သေဆုံးခြင်း အနုပညာ
အပိုင်း(၁)
လူတိုင်းဘယ်သေချင်ကြပါ့မလဲ။သို့ပေမယ့် ရှောင်လွှဲမရတဲ့ အရာမို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ လူဆိုတာ သေကြရတာ။ ကင်ဆာဆရာဝန်တစ်ယောက် အနေနဲ့ သေအံ့မူးမူး လူနာတွေ၊ သေလုမျောပါးဝေဒနာခံစားနေရတဲ့ လူနာတွေကို နေ့စဉ်လိုလို တွေ့နေရတော့ အဲသည် လူနာတွေကို ခံစားနေရတဲ့ ဝေဒနာတွေ သက်သာအောင် ဘယ်လိုလုပ်ပေးရပါ့ဆိုတဲ့ အတွေး ကို နေ့တိုင်းတွေးဖြစ်ပါတယ်။ အထူးသဖြင့် အများသိကြတဲ့အတိုင်း ကင်ဆာရောဂါ ဆိုတာ ရောဂါပျောက်ကင်းအောင်ကုသနိုင်ဖို့က အလားအလာနည်းတုန်း မဟုတ်လား။
Health Digest မှာ ကင်ဆာဆောင်ထဲ လမ်းလျှောက်ခြင်း ဆောင်းပါးတွေ အပတ်စဉ်ရေးဖြစ်နေပေမယ့်
စာရေးသူရဲ့ခေါင်းထဲမှာ ရေးချင်စရာအတွေးတွေက အမြဲလိုလို လျှံကျနေသေးတာ။ သည်တော့ ယနေ့ တိုးတက်ပြီးဆိုတဲ့နိုင်ငံများမှာ လူတွေဘယ်လိုသေနေကြသလဲ။ မသေအောင် ဆရာဝန်တွေ ဘာတွေလုပ်ပေးနေကြသလဲ။
ဘယ်လိုမှ လုပ်မရ၊သေတော့မယ်ဆိုတဲ့ နောက်ဆုံးအချိန်အတွက် ဘယ်လိုကြိုတင်ပြင် ဆင်ကြသလဲ စတဲ့သေဆုံးခြင်းဆိုင်ရာကိစ္စတွေကို သီးသန့်ခွဲထုတ်ပြီး ဆောင်းပါးတစ်ပုဒ်ရေးလိုက်ပါတယ်။ ရေးတဲ့အခါမှာ လူနာကို ဆရာဝန် ကရှင်းပြနေတဲ့ အသွင်ဖြစ်အောင်၊ပိုပြီး နီးနီးစပ်စပ်ရင်းရင်းနှီးနှီး ရေးနိုင်အောင် ပုံမှန်စာရေးသူရေးနေကျ စာဟန်မဟုတ်ပဲ စကားပြောတဲ့ဟန်နဲ့ရေးလိုက်ပါတယ်။ကင်ဆာဆောင်ထဲက ဆရာဝန်မို့လို့ ကင်ဆာလူနာများကိုပဲ အခြေပြုပြီး ရေးပါရစေ။
၏
“ဒိုသီ” ဆိုတဲ့ ဗီယက်နမ်သူလေးကို SGH ရဲ့ တစ်ယောက်လူနာခန်းထဲမှာ စတွေ့ရတော့ မိခင်ကိုလူနာစောင့်ပေးနေတဲ့ သမီးလေးဖြစ်မှာပဲလို့ တွေးမိတာ။ ဒါပေမယ့် လူနာမှတ်တမ်း ကို သေချာကြည့်မိတော့မှ “ဒိုသီ”က အဆုတ်ကင်ဆာလူနာရှင်လေးဖြစ်နေ တယ်။ အသက်က၂၅နှစ်။ အမေရိကားမှာ မဟာသိပံ္ပဘွဲ့ရခဲ့တဲ့ သူငယ်မက သူ့ကိုလာကြည့်တဲ့ ဆရာဝန်ကျွန်တော့်ထက် အင်္ဂလိပ်စာ ပိုကောင်းတယ်။ဒီအရွယ် ဗီယက်နမ်သူလေး ဆေးလိပ်ဘယ်သောက်ပါ့မလဲ။ အတူရှိနေတဲ့ “ဒိုသီ့”မိခင် ဗီယက်နမ်မကြီးကလဲ အင်္ဂလိပ်စကားပြောတတ်၊ ဗီယက်နမ်မှာတော့ သူတို့ ငွေကြေးအတော် တတ်နိုင်သူ များထဲ ပါပုံရပါတယ်။လွန်ခဲ့တဲ့ ခြောက်လ မဟာဘွဲ့ရပြီးလို့ ဗီယက်နမ်ကိုပြန်ရောက်တော့ ချောင်းတွေ မရပ်မနားဆိုးရာကစပြီး အဆုတ်ကင်ဆာမှန်းစသိပါတယ်။ ဗီယက်နမ်မှာ ၅ လလောက်ကုခဲ့ပြီး အခုတော့ ကင်ဆာကုသရာမှာ နာမည် ကြီးတဲ့ စင်္ကာပူ အမျိုးသားကင်ဆာဌာနကိုရောက်လာတယ် ဆိုပါတော့။
အဆုတ်ကင်ဆာအားလုံးရဲ့ ၁၅%ဟာ ဆေးလိပ်နဲ့ ထိတွေ့ခြင်းလုံးဝမရှိသူတွေ မှာ ဖြစ်တတ်တယ်ဆိုရင် အံ့သြသွားကြမလား။ အထူးသဖြင့် အသက်ငယ်ငယ်၊ ဆေးလိပ်မသောက်သူ၊ အာရှနွယ်ဖွား၊ အမျိုးသမီးများမှာ အဆုတ်ကင်ဆာဖြစ်စေတဲ့ မျိုးဗီဇဖောက်ပြန်မှု Gene mutation တစ်ခုရှိနေတတ်တယ်။ EGFR လို့ခေါ်ပါတယ်။ အဲဒါရှိနေရင် ပုံမှန် အဆုတ်ကင်ဆာ ကုသဆေးများကို မသုံးတော့ပဲမျိုးဗီဇဖောက်ပြန်မှုအတွက် အထူးဆေးများကို သုံးလို့ရပါတယ်။ အထူးဆေးဆိုတဲ့ အတိုင်း ကင်ဆာကို အတော်လေးလဲ ထိန်းချုပ်နိုင်တယ်၊ အဲ..ဈေးလည်း အထူးဈေးဆိုပါတော့။
“ဒိုသီ”ရဲ့ အဆုတ်ကင်ဆာက စဖြစ်ကတည်းက အဆုတ်ထဲမှာ အတော်ပျံ့နေတာ။ ခွဲစိတ်လို့လဲ မရဘူး။ အဆုတ်ကင်ဆာ အဆင့် (၃)ပေါ့လေ။ သည်တော့ ဗီယက်နမ်ကကင်ဆာဆရာဝန်ကြီးက Tarceva ခေါ်တဲ့ အထူးသောက်ဆေးကို စပေးလိုက်ပါတယ်။ အဆုတ်ကင်ဆာအရွယ်အစားလဲ ကျုံ့သွားတယ်။ သက်သာသလိုလဲ ဖြစ်လာတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ၀က်ခြံလိုလို အဖုတွေတကိုယ်လုံးမှာပေါက်တယ်။ နှစ်လ လောက်နေတော့ ကင်ဆာက တန့်နေရာက ပြန်ကြီး လာပြန်ရော။ အဲဒါနဲ့ အဆုတ်ကင်ဆာများမှာ ပုံမှန်သုံးနေကျ Carboplatin/Paclitaxel ကင်ဆာဆေး များကို စသွင်းပါတယ်။ ဒါပေမယ့် Paclitaxel နဲ့ လူနာနဲ့က မတည့်ပြန်ဘူး။ ဒီတော့ သူ့နေရာမှာ Gemcitabine ဆိုတဲ့ ဆေးကို ပြောင်းလိုက်ပါတယ်။ နှစ်လလောက်တော့ ငြိမ်နေတယ်။
နောက်ပြန်ကြွတယ်။ ဒါနဲ့ စင်္ကာပူရောက်လာရောဆိုပါတော့။
ဆေးနာမည်တွေထည့်ရေးပြရတာဟာ အကြောင်းရှိပါတယ်။ SGH မှာ မြန်မာပြည်က ဆေးရုံ လာတက်တဲ့ အသည်းကင်ဆာလူနာတစ်ယောက်နဲ့တွေ့တော့ စာရေးသူကလောင်ကို ကောင်းကောင်း သိနေပြီ “ကင်ဆာဆောင်ထဲ လမ်းလျှောက်ခြင်း”ရဲ့ ပရိသတ်တစ်ဦးဖြစ်နေပါတယ်။ ဒီတော့ စိတ်ထဲ မှာဖြစ်မိတာဟာ ကိုယ့်စာကို အားပေးတဲ့ ပရိသတ်ထဲမယ် ကင်ဆာလူနာအများဆုံးပါလိမ့်မယ် လို့ ယူဆပြီး သူတို့တတွေအတွက် အကျိုးရှိအောင် ကင်ဆာဆေးအမည်များကို ထည့်ရေးပေးရခြင်းဖြစ် ပါတယ်။အပေါ်က ဇာတ်လမ်းကို ဆက်ရရင် အထက်မှာဖော်ပြခဲ့တဲ့ ကင်ဆာဆေး အားလုံး မြန်မာပြည်မှာ ရနိုင်တယ်၊ရှိနေပါပြီ။ အဲ မရှိသေးတဲ့ ဆေးအသစ်အကြောင်းကို ဆက်ရေးပါ့မယ်။
စင်္ကာပူရောက်တော့ “ဒိုသီ”ရဲ့အသားစကို ပြန်စစ်ပြီး ALK ခေါ်တဲ့ မျိုးဗီဇဖောက်ပြန်မှုတစ်ခုကို ထပ်စစ်ပါတယ်။ အဲဒီမှာ ALK ကရှိနေပြန်ပါရော။ ဒီလိုနဲ့ Crizotinib ခေါ်တဲ့ အထူးဆေးတစ်မျိုးကို စပေးပါတယ်။ ကျန်ကင်ဆာဆေးတွေအားလုံးကို ရပ်လိုက်ပါပြီ။ ဆေးစပြီးနှစ်ပတ်အတွင်းမှာ အဆုတ်ကင်ဆာအကျိတ် လေးပုံတစ်ပုံလောက် ကျုံ့သွားပါတယ်။ တစ်လပြည်တဲ့ အချိန်မှာ အိပ်ယာထဲလဲနေတဲ့ လူနာလမ်းပြန်လျှောက်နေပြီ။
ယနေ့ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ အထူးသဖြင့် အစိုးရကပြည်သူအတွက် ကျန်းမာရေးတာဝန် ယူပေးတဲ့နိုင်ငံများမှာ ဆေးပညာအဆင့်အတန်းမြင့်မားလာခြင်းဟာ အဓိက စိန်ခေါ်မှုဖြစ်နေပါတယ်။ “ဒိုသီ”ဆိုရင် သူ့ကိုယ်ပိုင်ငွေနဲ့ ဆေးကုပါတယ်။ Crizotinib ဆိုတဲ့ သောက်ဆေးက တစ်လစာ စင်္ကာပူဒေါ်လာ တစ်သောင်းခွဲလောက်ကျတယ်။ အမေရိကန်က တိုက်ရိုက်မှာယူရတာပါ။ ဒီတော့ အစိုးရကများ ကျခံပေးမယ်ဆိုရင် လူနာတိုင်းအတွက် ဘယ်တတ်နိုင်ပါတော့မလဲ။ ပြီးတော့ ကင်ဆာလိုရောဂါမျိုးက ပိုက်ဆံသိပ်ကုန်တာ။ အမေရိကန်ပြည်ထောင်စုမှာအစိုးရရဲ့ ကျန်းမာရေး ရံပုံငွေ ၂၅% ဟာ သေမယ်ဆိုတာသိပြီးသား နောက်ဆုံးအဆင့်သေခါနီးလူနာများအတွက် ကုန်ပါတယ်။ ထိုလူနာမျိုးဟာလည်း လူနာအားလုံးရဲ့ ၅%ပဲရှိတာ။ ထို၅%သောလူနာများ ရက်ပိုင်း၊ လပိုင်းလေး နေရဖို့ တစ်နိုင်ငံလုံး ကျန်းမာရေးရံပုံငွေ ၂၅%ကို သုံးစွဲနေရတာဖြစ်နေတော့ မမျှတဖူးပေါ့။

အပိုင်း(၂)
၂၀၀၃ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုမှာ ရင်သားကင်ဆာလူနာသစ် တစ်ဦးအတွက် အစိုးရသုံးစွဲကုန်ကျပေးတဲ့ ငွေဟာ ဒေါ်လာ ၅၄၀၀၀ ကျော်ရှိပါတယ်တဲ့။ ဆေးစစ်ချက်ကုန်ကျငွေတွေ ပါမယ်။ ကင်ဆာဆေးသွင်းတာ၊ ဓာတ်ကင်တာတွေရဲ့ ကုန်ုကျစရိတ်ပါမယ်။ ရင်သားကင်ဆာလူနာတစ်ဦး အတွက် ရောဂါသက်သာပျောက်ကင်းသွားတဲ့အထိ အစိုးရက အကုန်အကျခံပေးတာဖြစ်ပါတယ်။
အဲ..ရောဂါက ပြန်ဖြစ်တယ်၊ ကုလို့ မနိုင်ဘူးဆိုရင်တော့ ရင်သားကင်ဆာနောက်ဆုံးအဆင့် လူနာတစ်ဦးအတွက် သေခါနီး နောက်ဆုံး ၆လကုန်ကျစရိတ်ဟာ ဒေါ်လာ ၆၃၀၀၀ ကျော်ပါတဲ့။ ကင်ဆာလူနာမှတင် မကပါဘူး။
အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်လာတဲ့ လူနာတစ်ယောက်အတွက် အစိုးရကျခံပေးတဲ့ ကုန်ကျစရိတ်ဟာ တစ်ရက်ကို ဒေါ်လာသုံးထောင်၊တစ်နာရီကြာမယ့် ခွဲစိတ်မှုတစ်ခုအတွက် ဒေါ်လာ ၅၀၀၀ အစိုးရက ကျခံပေးနေရပါတယ်။ ဒီလို ငွေကုန်ကြေးကျခံနိုင်ရင် လူတွေအသက် ပိုရှည်လာ ကြတယ်ဆိုတာ သိလာတော့ ပြသနာက ဘယ်အချိန်မှာ ဆေးကုသမှုတွေကို ရပ်ရမယ်၊ဘယ်အချိန်မှာ လူနာဟာ သေသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရမယ်ဆိုတဲ့ ပြတ်သားသင့်တဲ့ အရာတွေဟာေ၀၀ါး လာတယ်။
ကင်ဆာဆရာဝန်ဖြစ်တဲ့ စာရေးသူဟာ SGH ရဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲကို နေ့တိုင်းလိုလို သွားပြီး လူနာကြည့်နေရတယ်။ အမှန်တော့ သေမယ်ဆိုတာ သိပြီးသား ကင်ဆာလူနာတစ်ယောက် ဘာလို့ ICU ထဲထည့်ပြီး၊ အသက်ရှူကူစက်တပ်ပြီးတော့ အသက်ဆက် ခိုင်းနေသေးသလဲ စဉ်းစားစရာ။ SGH ICU ထဲက လူနာတွေကို ကြည့်လိုက်ရင် ကင်ဆာလူနာတွေက များနေတယ်။ အသက်၆၀ အဆုတ်ကင်ဆာ လူနာအဘွားအို၊ ကင်ဆာအဆင့် (၄) ဆိုပေမယ့် ကင်ဆာဆေးကို တုံပြန်နေတယ်။ ကင်ဆာကျိတ်တွေ ကျုံ့နေတဲ့ အဆင့်။ အဲဒီအချိန်မှာ အဆုတ်ရောင်ရောဂါ ရပြီး အသက်မရှူနိုင်လို့ အသက်ရှူကူစက်တင်ထားတာ။ အဲဒီလူနာဟာ စကာၤပူ
ဆေးပညာအဆင့်အတန်းအရ မသေသင့်သေးပါဘူးတဲ့။ ကင်ဆာဆရာဝန်က အရှုံးမပေးသေးဘူး။ လူနာကလည်း အရှုံးမပေးသေးဘူး။ လူနာရှင်များကလည်း ထိုနည်းလည်းကောင်း။
ရွှေတိုင်းပြည်က လာခဲ့တဲ့စာရေးသူ။ အဆုတ်ကင်ဆာအဆင့်(၄)ဆိုရင် မျက်စိမှိတ်ပြီး သုံးလလို့ပြောနေကြ။ စင်္ကာပူမှာ မဟုတ်ဘူး။တကိုယ်လုံးကို ဓာတ်မှန်တွေရိုက်သေးတာ။ အသားစတွေ၊ မျိုးဗီဇတွေ အကြိမ်ကြိမ် စစ်သေးတာ။ ကင်ဆာဆေးတွေ အမျိုးမျိုးပေးကြည့်သေးတာ။ ဒီကြားထဲ သေလုမျောပါး ကူးစက်ရောဂါတွေ ၀င်လာပြန်ရင်လည်း ICU ထဲထည့်ပြီး အကုန်အကျခံ ကုကြသေးတာ။ စင်္ကာပူရောက်တော့စာရေးသူရဲ့ ဆေးကုသမှုဆိုင်ရာ ခံယူချက်တွေ၊ သဘောထားတွေ၊ နားလည်ထားတာတွေ အကုန်မြေလှန်ပစ်ခံလိုက်ပြီ။ မျက်စိတွေပွင့်၊ နားတွေပွင့်ရုံသာမကဘူး။ ခေါင်းကြီး တစ်ခုလုံးပါ အချက်အလက်တွေပြည့်လျှံပြီး ပွင့်ထွက်သွားသလိုပါပဲ။
သို့ပေမယ့် သေလုဆဲဆဲလူနာတွေအပေါ် အဲသလို ပြုစုကုသပေးကြတာဟာ တကယ်ရော အကျိုးရှိပါရဲ့လား။၂၀၀၈ခုနှစ်၊ အမေရိကန်ပြည်ထောင်စုမှာ သေလုမျောပါး ကင်ဆာလူနာများနဲ့ ပတ်သတ်ပြီး သုတေသနတစ်ခုလုပ်ပါတယ်။ ကင်ဆာလူနာတစ်ဦးချင်းစီရဲ့ သေခါနီး နောက်ဆုံးအပတ်မှာ ICU ထဲထည့်ပြီး အသက်ရှူကူစက်တွေတပ်မယ်။နှလုံးနှိုးဆွစက်နဲ့ အသက်ကယ်မယ်။ အဲသလို အလုပ်ခံရတဲ့ လူနာတွေနဲ့ ဘာမှမလုပ်ပဲ အိမ်မှာပဲအောက်ဆီဂျင်လေးရှူ ၊မော်ဖင်းလေး ထိုးပြီး အေးအေး လူလူ အသက်ထွက်သွားတဲ့ ကင်ဆာလူနာ ဘယ်သူက ဘ၀အရည် အသွေးတန်ဖိုး (Quality of Life) ရှိလဲ နှိုင်းယှဉ်ကြတော့ အေးအေးဆေးဆေး အသက်ထွက်တဲ့ လူနာတွေရလဒ်က ပိုသာတာ ကိုတွေ့ရတယ်။ လူတစ်ယောက်ဟာ သေခါနီးနောက်ဆုံးအချိန်မှာ နာကျင်တာတွေ မခံစားချင်ဘူး၊ မိသားစုနဲ့အတူတူ နေချင်တယ်၊ စိတ်လေး အေးအေးချမ်းချမ်းနဲ့ပဲသေချင်တယ်၊ မိသားစု
အပေါ် ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ဒီလိုမဟုတ်လား။အဲဒီ အခွင့်အရေးတွေဟာ ICU ထဲဝင် သွားရင် မရနိုင်တော့ဘူးလေ။
ဆေးပညာသမိုင်းကို ပြန်ကြည့်လိုက်ရင် ရှေးရှေးကာလများက လူတွေသေတာ အရမ်းမြန်တာ။ လည်ပင်းနာ၊ အာသီးရောင်ရာကစ၊ အဆုတ်ရောင်ပြီး ရက်ပိုင်းအတွင်းသေသွားနိုင်တယ်။ ၀မ်းလျှော်ပြီး ချက်ချင်းသေနိုင်တယ်။နှလုံးသွေးကြောကျဉ်းရောဂါများလည်း ၀ုန်းဒိုင်းဆို နေ့မြင်ညပျောက်သေကြတာပဲ။ ကင်ဆာရောဂါများဆိုလဲ ဖြစ်မှန်းတောင် သိကြတာမဟုတ်ဘူး။ အသားစယူရကောင်းမှန်းမသိဘူး။ ကင်ဆာဆေးသွင်းတာတို့၊ ဓာတ်ကင်စက်တို့မရှိဘူး။ လုံးပါးပါးပြီး အနှေးနဲ့ အမြန်သေကြတာပါပဲ။
ယနေ့ခေတ်ကျတော့ လူတွေဟာ ရောဂါဖြစ်ပြီဆို ချက်ချင်းမသေကြတော့ဘူး။အဆုတ်ရောင်လို့
မသေဘူး၊၀မ်းလျှောလို့ မသေဘူး။ကင်ဆာရောဂါများဆိုလဲ ဆေးကုနေတဲ့ အတွက်ကြောင့် ချက်ချင်း မသေတော့ဘူး။ပြီးတော့ လူတွေသေကြရတဲ့ အကြောင်းရင်းဟာလဲ နာတာရှည် နှလုံ၊ကျောက်ကပ်၊ အသည်း ပျက်စီးတဲ့ ရောဂါတွေ၊ အသက်ကြီးလို့ ဖြစ်တဲ့ရောဂါတွေ နဲ့ ကင်ဆာရောဂါတွေဖြစ်လာပါတယ်။ ဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ပြောတာနော်။ ရွှေပြည်မှာတော့ ၀မ်းလျှော်ပြီး သေတာ၊ အဆုတ်ရောင်ပြီး သေတာ၊ သေသင့်တဲ့ရောဂါမဟုတ်ပဲသေတာ တွေ တွေ့ခဲ့ဖူးပါတယ်။ ဒါကတော့ တခြားအကြောင်းရင်းတွေ ရှိနေသေးလို့ပေါ့လေ။
ဖွံ့ဖြိုးပြီးနိုင်ငံများကျတော့ အထက်က သေသင့်တဲ့ ရောဂါများကြောင့် သေရတယ်ဆိုပေမယ့်၊တစ်ချိန်မှာ
သေမယ်ဆိုတာသိပေမယ့် ဆေးကုလို့ရနေတာကြောင့် ဘယ်အချိန်သေမလဲဆိုတာ ဆရာဝန်တွေ မခန့်မှန်းတတ်တော့ဘူး။

0 comments:
Post a Comment