Monday, January 7, 2013

နိုင်ငံသား၊ နိုင်ငံမဲ့ နှင့် ရိုဟင်ဂျာ (အပိုင်း-၁)


by U U Mhaw Sayar on Sunday, January 6, 2013 at 1:39pm 


`.....  ဒီထက်ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက်တဲ့ စကားဟာ လူမျိုးစုတစ်စုကို
နေရပ်စွန့်ခွာထွက်ပြေးအောင်  အဓမ္မပြုလုပ်တဲ့  ethnic cleansing ကို လမ်းကြောင်း စ ဖေါ်ပေးလိုက်သလို .......´ 


ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်မှာ ကျနော်တာဝန်ယူထားတဲ့ မေးလ်ဂရုတစ်ခုမှာ မေးလ်တစ်စောင်ကို ၀င်ရောက်ဆွေးနွေးဖူးပါတယ်။  ရိုဟင်ဂျာများနဲ့ပက်သက်ပြီး ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးကို ပြောခဲ့တဲ့စကားကို `နိုင်ငံတကာမှာလူရာမ၀င်တဲ့အမြင်´ဖြစ်တယ်လို့ ကျနော် ဝေဖန်လိုက်တော့ တချို့မိတ်ဆွေများ ကျနော့်အပေါ် ဒေါသထွက်ခဲ့ကြပါတယ်။ ကျနော်ဘာကြောင့် ဒီလိုပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်ဆိုတာနဲ့ပက်သက်ပြီး သေချာပြန်မရှင်းဖြစ်ခဲ့ပါ။ ဦးသိန်းစိန်ရဲ့စကားကို  မေ့နေသူများလည်း ပြန်အမှတ်ရအောင် အဲဒီသတင်းကို အကျဉ်းချုံးပြန်ရေးပြပါ့မယ်။

၂၀၁၂ ဇူလိုင်လ (၁၁)ရက်နေ့မှာ သမ္မတဦးသိန်းစိန် နဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီး Mr.Antinio Guterres တို့ ရိုဟင်ဂျာအရေးနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာ သမ္မတဦးသိန်းစိန်က ကမ္ဘာကျော်မဲ့ သမိုင်းဝင်စကားတစ်ခွန်း ခုလိုပြောသွားခဲ့ပါတယ်။

“ရိုဟင်ဂျာများနှင့်ပက်သက်၍ သူတို့ဟာ တိုင်းရင်းသားမဟုတ်ဘဲ တဘက်နိုင်ငံမှ ခိုးဝင်လာသူများ
ဖြစ်တာကြောင့် လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါရိုဟင်ဂျာများကို
ဒုက္ခသည်စခန်းများတွင် ထားရှိမည်ဖြစ်ပြီး UNHCR မှ ကျွေးမွေးထားရမှာ ဖြစ်ကြောင်း၊
တတိယနိုင်ငံ လက်ခံမည်ဆိုပါကလည်း ပို့ဆောင်ပေးမည်  ဖြစ်ကြောင်း၊
ဤသည်မှာ ရိုဟင်ဂျာပြဿနာအတွက် ဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း”   ပြောခဲ့ပါတယ်။


သမ္မတပြောခဲ့တဲ့စကားနဲ့ပက်သက်ပြီး UNHCR မဟာမင်းကြီး Mr. Antinio Guterres က နေ့မကူးခင်ဘဲ
ချက်ချင်း ပယ်ချ လိုက်ပါတယ်။ (ကျနော်တို့သမ္မတကြီးရဲ့ ဂုဏ်သိက္ခာကတော့ ပီတိဖြစ်စရာပဲဗျာ)

UNHCR မဟာမင်းကြီးက ခုလိုအကြောင်းပြပြီး ပယ်ချခဲ့တာပါ။ “UNHCR က တတိယနိုင်ငံတွင် အခြေချတဲ့ အစီစဉ်ဟာ နိုင်ငံတစ်နိုင်ငံကနေ အခြေအနေအကြောင်းတစ်ခုခုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအတွက် ဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ဒုက္ခသည်စာရင်းမှာ မပါဝင်ပါဘူး။ UNHCR က ချမှတ်ထားတဲ့ ဒုက္ခသည်သတ်မှတ်ချက်များနဲ့ ကိုက်ညီမှသာ တတိယနိုင်ငံ ပို့ပေးမှာဖြစ်ပါတယ်။”  လို့  ပြန်ရှင်းလင်းပြောကြား ခဲ့ပါတယ်။

ရှင်းရှင်းပြောရရင် `မစ္စတာပြောင် ခင်ဗျား လူလည်မကျနဲ့´ လို့ ပြောလိုက်တာပါ။ 
`လူလည်ကျတယ်´ ဆိုတဲ့စကား  ကျနော်ဘာကြောင့်သုံးရသလဲဆိုတာ ရှင်းပါမယ်။ ဒါကိုရှင်းဖို့ အရင်ဆုံး
နိုင်ငံမဲ့ဆိုတာကို စာဖတ်သူများ နားလည်လွယ်အောင်လို့  ဥပဒေစကားလုံးများမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်အောင် အတိုချုံးပြီးပြောပါမယ်။


မည်သူသည် နိုင်ငံသားနည်း။

နိုင်ငံသားဖြစ်မှုနှင့်ပက်သက်၍ ပြည်တွင်းဥပဒေပါ အချက်အလက်များနှင့်ကိုက်ညီသဖြင့် အလိုအလျောက်
နိုင်ငံသားအဖြစ် လက်ခံစဉ်းစားခြင်းခံရသူ (သို့) သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားအဖြစ် အပ်နှင်းခြင်းခံရပြီးသူကို `နိုင်ငံသား´လို့ သတ်မှတ်ပါတယ်။ နိုင်ငံအများစုမှာတော့ နိုင်ငံသားဖြစ်၊မဖြစ် သတ်မှတ်ရာမှာ ယေဘုယျအားဖြင့် ထိုပုဂ္ဂိုလ်မွေးဖွားရာနိုင်ငံ ( jus soli )၏ ဥပဒေများအရ (သို့) မွေးဖွားချိန်တွင် မိဘများ၏နိုင်ငံသားဖြစ်မှု ဥပဒေများအရ ( jus sanguinis ) အရ လက်ခံစဉ်းစားတယ်။


မည်သူသည် နိုင်ငံမဲ့နည်း။

နိုင်ငံသားအဖြစ်လျောက်ထားရန်  ဥပဒေဘောင်အတွင်း ကျရောက်သောသူသည် နိုင်ငံသားအဖြစ်လျောက်ထားရာ ဥပဒေအရ အရည်အချင်းပြည့်မီသော်လည်း ယင်းလျောက်လွှာကို ငြင်းပယ်ခံရလျှင် ထိုသူသည် ထိုနိုင်ငံ၏ ဥပဒေများအရ နိုင်ငံသားမဖြစ်နိုင်ပါ။ မိမိတို့၏လျောက်ထားချက်ကို အပြည့်အ၀ စိစစ်လက်ခံအတည်ပြုပြီး ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အပ်နှင်းခြင်းမပြုသရွေ့ ယင်းနိုင်ငံ၏နိုင်ငံသားအဖြစ် ယူဆနိုင်မည်မဟုတ်ပါ။ ထိုအခါ ထိုသူသည် ယင်းနိုင်ငံတွင် နေထိုင်နေသော်လည်း အလိုအလျောက် `နိုင်ငံမဲ့´ ဖြစ်နေပါ လိမ့်မယ်။။


UNHCR က သတ်မှတ်ထားတဲ့ နိုင်ငံမဲ့ နှစ်မျိုးနှစ်စား ရှိပါတယ်။
(၁) တရားဝင်နိုင်ငံမဲ့
(၂) အမှန်တကယ် နိုင်ငံမဲ့

(၁) တရားဝင်နိုင်ငံမဲ့ဖြစ်သူ (de jure stateless) ဆိုတာ အလိုအလျောက် တရားဝင်နိုင်ငံသားဖြစ်မှု
မရရှိသူများ (သို့) နိုင်ငံတစ်နိုင်ငံ၏ဥပဒေများအရ နိုင်ငံသားအဖြစ်ခွင့်ပြုပေးနိုင်သူ အာဏာပိုင်အဖွဲ့၏
ဆုံးဖြတ်ချက်ကြောင့် နိုင်ငံသားအဖြစ် မရရှိသောသူများကို ဆိုလိုပါတယ်။

တရားဝင်နိုင်ငံမဲ့ဖြစ်မှုအကြောင်း စာဖတ်သူတို့ အလွယ်တကူမြင်သာအောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာများနဲ့ ဥပမာပေးပြီး ရှင်းပြပါမယ်။

မဆလခေတ်မှစပြီး မြန်မာအစိုးရအဆက်ဆက်က `ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံကမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသူများဖြစ်တယ်´ လို့ သတ်မှတ်ပြီး တရားဝင်နိုင်ငံသားအဖြစ် မသတ်မှတ်ဘဲ ဤဒေသတွင်နေထိုင်ကြောင်း ထောက်ခံစာအဖြစ် စာရွက်အဖြူတစ်ရွက် (သို့) အစိမ်းရောင်ကဒ် တစ်ခုခုပေးထားခဲ့တယ်။ ဒီတော့ ဒီရိုဟင်ဂျာ တွေဟာ ဒီနိုင်ငံနဲ့ပက်သက်ဆက်နွယ်မှုရှိတာ သေချာသော်လည်း၊ ဒီနိုင်ငံရဲ့ တရားဝင်နိုင်ငံသားအဖြစ် သတ်မှတ်
ခံရသူတွေ မဟုတ်တဲ့အတွက် သူတို့ဟာ `တရားဝင်နိုင်ငံမဲ့´တွေ ဖြစ်နေပါတယ်။


ဒီလူတွေဟာ နိုင်ငံတွင်းမှာနေထိုင်ပေမဲ့ နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့အခွင့်အရေးများ မရခြင်း၊
သူတို့နေထိုင်ရာ ဒေသမှ တခြားဘယ်နေရာကိုမှ လွတ်လပ်စွာသွားလာခွင့် မရှိခြင်း၊ အသက်မွေး ၀မ်းကျောင်းမှု ပညာသင်ကြားခွင့် မရခြင်း၊ အစိုးရဆေးရုံများတွင် တရားဝင်ဆေးဝါးကုသခွင့် မရှိခြင်း၊ လွတ်လပ်စွာ လက်ထပ်ခွင့် မရှိခြင်း၊ ကလေးမွေးစာရင်း မရရှိခြင်း၊ လွတ်လပ်စွာ စီးပွားရှာဖွေ စားသောက်ခွင့် မရခြင်း.. စသဖြင့် သူတို့အတွက် သီးသန့်ဥပဒေများထုတ်ပြီး ကန့်သတ်ချုပ်နှောင် ထားမှုများကြောင့် ရခိုင်ဒေသမှ ရိုဟင်ဂျာများဟာ မြန်မာပြည်တွင်းက အမိုးဖွင့်ထောင်ထဲမှာ   နေ နေကြရတဲ့ `တရားဝင်နိုင်ငံမဲ့များ´ ဖြစ်ပါတယ်။


ဒီလို တရားဝင်နိုင်ငံမဲ့များရဲ့ အခက်အခဲများနဲ့ပက်သက်ပြီး UNHCR က လတ်တလောအကူအညီမျိုးကိုသာ
ပေးမှာဖြစ်ပြီး ရေရှည်တွင် မိမိနိုင်ငံ၏ နိုင်ငံသားအဖြစ်ရရှိစေပြီး ၊ ထိုနိုင်ငံ၏ဥပဒေအရ အကာကွယ်ပေး မှုအောက် ပြန်ရောက်စေရန်သာ ဦးတည်ဆောင်ရွက်မှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၏အာဏာပိုင်များက နိုင်ငံနယ်နိမိတ်အတွင်း အစဉ်အဆက်နေထိုင်ခဲ့သူများကို လက်လွတ်စပယ်မောင်းထုတ်သဖြင့် နိုင်ငံမဲ့ဘ၀ ရောက်သွားသူများ အား တတိယနိုင်ငံသို့ ပို့ဆောင်ပေးခြင်းမှာ UNHCR ၏ လုပ်ရိုးလုပ်စဉ်လည်း မဟုတ်ပါ။ နောက်တချက်က UNHCR ၏ ကူညီထောက်ပံ့မှုလိုအပ်သော တရားဝင်နိုင်ငံမဲ့ဖြစ်နေသူတွေ ဟာ `ဒုက္ခသည်များ´ မဟုတ်သည့်အပြင် ခိုလှုံခွင့်ရရှိရန် တောင်းဆိုထားသူများလည်း  မဟုတ်ကြပါ။ “ညှင်းပမ်းနှိပ်ကွပ်ခံရမည်ကို အမှန်တကယ် စိုးရိမ်ကြောက်ရွံ့ရမှု” သည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များအဆင့် အခြေအနေဆိုင်ရာ ကွန်ဗင်းရှင်း ပါ `ဒုက္ခသည်´အဓိပ္ပါယ်ဖွင့်ဆိုချက်၏ အခရာကျသောအချက် ဖြစ်သည်။ တရားဝင်နိုင်ငံမဲ့ဖြစ်ရခြင်းသည် ပြည်တွင်းဥပဒေများ၏ အားနည်းချက်များနှင့် ခွဲခြားဆက်ဆံမှုများကြောင့် သာ ဖြစ်လာတာဖြစ်ပြီး၊ `ညှင်းပမ်းနှိပ်ကွပ်ခံရခြင်း´ဆိုတဲ့ အဓိပ္ပါယ်မဆောင်ပါ။

ဒီလောက်ဆိုရင် လက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာများဟာ UNHCR ရဲ့ ကူညီထောက်ပံ့မှုလိုအပ်တဲ့
တရားဝင်နိုင်ငံမဲ့တွေဖြစ်တာ မှန်ပေမဲ့  UNHCR ကသတ်မှတ်ထားတဲ့ `ဒုက္ခသည်များ´ မဟုတ်ဘူး ဆိုတာကိုစာဖတ်သူများ သဘောပေါက်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီလိုတရားဝင်နိုင်ငံမဲ့များကို ဒုက္ခသည်စခန်းမှာထားဖို့ (သို့မဟုတ်) တတိယနိုင်ငံကလက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ဦးသိန်းစိန်ပြောတာဟာ လူလည်ကျတာ လို့ ကျနော်အပေါ်မှာ သုံးနှုန်းခဲ့တာဖြစ်ပါတယ်။

ဒီတော့ ဒုက္ခသည်မဟုတ်တဲ့ ဒေသခံများကို နေရပ်ဒေသမှ အဓမ္မမောင်းထုတ်ကာ ဒုက္ခသည်
မဖြစ်၊ဖြစ်အောင်လုပ်ပြီး ဒုက္ခသည်စခန်းတွေမှာ ထားမယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့စကားဟာ ကိုယ့်အရည် အချင်းကို ကမ္ကာသိအောင် ဖေါ်ပြလိုက်သလိုသာ ဖြစ်ပါတယ်။ ဒီထက်ပိုရှင်းအောင်ပြောရရင်  နိုင်ငံတကာမှာ
`လူရာမ၀င်တဲ့ အတွေးအခေါ်´ တစ်ခုကို ချပြလိုက်တာပါ။ ဒါကြောင့်လည်း နောက်ပိုင်း သူ့အခြေ အနေသူသိပြီး အတိတ်မေ့သလိုလို၊ ဒိတ်ပျောက်သလိုလို လုပ်ခဲ့တာပါ။ ဒီလို အဓမ္မမောင်း ထုတ်ခံရ သူများကို တတိယနိုင်ငံ တစ်ခုက လက်ခံတဲ့အလုပ်ကလည်း လူမိုက်အားပေးသလို ဖြစ်စေတဲ့အပြင် လူ့အဖွဲ့အစည်းတစ်ခုရဲ့ မွေးရပ်မြေပျောက်ဆုံးကာ အစဉ်အဆက် နိုင်ငံမဲ့လူမျိုးစုတစ်ခုဖြစ်သွားအောင် လုပ်ဆောင်ရာရောက်သဖြင့် ဘယ်နိုင်ငံကမှလည်း ထိုသူများကို နိုင်ငံသားအဖြစ် လက်ခံမည်မဟုတ်ပါ။ ရှင်းရှင်းပြောရရင် ကိုယ့်ကိစ္စကိုကိုယ် တရားဥပဒေနှင့်အညီ လမ်းမှန်ကမ်းမှန် ဖြေရှင်းရမှာပါ။

နောက်ထပ် သိသာစေတဲ့အချက်တချက်ကို ထောက်ပြပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က
ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာတွေကို တတိယနိုင်ငံပို့ပေးပါလို့ ဘင်္ဂလားဒေ့ရှ်က
တခါမှမပြောခဲ့ဘဲ၊ မြန်မာပြည်ကလူတွေဖြစ်လို့ မြန်မာပြည်က ပြန်ခေါ်ဖို့ပဲ ပြောခဲ့ပါတယ်။
တကယ်တမ်း ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွမှာ ရှိနေသေးတဲ့ ရိုဟင်ဂျာများကိုတောင်
အကုန်ပြန်လက်မခံရသေးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးတိုင်း ကတိတွေပေးနေရဆဲပါ။
ဒါ လက်တွေ့ဖြစ်နေတဲ့ အခြေအနေကို ကျနော်ပြောနေတာ ဖြစ်ပါတယ်။ ဦးသိန်းစိန်က
ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာတဲ့ဘင်္ဂါလီများ ဖြစ်တယ်လို့ပြောခဲ့ပေမဲ့
ဘာလို့ ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်ပါလို့မပြောဘဲ တတိယနိုင်ငံပို့ပေးပါလို့ တောင်းဆိုရတာလဲ
စဉ်းစားစရာပါ။ ဒီထက်ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက်တဲ့ စကားဟာ လူမျိုးစုတစ်စုကို
နေရပ်စွန့်ခွာထွက်ပြေးအောင် အဓမ္မပြုလုပ်တဲ့ ethnic cleansing ကို လမ်းကြောင်း
အစ ဖေါ်ပေးလိုက်သလို ဖြစ်နေပါတယ်။ လူမျိုးစုနှစ်စုကြား တဘက်ကိုသွေးဆူအောင်၊
လုပ်ရဲကိုင်ရဲရှိလာအောင် ရဲဆေးတင်ပေး လိုက်သလိုဖြစ်ပြီး၊ ကျန်တဘက်ကို မျှော်လင့်ချက်
လက်မဲ့နဲ့ ဖြစ်ချင်ရာဖြစ် ပြန်ချမယ် ဆိုတဲ့ အခြေအနေရောက်အောင် ပြောလိုက်သလို
ဖြစ်နေပါတယ်။


ကျနော်ရေးသွားတာတွေဖတ်ပြီး တချို့က တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ရခိုင်ပြည်နယ်က
ရိုဟင်ဂျာတွေလည်း တက္ကသိုလ်တက်ခွင့် ရတဲ့သူတွေ၊ သွားလာလုပ်ကိုင်ခွင့် ရတဲ့သူတွေ၊
၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတဲ့သူတွေ အများကြီးရှိတာပဲ၊ ဘာကြောင့် နိုင်ငံမဲ့အဖြစ်
သတ်မှတ်ရတာလဲလို့ တွေးကြလိမ့်မယ် ထင်တယ်။ ဒီအတွက် ကျနော်သေချာထပ်ပြောပါမယ်။ 
တရားဝင်နိုင်ငံမဲ့ ဖြစ်နေသူတစ်ဦးကို ဥပဒေအရနိုင်ငံသားအဖြစ် တရားဝင်အပ်နှင်းခြင်းမှလွဲပြီး
မည်မျှပင် အခွင့်အရေးများ ပေးအပ်ထားပါစေ အဲဒီအခွင့်အရေးများသည် နိုင်ငံသားအဖြစ်
ရရှိခြင်းနှင့် ထပ်တူပြု၍မရပါ။ ဒီအချက်ကို ကျနော်တို့ သေသေချာချာ သိထားဖို့လိုပါတယ်။


အမှန်တကယ်နိုင်ငံမဲ့ နဲ့ပက်သက်ပြီး (အပိုင်း-၂) ဆက်လက်ဖတ်ရှုပါရန် ..

Ref: UNHCR – Handbook for Parliamentarians- 2005
        Human Rights Abuses and Discrimination on Rohingyas
        International Crisis Group - Myanmar: A New Peace Initiative – Nov-2011


ဦးဦး မှော်ဆရာ
(၇.၁.၂၀၁၃)

--
Ƭнαиκƨ, 


                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
---------o00o-- (_)--o00o----------
         ======ஜ۩۞۩ஜ=======
◄██▓░  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======
------------ooo0------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...