဖြစ်သည်။ တစ်ခါမှ ရန်ဖြစ်တာ မတွေ့ဖူး။ ဘီယာဆိုင်ကြီးများတွင် သွားထိုင်မည် ဆိုပါက ဆယ်ခါတစ်ခါ ရန်ပွဲနှင့်တိုးတတ်သည်။ အရက်ဆိုင် ရန်ပွဲဆိုလျှင် အင်မတန် အမြင်ကပ်လေ့ရှိသော သူငယ်ချင်းက လာကွာ၊ ဒီမှာ မထိုင်တော့ဘူးဟု အတင်းထထွက်တတ်သလို ကျွန်တော်တို့ကလဲ ထဆွဲတတ်သည်။ အရက်ဆိုင်တွင် ရန်ဖြစ်သောသူများနှင့် ပတ်သက်ပြီး သူငယ်ချင်းက သူ့ဒဿနကို ပြောပြသည်။ တကယ်တော့ အရက်သောက် မူးပြီးရမ်းတယ်ဆိုတာ အရက်ကို ကာဗာယူပြီး လုပ်ချင်ရာလုပ်တာပဲ။ အရက်အပေါ် သစ္စာဖောက်တာပဲဟု ဆိုသည်။ ဒါကတော့ ကျွန်တော်ကိုယ်တိုင် အတိုင်းအတာ တစ်ခုအထိ လက်ခံနိုင်သည့် အနေအထားအဖြစ် သတ်မှတ်ထားသည်။

ကျွန်တော် အိမ်နားတွင် နေသော အရက်သမားတစ်ယောက်သည် အရက်မူးလာပြီဆိုသည်နှင့် လူတိုင်းသိသည်။ လမ်းထိပ်မှာကတည်းက ဘယ်ခွေးမှ လူမထင်ဘူးကွ၊ မင်းတို့အားလုံး မိုက်ရင် ထွက်ခဲ့ ကျန်တဲ့ကောင်နဲ့ ချမယ်တို့၊ ငါ့ကို ဘာထင်နေသလဲ၊ အကုန် ကိုင်လိုက်လို့ အညောင်းပြေသွားမယ်၊ ငါက နှိပ်လာတာ အံတိုနေပြီတို့ စသည်ဖြင့် ပုံစံမျိုးစုံ အော်ဟစ်နေတတ်သည်။ သူအော်ဟစ်ပြီး ပြန်လာတိုင်း ကျွန်တော်ကတော့ အမြဲတမ်းပြုံးမိသည်။ အိမ်နားရောက်လေ အသံပိုကျယ်လေ၊ အိမ်နားရောက်လေ အသံပိုကျယ်လေ ဖြစ်လာတတ်သော သူ့သဘောကို နောကျေနေပြီဖြစ်သည်။ သူ မမူးသည့်အချိန် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး သူ့အကြောင်း မေးကြည့်မိတော့ ငါက အရက်ကို သစ္စာမဖောက်ချင်ပဲ ဖောက်နေရတဲ့သူပါဟု ပြောသည်။ ကျွန်တော်ကလဲ ထူးထူးဆန်းဆန်းဆိုတော့ သူ့စကားကို စိတ်ဝင်စားမိသည်။ ငါက တကယ်တန်းတော့ အရက်မူးတာကို အကွယ်ယူပြီး ငါ့အိမ်မှာ စိတ်အချမ်းသာဆုံး အချိန်တွေကို ဖန်တီးနေရသူပါကွာဟုဆိုသည်။ အရက်မူးလာတဲ့ အချိန် တစ်ချိန်ပဲ ငါ့ကို ယောခက္မကြီးက ဘာမှမပြောတာဟု ဆိုသည်။ သူ့အိုင်ဒီယာနှင့်သူတော့ ဟုတ်နေတာပဲဟု မှတ်ချက်ချမိသည်။ တစ်ချို့တွေကတော့ ထိုသို့မဟုတ်၊ အရက်သောက်ပြီး မူးလားလျှင် အရက်ကို ပိုက်တပ်ပြီး လောင်းထည့်သလို သောက်တော့သည်။ ပြီးရင် ပုဆိုးမနိုင်၊ ပုဝါမနိုင် လူမှန်း သူမှန်းမသိအောင် မူးသွားတတ်သည်။ တစ်ယောက်ဆိုလျင် သူမမှောင်ခင် အချိန်အထိ အဆဲမျိုးစုံဆဲပြီး နောက်ဆုံး မှောက်သွားတော့မှ အဆဲရပ်တော့သည်။ သူလဲ အရက်ကို သစ္စာ မရှိသူ တစ်ယောက်ပေပဲဟု မှတ်သားမိသည်။

ကောင်းကင်တွင် လပြည့်ည ဖြစ်သည်နှင့်အညီ လင်းထိန်နေသည်။ သို့သော် လရိပ်က မပူ၊ အေးမြသည်။ လရိပ်၊ အရက်ဆိုင်၊ ပလက်ဖောင်း၊ လမ်းမီး၊ ဟိုးအဝေးက တံတားကြီး တစ်ခါတစ်လေ လေဝေ့လာသော မြောင်းပုတ်နံ့၊ တစ်ချက်တစ်ချက် ဖြတ်မောင်းသွားသော ကားသံ၊ အရက်ဝိုင်းများ၏ ဆူညံသံများ၊ အရာအားလုံးသည် သူ့နေရာနှင့်သူ အသားကျနေသည်။ သူငယ်ချင်း တစ်ယောက်က ကဲ .. အားလုံးပြန်ကြရအောင် ညည့်နက်နေပြီကွဟု သတိပေးသည်။ အားလုံး ကားပေါ်တက် ပြန်မည့်လမ်းပေါ် မောင်းထွက်လိုက်သည်နှင့် အစပြုပြီး အသားမကျမှုများ တစ်ခုပြီးတစ်ခု ကြုံလာရတော့သည်။ မီးပွိုင့်နီတာ ကြာသည်။ ဆိုက်ကားက လမ်းပိတ်မောင်းနေသည်။ ဟိုနားက ယဉ်ထိန်းရဲ ကုန်ကားဆီက အာရကေ ချွေနေသည်။ လမ်းတွေက ပျက်နေသည်။ အင်း ... အသားတော့ မကျဘူးပေါ့။ ဒါပေမယ့် အသားကျအောင်တော့ နေရဦးမည်ဟု သက်ပြင်းချမိသည်။ တကယ်တော့ ရေသီအိုရီအတိုင်း အရက်ဆိုင်လေး၏ ပုံစံခွက်တွင် အသားကျပြီး ခဲလာသည့်အတွက် အရည်ဖျော်ချပြီး အိမ်အပြန်လမ်း၊ နေရာအိမ်ခန်း ပုံစံခွက်ထဲ လောင်းထည့် အားလုံး အသားကျအောင် လုပ်ရဦးမယ်။ အဲ အချိန်တော့ နည်းနည်းယူရတာပေါ့ဗျာ ....

(လွန်ခဲ့သော ဆယ်နှစ်ခန့်က မှတ်တမ်းကို ဝတ္ထုတိုအဖြစ် ပြန်အသက်သွင်းသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...