စစ်
Author: lubo601 |
12:22 PM |
No မှတ်ချက် |
စစ်ထက်ဆိုးတာ မကြုံချင်လို့
စစ်တိုက်နေရတာဆိုရင်
စစ်ထက်ဆိုးတာဘာလဲလို့
++++
လူသတ်ရခြင်းမှာပျော်သူတွေ
လုယက်ရခြင်းမှာပျော်သူတွေ
နှိပ်စက်ရခြင်းမှာပျော်သူတွေ
ရှိကောင်းရှိမယ်
လူသားစိတ်ရင်းအခံမှာတော့
စစ်ကို စစ်သားတောင်မုန်းမယ်။
သားတကွဲမယားတကွဲစစ်တွေ
မျက်ရည်စိုလူးစစ်တွေ
အံကြိတ်တောက်ခေါက်စစ်တွေ
တို့ဘက်ကအမှန်စစ်တွေ
ဘယ်အသံတွေကျယ်သလဲ
ဘယ်အသံတွေတိုးသလဲ
ဘယ်သူတွေ အသံမထွက်နိုင်ဘူးလဲ
တို့ရပ်နေတဲ့ဘက်ကတရားတယ်လို့တော့ 
မတွေးသင့်တော့ဘူးလေ။
နယ်မြေအတွက်လည်းတိုက်ခဲ့ကြဘူးပြီ
ဘာသာအတွက်လည်း တိုက်ခဲ့ကြဘူးပြီ
အာဏာအတွက်လည်း တိုက်ခဲ့ကြဘူးပြီ
လူမျိုးအတွက်လည်း တိုက်ခဲ့ကြဘူးပြီ
အိုင်ဒီယာအတွက်လည်း တိုက်ခဲ့ကြဘူးပြီ
မခံချင်စိတ်အတွက်လည်း တိုက်ခဲ့ကြဘူးပြီ
နိုင်သူတွေ ရှာတဲ့အရာ
စစ်အပြီးမှာ တွေ့ခဲ့ကြပါသလား။
စစ်တိုက်ခွင့်ရှိသူတွေတိုက်ကြတဲ့ အခါ
စစ်တိုက်ခွင့်မရှိသူတွေ ကြားထဲက နာတယ်
သားကိုလက်ငင်ခဲ့ရတယ်
လင်ကို လက်ဆွဲခဲ့ရတယ်
မောင်ကို လက်တို့ခဲ့ရတယ်
ခွေးကိုအို့ခဲ့ရတယ်
ပြည်ရွာကို ပစ်ခဲ့ရတယ်
ခေါ်ယောင်ခေါ်မှား ကိုယ်ကားခဲ့ကြရတယ်
အို……………စစ်။
မငြိမ်းချမ်းကြတဲ့အခါမှ
ငြိမ်းချမ်းရေးကို ပြေးမြင်မယ်
ငြိမ်းချမ်းရေးဆိုတာ
လူသေပုံတွေမဟုတ်ဘူး
ဆန္ဒပြတာတွေမဟုတ်ဘူး
စစ်ပွဲအလိုမရှိအော်တာမဟုတ်ဘူး
သူ့ဘက်ကိုယ့်ဘက်ငြင်းတာတွေမဟုတ် ဘူး
အလောင်းဘေးမှာ ဓာတ်ပုံရိုက်တာ မဟုတ်ဘူး
တစ်ယောက်နိုင်ပြီး တစ်ယောက်ရှုံးတာမဟုတ်ဘူး
ငြိမ်းချမ်းရေးဆိုတာ…..
……………………………..
ငြိမ်းချမ်းရေးဆိုတာ……..
ငြိမ်းချမ်းရေးအကြောင်း တွေးနေစရာမလိုတာကိုပြောတာ။
ငြိမ်းချမ်းရေးတကယ်လိုချင်လာရင်
ငြိမ်းချမ်းရေးကို တကယ်ရှာရလိမ့်မယ်
ငြိမ်းချမ်းရေးကို စစ်နဲ့ရှာလို့မရဘူး
သွေးကိုသွေးနဲ့ဆေးလို့မရဘူး
ဒဏ်ရာတွေရှိဘူးမယ်
နာကျည်းစရာတွေရှိဘူးမယ်
မေ့သင့်တာတော့ကြိုးစားမေ့ရလိမ့် မယ်။
စစ်မှာအရသာတွေ့သူက
စစ်ကိုမရပ်ချင်ဘူး
နာကျည်းခြင်းကို ယားနာလိုကုတ်ဖဲ့နေသူက
လူမြင်မသင့်တာမတွေးဘူး
စစ်ကိုမုန်းသူက
မိခင်မဲ့ကလေးတွေ
ဟင်းရွက်ခူးရင်း မိုင်းထိသူတွေ
ကျောင်းတက်ရင်း ဗုံးမှန်သူတွေ
ညမှာ အပြင်မထွက်ရဲသူတွေ
စစ်သားတွေရယ်
သူတို့တွေကို
အမိအဖ၊ နှမ အစ်မတွေအဖြစ်မြင်ကြည့်ပါ။
ဘာအတွက်လဲမေးရင်
စကားတွေ တောင်လိုထွက်လာမယ်
ပေးတာနဲ့ရတာတန်လားမမေးချင်ဘူး
ကိုယ့်အသက်မှ မဟုတ်တာလေ
ကိုယ်ချင်းစာတရားဆိုတာ
ကရုဏာလေး ခနဖြစ်တာမဟုတ်ဘူး။
ကိုယ့်အသက်လေးကိုယ် ဖက်တွယ်ခွင့်မရှိသူတွေ
ကိုယ့်အသက်လေးကိုယ် ကာကွယ်ခွင့်မရှိသူတွေ
သူတို့တတွေက
စစ်ကိုပြေးပုန်းနေရတာနဲ့
စစ်ကို ရင်ဆိုင်နေရတာနဲ့
စစ်ကိုကြံ့ကြံ့ခံနေရတာနဲ့
စစ်အကြောင်းတွေးချိန်မရဘူး
စစ်ကိုမုန်းချိန်မရဘူး
ဘယ်အချိန်အိမ်ပေါ်ဗုံးကျမလဲ
တွေးပြီး အိပ်ကြည့်ကြပါလေ။
အလံတွေကို ချနင်းကြမှာလား
အလောင်းတွေကို တံတွေးထွေးကြမှာလား
စားပွဲတွေ လက်သီးနဲ့ထုကြမှာလား
သူ့အပြစ်ကိုယ့်အပြစ်ငြင်းကြမှာလား
ဘုရားသခင်ကို ခုတုံးလုပ်ကြမှာလား
ပြည်ထောင်စုမပြိုကွဲရေးကို ပြောကြမှာလား
ငြင်းကြပါလေ
ဟိုမှာ…….
ကျောင်းစာအုပ်လေး သွေးစွန်းပေနေတယ်။
ဆွေးနွေးပွဲတွေကို
စစ်သည်တွေ အလောင်းဘေးမှာကျင်းပပါ
လင်သေမုဆိုးမရဲ့ အိမ်ထဲမှာကျင်းပပါ
ဗုံးခွဲခံကျောင်းလေးထဲမှာကျင်းပ ပါ
နာကျည်းမှုတွေဖယ်ပြီးကျင်းပပါ
အပေးအယူတွေဖယ်ပြီးကျင်းပပါ
လူသားမျက်ရည်များကို မြင်ယောင်ကျင်းပပါ။
စစ်ထက်ဆိုးတာတွေအတွက် စစ်တိုက်တာဆိုရင်
စစ်ထက်ဆိုးတာဘာပါလဲ
လူမျိုးမဟုတ်
ဖိနှိပ်မှုမဟုတ်
အိုင်ဒီယာမဟုတ်
စစ်ထက်ဆိုးတာ
လောဘဖြစ်တယ်
ဒေါသဖြစ်တယ်
မောဟဖြစ်တယ်။
++++
စစ်ထက်ဆိုးတာ မကြုံချင်ရင်
စစ်မတိုက်ပါနဲ့တော့။ ။
……….သက္ကမိုးညို……….
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment