လွှတ်တော် နဲ့ အစိုးရဟာ ပြည်ထောင်စု ပြိုကွဲဘို့ လုပ်နေကြသလား။
လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် လူထုသည် မကုန်ခမ်းနိုင်သော စွမ်းအားဖြစ်သည်။ လူထုထံမှ သင်ကြားလေ့လာ စရာများ များစွာရှိပါသည်။
သို့ရာတွင် မျက်မှောက်အချိန်၌ နိုင်ငံရေးခေါင်းဆောင်က လူထုကိုဟိုဟာမလုပ်နဲ့၊
သည်လို လုပ်ပါ၊ ဟူ၍သာ သင်ကြားပို့ချ၊ လမ်းညွှန်ချက်ပေးနေကြ သည်ကများလွန်းနေသည်။ လူထု
ထံမှ သင်ကြားလေ့လာ ရန်၊ လူထု၏ သဘောထားအမြင်များကို အလေးထားစု ဆောင်းရန်၊ လူထုကို လေးစားကြောင်း
လက်တွေ့ပြသရန် တို့ မှာ နည်းလွန်းလှသည်။ မိမိလုပ်သည့် လုပ်ငန်း နှင့် စပ်လျှဉ်း၍ လူထုအား
တန်ဘိုးထားကာ ရှင်းလင်းပြောပြရန်မကြိုး စားတော့ဘဲ “ လူတိုင်းကြိုက်အောင်
မလုပ်နိုင် ဘူး၊” “ မကြေနပ်ရင်လဲကိစ္စ မရှိဘူး။” ဟု မာကြောစွာ တုန့်ပြန်ကာ
ခေါင်းဆောင်ကို အဓိကထား သည့် နိုင်ငံရေးလုပ်ဟန် ပေါ်လာသည်ကို ၀မ်းနည်းဘွယ်တွေ့ရ သည်။
ပြည်ထောင်စု တည်ဆောက်ရေးအတွက်
ယခုကဲ့သို့ အရေးကြီးသောကာလမျိုးတွင် မြန်မာမဟုတ်သော တိုင်းရင်းသား များအား ဆင်နွှဲနေသော ထိုးစစ်များနှင့် စပ်လျှဉ်း မြန်မာတိုင်းရင်းသားများကိုယ်တိုင် လက်မခံနိုင်ကြောင်း နည်းပေါင်းစုံ ဆန္ဒ
ထုတ်ဖေါ်မှုများမှာ တန်ဘိုးကြီးလှသည်။ ကချင်ပြည်နယ်အတွင်း ဆင်နွှဲနေ သော ထိုးစစ်များရပ်ရန်
မုံရွာသူ/သား များ စုပေါင်း၍ ဆန္ဒထုတ်ဖေါ်နိုင်ရေးအတွက်
ဦးဆောင်လှုပ်ရှားခဲ့သော မြန်မာ အမျိုးသား ကိုအောင်ထွန်းဦး ၏ ပြော ကြားချက်မှာ မှတ်သားဘွယ်ကောင်းကြောင်း သတိပြုမိသည်။
" ကချင်ဆိုတာ ကျုပ်တို့ရဲ့
ပြည်ထောင်စုဝင်တိုင်းရင်သားတွေဖြစ်တယ်..။ ပြည်ထောင်စုရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တွေဖြစ်တယ်..။
တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်နေတာဖြစ်တာကြောင့် ကျုပ်တို့မုံရွာသားတွေက
ပြည်ထောင်စုမပြိုကွဲရေးကိုရှေးရှုပြီး ဆန္ဒဖော်ထုတ်ရတာပါ။"
ကိုအောင်ထွန်းဦးသည် နိုင်ငံရေးခေါင်းဆောင်တဦး မဟုတ်ပါ။ သို့ရာတွင် သူ၏ ပြောကြားချက်သည် စာရေးသူ၏ အသဲနှလုံးကိုပင် လှုပ်ခါသွားစေသည်။ “တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်တာ ဖြစ်တယ်” --- တဲ့။
“ ပြည်ထောင်စုမပြိုကွဲရေးကိုရှေးရှုပြီး
ဆန္ဒဖော်ထုတ်ရတာပါ” --- တဲ့။ ကောင်းလိုက်တဲ့ သဘော ထား နဲ့ တွေးခေါ်မှုပါလား ကိုအောင်ထွန်းဦးရယ်။ ယင်းကဲ့သို့ရှင်းလင်းသောသဘောထား နှင့် တွေးခေါ်မှုကို လက်ရှိ လွှတ်တော်ကြီးတွင် တိုင်းပြည်၏ဘဏ္ဍာငွေများ နေ့စဉ်သိန်းပေါင်းထောင်နှင့် ချီ အကုန် အကျခံကာ ထိုင်ဆွေးနွေးနေ ကြသည့် ပုဂ္ဂိုလ်ကြီးများ အနက် ယနေ့အချိန်အထိ မည်သူတဦးတယောက်ထံကမျှ မကြားသိရပါ။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဥပဒေကြောင်းအရ လွှတ်တော်ဘာတွေ လုပ်နေသလဲ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးများအား အာမခံချက် မပေးနိုင်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်
မဟုတ်သောကြောင့် လက်မခံနိုင်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံးနီးပါးက
နည်းပေါင်းစုံနှင့် ဆန္ဒထုတ်ဖေါ်ခဲ့သည်မှာ နှစ်တချို့မျှကြာ ခဲ့ပါပြီ။ အတုအယောင် လွှတ်တော်ကြီးသည် တလျှောက်လုံး မသိခြင်ယောင်ဆောင်ခဲ့သည်။ တိုင်းရင်းသား အခွင့် အရေးတိုးတက်ရရှိစေရန် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့်ပြဌာန်းချက်ကိုမျှ ပြင်ဆင်ခဲ့ခြင်းမရှိ။ ဖွဲ့စည်းပုံနှင့် စပ်လျှဉ်း၍ မည်သည့်
လွှတ်တော် ကိုယ်စားလှယ်ကမျှ လူထုထံမှ စနစ်တကျ သဘောထားအမြင်စုဆောင်းမှု မရှိခဲ့။ ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းများအား ပြင်သင့်ကြောင်းဖြင့် မည်သည့် နိုင်ငံရေးပါတီကမျှ အားကောင်းကောင်း အဆိုတင်သွင်းခြင်း မပြုခဲ့။ စစ်အာဏာရှင်စနစ်တည်မြဲရေးကို
အသက်သွင်းထားသည့်၂၀၀၈ ဖွဲ့စည်းပုံလောင်းရိပ် အောက် တွင်သာ အေး အေးသာသာ ပျော်မွေ့နေကြသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသမတ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၏သား နိုင်ငံရေးသိပ္ပံပညာရှင် ကျောက် ဇန်း ယောင်ဝေ က “ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်လို့ တိုင်းရင်းသားတွေရဲ့ လူနေမှု ဘ၀ဟာ တိရစ္ဆာန် သာသာမျှ အထိ ကျဆင်းသွားခဲ့တယ်။”
ဟုမှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် လွှတ်တော်အမတ်များအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးမှာ ၄င်းတို့နှင့် မဆိုင်သကဲ့သို့ဖြစ်နေသည်။ အထူးသဖြင့် တိုင်းရင်းသား လူထုများ၏ လူနေမှုဘ၀ မြင့်တက်ရေး အတွက်
၎င်းတို့မြေယာကို ၄င်းတို့ဖာသာ အဓိက စီမံခန့်ခွဲခွင့် ပေးရမည် ဟူသည်ကိုပင် မျက်ကွယ်ပြုနေကြသည်။ ဥပဒေပြုလွှတ်တော်ကြီး ဟူသည် ရွှေကျောင်း ပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေသည်။ အပေါ်ယံရွှေမှုံကြဲထားသော်လည်း အတွင်းမှာ တန်ဘိုးထား လောက်သည့်အရာ ရှာ၍ မတွေ့သေး။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်း စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းက “ ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေးဖြစ်တယ်။” ဟူ၍
အကြောင်းပြပြီး တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးကို နှစ်ပေါင်း ငါးဆယ်ကျော် ရက်စက်စွာဖိနှိပ်အုပ်ချုပ်ခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ရောက်မှသာ ထိပ်သီးစစ်ခေါင်းဆောင် ဟောင်းတဦး ဖြစ်ခဲ့သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံလည်ပတ်နိုင်ရေးအတွက် ထိပ်ဆုံးတန်းတွင် တာဝန်ယူနေဆဲဖြစ် သော သူရဦးရွှေမန်းက တိုင်းရင်းသားများ လို လားသော ဖက်ဒရယ်ကို စကားလုံး အတိအကျ ရည်ညွှန်းလျှက် လက်ခံကြောင်း ၀န်ခံလာရသည်။ သို့ရာတွင် လက်တွေ့မှာ
မည်သို့ဖြစ်လာမည်နည်း။
သူရဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အရေးယူခဲ့ သည့် အချိန်၌ “လူတိုင်းဥပဒေရှေ့မှောက်မှာ တန်းတူ ရှိတယ်” ဟူသည့်
ဥပဒေစိုးမိုးရေးစကားလုံးကို အကျယ်လောင်ဆုံး သုံးခဲ့သူ ဖြစ်သည်။ အခြေခံလူထုများသာ
မက ဥပဒေစိုးမိုးရေးကို တောက်လျှောက်လေ့လာခဲ့သော
စာရေးသူကိုယ်တိုင်ခေါင်းထောင်ကြည့်မိခဲ့သည်။ ယခုဆယ် နှစ်ကြာခဲ့ပါပြီ။ ဥပဒေစိုးမိုးရေးမှာ
အဆိုးဝါးဆုံးဖြစ်နေသည်။ တပြည်လုံးရုပ်ပျက်ဆင်းပျက် ဖြစ်လျှက်ရှိနေသည်။
ယခုလည်း “ ဖက်ဒရယ် ” ကို ပွဲထုတ်လာပြန်ချေပြီ။ သို့ရာတွင် လွှတ်တော် ဥက္ကဌနေရာတွင် ရှိနေပါလျှက်
ဖက်ဒရယ် ဥပဒေ မူကြမ်းရေးဆွဲနိုင်ဘို့ လူထုထံမှ သဘောထားတောင်းယူရန် မည်သည့်လုပ်ငန်းစဉ်မျှ
မချမှတ်။ ဖက်ဒရယ်နှင့် စပ်လျှဉ်း၍ လွှတ်တော်ပြင်ပမှ မည်သည့် အဖွဲ့အစည်းခေါင်းဆောင်များ၊
ပညာရှင်များကိုမျှ ဖိတ်ကြား၍ လေ့လာမှုမပြု။ ဖက်ဒရယ် အခြေခံကို ၂၀၀၈ ဖွဲ့စည်းပုံ နှင့်
တည်ဆောက်၍ရနိုင်မရနိုင် ဆွေးနွေး၊ တင်ပြမှုများ ပြုကြရန် လူထုကို အား မပေး၊ လွယ်လင့်တကူပင် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနု
တို့နှစ်ဦးကိုသာ ဖက်ဒရယ်ဥပဒေမူကြမ်းရေးရန် တာဝန်ပေး လိုက်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းမှာပင်
ရေးသားကြရန် ဘောင်ခတ်လိုက်သေးသည်။ ဖက်ဒရယ် ဥပဒေကို၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းမှာ
ရေးဆွဲပါ ဟူသည်မှာ နတ်ပြည် ရောက်အောင်သွားဘို့ လှေခါးထောင်တက်ပါ ဟု မှာကြား လိုက်သကဲ့သို့ပင်။
ချုပ်၍ဆိုရလျှင် တိုင်းရင်းသားများ၏
ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပေါ်တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သည့်
ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် လွှတ်တော်သည် ဥပဒေကြောင်းအရ ဘာတခုမျှ မယ်မယ်ရရ
မလုပ်သေးကြောင်း သုံးသပ်ရပါမည်။
ကချင်ပြည်တွင်းစစ်အတွက် လွှတ်တော်
ဘာလုပ်ခဲ့သလဲ။
ကချင်ပြည်နယ်အတွင်း၌
အပစ်အခတ်ရပ်စဲရေး ပျက်သုဉ်းပြီး နှစ်ဘက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်
တနှစ်ခွဲ ကာလအတွင်း လွှတ်တော်သည် အရေးယူဆောင်ရွက်မှု တခုမျှမပြုခဲ့။ “ လွှတ်တော် အထက်မှာ မိုးကောင်းကင်သာ
ရှိတယ်။” ဟူသည့် စကားလုံးကို အသံ ကုန်အော်၊ ကောင်းကင်ကို မော်ကြည့်ရင်း၊ အောက်ခြေလွတ်ကာ
လူထုဘ၀ကို မေ့လျော့ထားကြသည်။ စစ်မှန်သည့် လူထုကိုယ်စားလှယ်အချို့ရှိနိုင်သော်လည်း ၄င်းတို့မှာ
ကိုယ်စားလှယ် အတု အများစုကြီး အကြားတွင် ညပ်နေပြီး ဘာမှ လုပ်ခွင့်မရ။ လုပ်ခွင့်ရအောင်လည်း စွမ်းစွမ်းတမန်မကြိုးစားကြ။
ဘာကြောင့် ပစ်ခတ်မှုပြန်လည်ဖြစ်ပွားရသည်၊
ယင်းအတွက် မည်သူ့တွင် တာဝန် ရှိသည်၊ ဤမျှကြီးမားလှသော စစ်စားရိပ်များ ကျခံနေခြင်းအားဖြင့်
ပြည်သူလူထုအတွက် သုံးရမည့် ဘဏ္ဍာငွေများ မည်မျှအထိ ထိခိုက်နေသည်၊ အောက်ခြေ တပ်မတော်သားများ မလိုအပ်ဘဲ အဘယ်ကြောင့်အသက်ဆုံးရှုံးခံနေကြ
ရသည်၊ စစ်ဘေးဒုက္ခသည် ပြည်သူများ ရသင့် သည့် လူမှုရေးအကူအညီများ မရအောင် အစိုးရက အဘယ်ကြောင့်
ပိတ်ပင်ထားသည်၊ စသည် တို့အား လွှတ်တော် အနေဖြင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား တရားဝင်မေးမြန်းခြင်း၊
စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းများ မပြုခဲ့။ ကေအိုင်အိုဟာ ခွဲထွက်ဘို့ကြိုးပမ်းနေကြတာမဟုတ်၊
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဘို့တောင်းဆိုနေ ပါလျှက် အစိုးရက နိုင်ငံရေးအရဘာကြောင့်
လက်ခံ ဆွေးနွေးမပေးသလဲ ဟူ၍ ဦးသိန်းစိန်အစိုးရကို မေးမြန်း ဖိအား ပေးသည့် လွှတ်တော်အမတ်တဦးမျှ
မတွေ့ရ။
၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၄ ရက်နေ့မှစတင်ကာ အစိုးရသည်
တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ် များ၊ အမြောက် လက်နက်ကြီးများပါ သုံး၍ တိုက်ခိုက်နေသည်ကို
မသိယောင် ပြုထားခဲ့ကြသည်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း ဤမျှကြီးမားလှသော စစ်အင်အားကြီးများနှင့်
ရက်ရက်စက်စက်ထိုးစစ်ဆင်တိုက်ခိုက်လျှင် ခုခံစစ်ဆင်နွှဲနေ ရ သော ကချင်လူထုတွင် လူမျိုးရေးမုန်းတည်းမှုများ
ပေါ်လာနိုင်သည်ကို သိပါလျှက် လွှတ်တော်သည် တနှစ်ခွဲလုံးလုံး ရေငုံ နုတ်ပိတ် နေခဲ့သည်။
ကချင်ပြည်နယ်တွင်
နှစ်ပေါင်း ၆၅ နှစ်ကြာပြည်တွင်းစစ်သမိုင်း၌ အကြီးမား အပြင်းထန်ဆုံး၊ အချိန်တိုအတွင်းငွေ ကုန် ကြေးကျ အများဆုံး
စစ်ဆင်ရေးကို အစိုးရက ဘာကြောင့်ဆင်နွှဲရသနည်း။ ပြည်ထောင်စုမှ ခွဲထွက်ဘို့ ကြိုးပမ်း
သည့် အတွက်လား။ “ ဆယ်နှစ်ကြာအောင် ပေါင်းပြီးမှ သူတို့တတွေ ဆက်ပေါင်းခြင်အောင်
မလုပ်နိုင်လျှင် ကျုပ်တို့ဗမာ တွေ ညံ့လို့ပေါ့။” ဟု ပြောကာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ၁၀ နှစ်ကြာပြီးလျှင်
ခွဲထွက်ခွင့်အခွင့်အရေး ပေးခဲ့ သည်။[i]
ယင်းကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်း ပေးခဲ့သည်။
ယခုနှစ်ပေါင်း ၆၅ နှစ်ကြာခဲ့ပြီ။
တိုင်းရင်းသားများမှာ ရုပ်ဝတ္တုအရ ဆင်းရဲငတ်ပြတ်၊ နိုင်ငံရေးအခွင့်အရေးလည်း ဘာမျှ မရှိဖြစ်နေသည်။
ခွဲထွက်ပိုင်ခွင့်တောင်းဆိုမည် ဆိုလျှင်ပင် အပြစ်တင်ဘို့မရှိ။ ခွဲထွက်ရန် ကြိုးပမ်းစေဦး။ နိုင်ငံရေး အရ
ပျော့ပျော့ပြောင်းပြောင်း ဆွေးနွေးပြီး အဖြေရှာကြဘို့သာ ရှိသည်။ စာရေးသူက ခွဲထွက်ရန်
အားပေးနေခြင်း မဟုတ်ပါ။ စဉ်းစားပုံ စဉ်းစားနည်းကိုသာ ထောက်ပြခြင်းဖြစ်သည်။ ကေအိုင်အိုက
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်သာဦးတည်ကြောင်း အကြိမ်ပေါင်းများ စွာပြောကြားခဲ့ပြီးဖြစ်သည်။
သို့ပါလျှက် ဤမျှကြီးမားပြင်းထန်၊ငွေကြေး အရ သောက်သောက်လဲကုန်၊ အောက်ခြေ ရဲဘော်ထု ထောင်
ဂဏန်းနှင့်ချီပြီး ကျဆုံး၊ ဒဏ်ရာရ၊ ဘ၀ နစ်နာပျက်စီးရ
လောက်အောင် စစ်ဆင်ရေးကြီး ဆင်နွှဲရ သည့် ဥပဒေ အရ အကြောင်းပြချက်[ii]
သည် အဘယ်နည်း။
စစ်မှန်သည့်
လွှတ်တော်တရပ်သာဆိုလျှင် ယင်းနှင့်စပ်လျှဉ်း၍ အစိုးရ ကို ထိရောက်သည့် မေးခွန်းများမေးကာ
တာဝန် ခံမှုကို ရှာဖွေရမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆) (က) နှင့် ဆန့်ကျင်ကာ
ပြည်ထောင်စု ပြိုကွဲအောင် လုပ်နေသလား ဟူ၍ မေးခွန်းများ ပြင်းပြင်းထန်ထန်မေးရမည် ဖြစ်သည်။
ကေအိုင်အိုကို မတရားသဖြင့် စစ်ဆင်ရေးကြီး ဆင်နွှဲသည့်အပေါ် မကြေနပ်သဖြင့် ကျန်အပစ်အခတ်ရပ်စဲရေး
လုပ်ထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းကြီးများကပါ မခံမရပ်နိုင်လာကြပြီး
ပြန်တိုက်လာကြလျှင် ပြည်ထောင်စုကြီးမှာ အမှန်ပင်ပြိုကွဲသွားနိုင်သည်။ တိုင်းပြည်၏ အမြင့်ဆုံးဖြစ်သော
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီး ကိုးဦးအား လွယ်လင့်တကူ စွပ်စွဲပြစ်တင်ကာ
ဖြုတ်ချခဲ့သော လွှတ်တော်သည် သမတ ဦးသိန်းစိန်အား စွပ်စွဲပြစ်တင်သင့်သည်ဟု မည်သူမျှ မဟရဲ။
ဖွဲ့စည်းပုံ ပုဒ်မ ၂၀၁ အရ တာဝန်အရှိဆုံးဖြစ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံေ၇းကောင်စီကို
မည်သူမျှလက်ညှိုး မထိုးရဲ။ အဘယ်ကြောင့်နည်း။ လွှတ်တော်သည် ပညာကို
ဘေးဖယ်ကာ အာဏာကို ကိုးကွယ်နေဆဲ ဖြစ်သောကြောင့် ပင်။ လွှတ်တော်တွင် ပြတ်သားသည့်ရပ်တည်ချက်မရှိ၊
ရှင်းလင်းသည့် တွေးခေါ်မှု ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။
“ တိုင်းပြည်တည်ငြိမ်ရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ ပြည်နယ် စီးပွားရေး လူုမှုရေး အခြေအနေများ တိုးတက်စေရေး နယ်မြေရှင်းလင်းရေး စစ်ဆင် နွှဲနေတာပါ။ ”
ဟု ကာချုပ်မင်းအောင်လှိုင် အကြောင်းပြနေသည်ကို မဟုတ်မှန်းသိပါလျှက်
ငြိမ်နေခဲ့ကြသည်။ ဒေသငယ်လေး တခုတွင် စွဲထားသော တပ်တချို့အား ရိက္ခာထောက်ပံ့ရေး အတွက်မျှပင်
တလကျော် စစ်ပွဲအတွင်း အမေရိကန်ဒေါ်လာ သန်းတရာကျော်မျှ အကုန်ခံ တိုက်ခဲ့ရသည် ဆိုလျှင်
စစ်စားရိပ်ကြောင့် လူထုကြီးတရပ်လုံး မည်သည့်အခါတွင်မျှ ဆင်းရဲတွင်းက ရုံးထွက်နိုင်မည်
မဟုတ်။ ယင်းကို သိပါ လျှက် လွှတ်တော်သည် တုတ် တုတ်မျှ မလှုပ်ခဲ့။
မိမိရှေ့မှောက်တွင် ပြစ်မှုကျူး
လွန်နေကြောင်း တွေ့ရပါလျှက် ၀င်ရောက်တားဆီးကာကွယ်မှု မပြုခြင်းသည် အားပေး ကူညီမှုမြောက်ပါသည်။
ပြည်ထောင်စု ပြိုကွဲရေးကို ဦးတည်သွားနိုင်သည့် လုပ်ရပ်များအား အစိုးရနှင့် စစ်တပ်
က ကျူး လွန်နေကြသည်ကို သိပါလျှက် ဘာတခုမျှအရေးယူဆောင်ရွက်ခြင်းမပြုခဲ့သော လွှတ်တော်သည်
အားပေးကူညီမှု ကျူး လွန်နေခြင်းဖြစ်သည်။ “တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ
ပြည်ထောင်စုကို ထိုးစစ်ဆင်တာ ဖြစ် တယ်” ဟူ၍
ထောက်ပြခဲ့သည့် ကိုအောင်ထွန်းဦးကဲ့သို့ ရှင်းလင်းသော အတွေးအခေါ်မျိုး လွှတ်တော်အမတ်များတွင် ရှိနေခဲ့လျှင် ယခုအချိန်ဆို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အတော်ပင် ခရီးပေါက်လောက်ပြီ ဖြစ်သည်။
ကချင်ပြည်နယ် စစ်ပွဲကိစ္စ လွှတ်တော်ဆုံးဖြတ်ချက် ဘာကြောင့်ထွက်လာခဲ့သလဲ။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄
ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့အား လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သားလူထုများ
သေကြေဒဏ်ရာရသောသတင်းမှာ နေ့ချင်းပင် တကမ္ဘာလုံးသို့ပြန့်သွားခဲ့သည်။ နိုင်ငံတကာ၏ တုန့်ပြန်
မှုမှာ အံ့သြဘွယ်ကောင်း လေစွ။ ထိုနေ့ တနေ့တည်းမှာပင် ဗြိတိသျှပါလီမန် အတွင်း၌ချက်ခြင်း အစည်းအဝေးခေါ် ခဲ့ကြ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန တာဝန်ရှိသူကို
မေးခွန်းတွေ အမျိုးမျိုးမေး၊ အရပ်သားလူထုကို ထိခိုက်စေသည့် အစိုးရ ၏ ထိုးစစ်ဆင်နေမှုများ
အမြန်ဆုံးရပ်ရန်၊ ပြသနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ သို့မဟုတ်ပါက
မြန်မာ နိုင်ငံအပေါ်ဆိုင်းငံ့ ထားသည့် ပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်နိုင်ကြောင်း
စသဖြင့် ဗြိတိသျှပါလီမန်က ဖိအားပေး သည့် ဆုံးဖြတ် ချက်များချခဲ့ကြသည်။ ထိုမှ နောက်တနေ့မှာပင်
ဥရောပသမဂ္ဂကလည်း အလားတူသဘောထားများပါ သည့် အပြင် စစ်ဘေးဒုက္ခသည်များ ရသင့်သည့် လူမှုရေး
အကူအညီများ အမြန်ဆုံးရအောင်ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း စသည်တို့ကို ပါ ၀င်ရောက်တောင်းဆိုပေးခဲ့သည်။
နိုင်ငံတကာက ပိတ်ဆို့မှုများ ပြန်လုပ်မည်ကို စစ်ခေါင်း ဆောင်များက ကျားထက်ပို၍ကြောက်ပါသည်။
သို့နှင့်ပင်
လွန်ခဲ့သည့် တနှစ်ခွဲလုံးလုံး နှုတ်ပိတ်နေခဲ့သည့် လွှတ်တော်သာမက အစိုးရ ပါ ကမူးရှူးထိုး
အလုပ်တွေ လုပ်ပြလာရတော့သည်။ ဇန်န၀ါရီလ (၁၅) ရက် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက် ထွက်လာပြီးနောက်
ဦးသိန်းစိန် အစိုးရသည် ၁၆ နှင့် ၁၇ ရက်နေ့များတွင် စစ်တပ်နှင့်ညှိကာ “ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ ရပ်ဆိုင်းမည့်
ကြေငြာ ချက်” ထွက်လာစေရန် ကတိုက်ကရိုက် နှင့် နှစ်ရက်တာမျှ အလုပ်လုပ်လိုက်ပုံရ သည်။ တချိန်တည်းမှာပင်
လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား လက်တို့ ထား မည့် သဘောရှိသည်။
ဗြိတိသျှပါလီမန်အတွင်း
ဇန်န၀ါရီလ ၁၄ ၇က်နေ့ဆွေးနွေးမေးမြန်း ခဲ့ကြသည်ကို စာရေးသူ အသေအချာ လေ့လာဖြစ် သည်။ ဘက်စုံ
ရှုဒေါင့်စုံမှ အကြိတ်အနယ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်းနှင့် ဆန့်ကျင်စွာ မြန်မာနိုင်ငံ
လွှတ်တော် ကို ကြည့်ပါ။ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် အမတ်တဦး အဆိုတင်ပြီးသည်နှင့် အခြားမည်သည့်
လွှတ်တော်အမတ်က မျှ ဟုတ္တိပတ္တိ မဆွေးနွေးခဲ့ကြ။ ချက်ခြင်းလိုလိုမှာပင် “ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေး နွေးပွဲများ အမြန်ဆုံးစတင်ကြရန်” သက်ဆိုင်ရာ တာဝန်ရှိ
အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအား တိုက်တွန်း ကြောင်း လွှတ်တော် ဆုံးဖြတ်ချက်
ထွက်လာခဲ့ သည်။ ဆုံးဖြတ်ချက်
ထွက်လာပြီး သုံးလေးနာရီ အကြာ တနေ့တည်း မှာပင် အစိုးရအဖွဲ့၏ကြေငြာချက် ထွက်ခဲ့သည်။ လွှတ်တော်
၏ တိုက်တွန်းချက်အ၇သာ ဆောင်ရွက်ရသည်မှန်လျှင် မည်မျှ အားကောင်းထက်မြက်သည့် အစိုးရဖြစ်စေ
သုံးလေး နာရီခန့်မျှအတွင်းတွင် ကြေငြာချက် ထွက်အောင်လုပ်နိုင် မည် မဟုတ်ပါ။ အစိုးရအဖွဲ့အတွင်းညှိနိုင်းတိုင်ပင်ရမည်များ
ရှိသည့် အပြင် ရေးပြီးသားစာကို အစအဆုံး အထပ်ထပ် စစ်ဆေးရမည် ဖြစ်သောကြောင့်ပင်။ အစိုးရနှင့် လွှတ်တော်အကြား ဇာတ်တိုက်ထားပြီး ကပြနေကြသည်မှာ ထင်ရှား
သည်။
လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ ကချင်ပြည်နယ်လူထုရဲ့
ရေရှည် အကျိုးစီးပွားအတွက် ဟုတ်ရဲ့လား။
သန်မာထွားကြိုင်းပြီး
မိုက်ရိုင်းရမ်းကား လိုသော ညီအစ်ကို လူကြီးနှစ်ယောက် လျှောက်သွားကြရင်း လမ်းပေါ်တွင် ၁၃ နှစ် အရွယ်ခန့် ကလေးတဦးနှင့် တွေ့သည်။ ညီငယ်လူကြီးက
ရန်စထိုးကြိတ်သဖြင့် ကလေးကလည်း ပြန်လည်ခုခံ ရှောင်တိမ်းလျှက်ရှိသည်။ တချီတချီလည်း ပြန်ထိုးခွင့်ရသည်။
ပွဲမှာ ကြည့်မကောင်း။ တဖက်စောင်းနင်း အနိုင်ကျင့် စော်ကားနေမှန်း သိသာသော်လည်း အကိုလုပ်သူသည်
ဝင်ရောက်ဖြန်ဖြေတားဆီးခြင်း မရှိ။ ခပ်ပြုံးပြုံး နှင့် ရပ်ကြည့်နေ သည်။ လမ်းသွားလမ်းလာ
လူကြီးတဦးက အမြင်မတော်သဖြင့် အနီးရှိတွေ့ရာတုတ်တချောင်း ကို ကောက်ကိုင်ပြီး ညီ ဖြစ်သူအား
ဝင်ရိုက်တော့မည် ရှိသောအခါတွင်မှ အကိုက “
ဟေ့ မင်းတို့ နှစ်ကောင် လုံး ရပ်ကြတော့။ ရန်ဖြစ်တာ၊ အကြမ်းဘက်တာ
မကောင်းဘူးဆိုတာ မင်းတို့နားမလည်ဘူးလား။”
ဟု အသံကုန် အော်လိုက်သည်။
ဤဥပမာတွင် ဦးသိန်းစိန်အစိုးရနှင့်
စစ်တပ်သည် ညီ ဖြစ်သည်။ လွှတ်တော်သည် အကို ဖြစ်သည်။ လွှတ်တော် ၏ တိုက်တွန်းဆုံးဖြတ်ချက်
ဟူသည်ကို အသေအချာလေ့လာပါ။ “ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်း ရေးဆွေး နွေးပွဲများ အမြန်ဆုံးစတင်ကြရန်” ဟူ၍သာ ဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်းရပ်ဘို့က အရင်လာ သည်။ လွှတ်တော်သည် ပစ်ခတ်တိုက်ခိုက်မှုများ
ဖြစ်ရသည့်အကြောင်းရင်းအားဖေါ် ထုတ်၊ အဖြေရှာရမည့် အလုပ်ကို လွန်ခဲ့သော တနှစ်ခွဲက မလုပ်ခဲ့။
ယခုလည်း လုပ်မည့်ပုံ မပေါ်သေး။ ပစ်ခတ်တိုက် ခိုက်မှု များ ချက်ခြင်းရပ်ဘို့ကိုသာ တိုက်တွန်းသည်။
ဆိုလိုသည်မှာ နှစ်ဘက်လုံးကို ပြောနေခြင်းဖြစ်သည်။ မည်သည့်နည်း နှင့် ဖြစ်စေ အပစ်အခတ်ရပ်
သွားလျှင် အေးတာဘဲ ဟု စဉ်းစားကြ သော ရိုးရိုးလူထုများမှာလည်း ၀မ်းသာကြသည်။ သို့ရာတွင်
လွဲနေပါပြီ။ ပြည်တွင်းစစ် ဖြစ်ရသည့် အရင်းခံ အကြောင်း ကို မရှင်းနိုင်သမျှ အခုအပစ်ရပ်သည်ဟုပြော
မကြာခင်ပြန်ပစ်ကြပါ ဦး မည်။ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံက်ခြောက်နာရီ တွင် အပစ်ရပ်မည်ဟု
အစိုးရက အတိအလင်း ကြေငြာထားပါလျှက် စစ်တပ်က မရပ်ဘဲ ဆက်တိုက်နေသည်ကို ကြည့် ပါ။
စစ်တပ်၏ မရပ်စဲသော စစ်ဆင်ရေးများကို ကြည့်ပြီး ဦးသိန်းစိန် အစိုးရ၏ ထုတ်ပြန်ချက်ကို ပြန်လည် လေ့လာ ရာ ထုတ်ပြန်ချက်မှာ နှစ်ဖက်သွားရှိနေကြောင်းတွေ့ရသည်။
တဘက်တွင် ကေအိုင်အေတပ်များ ပစ်ခတ်တိုက်ခိုက်မှု လုံးဝ မလုပ်ရ ဟု ထိန်းချုပ်လိုက်သည်။
အခြားတဘက်တွင် သမတ၏ ညွှန်ကြားချက်အောက်၌ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ရှိသည်ဟု အကြောင်းပြကာ မည်သည့်အချိန်တွင်မဆို
စစ်တပ်အလိုကျ တိုက်ပွဲပြန်စနိုင်သည်။ အစိုးရတပ်၏ ခုခံကာ ကွယ်ခြင်းဟူသည်မှာ
စစ်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ ၁၂၀ မီလီမီတာ အမြှောက်ကြီးများကို ပါသုံးကာ စစ်ဆင်
ရေးဆင်နွှဲခြင်း ဖြစ်ကြောင်းပြီးခဲ့သည့် စစ်ပွဲများက သက်သေပြနေသည်။ သို့ဖြစ်၍
ဦးသိန်းစိန်အစိုးရနှင့် ၄င်း၏ စစ်တပ် က ဖေါ်ဆောင်သော အပစ်အခတ်ရပ်စဲရေးမှာ မည်သည့်အာမခံချက်မျှ
မရှိနိုင်။ တကယ်တန်းစနစ်တကျ အပစ်အခတ် ရပ်စဲရေးလုပ်လိုပါလျှင်
ကုလသမဂ္ဂ သို့မဟုတ် အခြားနိုင်ငံတခု နှစ်ခု၏ ကြားဝင်ရပ်တည်ကြီးကြပ်ပေးမှု လိုမည် ဖြစ်
ကြောင်း ထင်ရှားလာသည်။
ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသော လွှတ်တော် အမတ်များ ဘယ်လိုရပ်တည်သွားမလဲ။
အတုအယောင်လွှတ်တော်ပင်
ဖြစ်စေဦး။ ပြည်တွင်းစစ်ကို အမှန်တကယ်ရပ်စဲပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးရခြင်သည့်
အမတ်များလည်း လွှတ်တော်အတွင်းတွင် ရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်များစဉ်းစားသင့်ပါပြီ။
အပစ်အခတ်ရပ်စဲရေးကို ချက် ခြင်း လက်မှတ်ထိုးရန် ကေအိုင်အိုကို စစ်ရေးအရ တဘက်က ခြိမ်းခြောက်ဖိအားပေး၊
အခြားတဘက်ကမူ ဦးတည်ချက် မဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဟူသည်များနှင့် အချိန်ဆွဲထား၊
တစတစ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း ဆွဲသွင်းသွား မည်မှာ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေး
မဟာဗျူဟာ ဖြစ်သည်။ ကေအိုင်အိုက လက်မခံလျှင် အပြတ်ချေမှုန်းမည့် နည်း နာ ကို ကျင့်သုံးနေသည်။
ဤနည်းဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး မည်သည့်အခါတွင်မျှ မတည်ဆောက်နိုင်ပါ။
ယခုပြသနာမှာ
ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာရောက်မတက်၍ မဟုတ်ပါ။ လွှတ်တော်က အကြံပေးနေ
သည့် အွန်လိုင်းဆွေးနွေးပွဲဟူသည်တွင်လည်း ကေအိုင်အိုက မီဒီယာမှ တဆင့် ပါဝင်နေပြီးဖြစ်သည်။
၂၀၀၈ ဖွဲ့စည်း ပုံ ဘောင် အတွင်းမ၀င်ရောက်၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်
ဟူသည်ကို ကေအိုင်အို ခေါင်းဆောင် များက ရေဒီယို အင်တာဗျူးများမှနေ၍ နိုင်ငံရေးအရ တင်ပြခဲ့ပြီးကြပြီ။
အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ပါ လျှက် ကေအိုင်အို
က မလာဟု တဘက်သတ် အပြစ်ဖို့ပြီး စစ်ရေးအရ ထိုးစစ်ဆင်နေမှုများသည် အကြောင်းပြချက် ရှာခြင်း
သာ ဖြစ်သည်။ လွှတ်တော်နှင့် အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု ကို တကယ်တန်း တည်ဆောက်ရန်
သဘောထား မရှိပါက ကေအိုင်အိုက ငြိမ်းချမ်းရေးဆွေးနွေးပွဲဟူသည်များကို လာတက်သော်လည်း
အစိုးရကိုယ်စားလှယ် ဦးအောင် မင်းက ဤကိစ္စကို ၄င်းတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိပါ၊ အထက်ကို
ပြန်ပြီးတင်ပြပါဦးမည်ဟု ပြောမည်၊ လောလောဆယ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပါဟု ဖိအားပေးမည်၊
ပြီးလျှင် ပြန်သွားကြမည်၊ ဤမျှသာဖြစ်သည်။
ကေအိုင်အို
မှာ နိုင်ငံရေးဆွေးနွေးမှုနှင့် စပ်လျှဉ်း၍ခါးသီးသည့် အတွေ့အကြုံရှိခဲ့ပြီ။ နိုင်ငံရေး
ဆွေးနွေးခြင်လျှင် အမျိုး သားညီလာခံ တက်ပါ ဟု ပြောပြီး စစ်အစိုးရက မည်သည့်အပစ်ရပ်အဖွဲ့နှင့်
မျှ နိုင်ငံရေးဆွေးနွေးမှု မပြုခဲ့။ ကေအိုင်အို
၁၇ နှစ်တာ အပစ်ရပ်ခဲ့သည့် ကာလအတွင်း လက်ရှိသမတ ဦးသိန်းစိန် ကိုယ်တိုင် ဥက္ကဌ
လုပ်ခဲ့သော အမျိုးသား ညီ လာခံသို့ နှစ်အတော်ကြာတက်ခဲ့ပြီးပြီ။ ယင်းတွင် တဖွဲ့ချင်းဆွေးနွေးတင်ပြခဲ့ပြီးပြီ။
ထိုမျှမက အပစ်ရပ် အခြားအဖွဲ့များ နှင့် ပေါင်းကာ (၁၃) ဖွဲ့စုပေါင်း၍လည်းတင်ပြခဲ့ပြီးပြီ။
ပယ်ချခံခဲ့ရပြီးပြီ။ စစ်အစိုး၇က ၂၀၀၈ အခြေခံဥပဒေကို အဓမ္မ မွေးထုတ်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေ
တွင် တိုင်းရင်းသားများ လိုလားတောင်းဆိုသော အချက်များ မပါရှိကြောင်း ကေအိုင်အိုက ၂၀၀၉
ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့၌ ထုတ်ပြန် ကြေငြာခဲ့သည်။
ထို့နောက်တွင်၂၀၀၈
ဖွဲ့စည်းပုံဘောင်ကို ကန့် သတ်မထားဘဲဆွေးနွေးကြရန် ကေအိုင်အိုကတောင်းဆို ခဲ့သော်လည်း
အစိုးရဘက်က မလိုက်လျောခဲ့။ အပစ်ရပ်၊ လက် နက်ကိုလမ်းစဉ်ကို
စွန့်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် နိုင်ငံရေးပါတီ ထောင်၊ ရွေးကောက်ပွဲဝင် ဟူသည့်
လမ်းကြောင်းကိုသာ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟူသည်များ အောက်တွင် ဖိအားပေးခဲ့သည်။
လွှတ်တော်နှင့် ဦးသိန်းစိန်အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည်ဟူသည့် မူဝါဒ
နှင့် လုပ်ငန်းစဉ်မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ဆွဲသွင်းရေးသာ လုပ်ဆောင်နေမည်ဆိုလျှင်
ရှေ့ဆက် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲဟူသည်များမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်
မည်သို့မျှ အဓိပ္ပါယ်ရှိလာမည်မဟုတ်။
၁၉၇၄
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ခဲ့စဉ်ကာလအတွင်း အလားတူအတွေ့အကြုံမျိုးရှိခဲ့သည်။
၁၉၈၀ ခုနှစ် တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန်
သမတဦးနေ၀င်းထံ ကမ်းလှမ်း ခဲ့ဘူး သည်။ လက်ခံသဖြင့် ဆွေးနွေးကြသောအခါ ဗကပ က အခြားအချက်များအပြင်
လူထုအား ဒီမိုကရေစီ အပြည့်အ၀ ပေးရန်၊ ပါတီစုံစနစ်ကျင့်သုံးရန်တို့ကို တင်ပြခဲ့သည်။
မဆလ အစိုးရဘက်က လက်မခံခဲ့။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထု ၉၀.၁၉ ရာခိုင်နှုန်း
ကနေ တခဲနက် အတည်ပြုထားကြောင်းနှင့် ၄င်း၏ ဥပဒေ ဘောင်အတွင်းတွင်သာ ၀င်ရောက်လှုပ်ရှားရန်
ပြန်ကြားပြီး ဦးနေ၀င်းက ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံမှာ ဆိုရှယ်လစ်
အယောင်ပြထားသော တပါတီ အာဏာရှင်စနစ်ကို အသက်သွင်းခဲ့သည်။
အလားတူပင်
၁၉၈၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ သမတ အိမ်တော်၌ မဆလ အစိုးရ နှင့် ကေ အိုင်အို တို့ဆွေးနွေးခဲ့ကြသည်။ ကေအိုင်အိုက
အခြားအချက်များအပြင် အဓိကအားဖြင့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ် ရေး (သို့) ကိုယ်ပိုင်
စီမံခန့်ခွဲရေး အာဏာရှိသော ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ မဆလ အစိုးရက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ
ရည်ညွှန်းပြီး ပယ်ချခဲ့သည်။
၁၉၈၈
ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားပြီးနောက် မဆလစစ်အစိုး၇က ခံတပ်သဖွယ်
အခိုင်အမာ အားပြု ကိုင်စွဲခဲ့သော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုကြီးကဆုတ်ဖြဲကာ
သမိုင်းအမှိုက်ခြင်းထဲသို့ ထည့်လိုက်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်တောင်းဆိုခဲ့စဉ်က
ခါးခါးသီးသီးငြင်းခဲ့သော ပါတီစုံ ဒီမိုကရေစီကို ရှစ်လေးလုံးအရေး တော်ပုံအားကြောက်ရွံ့သဖြင့်
ယခုစစ်ခေါင်းဆောင်ဟောင်း သစ်များက လက်မခံနိုင်ဟု မပြောရဲတော့။ ပြောင်းပြန်ပင် ဒီမိုကရေစီကို
၎င်းတို့ကဘဲ သဘောကောင်းလို့ ဖေါ်ဆောင်ပေးသလိုလို အသံကောင်းဟစ်လာသည်။ သမိုင်းလိမ်ကို
ဖန်တည်းလာသည်။၂၀၀၈ ဖွဲ့စည်းပုံ နှင့် အညီ ဒီမိုကရေစီကို ဖေါ်ဆောင်နေပါသည် ဟု တကမ္ဘာလုံးကြားအောင်
ကြွေးကြော်လျှက်ရှိသည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ အယောင်ပြထားသော်လည်း
စစ်အာဏာရှင် စနစ်ကို အသက်သွင်းထားခြင်း ဖြစ်သည်။
၁၉၈၀
ခုနှစ်တွင် ကေအိုင်အိုက တောင်းဆိုခဲ့သည့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ် ရေး (သို့)
ကိုယ်ပိုင် စီမံခန့်ခွဲရေး အာဏာရှိသော ပြည်နယ် သတ်မှတ်ပေးရန်မှာ ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်မှသာ ရပါမည်။ ယခုအချိန်တွင် ကေအိုင်အိုခေါင်းဆောင်များကလည်း ဖက်ဒရယ်ပြည်ထောင်စု
ကို တောင်းဆိုနေကြပါသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သည်မှာ ဒီမိုကရေစီကို အခြေခံ၊ တိုင်းရင်းသားများအတွက်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲ ခွင့်
တို့ကိုလည်း အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံသာ ဖြစ်ပါမည်။ ယင်းဖွဲ့စည်းပုံမျိုးဖြစ်အောင်
၂၀၀၈ ဖွဲ့စည်းပုံကို ပြင် ဆင်သွားရန် မဖြစ်နိုင်ပါ။ စစ်အာဏာရှင်ဟောင်း သစ်များက ပြင်ဆင်ခွင့်ပြုမည်
မဟုတ်ပါ။
၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ရန် မဖြစ်နိုင်လောက်အောင်ကို ခက်နေသဖြင့် ပြင်ဘို့ကြိုးစားမည့်အစား
အသစ်ပြန်လည်ရေး ဆွဲ၇န်၊ လွန်ခဲ့သည့် ရက်ပိုင်းကမှ ရန်ကုန်မြို့တွင် ရှေ့နေများကွန်ယက် မှ
ရှေ့နေကြီးများက စတင် ထုတ်ဖေါ်လာကြ သည်။ ဖွဲ့စည်းပုံရေးဆွဲသည့် အတွေ့အကြုံရှိနေကြပြီ ဖြစ်သဖြင့် နှစ်
နှစ်အတွင်း ပြီးအောင်ရေးဆွဲနိုင်မည် ဖြစ်ကြောင်း ၄င်းတို့က ရှင်းပြသွားခဲ့သည်။ ၂၀၀၈
ဖွဲ့စည်းပုံကိုလက်မခံနိုင်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီးများက ပြောနေကြသည့်အချိန်၊
၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း မ၀င်ရောက်နိုင်ဟု ကေအိုင်အိုက ခုခံစစ်ပွဲများဆင်နွှဲ၍ သက်
သေထူနေသည့်အချိန်တွင် ရှေ့နေများကွန်ယက်က ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် အဆိုတင်လိုက်ခြင်းသည်
စစ်အာဏာ ရှင်စနစ်ကို ဖေါ်ဆောင်၊ ပံ့ပိုး၊ ၀န်းရံနေကြသူများအတွက် မိုးကြိုးပစ်လိုက်ခြင်း
ဖြစ်ပါမည်။ စာရေးသူအနေဖြင့် မူ ရှေ့နေများ ကွန်ယက်၏ အဆိုပြုချက်ကို ရာခိုင်နှုန်းပြည့်ကြိုဆိုသည်။
၁၉၇၄
ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုခံကာကွယ်၊ ယင်းနှင့်အတူ အကျိုးစီးပွားခံစားခဲ့ကြသူများသည်
သမိုင်းမဲကြီး အဖြစ် မှတ်တမ်းတင်ခံသွားခဲ့ကြပြီးပါပြီ။ လူထုကြီးတရပ်လုံး၏ အဆုံးအဖြတ်ကို
မရှုမလှ ခံယူသွားခဲ့ကြရသည်။ ၁၉၇၄ ဖွဲ့စည်းပုံအောက်တွင် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများသည်
ယနေ့ ခေါင်းမဖေါ်နိုင်ကြတော့။
လူထုက
စစ်မှန်စွာရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဟု မိမိကိုယ်ကို ယုံကြည်သူ လွှတ်တော်အမတ်ဟူသော
ပုဂ္ဂိုလ် များ၊ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပါမည်ဟု ကတိပေးကာ လူထုဆန္ဒမဲရယူခဲ့သော်လည်း
ယနေ့အချိန်အထိ မည်သည့် အခြေခံကြောရိုးကြီး တခုတလေကိုမျှ ပြင်ရန် အသံမထွက်သေးသည့် ပုဂ္ဂိုလ်များ
သည် ယနေ့ မည်သို့စဉ်း စား ကြမည်နည်း။ ရှေ့နေများ ကွန်ယက်၏ ထောက်ပြချက်ကို လက်ခံ၊ တိုင်းရင်းသားများလိုလားသည့်
ဖက်ဒရယ် ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်လာရေးကို လက်တွဲ ကြိုးပမ်းကာ ပြည်ထောင်စုကို
တည်ဆောက်သွားမည် လား။ သို့မဟုတ် မပြင်နိုင်သည့် အခြေအနေရှိမှန်းသိပါလျှက် လွှတ်တော်အရိပ်အောက်မှာပင်
ဆက်လက်မွေ့လျော်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အတူ သမိုင်း အမှိုက်ခြင်းထဲ အရောက်ခံမည်လား။
စဉ်းစား ဆုံးဖြတ်ကြရမည့်အရေးကြီး သော အချိန်သို့ရောက်ပါပြီ။
အောင်ထူး
(ရှေ့နေ)
ဇန်န၀ါရီလ (၂၁) ရက် ၂၀၁၃ ခုနှစ်
[i] ဦးဖေခင်ထံမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ဥက္ကဌ ထံ ၁၉၈၉ ခုနှစ် မတ်လ ၁၅ ရက်နေ့စွဲဖြင့် ပေးစာ။ တိုင်းရင်းသားလူမျိုးများ
အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ဒုတိယတွဲ)။ မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသား ပြုစုရေးအဖွဲ့က
စိစစ်၍ ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင် တို့က ပြုစုသည်။ တက္ကသိုလ်များ ပုံနှိပ်တိုက်၊
ရန်ကုန်။
[ii] Legal ground
0 comments:
Post a Comment