Sunday, January 13, 2013

ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်ရေးရာကိုလှမ်းမျှော်ကြည့်ခြင်း (၁)

by Yangon Press International on Sunday, January 13, 2013 at 4:47am ·
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၀၁၂ 
   ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများနှင့် အစိုးရအခေါ် ဘင်္ဂါလီ၊ နိုင်ငံတကာအခေါ် ရိုဟင်ဂျာများအား ပြန်လည်နေရာချထားရေးကိစ္စမှာ ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သား အစိုးရအတွက် ခေါင်းခဲစရာကိစ္စကြီးတစ်ခုဖြစ်လာသလို  အစိုးရသစ်၏ အရည်အချင်းကို စိန်ခေါ် စမ်းသပ်မည့် စာမေးပွဲကြီးတစ်ခုလည်း ဖြစ်လာလိမ့်မည်။


          ဇွန်လ ၈ ရက်မှ စတင်ဖြစ်ပွားခဲ့သော လူအုပ်စုနှစ်ခုကြားက သွေးမြေကျပဋိပက္ခမှာ ယခုအချိန်ထိ ပြေ လည်မည့် အခြေအနေမရှိသေးသလို မည်မျှအထိကြာရှည်နိုင်ဦးမည်ကိုလည်း မသိရှိနိုင်သည့်အနေအထားမျိုး ဖြစ်နေသည်။ အစိုးရထုတ်ပြန်သောကိန်းဂဏန်းများအရ လောလောဆယ်အထိ သေဆုံးသူဦးရေမှာ ၁၆၇ ဦးရှိပြီး အိုးအိမ်မဲ့အရေအတွက်မှာ  တစ်သိန်းကျော်ရှိနေသည်ဟုဆိုပါသည်။

          လတ်တလောကာလတွင် ပဋိပက္ခနောက်ကွယ်မှ အကြောင်းတရားများအား ဖော်ထုတ်နေသော စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီမှ မည်သည့်ရလဒ်မျိုး ထွက်ပေါ်လာမည်ကို မသိရှိရသေးသလို အစိုးရအနေနှင့် ဤကိစ္စကိုမည်သို့ ကိုင်တွယ်မည်ဆိုသည်ကိုလည်း သဲသဲကွဲကွဲ မသိရှိရ သေးပေ။



ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (Rakhine Nationalities Development Party -RNDP) ဥက္ကဌဒေါက်တာအေးမောင်က “အစိုးရအဖွဲ့ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာမသိရဘူး။ ပွင့်လင်း မြင်သာမူမရှိဘူး”ဟု ဝေဖန်ပြောဆို သည်။

          “သူတို့ (အစိုးရ) အစီအစဉ်ကို ကျွန်တော်တို့ ဘာမှကိုပွင့်ပွင့်လင်းလင်းမသိရဘူး။ ဘာမှမပြောဘူး။ အစီအစဉ်ကို ပြည်သူကို ချပြတာလည်းမရှိဘူး။ သူတို့ဘာတွေလုပ်နေတယ်၊ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကိုလည်း ထုတ်ပြန်တာမရှိဘူး”

          ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ အစိုးရက မည်သို့ဆောင်ရွက်မည်ကို ပြည်သူများထံ ပွင့်ပွင့်လင်းလင်း မပြော သေးသော်လည်း ဒေသခံရခိုင်လူမျိုးများကတော့ ၎င်းတို့ အနေနှင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲနေထိုင်သွားရေးမှာ မဖြစ် နိုင်တော့ကြောင်း ၎င်းတို့၏ သဘောဆန္ဒများကို ကျယ်လောင် စွာထုတ်ဖော်ပြောဆိုလာနေကြပါသည်။

          မြန်မာပြည်အနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လူအုပ်စုနှင့် ဘင်္ဂါလီတို့အကြား သွေးမြေကျ တိုက်ခိုက်မှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပါသည်။ သို့သော် တစ်ပြည်နယ်လုံး အနေအထားနှင့် သွေးမြေကျရသည့် ယခုကဲ့သို့သောပဋိပက္ခမျိုးကို ယခင်က လုံးဝကြုံခဲ့ဖူးခြင်းမရှိဟု ဆိုကြသည်။

          အမျိုးမတူ၊ ဘာသာကွဲသော ဤလူအုပ်စုနှစ်ခုသည် ယခင်က တစ်ရပ်ကွပ်တည်း၊ တစ်ရွာတည်း အတူနေကြသည်များလည်းရှိသလို စီးပွားရေးအရ တစ်ဖက်နှင့်တစ်ဖက် ကူးလူးဆက်ဆံခဲ့ ကြခြင်းများလည်းရှိခဲ့ကြပါသည်။

          သို့သော် ယခုအကြိမ်သွေးမြေကျ ပဋိပက္ခဖြစ်ပွားအပြီးမှာတော့ စီးပွားရေးအရ ဆက်ဆံကြဖို့ကိုပင် နှစ်ဖက်အကြားမှာ တွန့်ဆုတ်နေကြသည့်သဘောကိုတွေ့ရသည်။

          စစ်တွေနှင့် အနီးတစ်ဝိုက်တွင် မော်ကွန်းက သွားရောက်တွေ့ဆုံမေးမြန်းကြည့်ခဲ့ပြီး သိရသလောက်မှာ နှစ်ဖက်စလုံးမှ အဓိကစိုးရိမ်ကြသည်က နောက်တစ်ကြိမ် အလားတူသွေးမြေကျဖြစ်ရပ်မျိုးနှင့် ထပ်မံကြုံတွေ့ရမည့် ကိစ္စပင်ဖြစ်သည်။

          စုံစမ်းစစ်ဆေးရေးကော်မရှင်ထဲတွင်ပါဝင်ပြီး အမျိုးသား ဒီမိုကရေစီအင်အားစု (National Democratic Force - NDF)  ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ဦးခင်မောင်ဆွေကတော့ အခြေအနေများ ယခင်အတိုင်း ပြန်လည်ဖြစ်တည်လာဖို့ ဟူသည်မှာ ခက်ခဲလိမ့်မည်ဟုဆိုသည်။

          “နှစ်ဖက်စလုံးမှာ အကျိတ်အခဲတွေ ရှိနေတဲ့ဟာတွေ၊ သံသယတွေပေါ့။ အဲဒီသံသယတွေပြေပျောက်အောင် လုပ်နိုင် ချေရှိ၊ မရှိ ဆိုတာကိုပဲ စဉ်းစားရမှာပဲ” ဟု ၎င်းက ဆိုသည်။

          “နောက်ဆုံးတစ်နေ့မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေ ထိုင်ရေးဆိုတာကိုတော့ ရောက်အောင်သွားရမှာပေါ့ဗျာ ...”

ယုံကြည်မှုတည်ဆောက်ရေး

          နှစ်ဖက်အုပ်စု ယခင်ကလို ပြန်လည်နေထိုင်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ယုံကြည်မှုတည်ဆောက်ရမည်ဟု လေ့လာသူများကဆိုသည်။ သို့သော်လည်း လောလောဆယ် တွင် နှစ်ဖက်လူအုပ်စုကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးမှာ ဖြစ်နိုင်ဦးမည် မဟုတ်သေးကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့တွင်ပါဝင်သူများက ဆိုပါသည်။

          ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး ထောက်ပြသည်က သွေးထွက်သံယို ဖြစ်ပြီးနောက်ပိုင်းတွင် နှစ်ဖက်ကြား၌ ယုံ ကြည်မှုများ ပျောက်ဆုံးသွားပြီး သံသယတွေလည်း ကြီးထွား လာကြသည်ဟု ဆိုသည်။

          “ကောလာဟလတွေကို ယုံကြည်လာကြတယ်။ နှစ်ဖက် ကြားမှာ ချက်ချင်း ယုံကြည်မှုတည်ဆောက်ပေးဖို့က မဖြစ်နိုင်ဘူး။ တဖြည်းဖြည်းနဲ့တော့ လုပ်ယူရမယ်” ဟု ၎င်းကဆိုသည်။

          လေ့လာသူအချို့ကတော့ လောလောဆယ်ကာလတွင် ပြန်လည်နေရာချထားရေးဟူသော အချက်ကို စဉ်းစားဆွေးနွေး ရန်မှာ စောနေသေးသည်ဟုဆိုကြသည်။ အကြောင်းကတော့ သွေးမြေကျ ပဋိပက္ခမှာ လွယ်လွယ်နှင့် အဆုံးသတ်သွားဖွယ် မရှိသေးသောကြောင့် ဟုဆိုပါသည်။

          လောလောဆယ်လက်ရှိအနေအထားတွင် ပဋိပက္ခ ပြေလည်သွားရေးမှာ နံပါတ်တစ်အရေးကြီးဆုံးဖြစ်ပြီး မပြေလည်နိုင်ပါက နောက်နောင်တွင်လည်း အလားတူပဋိပက္ခမျိုး ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း လေ့လာသူများကထောက်ပြကြသည်။

          လက်ရှိအခြေအနေထိတော့ နှစ်ဖက်ကြားတင်းမာမှုမှာ မြင့်တက်နေဆဲ အခြေအနေတွင်ရှိနေဆဲဖြစ်ပြီး အချိန်မရွေး တစ်ခုခု ထဖြစ်သွားနိုင်လောက်အောင် အခြေအနေက အကဲ ဆတ်နေသည့် အနေအထားမျိုးဖြစ်နေသည်။

          ရခိုင်ပြည်နယ်တွင်းဖြစ်ရပ်များကို လေ့လာဆန်းစစ်နေ သည့် ပညာရှင်များ သုံးသပ်သည်က နုငယ်သေးသော အရပ် သားအစိုးရအတွက် ဤပြဿနာမှာ အမှန်ပင် ဖြေရှင်းရခက် လိမ့်မည်ဟုဆိုကြသည်။

          ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျာ့က်ပီလိုက်ဒါ (Jacques P. Leider) က ရခိုင်ပြည်နယ်၌ ဖြစ် ပွားနေသည့် ပုံစံမှာဘယ်နေရာနှင့်မှ မတူဘဲ တစ်မူထူးခြားသည့် ပြဿနာဖြစ်သည်ဟုဆိုပါသည်။

          “အစိုးရအတွက်က တော်တော်ကြီးကို ခက်ခဲတဲ့ အခြေ အနေတစ်ခုကို ရောက်နေတယ်။ တည်ငြိမ်အေးချမ်းမှုရရှိဖို့ဆို ရင် အစကနဦးမှာ အုပ်စုနှစ်ခုကို ခွဲထားလိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိဘူး” ဟု မစ္စတာလိုက်ဒါကဆိုသည်။

          သို့သော်လည်း ယခုကဲ့သို့ လိုအပ်မှုအရ အုပ်စုနှစ်ခုအား ခွဲထားမှုသည် အချိန်ကာလအားဖြင့် အခိုက်အတန့်သာ ဖြစ် သင့်ပြီး ကြာရှည်ထားပါက ယင်းသို့ခွဲထားသည့်အတွက် အစိုးရ အပေါ် ဝေဖန်ပြစ်တင်မှုများ ပေါ်ထွက်လာကြဖွယ်ရာ ရှိကြောင်း ပညာရှင်များက ထောက်ပြပါသည်။

          ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်လည်းဖြစ်သည့် ဦးအောင်နိုင်ဦး ပြောပြ သည်က သူသိရသလောက် အစိုးရအနေဖြင့် ရခိုင်နှင့်မွတ် ဆလင်များကိုခွဲထားဖို့ အစီအစဉ်မရှိဟုဆိုသည်။

          “နိုင်ငံတကာကလည်း (ခွဲထားမယ်ဆိုရင်) ထောက်ခံမှာ မဟုတ်ဘူး”


(PHOTO: Khine Thurein) စစ်တွေမြို့ပြင်ရှိ အနောက်စံပြရွာမှ မီးလောင်ပြင်

အတူနေရေး၊ မနေရေး


          အချို့ကတော့ အတူပြန်နေရေး၊ မနေ ရေးနှင့်ပတ်သက်ပြီး လူအုပ်စုနှစ်ဖက် စလုံး၏ သဘောဆန္ဒကိုလည်း နားထောင်ပေးကြဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုကြသည်။

          ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy - ALD) ရန်ကုန်တိုင်းဥက္ကဌ ဦးလှမြင့် ယုံကြည်ထားသည်က “အနာဂတ်မှာအတူနေခြင်း၊ မနေ ခြင်းက ကျွန်တော်တို့ရဲ့ ဆန္ဒနဲ့ပြောလို့မရဘူး။ ပြည်သူရဲ့ဆန္ဒ၊ အတူနေကြမယ့်သူတွေရဲ့ ဆန္ဒနဲ့ပဲ လုပ်လို့ရမယ်”ဟုဆိုသည်။

          “အဲဒါကို လက်လွတ်စပယ် ပြောလို့မရသလို နေပါ့မယ် ဆိုပြီးတော့လည်း ကျွန်တော်တို့က ပြောလို့မရဘူး”

          အမျိုးသားဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီ (National Democratic Party for Development - NDPD)  မှ နိုင်ငံရေးရာဌာနမှူးနှင့် သုတေသနဌာနမှူး ဦးသာအေး (ခ) အဘူတာဟေးကတော့ လူမျိုးစုနှစ်စုသည် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာသော လူမျိုးစုများဖြစ်သည့်အတွက် ပဋိပက္ခများပြေငြိမ်းသွားသည့် တစ်နေ့တွင် အတူယှဉ် တွဲနေထိုင်နိုင်ကြလိမ့်မည်ဟု ဆိုသည်။

          “နှစ် ရာ၊ ထောင်ချီပြီး နေခဲ့တဲ့သူတွေဟာ ခုမှမနေနိုင်ဘူး ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ကမ္ဘာမှာလည်း မတူတဲ့လူတွေ၊ ဘာသာ ကွဲတွေ အတူတူ နေနေကြတာပဲ” ဟု ၎င်းကဆိုသည်။

          ယနေ့ကမ္ဘာတွင် မည်သည့်နိုင်ငံမှာမှ လူမျိုးတစ်မျိုးတည်း မနေကြဟူသည့် အချက်ကို လက်ခံသော်လည်း ဘင်္ဂါလီတို့၏လုပ်ရပ်မှာ အိမ်ရှင်ကိုဧည့်သည်က အမနာပ ပြုမူဆက်ဆံသည့် အနေအထားမျိုးဖြစ်နေသည့်အတွက် ၎င်းတို့အနေနှင့် အတူမနေနိုင်တော့ကြောင်း အရေးဆိုနေရခြင်းဖြစ်သည်ဟု ရခိုင်အရေး တက်ကြွလှုပ်ရှားသူများကဆိုသည်။

          ရခိုင်အမျိုးသမီးခေါင်းဆောင် ဒေါ်စောမြရာဇာလင်းယူဆသည်ကလည်း “ဧည့်သည်အဖြစ်နဲ့ လာတဲ့သူက အိမ်ရှင်ကိုကန်ချတဲ့ အမူအကျင့်မရှိသင့်ဘူး” ဟုဆိုသည်။

          “အိမ်တစ်ဆောင်မှာ နားခိုတယ်ဆိုရင် မူလရှိနေတဲ့ အိမ်ရှင်နဲ့သင့်တင့်လျောက်ပတ်အောင်နေမှရမယ်။ ထိုအိမ်ရှင်ကို မကြိုက်ရင်ထွက်သွားပြီး အခြားနေရာမှာနေဖို့ အေးအေးဆေးဆေး ကြိုးစားရမယ်။ အခုက နေတာလည်း ကြာလာကြတော့ အိမ်ရှင်လိုမျိုးလည်း ခံစားလာကြတယ်။ အိမ်သားတွေကိုလည်း အားမနာတော့ဘူး၊ အိမ်ကိုလည်း သူပိုင်ငါပိုင် ပြုလာတဲ့ သဘော မျိုးဖြစ်နေတယ်”

          ၎င်းတို့ပြည်နယ်၌ ရခိုင်အပြင် အခြားတိုင်းရင်းသားများ နှင့် ဘာသာစုံကိုးကွယ်သူများရှိသော်လည်း ၎င်းတို့နှင့် ပြဿနာ ကြီးကြီးမားမားမရှိခဲ့ဘဲ ဘင်္ဂါလီများနှင့်မှ ပြဿနာအကြီး အကျယ်ကြုံရသည်ဟု ဒေါ်စောမြရာဇာလင်းက ယခုလို ပြော ပြသေးသည်။

          “ရခိုင်မှာ လူမျိုးတစ်မျိုးတည်းနေတာတော့ မဟုတ်ဘူး။ ဥပမာပြောရရင် တရုတ်ရှိတယ်၊ ဗမာရှိတယ်၊ မွန်ရှိတယ်၊ ချင်း ရှိတယ်၊ ခမီးရှိတယ်၊ မြိုရှိတယ်၊ ဘူရ၀ါ(ခေါ်) မရမာကြီး ရှိတယ်။ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ တွေ၊ နတ်ကိုးကွယ်သူတွေ၊ အစ္စလာမ်ဘာသာကိုးကွယ်သူ စသဖြင့် အများကြီးရှိနေကြတယ်။ ဘယ်လူမျိုးနဲ့မှ ကြီးမားတဲ့ ပြဿနာ မဖြစ်ဘူး။

          “ဒီအထဲ အမည်သစ်တစ်မျိုးနဲ့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ပြီး ခေါ်နေတဲ့လူတွေနဲ့မှ ပြဿနာ မကြာမကြာဖြစ်တယ်”

ပဋိပက္ခ၏ ဇာစ်မြစ်

          ရှုပ်ထွေးနက်နဲလှသည့် ဤရခိုင်ပြည်နယ်အရေးကို နား လည်ရန်မှာ လောလောလတ်လတ် ပြဿနာတစ်ခုတည်းကိုပဲ အခြေတည်ပြီး စဉ်းစားခြင်းမျိုးမဟုတ်ဘဲ ဖြစ်ပွားလာရသည့် နောက်ခံ အကြောင်းတရားပေါင်း မြောက်မြားစွာကိုပါ ထည့်သွင်းစဉ်းစား ပါမှ ပြဿနာ၏ဇာစ်မြစ်ကို နားလည်ကာ နောက်နောင် အလား တူ သွေးမြေကျပဋိပက္ခ မျိုးဖြစ်နိုင်ခြေများကို လျှော့ချ ဟန့်တား နိုင်လိမ့်မည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

                   ပြောရလျှင် ထိုဒေသ၌ လူအုပ်စုနှစ်စုကြား လောင်စာ တွေ စုပုံလာနေသည်ကို အစိုးရအဆက်ဆက်က မသိခဲ့၍မဟုတ်။ နိုင်ငံရေးအရ တစ်ချိန်မှာ အမြတ်ထုတ်ယူဖို့ ဆက်လက်ထားခဲ့ကြ သည်လား၊ သို့မဟုတ် မိမိတို့လက်ထက်တွင် အပြီးသတ် မဖြေရှင်းဘဲ ရည်ရွယ်ချက်တစ်ခုခုဖြင့် နှောင်းလူတို့လက်သို့ ယင်းဆိုးမွေကို လက်ဆင့်ကမ်းခဲ့သည်လားဆိုသည်ကိုတော့ သက်ဆိုင်သူတို့သာ သိရှိပါလိမ့်မည်ဟု လေ့လာသူများက ဝေဖန်ကြသည်။

          ထို့ကြောင့်လည်း နှစ်ဖက်အကြားက ပဋိပက္ခ ဆက်ထုံး (သို့) လူမျိုးရေး မုန်းတီးမှုများကို ဖြေထုတ်ဖို့ဆိုလျှင် နှစ် ဖက်စလုံး၏ စိုးရိမ်သောကများနှင့် အငြင်းပွားဖွယ်ရာ ကိစ္စများ ကိုပါ နားထောင်ပေးကြပြီး ဖြေရှင်းပေးကြဖို့ လိုအပ်မည်ဖြစ် ကြောင်း လေ့လာသူအချို့က ထောက်ပြနေကြခြင်း ဖြစ်ပါသည်။

          ရခိုင်လူမျိုးများဘက်မှ ခံစားနေကြရသည်က လူမျိုးမတူ၊ ဘာသာခြားသော ဘင်္ဂါလီများ၏ လူဦးရေတိုးပွားနှုန်းက ၎င်းတို့ ဒေသကို ခြိမ်းခြောက်လာနေသည်ဟုဆိုသည်။


(PHOTO: Newscape) စစ်တွေမြို့ပေါ်ရှိဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဒုက္ခသည်စခန်းတစ်ခု

  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဌေး၏ အဆိုအရ ရခိုင်ပြည်နယ်၌ ၁၉၈၀ ပြည့်နှစ်တွင် ဘင်္ဂါလီ လူဦးရေ နှစ်သိန်းခွဲသာရှိပြီး၂၀၁၂ ခုနှစ်အရောက်တွင် ဆယ်သိန်းထိ ရှိလာခဲ့သည်ဟုဆိုသည်။

          ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသော မောင်တော မြို့ နယ်တွင် ဘင်္ဂါလီဦးရေသည် ၉၄ ရာခိုင်နှုန်းရှိပြီး ရခိုင်လူဦးရေနှင့် အခြားတိုင်းရင်းသားများကတော့ ခြောက်ရာခိုင်နှုန်းသာရှိသည်ဟုဆိုပါ သည်။

          တစ်နှစ်ပြီးတစ်နှစ် သိပ်သည်းများပြားလာသော ဘင်္ဂါလီ လူဦးရေကို ကြည့်ကာ အစကတည်းက မိမိတို့မြေကို လွှမ်းမိုးကြ လိမ့်မည်ဟု အတွေးဓာတ်ခံရှိသော ရခိုင်များအတွက်မူ အချိန်ရှိသမျှ သောကပွားစရာတွေချည်း ဖြစ်နေသည်။

          ထိုသို့ လွှမ်းမိုးခံရမည်ဆိုပါက သူတို့ပိုင်သော ဗုဒ္ဓဘာသာ ထွန်းကားရာ နယ်မြေအား လက်လွှတ်ဆုံးရှုံးခံရမည်ကို ရခိုင် လူမျိုးများ စိုးရွံ့နေကြသည်။

          ၎င်းတို့ကို သိမ်းပိုက်ခဲ့သော ဗမာ(မြန်မာ)ဘုရင့်လက် အောက်မှာနေကြရင်းက ဗြိတိသျှတို့၏ သိမ်းပိုက်မှုကို ခံခဲ့ကြ ရပြီးဖြစ်သည်။ သို့သော် ထိုစဉ်က အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ခဲ့ကြ။

          ယနေ့ ၂၁ ရာစု ခေတ်၌ မြန်မာပြည်ထောင်စုထဲတွင် နေ ထိုင်ကြရင်း ဘင်္ဂါလီများက တိုင်းရင်းသားနာမည်တစ်ခုကို မွေးမြူတည်ဆောက်ကာ သိပ်သည်းထူထပ်လှသော ၎င်းတို့ လူဦးရေဖြင့် ရခိုင်မြေအား လွှမ်းခြုံသွားမည်ဆိုလျှင် သူတို့တန်ဖိုး ထားသည့်အရာများ ပျက်စီးခြင်းနှင့်ကြုံရမည်ကို ရခိုင်လူမျိုး များက အင်မတန် စိုးထိတ်နေကြသည်။

          သိပ်မဝေးလှသေးသော အတိတ်မှာလည်း ရခိုင်ပြည်နယ် ၏ အချို့ဒေသများကို လက်နက်စွဲကိုင်တောင်းဆိုသည့် ဖြစ် စဉ်များ လည်းရှိခဲ့ဖူးသောကြောင့် ရခိုင်များအဖို့ စိုးရိမ်စရာတွေ ချည်း ဖြစ်နေသည်။

          ဘင်္ဂါလီများဘက်ကလည်း ၎င်းင်းတို့၏သားစဉ်မြေးဆက် တစ်လျှောက်လုံး တိုင်းမဲ့၊ ပြည်မဲ့၊ နိုင်ငံသားမဲ့တွေအဖြစ် ဆင်း ဆင်း ရဲရဲ၊ ကျပ်ကျပ်တည်းတည်း နေထိုင်သွားကြရမည့်အရေးကို စိုးထိတ်နေကြသည်။

          လူရယ်လို့ဖြစ်လာသော်လည်း လူသားတစ်ဦး ရသင့်ရ ထိုက်သော ရပိုင်ခွင့်များကိုဆုံးရှုံးနေရသည့် အခြေအနေတွင် လူချင်းအတူတူ တန်းတူဆက်ဆံခံလိုကြသည်။ အငြင်းပွားဖွယ် ရာ သမိုင်းအချက်အလက်အချို့ကို ထောက်ပြကာ ၀န်ကြီးချုပ် ဦးနုခေတ်ကရရှိခဲ့သော အခွင့်အရေးများကို ပြန်လည်ရယူလိုကြ သည်။

          ထို့ကြောင့်လည်း ပြည်ပရှိ၎င်းတို့မျိုးတူ လှုပ်ရှားသူများက နိုင်ငံတကာ၏အားကိုရယူပြီး နှစ်ပေါင်းများစွာ ကြိုးစားနေကြ ခြင်းလည်းဖြစ်ပါသည်။

          ထို့ပြင် ဘင်္ဂါလီများက ရခိုင်ပြည်နယ်သည် သမိုင်းကြောင်း အရ ရခိုင်များနှင့်သာမက ၎င်းတို့နှင့်လည်းဆိုင်သည့် နယ်မြေ ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိလာခဲ့သည်။

          သို့ဖြစ်ရာ မျိုးမတူ၊ ဘာသာခြားများ လွှမ်းမိုးလာမည်ကို စိုးရွံ့ သော ရခိုင်လူမျိုးများနှင့် ၎င်းင်းတို့၏ လူ့အခွင့်အရေးအတွက် နည်းပေါင်းစုံဖြင့် အရေးဆိုနေပြီး ရခိုင်ပြည်သည်လည်း ၎င်းင်း တို့နှင့်သက်ဆိုင်သည်ဟု ပြောဆိုလာသော ဘင်္ဂါလီ လူအုပ်စု နှစ်ခုကြားတွင်တစ် ဖက်နှင့်တစ်ဖက် မကျေနပ်မှုများ၊ အမုန်းတရားများပေါ်ပေါက်ဖြစ်ထွန်းလာတော့သည်။

          လေ့လာသူများ ယူဆကြသည်ကတော့ ဤရခိုင်ပြည်နယ် သည် သမိုင်းတစ်လျှောက် အုပ်စိုးသူအဆက်ဆက်၏ နိုင်ငံရေး ကစားစရာ ကွင်းပြင်ကြီးတစ်ခုဖြစ်ခဲ့သည်ဟူ၍ဖြစ်သည်။

          ဦးနုလက်ထက်က ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိရေး အတွက် ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဧရိယာကို အားကိုးခဲ့ရသည်ဟုဆိုသည်။

          ထိုစဉ်က ဘင်္ဂလားဘက်ခြမ်းမှ ဘင်္ဂါလီအမြောက်အမြားကို လှေများဖြင့် အသုတ်လိုက်၊ အသုတ်လိုက်ခေါ်သွင်း၍ နိုင်ငံ သားလက်မှတ်ပေးကာ မဲရယူခဲ့မှုများရှိခဲ့သည်ဟု လေ့လာသူ အချို့က ထောက်ပြကြသည်။ ဦးနုဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့ စဉ်ကလည်း ရိုဟင်ဂျာအသံဆိုသည့် အစီအစဉ်တစ်ခုကို ရေဒီယိုမှ ထုတ်လွှင့်ခွင့်ပြုခဲ့သည်။

          ဦးနေ၀င်းအစိုးရ လက်ထက်ရောက်သည့်အခါ ဦးနုလက် ထက်တွင် အစုလိုက်၊ အပြုံလိုက်ဝင်ရောက်လာသော မြန်မာနိုင်ငံ သားဖြစ်နှင့်ပြီးသားဘင်္ဂါလီများကို မောင်းထုတ်ပစ်ခဲ့သည်။ ထို့အပြင် ဦးနုလက်ထက်တွင် နိုင်ငံသားဖြစ်သွားသော ဘင်္ဂါလီ များကိုလည်း နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပစ်ခဲ့သည်။

          ထိုစဉ်မှစကာ ဘင်္ဂါလီများမှာ ချို့တဲ့ကျပ်တည်းသော အခြေအနေတွင် ယနေ့အထိ နေလာခဲ့ကြရသည်။ သူတို့ကို အစိုး ရက လူဟု ပင် သတ်မှတ်ခြင်းကို မခံစားရဟု ဘူးသီးတောင်၊ မောင်တောဘက်မှ ဘင်္ဂါလီများက ဖွင့်ဟကြသည်။

          သို့သော်လည်း စစ်အစိုးရလက်ထက်တွင် ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲတွင်တော့ အမေ့ခံ ဘင်္ဂါလီများကို အစိုးရ က နိုင်ငံရေးအရ၊ တစ်နည်းအားဖြင့် နိုင်ငံရေး လိုအပ်ချက်အရ အသိအမှတ်ပြုခဲ့ရပြန်ပါသည်။ တိုင်းရင်းသားအဖြစ်သာမက နိုင်ငံသားအဖြစ်ပါ သတ်မှတ်မခံရသည့် ဘင်္ဂါလီများကို အစိုးရက ရွေးကောက်ပွဲတွင် ပျော်ပျော်ကြီးမဲထည့်ခွင့် ပေးခဲ့ပါသည်။

          ထို့ပြင် ရခိုင်ပြည်နယ်စပ် လူဝင်လူထွက်ကို စောင့်ကြည့်ကိုင် တွယ်ရသည့် အစိုးရအာဏာပိုင်များ၏ အဂတိလိုက်စားမှုများ ကလည်း ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ချဉ်းကပ်ရာတွင် ထည့်သွင်း စဉ်းစားစရာ ကိစ္စတစ်ခုဖြစ်နေပါသည်။

          တစ်ဖက်ကို ကြည့် မည်ဆိုလျှင် “မြေမျိုလို့လူမျိုး မပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်” ဟူသော ဆောင်ပုဒ်များကို အစိုးရ က နေရာတော်တော်များများမှာ စိုက်ထူထားပေးသည်။ ဤ ဆောင်ပုဒ်များမှာ အစကတည်းက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်ခင်တွယ်တာ၊ စောင့်ရှောက်သည့်နေရာတွင် နာမည်ကြီးလှ သော ရခိုင်လူမျိုးများ၏ စိုးရိမ်စိတ်ကို ပိုမိုကြီးထွားခိုင်မာလာအောင် လှုံ့ဆော်ပေးနေသကဲ့ပင်။

          ထိုသို့ဖြင့် အစိုးရအဆက်ဆက်အတွက် လိုရင်လိုသလို၊ မလိုရင် မလိုသလို အသုံးတော်ခံပေးခဲ့ရသည့် ရခိုင်ပြည်နယ်၌ လူအုပ်စုနှစ်ခုကြားမှာ မကြာခဏဆိုသလို တိုက်ခိုက်မှုများ ဖြစ် ပွားခဲ့လေ့ရှိပါသည်။ သို့သော် တစ်ပြည်နယ်လုံး အတိုင်းအတာ နှင့်တော့ မဖြစ်ပွားခဲ့ပါ။

          အရပ်သားအစိုးရတက်လာပြီး ပထမဆုံးအကြိမ်ဖြစ်ပွား သော ယခုအကြိမ် ပဋိပက္ခကျမှသာ တစ်ပြည်နယ်လုံးနီးပါး အပြန်အလှန် တိုက်ခိုက်မှုများ၊ လူနေအိမ် မီးရှို့မှုများဖြစ်ပွားခဲ့ ရခြင်းဖြစ်ပါသည်။

     “အစိုးရအဆက်ဆက်ဟာဒီပြဿနာဖြစ်ရတဲ့ဇာတ်ကြောင်း ရဲ့ အဓိကတရားခံပဲ” ဟု ဒေါက်တာအေးမောင်က သုံးသပ်သည်။

          “အခုမှ ပြဿနာတွေ ဖောင်းပွလာတော့မှ အနီးစပ်ဆုံး လူမျိုးနွယ်စုပြဿနာဖြစ်ရတယ်။ ကျွန်တော်တို့တစ်တွေ ခံနေရ တယ်။ သူတို့ ဖွင့်ပေးခဲ့တဲ့အပေါက်တွေကိုမပိတ်ဘူး။ သူတို့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာမူမရှိဘူး။ ဥပ ဒေရဲ့ အားနည်းချက်တွေနဲ့ နိုင်ငံသားပေးချင်တဲ့သူကို ပေးတယ်” ဟု ဒေါက်တာအေးမောင်က ဝေဖန်ပြောဆိုသည်။

          အစိုးရ၏ မူဝါဒသည် ဘယ်လိုမူဝါဒမျိုးလဲဟုလည်း ဒေါက်တာအေးမောင်က မေးခွန်းထပ်ထုတ်သည်။

          “ကျွန်တော်တို့ကို သုံးခဲ့တာက ကြက်လည်းမောစေ၊ ယာလည်း ညက်စေ။ ကုလားနဲ့ ရခိုင်ပြဿာနာ ဖြစ်ချင်သလိုဖြစ်ဆိုပြီး ထား လိုက်တာလား။ ရခိုင်တွေလည်း စီးပွားရေးကျ၊ ကုလားတွေ လည်း ဒုက္ခဖြစ်။ကျွန်တော်တို့ အသုံးချခံနေရပြီလား”

မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)တွင် ပါရှိသော မျက်နှာဖုံးဆောင်းပါးကိုပြန်လည်ဖော်
ပြခြင်းဖြစ်ပါသည်။

ဉာဏ်လင်း၊ ကျော်ဇေယျာထွန်းနှင့် ဇေယျာလှိုင်ရေးသည်    


အပိုင်း(၂) ဆက်ရန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...