“ဇော်”
by Soe Min on Wednesday, January 2, 2013 at 1:23am
“ဲပြဒါးရှင် ပေးချင်ရဲ့ သည်အရေး။ ဇော်ဂျီမောင် ငါမစစ်လို့ စိတ်ညစ်တယ်လေး။” တဲ့။ တက္ကသိုလ်ကျောင်းသားသပိတ်မှာ ထင်ပါရဲ့။ ဆရာကြီးဦးသိန်းဟန်(ဆရာဇော်ဂျီ) ရေးသွားတဲ့ ညည်းချင်းကဗျာလေး လို့ ကြားဖူးတယ်။ ၈၈တုန်းကလည်း ဆရာကြီးကိုယ်တိုင် အဲဒီကဗျာကလေးကို ပြန်ဖော်ထုတ်လာခဲ့သတဲ့။ ဆရာဇော်ဂျီတို့ ဆရာမင်းသုဝဏ်တို့ဆိုတာ မြန်မာစာပေလောကမှာ နေအရောင်လအရောင်လို ထွန်းပြောင်ထိန်ညီးခဲ့တဲ့ ပညာရှိကြီးတွေဖြစ်ပါတယ်။ အထင်အရှား စိုက်ထူသွားခဲ့တဲ့ စာပေမှတ်တိုင်တွေဆိုတာ မရေနိုင်မတွက်နိုင်အောင်ပါပဲ။ “ဟုတ်လား။ ဖေ့စ်ဘုတ်အကောင့်ရှိရင် ပေးပါဦး။ တို့လည်း အက်ထားမလို့။” လို့ ပြောလာမယ့် အယ်ဒီတာ၊ ဂျာနယ်လစ် ကိုကိုမမတွေကလည်း ဒီခေတ်ထဲမှာ နည်းတော့နည်းမယ် မထင်ပါဘူး။ ဘာကိုမှ မကြားဖူးဘူးဆိုရင်တောင် “ဗေဒါလမ်း” တို့ရဲ့ အရှင်သခင် ဆိုရင်တော့ သိဖို့ကောင်းပါတယ်။
(ဒါမှမသိရင် ဆယ်တန်းအောင်လက်မှတ် ပြန်သိမ်းမယ်။ ဒါပဲ။) သူရေးတဲ့စာတွေကို ချီးမွှန်းခန်းမဖွင့်ပဲ သူရွေးတဲ့ကလောင်နံမယ်လေး နှစ်လုံးတည်းကိုပဲ ဟိမ၀န္တာ ချီးမွှန်းခန်း ဖွင့်ကြည့်ရအောင်နော်။ ဘာလဲ။ ဇော်ဂျီမို့လို့ မကြိုက်ဘူးလား။ ဒါဆိုလည်း ယူနီကုဒ်နဲ့ ပြောင်းရိုက်။
“ဇော်ဂျီ” ဆိုတာ ဘာလဲ လို့ မေးလာရင် အလွယ်တကူ လက်ညှိုးထိုးပြစရာ ရုပ်သေးရုပ်ကလေးတွေပဲ ရှိပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့ “Alchemist” လို့ခေါ်သတဲ့။ အဘိဓါန်ထဲ သွားရှာရင် မသေဆေးကိုဖော်စပ်သူ လို့ ပြောလိမ့်မယ်။ ဒါပေမယ့် သူတို့ယဉ်ကျေးမှုထဲမှာ ဇော်ဂျီဆိုတာ ကိုယ့်ဆီမှာလို ရုပ်ဆင်းသဏ္ဍာန် ပီပီပြင်ပြင် သရုပ်ဖော်မထားဘူး။ ဟယ်ရီပေါ်တာလိုလို၊ ဒေးဗစ်ကော်ပါဖီးလ်လိုလို၊ စုန်းသာသာ ကဝေသာသာအရုပ်တွေပဲ ရှိတယ်။ တို့ဆီကဇော်ဂျီကတော့ ဘယ်ဇာတ်ထဲဖြစ်ဖြစ် သိုရင်းအင်္ကျီအနီရဲရဲ၊ ပုဆိုးအောက်ပိုးကျိုက်၊ ချည်နီဘောင်းတွတ်တွတ်၊ ဆေးကြိမ်လုံးလေးကိုင်လို့ တွေ့ရမယ်။ တီးလုံးကလေးကိုက သတ်သတ်ရှိတယ်။ “ဇော်ရောင်ဂျီရောင် ဆေးကျိတ်တဲ့တောင် ဆေးကျိတ်တဲ့တောင်။ ကိုင်ဆောင်တောင်ဝှေး လို လိုရာသွေးပါတယ်။ ဆေး ကျိတ်တဲ့တောင်။ ဆေး ကျိတ်တဲ့တောင် ဆေး လေလေ့ ကျိတ်တဲ့တောင်….။” မြန်မာအကထဲမှာ ဇော်ကလောက် ပင်ပင်ပန်းပန်း ခုန်ပေါက်ပစ်ခတ် ကရတာ မရှိဘူး။ သူငယ်တန်းကတည်းက သိတာ။ “ဇော်က ကနေသည်။ ခါးကော့ထားပါ။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး။ တော်တော်မောသလား။” တဲ့။ အောက်ကဆိုင်းနောက်ထတွေကလည်း ၀ိုင်းတိုင်ပေးကြလိမ့်မယ်။ “တောင်ဝှေးထောက်ပါလို့ တောင်မြောက်မျှော် တောင်မြောက်မျှော်။ ဇော်ဂျီဆိုတာ ကျုပ်တို့ပါပဲ။” လို့။ ရုပ်သေးကြိုးဆွဲတဲ့အထဲမှာ အခက်ဆုံးက ဇော်ဂျီအကပါတဲ့။ ကျွမ်းတွေလည်း ပစ်ပြရသေး။ တောင်ဝှေးကလေးလည်း ခိုစီးပြရသေး။ ပျံကာဝဲကာ မာန်ပါပါနဲ့။ အဲဒါကြောင့် ဇော် ဆိုတဲ့အဓိပ္ပါယ်ကို တစ်ဘက်ကမ်းခတ် ကျွမ်းကျင်တဲ့သူ၊ ထိပ်ထိပ်ကျဲ ထူးချွန်တဲ့သူလို့ တင်စားကြတယ်။ လူပေါ်လူဇော်လုပ်တယ် ဆိုတာ အဲဒီကလာတာ။
ဇော်ဂျီဆိုတဲ့ဇာတ်ကောင်ဟာ ဗုဒ္ဓဘာသာ အယူဝါဒတစ်ခုတော့ မဟုတ်ပါဘူး။ တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာတော်ထဲမှာလည်း မြတ်စွာဘုရားရှင် နုစဉ်အခါက ဇော်ဂျီဘ၀နဲ့ ကျင်လည်ရတယ် လို့လည်း မဖတ်ဖူးပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဗုဒ္ဓ၀ါဒဆိုတာ မသေဆေးရှာတဲ့ အတ္တ၀ါဒ မဟုတ်ပဲ အနတ္တ၀ါဒမို့ပါ။ သို့သော်လည်းပဲ မြန်မာတို့ရဲ့ ကိုးကွယ်ယုံကြည်မှုနယ်ပယ်မှာ ၀ိဇ္ဇာရှစ်သောင်း၊ ဆရာအပေါင်းနဲ့ ထွက်ရပ်ခိုဝင် သူတော်စင်ကြီးများဟာ နတ်များသနင်း သိကြားမင်းရဲ့အထက်မှာထားပြီး အကြီးအမှူးပြုရတဲ့ အမတကြီးတွေ ဖြစ်သတဲ့။ တရုတ်တွေဆီက ကွမ်ရင်ဘောစတို့၊ အန်းကုန်းဘိုးတော်တို့၊ ရသေ့ကြီးကျိကုန်းတို့လိုနေမှာပေါ့။ ဘိုးဘိုးအောင်တို့၊ ဘိုးမင်းခေါင်တို့၊ ယက္ကန်းစင်ထောင်ဆရာတော်တို့၊ ရှင်အဇ္ဇဂေါဏတို့လို အင်မတန်အိပ်မက်ပေးလေ့ရှိသော သူတော်စင်ကြီးများနဲ့ တစ်ဂိုဏ်းတည်းထားလေ့ရှိကြပါတယ်။
သို့သော်လည်း ဖေဇော်ဂျီတို့ကတော့ ကျောက်ရုပ်မဟုတ်ဘူး။ ချစ်တတ်တဲ့ အသည်းနှလုံးနဲ့လို့ ဆိုရပါမယ်။ “စုံမြိုင်လယ် ပင်နန်းဝယ် တင့်ဆန်းတယ် ရွှင်လန်းဖွယ် သူယောင်မယ် လှသူရယ် ရွှေဖူးစာမျှမယ်” ဆို တုတ်ကလေးနဲ့ တို့လိုက်ရုံနဲ့ လေဒီဂါဂါအစ၊ ဘရစ်တနီစပီးယားအဆုံး အမုန်းဆွဲလို့ရလေသတဲ့။ သူ့ဘာသူ တောထဲသွားပြီး ခိုးစားတာတောင် နံမယ်ကောင်းကလည်း ရသေးဗျား။ “တကယ်မြင့်မြတ်သူ ချူပါလှဲ့ကွယ်။ ကြွေတော့မယ့် သဏ္ဍာန်ပုံနှယ် ချစ်တဲ့သူဆင်မြန်းဖွယ် အထူးပဲဆန်းလှတယ် …” တို့ “ဘုန်းရှိသူ ခူးစေဖွယ် မြတ်တဲ့နတ်မျိုးနွယ်” တို့ ဆက်ဆိုကြသေးတယ်။ တခါတခါတော့လည်း အပျိုစင်သူယောင်မယ်လေးတွေနဲ့တင် မတင်းတိမ်နိုင်လို့ထင်ပါရဲ့။ “မျက်စိအောက်က ပျောက်မှာပင် လွန်စိုးတယ်။” ဆိုပြီး တာနောယက္ခဘီလူးကြီး ပါးစပ်ထဲမှာ ငုံထားတဲ့ သမုခသိင်္ဂီင်္ီ ချစ်တုံးကလေးနဲ့လည်း ဇယားပြေးရှုပ်ချင်ရှုပ်တယ်။ မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဘုရားနားက ကျီးကန်းပါးစပ်ဂူထဲမှာ သူ့ဘာသာနေတဲ့ နဂါးမယ်လေးနဲ့လည်း ကလေးနှစ်ယောက်မွေးချင် မွေးပလိုက်တယ်။ ကိုကိုလူဆိုးဇော်ဂျီတွေလည်း ရှိသေးတယ်နော့။
ဘယ်လောက်ပဲ မိုးပျံအောင်တော်နေတဲ့ ဇော်ဂျီဖြစ်ပစေ။ မြို့ပေါ်မှာတက်မွှေတဲ့ အကျင့်တော့ မရှိကြပါဘူး။ လူသူမနီး တောကြီးမြိုင်လယ်မှာသာ ကျွမ်းထိုးနေကြတဲ့အမျိုးဗျ။ သူတို့ကို လိပ်စာတောင်းရင် နန္ဒမူလိုဏ်ဂူတို့၊ ဟိမ၀န္တာတောခြေတို့၊ ပေးလိမ့်မယ်။ မြန်မာပြည်က ဌာနခွဲဆိုရင်တော့ တောင်တော်ရွှေပုပ္ပားပေါ့ဗျာ။ မန္တလေး၊ အင်းဝအနားမှာတော့ ဇော်ဂျီမြစ်ဆိုတာ ရှိတယ်။ “စကားပွင့် ဂမုံးရယ် အများဖြင့်သုံးတယ်။ ပုပ္ပားတောင်မြတ်တောင်ကလပ်ဝယ်။ ၀ိဇ္ဇာ တပသီ ဇော်ဂျီတွေ ဆေးကျိတ်ပါတယ်။” တဲ့။ တောင်ကလပ်ပေါ်မှာ ဇော်ဂျီတွေဆေးလာကျိတ်တဲ့ ဆေးဒါန်းမြင်းသီလာ ကျောက်ဖျာကြီး မြင်ဖူးတယ် မဟုတ်လား။ သူတို့က ဘာလို့ ဆေးကျိတ်ရတာလဲ။ ဆရာဝန်မို့လား လို့ မေးလာရင်တော့ ဖြေရခက်သား။ ၀ိဇ္ဖာလောကမှာ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ဆိုတာ ရှိသတဲ့။ အဂ္ဂိရတ်ပညာဆိုတဲ့အတတ်ဟာ အခုထက်ထိ ယုံကြည်လိုက်စားနေတဲ့သူတွေ ရှိသေးတယ်။ “သိဒ္ဓိအဖုံဖုံ ကုံလုံစေမည်။ နေ့စဉ်ဖိုမထိုးပဲ အကျိုးပေးနိုင်မည်” ဆိုတဲ့ နဂါးနီသီချင်းဟာ တိုင်းပြည်ကြွယ်ဝဖို့ ရွှေမိုးငွေမိုးရွာစေတယ်ဆိုတဲ့ ပုဂံခေတ် ရှင်အဇ္ဖဂေါဏရဲ့ ထွက်ရပ်ဝါဒကို ညွှန်းတာ။ နားမလည်ပါးမလည်နဲ့ နေ့စဉ် ဖုန်မတိုးပဲ လို့ ဆိုကြတာ ရယ်စရာထက် ရှက်စရာသာ ကောင်းတော့တယ်။ “သံသေ တပြေ၀၊ ပြဒါးသေ တဆွေဝ။” တို့ဆိုတာ အဂ္ဂိရတ်ကလာတဲ့ စကားပုံတွေပေါ့။ ပြဒါးကိုသေအောင်ထိုးတော့ ပြဒါးရှင်လုံးဆိုတာ ရသတဲ့။ အဲဒါရလို့ကတော့ ဥုံဖွ၊ အပ်ချလောင်း လိုရာဆုတောင်းနိုင်တယ် ဆိုပဲ။ ပွတ်ရင်ပြောင် ဆောင်ရင်လေး၊ ရေစိမ်သောက် ရှူးပေါက်တဲ့ဆေးဆိုတဲ့ ဓါတ်လုံးတွေလိုပေါ့။ ဆရာဇော်ဂျီပြောတာ အဲဒါလေ။ သူသာဇော်ဂျီအစစ်များဖြစ်လို့ကတော့ ပြဒါးရှင်လုံးကြီးပွတ်ပြီး “ပြောင်စေသတည်း” လုပ်ပလိုက်မှာတဲ့။ (အခုလည်းပဲ ပြောင်ပါတယ် ဆရာကြီးရယ်)
တကယ်ရှိလို့လားဆိုရင်တော့ ပုဂံခေတ်က ပုံပြင်တစ်ခုပဲ ပြန်ကောက်ရဦးမယ်။ ကျန်စစ်သားရဲ့ သမီးတော် ရွှေအိမ်စည်က အိန္ဒိယကလာတဲ့ ပဋိက္ခရားမင်းသားလေးနဲ့ ကြိုက်သတဲ့။ ဟိုခေတ်က အင်တာနက်မပေါ်သေးတော့ ချတ်တင်မထိုင်နိုင်သော်ငြားလည်း ဟိုကမင်းသားလေးမှာ ပြဒါးရှင်လုံးတော့ ရှိသတဲ့ကွယ်။ အဲသဟာကလေးကို ငုံလို့ အဲယားပုဂံစီးစရာမလိုပဲ အင်ဒီးယား-ပေါက္ကံ ဒေးလီးချတ်တာဖလိုက်နဲ့ မှန်မှန်လာကြူသတဲ့။ ဒီလိုတော့ မဖြစ်သေးပါဘူးလေ။ သူ့မြေးလေးတွေကျရင် မှတ်ပုံတင်မရပဲနေမှာပေါ့ လို့တွေးပြီး ဒယ်ဒီကျန်က သူ့သမီးလေးကို တက်သုတ်ရိုက်ပြီး လင်ပေးစားလိုက်တာပေါ့။ ပျံရင်းသန်းရင်း မိုးပေါ်လမ်းခုလတ်မှာ နန္ဒမူလိုဏ်ဂူက ပစ္စေကဗုဒ္ဓများနဲ့တွေ့တော့ ပဋိက္ခရားလေးက လက်အုပ်လေးချီပြီး “အညာကဆရောပါ ဘုန်းဘုန်း။ ဘယ်ကပြန်လာကြတာတုန်း။” လို့ လျှောက်သတဲ့။ “စီဒိုးနားက သမီးတော် မင်္ဂလာဆောင်က ဆွမ်းစားပြန်လာတာပါတကာ။ အသေးစိတ်သိချင် အခွေထွက်တော့ စောင့်ကြည့်။” လို့ ဖြေတဲ့အခါ ကောင်လေးလည်း တခါတည်း “ဟာရေး အမား။” လို့ တ လိုက်တာ၊ ပါးစပ်ထဲက ပြဒါးရှင်လုံးထွက်ကျပြီး ကွင်းမှားဆင်းသွားသတဲ့ကွယ်။ သူလည်းပဲ အယ်တီကျုမီတာကြီးက ကောင်းကောင်း မပြဘူး ထင်ပါရဲ့နော်။
ထေရ၀ါဒ မျိုးစေ့ချကာစ ပုဂံခေတ်သာသနာမှာ ဇော်ဂျီတွေ ပြဒါးရှင်လုံးတွေ ခေတ်စားခဲ့တာ သိပ်တော့ မဆန်းပါဘူး။ ကုလားကလေးတွေ မြန်မာပြည်ထဲရောက်လာတာလည်းပဲ လူသက်သေတင်မဟုတ်ဘူး။ နတ်သက်သေပါရှိတယ်။ ဗျတ်ဝိ နဲ့ ဗျတ္တ ရေမျောကမ်းတင် ညီနောင်နှစ်ဖော်ဟာ မြန်မာပြည်ရောက်တော့ ဘုန်းတော်ကြီးသင်ပညာရေးနဲ့ လူလားမြောက်ကြရတာပေါ့။ မစားကောင်းတဲ့အသီးကို စားမိတဲ့ ကိုအာဒံ မအေးဝတို့ကြောင့် အချစ်တွေဖြစ်လာသလိုပဲ မစားကောင်းတဲ့အသားကို စားမိတဲ့ အဲဒီညီနောင်ကတော့ ကျောင်းသင်္ခန်းကြီး ဇောက်ထိုးဖြစ်အောင် ဆော့နိုင်ကြပါသတဲ့။ ဖောင်ဒေးရှင်းတွေ၊ စထြပ်ချာတွေ လေ့လာကြဟန်တူပါတယ်။ သူတို့စားမိတဲ့အသားကတော့ ဇော်ဂျီဖိုလ်ဝင်သား လို့ခေါ်ပါတယ်။ ဇော်ဂျီက မီးဖိုထဲဝင်ဆော့လို့ ဘာဘီကျူးဖြစ်သွားတာ မဟုတ်ပါဘူး။ ဈာန်ကစားတဲ့ဇော်ဂျီဟာ သူ့ကိုယ်က နာမ်ကလေးခွာသွားတဲ့အခိုက် ကျန်ရစ်နေတဲ့ ခန္ဓာက ငါးကျည်းကြပ်တိုက်ကလေးလို ကျုံ့သွားတယ်ဆိုပဲ။ အဲဒါစားရင် အ၀ှာပြုတယ်ဆိုတာ ဟုတ်မဟုတ်တော့ မသိပါဘူး။ ညီညီဗျတ္တကတော့ ပုပ္ပား ပုဂံ တနေ့သုံးခေါက်ကျအောင် ပြေးနိုင်တဲ့ မာရသွန်မင်းကြီး ဖြစ်သွားတယ်။ ကိုကိုဗျတ်ဝိက မနူဟာဆီမှာ အသတ်ခံရတာ။ လွယ်လွယ်နဲ့တော့ သတ်မရဘူး။ ဇော်ဂျီသားစားထားလို့ ဓါးနဲ့ထိုး ဓါးကျိုး၊ လှံနဲ့မွှေ လှံခွေသတဲ့။ နောက်ဆုံးတော့ သူ့ချစ်သူမအိုဇာက ကွမ်းတစ်ယာ ရေတစ်မှုတ်ကမ်းလိုက်တော့မှ အတိတ်က ကြည်နူးခဲ့ပုံတွေကို ပြန်တွေးပြီး ကွမ်းသီးလုံးကို အံကြိတ်ကိုက်ချလိုက်တာ ထွက်သွားရော အသက်။ အဲ့လူကြီးတွေ X-men ဖြစ်ကုန်စေတဲ့သတ္တိက မွေးလာတဲ့ သားလေးတွေမှာတောင် ပါသေးတယ်။ ရွှေပြုံးမင်းညီနောင်လေဗျာ။ အဲဒီနတ်တွေကို ယုံတယ်ဆိုရင် ဇော်ဂျီကိုလည်း မယုံလို့ ဘယ်ရမလဲ။ သူကစတာ မဟုတ်လား။
ဇော်ဂျီတွေရဲ့ အစွမ်းသတ္တိထဲမှာ မြေလျှိုးနိုင်တယ်၊ မိုးပျံနိုင်တယ် အပြင် ရှိန်းဆာယာဖိုမောက်လို့ ကိုယ်ဖျောက်နိုင်တဲ့ စွမ်းအင်လည်းရှိပါသတဲ့။ ဟောလီးဝုဒ်ကလူတွေ စိတ်ကူးဥာဏ်ကွန့်မြူးတာထက် တို့မြန်မာတွေက နှစ်ပေါင်းထောင်ချီပြီး အိုင်ဒီယာဦးတာ တွေ့ပလား။ ဆေးဒါန်းမြင်းသီလာကျောက်ဖျာကြီးနဲ့ သစ်မြစ်သစ်ဖုတွေကိုရှာပြီး ဆေးကျိတ်တယ်ဆိုတော့ မဟုတ်မှလွဲရော။ ကိုယ်တို့ ဆေးလောကကြီးဟာလည်း ၀ိဇ္ဖာဇော်ဂျီတွေရဲ့ ဂန္ဒာရီအတတ်ပညာတွေကများ ဆင်းသက်လာသလား မဆိုနိုင်ပါဘူး။ မယုံရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြဗျာ။ ဆရာဝန်တစ်ယောက်ဆီရောက်သွားရင် မျက်နှာချိုချိုလေး ပြုံးပြပြီး လက်ဖ၀ါးနုနုလေးနဲ့ ကိုင်တွယ်စမ်းသပ်လိုက်ရုံနဲ့ ကိုးဆယ့်ခြောက်ပါးရောဂါတွေ ပိန်းကြာဖက် ရေမတင်သလို ကင်းစင်လွင့်ပျောက်သွားချင်တယ် မဟုတ်ဘူးလား။ ဆေးမှန်မှန်သောက်ပါဆို နားမထောင်ဘူး။ ဒါလေးတွေ စစ်ဆေးကြည့်ရအောင်ဆို အိပ်ကပ်ထဲစမ်းကြည့်တယ်။ ခွဲမှပျောက်မှာပါ လို့ပြောရင် ဘယ်လောက်ကုန်မှာတုန်း သိချင်တယ်။ ဒီလိုလူတွေအတွက် ဖေဇော်ဂျီရဲ့ ဆေးကြိမ်လုံးထက်ကောင်းတာ ဘာရှိဦးမှာလဲ ပြော။ တကယ်မရှိတာတွေကို ပေါက်ပန်းဈေး လျှောက်ပြောနေတယ် မထင်ပါနဲ့။ ကိုယ်တို့မြန်မာဇော်ဂျီတွေ ဆေးကျိတ်သလိုပဲ၊ သူတို့ဆီက Alchemist တွေလည်း ဆေးဖျော်ကြတာပဲ။ Alchemist ဆိုတဲ့ စကားလုံးကိုက Chemist ဆိုတဲ့ဆီက လာတာလေ။ Chemical ဆိုတဲ့ ဓါတုပစ္စည်းတွေရဲ့ ပေါင်းစပ်စွမ်းအင်တွေကို တန်ခိုးအာနိသင်ကနေ တန်ခိုးဣတ္တိပတ်ဖြစ်အောင် စွမ်းဆောင်တဲ့သူပေါ့။ ဒါကြောင့်မို့ပြောတာ။ ဆရာဝန်ပညာဟာလည်း ၀ိဇ္ဖာတို့ရဲ့ထွက်ရပ်လမ်းထဲမှာ တစ်ခုအပါအ၀င်ဖြစ်မယ်။ စဉ်းစားကြည့်လေ။ မသေဆေးကို ရှာနေတယ်ဆိုတဲ့သူဟာ ဆရာဝန်မဟုတ်လို့ ဘယ်သြူဖစ်ရဦးမှာတုန်း။ လောလောဆယ်လည်း သေမယ့်သူတွေကို မသေအောင် ဆေးပေးနေတယ် မဟုတ်ဘူးလား။ အားတင်းထားကွဲ့။ မတွေ့တွေ့အောင် ရှာမှာ။ တွေ့တော့မှ “ခုံဘိနပ်ကို တော်တဲ့သူ တွေ့အောင်ကြိုးစားပါ။ ခုံဘိနပ်ကို ပိုင်တဲ့သူ ဒီမှာပါ ကိုကိုရာ..။” ဆို ဇော်ဂျီဘွဲ့ ခံပလိုက်ဦးမယ်။ ပိတ်သတ်ကြီးကလည်း မှုန်ရွှေရည်ကားထဲမှာ ဦးစံမတူကြီးဆိုတဲ့ သီချင်းလေး ကျက်ထားနှင့်နော်။ ဘာတဲ့။ “ဖေဇော်ဂျီရယ်လေ ကျွန်မကိုခိုး…။ ကျွန်မက မကြိုက်။ အမေ့ဆီ ပြန်ပို့ ပြန်ပို့။” တဲ့။
0 comments:
Post a Comment