Sunday, January 20, 2013

ကျွန်တော်သိသမျှ.... အဘိုးသို့ တမ်းတခြင်း



အတ္တတွေ ဖြန့်ကျဲ
ကမ္ဘာမြေပေါ်မှာ ငါတို့ ရဲရဲကြီး ရပ်နေကြတယ်...။
ဘာကြောင့်လဲ ?...။


တစ်ခါက...
ဒို့ မြင်လွှာရဲ့ အထက်
မြန်မာတွေရဲ့ အသက်ဆိုတဲ့
ဗိုလ်ချုပ်အောင်ဆန်းကို
ဝါတာတာ တမာတွေကြားက
ဘွားဘွားအမေစုက
ရွက်ဝါတွေ ကြွေလူး
ထူးတဲ့ နွေတစ်ရက်မှာ
သန့်စင်စွာ မွေးဖွားပေးခဲ့တယ်။

ထင်စရာ မြင်စရာ တွေးကြည့်စရာ
အံ့သြစရာတွေနဲ့
သူ.. ဆောင်ရွက်ခဲ့သမျှ
အဓိပ္ပါယ်တွေ ပြည့်စုံလွန်းလှလို့
အထင်တွေ မှား
တန်ခိုးရှင်များလားလို့....။

သူထင် သူတွေ့ သူမမေ့နိုင်ခဲ့တဲ့အကြောင်း
သူကောင်းကောင်း သိတဲ့ ရာဇ၀င်
သူမြင်ခဲ့တဲ့ အနေအထား
ကွဲပြားခြင်း... သို့မဟုတ်
သခင်နဲ့ ကျွန်ကြားက
ခြားနားခြင်းများဖြစ်ခဲ့တယ်....

ဤသို့ပြုသင့်သည်
ဤသို့ ဆောင်ရမည်
ဤသည်သာ အဓိက
ဤသို့ ကြိုးစားကြပါလို့...
ကိုယ်တိုင်လည်း လုံ့လပြု
သူတစ်ပါးလည်း တိုက်တွန်း
ထွန်းပေါက်လှတဲ့ ပြည့်သခင်
အသက်ရှင်လျှက်
တစ်ခါလောက်ဖြစ်ဖြစ်
မြင်ချင်မိပါရဲ့
ငါတို့ရဲ့ ဗိုလ်ချုပ်ကို....။

တစ်ခါက သူမှာကြားခဲ့တယ်...
``စားရန် ကျောက်ခဲ
အိပ်ရန်မြေကြီး
အနီးဆုံးရန်သူကိုရှာတိုက်ပါ...´´တဲ့။

ကြောက်စရာ ကြက်သီးဖြန်းဖြန်းထ
ကိုယ်တိုင်ကြားလိုက်ရသလိုပါပဲ...
စွန့်လွှတ်ရဲလွန်းလှလို့လေ....။

စိတ်ဓါတ်နဲ့ စည်းကမ်း
တစ်ခါတလေ သူ ကြမ်းခဲ့တယ်တဲ့...။
တစ်ခါတလေသူ ရယ်မော
တွန့်နေတဲ့ နဖူးကြောတွေလည်း
ပြေလျော့ခဲ့ဘူးတယ်လို့ ဆိုကြတယ်...။

သီချင်းလေးတစ်ပိုဒ် ဟစ်ကြွေး
သူလည်းလေ လူသားဖြစ်လေတော့
ချစ်ဇနီးအတွက် ချစ်တေးဆို
``ဆရာမကိုပဲ အသဲစွဲအောင်
ချစ်တော့မည်´´ ဆိုပဲ......။

ကောင်းကင်ကြီးနဲ့ အပြိုင်
ဗဟို မဏ္ဍိုင်ပြု
တုဘက်ပြိုင်ကင်း
လင်းလည်း လင်းလွန်းနေဆဲပေါ့....။

ဒို့မြန်မာတွေ ဒုက္ခဝေရင်း
ငရဲဘုံ အပယ်ကျနေတဲ့ဘ၀တွေထဲက
သူဆွဲတင်ခဲ့ရတယ်..လို့
အဘိုးလည်းပြောပြခဲ့ဘူးတယ်...။
အဘွားလည်း သဘောကျခဲ့ဘူးတယ်...။

အားမငယ်ပါဘူး....
ဗိုလ်ချုပ်တို့ ထားခဲ့တဲ့ လွတ်လပ်ရေး
အခုထိ တည်ရှိနေသေးတယ်လေ....

အဘိုး(ဗိုလ်ချုပ်)ရေ...
ပူမနေပါနဲ့နော်....။
လှပတဲ့ ကောင်းကင်ကြီးမှာ
အမျိုးချစ်သူ ဖော်တစ်သင်းတွေနဲ့
အေးချမ်းစွာ စံစားနေပါတော့
ချစ်မြေးတွေ အသက်ပေးလို့
လွတ်လပ်ရေးကို ကာကွယ်ထားပါရဲ့...။


ဒါပေမဲ့ အဘိုးရေ...
အားနာပေမဲ့လည်း
တစ်ခါလောက် ပူဆာမယ်နော်....။

အဘိုးချစ်တဲ့ တိုင်းသူပြည်သားတွေ
ကိုယ်ချင်းစာ တရားတွေနဲ့အတူ
စည်းကမ်းနဲ့ နည်းလမ်းကျဖို့တော့
အဘိုးကပဲ စောင်မပါ.......

(ကွန်ဆူးမား)
(၂၀-၁-၂၀၁၃)
                                            (ဗိုလ်ချုပ်မွေးနေ့ ဂုဏ်ပြုကဗျာ...)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...