ရုက္ခစိုးညည်းချင်း
by မင်းလူ၏ ၀တ္တုတိုများ on Sunday, January 6, 2013 at 11:49pm

ကျွန်တော်က သစ်ပင်တွေကိုစိတ်ဝင်စားတတ်သူဖြစ်၏။ စာဖတ်ခြင်း၊ ဘောလုံးကန်ခြင်းတို့လောက် စွဲစွဲလမ်းလမ်း ဝါသနာကြီးတာမျိုး မဟုတ်သည့်တိုင်၊ တစ်ခါတစ်လေတော့ အပျင်းပြေ သစ်ပင်စိုက် တတ်သည်။
စိုက်ပျိုးရေးအကြောင်း တတ်ကျွမ်းနားလည်လို့တော့မဟုတ်။ စိုက်နည်းပျိုးနည်း စာအုပ်တွေဖတ်ပြီး စနစ်တကျ စိုက်ပျိုးတတ်တာလည်းမဟုတ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စိုက်တာ။ ကျွန်တော့်မူက လွယ်လွယ်လေး ရိုးရိုးရှင်းရှင်းလေး။
ပထမတစ်ချက်က သစ်ပင်ဆိုတာ မြေကြီးပေါ်မှာပေါက်တာ၊ ဒါကြောင့် မြေကြီးထဲမှာ စိုက်ရမည်။
ဒုတိယတစ်ချက် သစ်ပင်တွေက ရေကြိုက်သည်။ ရေလောင်းပေးရမည်။
တတိယအချက်ကတော့ သစ်ပင်တွေက အလင်းရောင်ရမှ ကြီးထွားသည်။ လောင်းရိပ်မမိအောင် ဂရုစိုက်ရမည်။
ကိုယ်ကပဲ ခြေဆိတ်လက်ဆိတ် ကောင်းလို့လားမသိ။ ကျွန်တော်စိုက်တဲ့အပင်တွေဆိုလျှင် ရှင်တာများသည်။ စိုက်ခဲ့သော အပင်တွေကလည်း မျိုးစုံ။ တချို့ဆိုလျှင် ဘာပင်မှန်းတောင်မသိ။ အလေ့ကျပေါက်နေသော အပင်တွေထဲက ပုံစံထူးခြားနေလို့
ယူစိုက်ကြည့်မိတာမျိုးလည်းရှိ၏။
တစ်ခါက မြက်တောထဲမှာ ပေါက်နေသော အပင်ကလေးတစ်ပင်၏ အရွက်တွေက မြင်နေကျ ပေါင်းပင်တွေနှင့်မတူတာတွေ့ရသည်။ နှင်းဆီလိုလို၊ လက်ဖက်ရွက်လိုလို၊ ချွန်ချွန်တွန့်တွန့်လေးတွေ ပါသည်။ တစ်ခုခုတော့ ဖြစ်မှာပဲဆိုပြီး ပန်းအိုးထဲ ရွှေ့စိုက်ထားလိုက်သည်။ အချိန်တန်တော့ အလွန်လှပသော ခရမ်းပွင့်ကလေးတွေ ပွင့်လာသည်။ သူများတွေပြောမှကောက်လှိုင်းတီပွင့်ကလေးတွေ ဖြစ်ကြောင်းသိရသည်။
ရုရှားပန်းသီးဆိုတာလည်း စိုက်ဖူးသည်။ အသီးကိုတော့ စားလည်း မစားဖူး၊ မြင်လည်းမမြင်ဖူး။ အစေ့ကိုသာ ရရှိခဲ့ခြင်းဖြစ်၏။ အပင်ပေါက်သည်။ ဆယ့်လေးငါးပေထိထက်လာသည်။ အသီးတော့ မသီး။ ရာသီဥတုမတူလို့ဖြစ်လိမ့်မည်။
ဘုရားပန်းအိုးမှာ ထိုးထားသော ဂမုန်းတချို့ကိုလည်း စိုက်ခဲ့ဖူးသည်။ အမျိုးအမည် သိတာရော၊ မသိတာရော ပါသည်။ ဂမုန်းတစ်မျိုးကတော့ ဆယ်ပေလောက်အထိ ထိုးတက်သွားပြီး အတက်တွေပါ ထွက်လာသဖြင့် ခြံစည်းရိုးမှာ ခွဲစိုက်ထားလိုက်သည်။ ဂမ္ဘီရအကြောင်းတွေပါသော မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်ရတော့မှ စီးပွားတက်တယ်ဆိုပြီး တချို့တွေ အလွန်တန်ဖိုးထားကြသော လပ်ကီးဂမုန်းဆိုတာဖြစ်နေကြောင်းသိရ၏။
သူငယ်ချင်းတစ်ယောက်အိမ်မှာတွေ့ရသော အပင်လေးကို သဘောကျမိ၏။ အစိမ်းရင့်ရောင် အရွက်ကလေးတွေ ဘေးကိုပြိုင်လျှက် ထွက်နေတာ။ ဘာပင်လဲမေးတော့ သူလည်းမသိ။ လှလို့စိုက်ထားတာပြောသည်။ မျိုးယူလာပြီး အိမ်မှာစိုက်ထားလိုက်သည်။ နောက်မှ အဆိပ်အတောက်ကိုအလွန်နိုင်သော ကင်းဂမုန်းတဲ့။
ရုပ်ရှင်မင်းသားကြီး ဦးဇော်လွင်က ကျွန်တော့်ကို ပတ္တမြားဂမုန်း ဆိုတာလက်ဆောင်ပေးဖူးသည်။ သူကပွင့်ခဲသည်။ ပွင့်ပြီဆိုလျှင်လည်း နီနီရဲရဲ အလွန်လှသည်။
ဂမုန်းတို့သည် အစွမ်းထက်ဆေးဖက်ဝင်သလို တချို့ကျတော့ အဆိပ်အတောက်ဖြစ်တတ်သည်ဟုဆို၏။ ထို့ကြောင့် ဂမုန်းစိုက်လျှင် ဆောင်ရန်၊ရှောင်ရန်တွေ ရှိနေခြင်းဖြစ်ပုံရသည်။
လူအတော်များများက ဂမုန်းကို စီးပွားတက်ဖို့၊ ရာထူးတက်ဖို့ ရည်ရွယ်ပြီး စိုက်ကြခြင်းဖြစ်၏။ ကျွန်တော်ကတော့ အရွက်လှလို့၊ အပွင့်လှလို့၊ အပင်ပုံစံ ထူးခြားလို့ဆိုပြီး စိုက်ခြင်းသာဖြစ်၏။ တချို့လူတွေလို မြင့်မြတ်တဲ့နေရာရွေးပြီး စိုက်ခြင်း၊ ရွှေရည်၊ ငွေရည်လောင်းခြင်း၊ လိုရာဆုတောင်းခြင်းတို့တော့ ပြုလုပ်လေ့မရှိပါ။
နေရာတွေ ဘာတွေလည်း ရွေးနေတာမဟုတ်။ ကြုံတဲ့နေရာမှာ အဆင်ပြေသလို စိုက်လိုက်တာပဲ။ ပန်းအိုးလှလှတွေ ဘာတွေလည်း ရှာမနေတော့။ ရှိတဲ့ပန်းအိုးပဲ။ တချို့ပန်းအိုးတွေက ပဲ့ရွဲ့နေသည်။ တချို့အပင်တွေကို ဇလုံပေါက်ထဲမှာ စိုက်သည်။ တချို့က သံပုံးဟောင်းထဲမှာ၊ တချို့လည်းမြေပေါ်မှာ။ ရှင်ရင်ပြီးရော။
* * * *
ကျွန်တော်တို့ အိမ်ဝင်းထဲမှာ သစ်ပင်တွေ အတော်အသင့်စုံလင်သည်ဟု ဆိုနိုင်သည်။ အပင်ကြီး အပင်လတ်တွေထဲကဆိုလျှင် သရက်၊ မန်ကျည်း၊ မရမ်း၊ ဗာဒံ၊ အုန်းပင်၊ ဒန့်သလွန်၊ တရုတ်စကား၊ ဘောစကိုင်း၊ ခံတက်၊ တမာ၊ ကရဝေး၊ ဇောင်းလျား၊ ရေတမာ၊ စွယ်တော်၊ အုန်းနှဲ၊ မာလကာ၊ ခွာပြာ၊ ထားဝယ်မှိုင်း၊ ဆင်တုံးမနွယ်၊ ယုဇန စသည်ဖြင့်။
ကျွန်တော်စိုက်ချင်နေသော အပင်တွေလည်း ရှိသေးသည်။ ဥပမာ ကံ့ကော်။ ကျွန်တော်က တက္ကသိုလ်ကို အလွန်ချစ်တတ်သူဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်၏ သင်္ကေတဖြစ်သော ကံ့ကော်ပန်းကိုလည်း နှစ်သက်သည်။
သို့ရာတွင် ကျွန်တော့်အိမ်ဝင်းထဲမှာ ကံ့ကော်ပင်မရှိသေး။ စိုက်ဖို့ကြိုးစားခဲ့သော်လည်း မဖြစ်မြောက်သေး။ ကံ့ကော်ပင်က အတက်နှေးသည်။ လပေါင်းအတော်ကြာသည်အထိ တစ်ထွာကျော်ကမတက်။ အမြစ်ကသာ ရှည်ရှည်ထွက်လာတတ်သည်။ အောက်ခြေခိုင်အောင် အားယူပြီးမှ တက်တတ်သောအပင်မျိုးလားမသိ။ ခုလောလောဆယ်မှာတော့ အိမ်ရှေ့ဘုန်းကြီးကျောင်းက ကံ့ကော်ပင်ကြီးတွေကိုပဲ ကြည့်ပြီးအားကျနေရသည်။
ကျွန်တော်က တက္ကသိုလ်ကိုချစ်တဲ့သူဆိုတော့ အထင်ကရဖြစ်သော သစ်ပုပ်ပင်ကြီးကိုလည်းချစ်ရမှာပေါ့။ သို့ရာတွင် အိမ်ဝင်းထဲမှာ သစ်ပုပ်ပင်စိုက်ဖို့တော့ မလွယ်လှပါ။
ဆရာကြီးမင်းသုဝဏ်၏ ပျဉ်းမငုတ်တိုကဗျာကို ဖတ်ပြီးကတည်းက ပျဉ်းမပင်ကို အလွန်စိတ်ဝင်စားခဲ့သည်။ ကံအားလျော်စွာပဲ သုဝဏ္ဏဘက်ကိုသွားတော့ လမ်းဘေးတစ်ဘက်တစ်ချက်မှာ ဟိုအရင်က ပျဉ်းမပင်တွေ ရှိခဲ့သည်။ အပွင့်ပွင့်ချိန်ဆိုလျှင် တစ်လမ်းလုံးနီလာရောင်သန်းနေတာ သိပ်လှသည်။
ကျွန်တော့်သူငယ်ချင်း မောင်မောင်စနေနှင့် ခင်ဖြူတို့ သမီးဦးလေးမွေးတော့ ကျွန်တော်က "အင်ကြင်း"လို့ နာမည်ပေးပါလားဟု အကြံပြုသည်။ သူတို့ကလည်း သဘောကျသဖြင့် ထိုနာမည် အတည်ဖြစ်သွားသည်။
ပြောသာပြောတယ်။ ကျွန်တော်လည်း အင်ကြင်းပင်ကို တစ်ခါမှ မမြင်ဖူးခဲ့။ အင်ကြင်းပွင့်ဆိုတာ ဝေးရော။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် သဘာဝသမိုင်းပြတိုက်ထဲမှာသာ ကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းတုံးကြီးတွေမြင်ဖူးသည်။
တစ်ရက်မှာ မဟာစည်သာသနာ့ရိပ်သာကို ရောက်သွားသည်။ မင်္ဂလာဦးဆွမ်းကျွေးပွဲကို သွားခြင်းဖြစ်၏။ ထိုအခါကျမှပင် အင်ကြင်းပင်ကိုမြင်ဖူးတော့သည်။ ကံကောင်းချင်တော့ အင်ကြင်းတွေပွင့်နေသော အချိန်ဖြစ်၏။ ကျွန်တော် အင်ကြင်းပင်မှန်းမသိ။ "လှလိုက်တာ ဘာပန်းလဲ"ဟု မေးတော့ ဇနီးသည်က အင်ကြင်းဟုပြော၍ သိရခြင်းဖြစ်၏။
အင်ကြင်းပန်းများသည် ကိုင်းဖျားကိုင်းနားမှာမဟုတ်။ အကိုင်း၊ အရင်းဘက် ပင်စည်နားမှာ ကပ်ပွင့်နေခြင်းဖြစ်၏။ အမြင့်ဆယ်ပေသာသာလောက်မှာ။
ကျွန်တော်သည် ဆဒ္ဒန်ဆင်မင်းဇာတ်တော်ကို ဖျတ်ခနဲသတိရလိုက်မိ၏။ သဘာဝကျလိုက်တာ။ သရုပ်မှန်လိုက်တာ။ ကြည့်ပါဦး။ အင်ကြင်းပန်းခိုင်ရဲ့အနေအထားက ဆင်တစ်ကောင်နှာမောင်းနဲ့ လှမ်းဆွတ်ခူးဖို့ အနေတော်ပဲမဟုတ်လား။
တကယ်တော့ အင်ကြင်းသည် ဗောဓိညောင်ပင်ကလွဲလျှင်သရက်ဖြူပင်၊ လင်းလွန်းပင်တို့လိုပင် ဗုဒ္ဓဖြစ်စဉ်ထဲမှာ အရေးပါလှသည်။
မြတ်စွာဘုရားဖွားတော်မူသော နေရာမှာ လုမ္ဗနီသာမော အင်ကြင်းတောမှာဖြစ်၏။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို အားပြုမှီတွယ်ပြီး သားတော်ကို မွေးဖွားခဲ့ရသည်။ ထိုအခိုက်မှာ အင်ကြင်းတွေတစ်တောလုံး ပွင့်နေသတဲ့။ ဘယ်လောက်သာယာကြည်နူးဖွယ်ကောင်းလိုက်မလဲ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတော့လည်း အင်ကြင်းတောမှာပဲ။ ထိုစဉ်ကလည်း အင်ကြင်းပွင့်တွေ တစ်တောလုံး လှိုင်အောင်ပွင့်ခဲ့သည်ဟုဆို၏။ ဘယ်လောက်လွမ်းမော ကြေကွဲဖွယ်ကောင်းလိုက်လေမလဲ။
* * * *
တစ်သက်ပျော်ချင်လျှင် သစ်ပင်စိုက်ပါဆိုသော စကားရှိ၏။ ကိုယ်စိုက်ထားသော သစ်စေ့လေး အညောင့်ထွက်လာတာ၊ တဖြည်းဖြည်း ကြီးထွားလာတာ၊ အပွင့်ပွင့်လာ၊ အသီးသီးလာပုံတို့ကို စိတ်ရှည်လက်ရှည်စောင့်ကြည့်ရင်း ရရှိလာသော ပျော်ရွှင်မှုက အလွန်ထူးခြားသည်။
ထို့အတူ ကိုယ်အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်ရသော သစ်ပင်ကလေးကို ခရုတွေ ကိုက်ဖြတ်ခြင်း၊ ကြက်တွေက ယက်သွားခြင်း၊ခွေးတွေက နင်းခြေခြင်း၊ လူတွေက ချိုးဖဲ့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခံရသောအခါ ကိုယ့်အသားကို ထိသလိုခံစားရသည်။
သစ်တောသစ်ပင် ချစ်မြတ်နိုးသူတွေဆိုလျှင် တစ်ကမ္ဘာလုံးမှာ ရှိသမျှ သစ်ပင်တွေကို သူတို့ကိုယ်တိုင် စိုက်ထားသလိုတောင် သဘောထားကြသည်။ သစ်ပင်တွေကို ခုတ်လှဲခံရလျှင် စုပ်တသပ်သပ်ဖြစ်ကြ။ သစ်တောတွေပြုန်းတီးလျှင် ဘိုးဘွားပိုင်ပစ္စည်းဆုံးရှုံးသလို ဝမ်းနည်းပက်လက်ဖြစ်ကြသည်။
တစ်ဘက်ကလည်း မြို့ပြတွေ တိုးချဲ့ဖို့၊ လမ်းသစ်ဖောက်ဖို့၊ လမ်းဟောင်းပြင်ဖို့၊ သစ်ပင်တွေ ခုတ်ကြရသည်။ စက်ရုံ၊ အလုပ်ရုံတွေက သစ်တောတွေထဲထိ နယ်ချဲ့လာသည်။
ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှုတို့သည် မကြာခဏဆိုသလို ထိပ်တိုက်တွေ့ကြသည်။
တိုးတက်လာသော လူဦးရေကို ကျွေးမွေးဖို့ လယ်ယာစိုက်ခင်းတွေ တိုးချဲ့ကြတာ တောထဲတောင်ထဲထိရောက်သွားသည်။ မျောက်တွေ၊ တောဝက်တွေ၊ ဆင်တွေက စိုက်ခင်းတွေထဲ ဝင်ရောက်စားသောက် ဖျက်ဆီးကြသည်။ လူတွေက ခြောက်လှန့် မောင်းထုတ်သည်။ မရလျှင် သတ်ပစ်သည်။ တစ်ခါတစ်လေ တိရစ္ဆာန်တွေက လက်စားချေတဲ့အနေနဲ့ ရွာတွေကို ဝင်ရောက်တိုက်ခိုက်ကြသည်။
ထိုပြဿနာနှင့်ပက်သက်ပြီး တိရစ္ဆာန်တွေကို အပြစ်ဖို့ကြခြင်းအပေါ် သစ်တောပညာရှင်တစ်ယောက်က
"ဒါဟာ...တိရစ္ဆာန်တွေကကျူးကျော်တာမဟုတ်ပါဘူး၊ လူတွေကသာ တိရစ္ဆာန်တွေရဲ့ စားကျက်ကို ကျူးကျော်တာပါ"ဟု မှတ်ချက်ပြုသည်။ သူပြောတာသိပ်မှန်တာပဲ။ တောတောင်ဆိုတာ တောရိုင်းတိရစ္ဆာန်တို့ရဲ့ ဘိုးဘွားပိုင်နယ်မြေမဟုတ်လား။
မဂ္ဂဇင်းတစ်စောင်ထဲမှာ ဆောင်းပါးရှင်တစ်ယောက်က အညာကမန်ကျည်းပင်ကြီးတွေကို အမွှေးတိုင်ကုန်ကြမ်းလုပ်ဖို့ အတွက် အင်နဲ့အားနဲ့ ခုတ်လှဲနေကြပုံ၊ သက်တမ်းရင့် မန်ကျည်းပင်ကြီးများ၏ ရှေ့ရေးအတွက် စိုးရိမ်နေရပုံတွေကို ရင်နာနာနှင့်ရေးတာဖတ်ဖူးသည်။
ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတာတော့ ယောနယ်က သစ်တောဖုံးလွှမ်းနေသော စိမ်းစိမ်းညို့ညို့တောင်ကုန်းများမှာ သစ်ကန်ထရိုက်တာတွေ လက်ချက်ကြောင့် အတော်ပါးလျားလာပြီ၊ တချို့ဒေသခံတွေဆိုလျှင် စိတ်ထိခိုက်ပြီး မကျန်းမမာတောင်ဖြစ်ရရှာသည်ဆို၏။
သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းထဲမှာပါသော နိုင်ငံခြားကာတွန်းလေးတစ်ကွက်ထဲမှာတော့ သစ်ပင်တွေကို ပြောင်အောင်ခုတ်ပစ်လိုက်ကြသဖြင့် သစ်တောက်ငှက်ကလေးခမျာ ဓာတ်တိုင်ကိုသာ သစ်ပင်အမှတ်ဖြင့် နှုတ်သီးနှင့် ထိုးဆွရင်း အာသာဖြေရပုံကို ရေးဆွဲထားသည်။ ထိမိလွန်းသဖြင့် ပြိုင်ပွဲမှာ ဆုရခဲ့သတဲ့။
ရှေးလူကြီးတွေက သစ်ပင်ကြီးကြီးမားမား မှန်သမျှ ရုက္ခစိုးရှိသည်။ ဒီလိုသစ်ပင်မျိုး ဖျက်ဆီးလျှင် ခုတ်လှဲလျှင် ဒုက္ခတွေ့တတ်သည်ဟု ယူဆကြသည်။ ရိုးရာအစွဲအလမ်းတစ်ခုမျှသာ ဖြစ်သော်လည်း သစ်တော၊ သစ်ပင်ထိန်းသိမ်းရေး အတွက်တော့ အတော်အသုံးတည့်သော အယူအဆဖြစ်၏။ သစ်ပင်ကြီးတွေမှန်သမျှ ရုက္ခစိုးနတ်စင်လေးတွေ တပ်ဆင်ချိတ်ဆွဲပေးထားရင် ကောင်းမယ်လို့တောင် တွေးမိသည်။
ခုချိန်မှာတော့ အိမ်ခြေယာခြေမဲ့ကုန်သော ရုက္ခစိုးတွေသာ တဖြည်းဖြည်း ပိုမိုတိုးပွားလာနေသည်။
သစ်ပင်တွေအကြောင်း လျှောက်တွေးရင်း တစ်ခုသွားသတိရ၏။ ရှမ်းပြည်နယ်ဘက်သွားတုန်းက အောင်ပန်း၊ ပင်းတယ လမ်းတစ်လျှောက် တွေ့ရသော ဧရာမညောင်ပင်ကြီးများ အကြောင်းပင်ဖြစ်၏။ ကြီးမားတုတ်ခိုင်သော သစ်ကိုင်းကြီးတွေက မြေပြင်နှင့် မနိမ့်မမြင့်အနေအထားမှာ နှာမောင်းကြီးတွေလို ဖြာထွက်နေတာ ရင်သပ်ရှုမောဖွယ်ဖြစ်၏။ လုပ်တတ်ကိုင်တတ်လျှင် ထိုညောင်ပင်ကြီးများ၏ အလှကိုပြပြီး နိုင်ငံခြားသားခရီးသည်တွေဆီက ငွေတွေချူယူလို့တောင်ရသည်။ တစ်ခါမြင်ဖူးလျှင်
တစ်သက်လုံးမျက်စိထဲက မထွက်နိုင်လောက်အောင် လှပလွန်းသည်။
ထိုညောင်ပင်ကြီးများ၏ သစ်သားသည် "အမွှေးတိုင်ကုန်ကြမ်းလုပ်လို့ မရပါစေနဲ့၊ ထင်းစိုက် မီးသွေးဖုတ်လို့ မကောင်းပါစေနဲ့၊ အိတ်စပို့သစ်ခွဲသားအဖြစ် အသုံးပြုဖို့ မသင့်တော်ပါစေနဲ့"လို့သာ ရုက္ခစိုးများကိုယ်စား ဆုတောင်းလိုက်ရတော့သည်။
------------------------------------------
မင်းလူ
တိုင်းရင်းသားမဂ္ဂဇင်း။
၂၀၀၃၊ ဖေဖော်ဝါရီ။
0 comments:
Post a Comment