Tuesday, January 1, 2013

အီရတ်နိုင်ငံက ကဗျာဆရာမ “ဂူလာလာ နိုရိ” ရဲ့ အင်တာဗျူးနဲ့ ကဗျာများ ~ ရသကမ်းခြေ (လပွတ္တာ အွန်လိုင်းမဂ္ဂဇင်း)


by Pandora Blogopoet on Tuesday, January 1, 2013 at 7:48pm 



အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လာရင် မေးခွန်းထုတ်စရာတွေ တပုံကြီးရှိနေတဲ့ အာရပ်ကမ္ဘာမှာ အောင်မြင်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အီရတ်နိုင်ငံက “ဂူလာလာ နိုရိ (Gulala Nouri)” ဟာ အောင်မြင်တဲ့  အမျိုးသမီးကဗျာဆရာ တစ်ဦးသာမက စာနယ်ဇင်း၊ ရုပ်မြင်သံကြား၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ အရေးပါတဲ့ နေရာတွေကနေ တာဝန်ထမ်းဆောင်နေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဂူလာလာဟာ အီရတ်နိုင်ငံက စာရေးဆရာများသမဂ္ဂ၊ စာနယ်ဇင်းအစည်းအရုံးနဲ့ အီရတ်ဘာသာပြန်သူများ သမဂ္ဂတို့မှာ တက်ကြွတဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ အီရတ်နိုင်ငံတွင်းနဲ့ အခြားနိုင်ငံတကာမှာကျင်းပတဲ့ စာပေပွဲတော်တွေမှာလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဂူလာလာဟာ သူမရဲ့ ကိုယ်ပိုင်ကဗျာစုစည်းမှု စာအုပ် ၄အုပ်၊ ဆိုဗီယက်ကဗျာဆရာ ဗီဆိုစကီ (Vysotsky) ရဲ့ ဘဝနဲ့ကဗျာတွေကို  ရုရှားဘာသာကနေ အာရဘီ ဘာသာကို ပြန်ဆိုတဲ့ ကဗျာစာအုပ် ၁အုပ် နဲ့ ရုရှားဘာသာကနေ ကာဒီ ဘာသာကို ပြန်ဆိုတဲ့ စာအုပ် ၁အုပ် ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ အဒီ ဘာသာပြန်စာအုပ် ၂ အုပ်ဟာ ၂၀၁၁ ခုနှစ်မှာ ပိုလန်နိုင်ငံက စာပေပွဲတော်မှာ best product ဆုကို ရရှိခဲ့ပါတယ်။ ဂူလာလာရဲ့ ပထမဆုံးသော ဝတ္ထုတို စုစည်းမှုစာအုပ်နဲ့ ဆဒန်ဟူစိန်လက်ထက်က ဓာတုပေါက်ပွဲမှုတစ်ခုအကြောင်းဖြစ်တဲ့  Halabja Disaster အကြောင်းကို ကာဒီ ကနေ အင်္ဂလိပ်ကို ပြန်ထားတဲ့ ဘာသာပြန် ဝတ္ထုတိုစာအုပ်တို့ကို မကြာမီထုတ်ဝေမှာဖြစ်ပါတယ်။   ဂူလာလာရဲ့စာတွေကို အင်္ဂလိပ်ဘာသာ၊ ပါရှန်း၊ ရုရှား၊ မွန်ဂိုလီးယန်း စသည်ဖြင့် ဘာသာစကား အတော်များများကို ပြန်ဆိုခဲ့ကြပါတယ်။

ဂူလာလာဟာ အီရတ်နိုင်ငံမှာ ရင်ဆိုင်တွေ့ခဲ့တဲ့ စစ်ပွဲကြီး ၃ ပွဲလုံးကို မျက်မြင်တွေ့ကြုံ ဖြတ်သန်းခဲ့တဲ့ မျိုးဆက်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေကတော့ အီရန်-အီရန်စစ်ပွဲ၊ အီရတ်-ကူဝိတ် စစ်ပွဲနဲ့ အခုနောက်ဆုံး ဆဒန်ဟူစိန်ကို ဖယ်ရှားခဲ့တဲ့ စစ်ပွဲတို့ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေအားလုံးကို ဖြတ်သန်းခဲ့ရတဲ့ စာရေးဆရာမျိုးဆက်တွေရဲ့ စာပေတွေကို အဲဒီကာလရဲ့ သက်ရှိ ပညာတတ် သက်သေခံတွေလို့ တင်စားကြတယ်လို့ ဂူလာလာက ပြောပြခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ်မှာ တင်းကျပ်တဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်ခဲ့တဲ့ ဂူလာလာ ဟာ အသက် တစ်ဆယ့်ရှစ်နှစ် အရွယ်ကတည်းက သူ့ဇာတိ ကာကတ်မြို့ကနေ ထွက်လာပြီး ဘဂ္ဂဒက်မှာ မိမိဘာသာ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ မြို့တော် ဘဂ္ဂဒက်မှာ ကဗျာဆရာအဖြစ်ရော သတင်းထောက်အဖြစ်ပါ လုပ်ကိုင်နေတုန်း ဆဒန်ဟူစိန်အတွက် ဘုန်းတော်ဘွဲ့ကဗျာ ရေးပေးဖို့ သူ့ကို အထက်လူကြီးက ခိုင်းလာတာကို ကြုံခဲ့ဖူးပါတယ်။ ဂူလာလာက မရေးချင်ကြောင်း ပြောတော့ ဒါဆို မရေးချင်ဘူးဆိုတာကို စာနဲ့ရေး လက်မှတ်ထိုးပြီး ပြောရမယ်တဲ့။ လူတစ်ယောက်ရဲ့ အသက်ဆိုတာ စက္ကန့်ပိုင်းအတွင်း ဖက်ရွက်လို ကြွေသွားနိုင်တဲ့နေရာမှာ ဂူလာလာဟာ အခက်အခဲကြုံရတော့တယ်။ အဲဒီစာကို ရေးဖို့ နေ့ရွှေ့ညရွှေ့ အချိန်ဆွဲပြီး နောက်တော့ သူအိမ်ထောင်ပြုတော့မယ် လို့ ညာပြောပြီး အလုပ်က ထွက်လာခဲ့တယ်။

ဂူလာလာရဲ့ဘဝမှာ အလှည့်အပြောင်းတွေ အများကြီးပါ။ နေရာတွေလည်း အတော်များများ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။  အောင်မြင်လာတာနဲ့အမျှ ခြိမ်းခြောက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ တစ်ခါကတော့ ဘဂ္ဂဒက်မြို့မှာ တက္ကစီစီးလာတုန်း သူ့နောက်ကို လက်နက်ကိုင်လူတစ်ခုက လိုက်ခဲ့တယ်။ ပါးနပ်တဲ့ ကားဒရိုင်ဘာရဲ့ ကူညီမှုကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်။  အဲဒီနောက် ယူကရိန်းနိုင်ငံမှာ ပညာဆက်သင်ခဲ့ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ ပီအိတ်ခ်ျဒီ ပါရဂူဘွဲ့ကို အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။

ဂူလာလာရဲ့ လက်ရာတွေကို မတင်ပြခင် အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် သူဖြေခဲ့တဲ့ အင်တာဗျူးကို ဘာသာပြန်ပေးလိုက်ပါတယ်။ မေးခွန်းတွေကို ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

မေး။ ။ ဆရာမက ဘယ်ဒေသကပါလဲ။ ဘယ်လိုကြီးပြင်းခဲ့ပြီးတော့ အခု ဘယ်နေရာမှာ နေထိုင်ပါသလဲ။
ဖြေ။ ။ ကျွန်မက အီရတ်-ကာဒစ်စတန် ဒေသကပါ။ ကာဒစ်စတန်ဒေသဆိုတာ အီရတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပါတယ်။ အရှေ့ဘက်မှာ အီရန်နိုင်ငံ၊ မြောက်ဘက်မှာ တူရကီနိုင်ငံ၊ အနောက်ဘက်မှာ ဆီးရီးယားနိုင်ငံနဲ့ တေင်ဘက်မှာတော့ အီရတ်နိုင်ငံထဲက အခြားဒေသတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အီရတ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်မှာ အီရတ်-ကာဒစ်စတန်ကို အီရတ်ရဲ့ ဖယ်ဒရယ်ဒေသတစ်ခုလို့ အဓိပ္ပာယ် သတ်မှတ်ထားပါတယ်။ အာရဘီဘာသာနဲ့ ကာဒီဘာသာကိုလည်း ရုံးသုံးဘာသာစကားတွေအဖြစ် ပူးတွဲသတ်မှတ်ထားပါတယ်။ အမျိုးသားရေးဝါဒီနဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ အများကြီးရှိပြီး အာရပ်လူမျိုးကြီးဝါဒ ထွန်းကားနေတဲ့အချိန်မှာ ကာကပ်ဒေသမှာ ကြီးပြင်းခဲ့ရပါတယ်။ (အာရပ်လူမျိုးကြီးဝါဒ ဆိုတာ ကျွန်မတို့ရဲ့ ကာဒီ ဘာသာစကားကို သင်ခွင့်မရတာ၊ ပြီးတော့ ကာ့ဒ်လူမျိုးတွေကို မြို့ပြင်ထွက်စေပြီး အာရပ်မိသားစုတွေရဲ့ အိမ်တွေ မြေတွေကို မြို့ထဲမှာ နေရာချလာတာပါ။) အဲဒီလို လူမျိုးရေးဝါဒကို အာဏာရှင် ဆဒန်ဟူစိန်က မျိုးစေ့ချခဲ့တာပါ။

မေး။ ။ဆရာမက အချိန်ပြည့်စာရေးဆရာတစ်ယောက် ဖြစ်ပါသလား။ မဟုတ်ခဲ့ဘူးဆိုရင် တခြားဘာတွေများ လုပ်ပါသလဲ။
ဖြေ။ ။တကယ်တော့ ကျွန်မတို့နိုင်ငံမှာ အချိန်ပြည့်စာရေးဆရာဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ သေချာတာပေါ့။ ကျွန်မ ရှင်သန်နေထိုင်ဖို့ (စာရေးခြင်းအပြင်)တခြားအလုပ်တစ်ခု လုပ်သင့်တယ်လေ။ ကျွန်မ မီဒီယာလုပ်ငန်းတွေမှာ (ရုပ်မြင်သံကြားရော၊ သတင်းနဲ့စာနယ်ဇင်းမှာရော) လုပ်ခဲ့ပါတယ်။ အခုလောလောဆယ်တော့ ကာဒစ်စတန်ဒေသရဲ့ အာဘေလ် မြို့မှာရှိတဲ့ High Commotion of Erbil Citadel Revitalization ရဲ့ လူထုဆက်ဆံရေးနဲ့ မီဒီယာ ဌာနမှာ လုပ်နေပါတယ်။ (အဲဒီ နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကတည်းက အခုအထိ လူနေထိုင်မှု မပြတ်ခဲ့တဲ့ ကမ္ဘာ့အဟောင်းဆုံး မြို့လို့ သတ်မှတ်ခံရပါတယ်။) အဲဒီအပြင် Berma Company ရဲ့ ဆောက်လုပ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဌာနမှာ လူထုဆက်ဆံရေး မန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေပါတယ်။

မေး။ ။ကျားမဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ ဆရာမရဲ့ စာတွေထဲမှာ ထင်ဟပ်နေပါသလား။ ဘယ်လိုများ ထင်ဟပ်နေပါသလဲ။
ဖြေ။ ။ကျားမဖြစ်တည်မှုနဲ့ ပတ်သက်လို့တော့ ကျွန်မ စပြီး စာရေးချိန်မှာ ကိုယ့်ကိုယ်ကို ယောင်္ကျားလား မိန်းမလားဆိုတာ မှန်ထဲမှာရော ကျွန်မရဲ့အတွင်းစိတ်ထဲမှာရော ပြန်မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ..................

အင်တာဗျုးအပြည့်အစုံနှင့် ဘာသာပြန်ကဗျာများကို ဆက်ဖတ်ရန် ရသကမ်းခြေ လပွတ္တာအွန်လိုင်းမဂ္ဂဇင်း လင့်ခ်ကိုသွားပါ။






ပန်ဒိုရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...