ရက်စက်ပါပေ့ကွယ်
ရန်ရှင်း၏
အမှုကို သာမန်ကာလျှံကာ အပေါ်ယံကသာ ကြည့်မည်ဆိုလျှင် ရန်ရှင်းသည် စိန်ဦး၏
နဖူးကို ဓားနှင့် ခုတ်သော အမှုပင် ဖြစ်လေသည်။ အမှန်စင်စစ်ကာ ဤသို့ မဟုတ်ပေ။
ဓနမဲ့ ရန်ရှင်းနှင့် ဓနရှင် စိန်ဦးတို့ ဖြစ်ကြသော စစ်ပွဲတည်း။
ရန်ရှင်းနှင့် တစ်လှေတည်းစီးဖြစ်ကြရသော ဆင်းရဲသားများသည် ရန်ရှင်းက ဤကဲ့သို့ ဓားနှင့် ခုတ်ရသည့် အခြေအနေအထိ မည်ကဲ့သို့ ရောက်သွားရသည်ကို ရန်ရှင်း၏ ၀မ်းထဲကို ၀င်၍ ကြည့်ဘိသကဲ့သို့ အထင်းသား မြင်လျက်ရှိကြ၏။ သူတို့လည်း ဓနရှင်၏ ရမ်းကားမှုကို အနည်းနှင့်အများ ဆိုသလို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ခံစားရဖူးသူများဖြစ်ရာ ရန်ရှင်းကို ကိုယ်ချင်းစာကြ၏။ သူတို့သာ ရန်ရှင်း၏ နေရာတွင် နေရလျှင် ဤသို့ပင် လုပ်ကြရမည်မှာ မလွဲတော့ပေ။ သက်မဲ့ ခလုတ်ပင် ဖြစ်လင့်ကစား တိုက်ပါများလျှင် လန်၍ ထွက်လာပေသေးသည်။
သို့ရာတွင် ဤအမှုနှင့် ပတ်သက်၍ ဓနရှင်တို့၏ ယူဆပုံမှာကား ဓနမဲ့တို့၏ ယူဆပုံနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်လျက် ရှိကြလေသည်။ သူတို့၏ မျက်စိထဲတွင် ကလေကချေ ပေါက်လွှတ်ပဲစားများက လူကုံထံများအား ဤသို့ စော်ကားခြင်းသည် ကမ္ဘာ့ဓမ္မတာကြီးကို ဖျက်ဆီးရာကျသည်။ ထိုကြောင့် ဤဓမ္မတာကြီးကို မဖျက်ဆီး ၀ံ့အောင် (၀ါ) ဖျက်ဆီးတို့ကို စဉ်းစားပင် မစဉ်းစားဝံ့အောင် အစကတည်းက တစ်ခါတည်း ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် နှိပ်ပစ်လိုက်ရမည် ဟူ၍သာ မြင်လျက် ရှိကြသည်။ ဤသူများကား ကိုယ့်မျက်ချေး ကိုယ်မမြင်နိုင်ကြသည်မှာ သနား စရာပင် ကောင်းလှတော့သည်။
သူတို့သာမကသေး။ သူတို့၏ ဓနရှင်လောကကြီးကို တည်တံ့အောင် ၀ိုင်းဝန်း၍ ထောက်ခံလျက်ရှိကြသော မြို့အုပ်၊ မြို့ချုပ်၊ ပုလိပ်၊ ဆရာဝန် အစရှိသည်တို့ကလည်း သူတို့၏ ဆရာများ မြင်သကဲ့သို့ မြင်ပြီး သူတို့ ဆရာများ ထင်သကဲ့သို့ ထင်လျက်ပင် ရှိကြသည်။
ဥပမာ၊ ဓနမဲ့တစ်ဦးက ဓနရှင်တစ်ဦးအား အပ်နှင့် ထိုးလိုက်သည့် အမှုတစ်ခုကို ပေါက်ဆိန်နှင့်ပေါက်သည့် အမှုဖြစ်အောင် ပုလိပ်က သက်သေများကို ဆင်ပေးသည်။ ဆရာဝန်က ထောက်ခံ၍ တရားသူကြီးဆိုသူက ထောင်ချပေးလေသည်။ ထိုသူများ၏ စိတ်ထဲတွင် သူတို့ ဓနရှင်များ၏ဘက်မှနေ၍ ဓနမဲ့များကို ဤသို့ နှိမ်ရခြင်းသည် ကုသိုလ်ရသော အလုပ်ကြီးတစ်ခု ဟူ၍များ ထင်နေပေသလား မသိ။ ဤသို့ ဓနရှင်နှင့် ဓနမဲ့ဖြစ်ရသော စစ်ပွဲတိုင်းတွင် သူတို့သည် ဘယ်အခါမှ မခွဲရဘဲ ဓနရှင်များဘက်မှသာ တညီတညွတ်တည်း ၀ိုင်းဝန်း ဆောင်ရွက်တတ်ကြရာ ဤဓနရှင်လောကကြီးတွင် ဤဓနရှင်များနှင့် ဤဓနရှင်ရုံး၊ ဤဓနရှင်ဥပဒေ၊ ဤဓနရှင်ဂတ်၊ ဤဓနရှင်ထောင်၊ ဤဓနရှင်ဆေးရုံတို့သည် သူတို့ဟာနှင့် သူတို့ အလောတော် ကျ၍ နေကြလေ၏။
သို့ဖြစ်လေရာ ဤအမှုတွင် ရန်ရှင်းသည် ထောင်ငါးနှစ်နှင့် ကြိမ်ဒဏ် အချက် ၃၀ အပြစ်ပေးခံရသည်မှာ အံ့သြစရာ မဟုတ်ပေ။ ထို့ထက်ပင် ကြီးလေးသော အပြစ် ရအောင် လုယက်မှုကိုပါ ဤအမှုနှင့် တွဲဖို့ စိန်ဦး၏ ဘက်တော်သားများသည် ကြံစည် ကြသေး၏။ သို့ရာတွင် သေနတ်နှစ်လက်နှင့် လာသော လူငါးယောက်ကို ဓားတစ်ချောင်းတည်းသာပါသော လူတစ်ယောက်တည်းက နေ့လယ်ကြောင် တောင်တွင် လူလယ်ခေါင်၌ လုယက်သည်ဟု အတင်းစွပ်စွဲရမည်မှာ လူသူလေးပါး ကြား၍ မတော်လွန်းမက မတော်သောကြောင့် မလျှော့ချင်လျှော့ချင်နှင့် စိန်ဦးတို့သည် လျှော့၍ ပေးလိုက်ရလေသည်။
သို့အတွက် သေကြောင်းကြံစည်မှုဖြင့် ရန်ရှင်းအား ထောင်ငါးနှစ်နှင့် ကြိမ်ဒဏ် ၃၀ ပေးလိုက်ခြင်း ဖြစ်လေသည်။
ဤသို့ အပြစ်ပေးလိုက်သည့်အတွက် ရန်ရှင်းသည် ၀မ်းမနည်းပေ။ သို့ရာတွင် ရန်ရှင်းတွင် ၀မ်းနည်းစရာ အချက်တစ်ချက်ရှိလေသည်။ ထိုအချက်မှာကား အခြား မဟုတ်၊ ထောင်ကျရမှာချင်းအတူတူ ရှေ့နေဘ၀င်းကိုပါ မခုတ်လိုက်ရသည့်အချက်ပင် ဖြစ်လေသည်။
ရန်ရှင်းသည် ထောင်တစ်ကြိမ်ကျဖူးသဖြင့် လက်ကောက်ဖြစ်နေသောကြောင့် ယခုတစ်ကြိမ်တွင် မြောင်းမြထောင်၌ နေရလေသည်။ ရှေ့နေဘ၀င်းသည် ရန်ရှင်းကို မြောင်းမြသို့ မပို့မီ တစ်ရက်ကြို၍ မြောင်းမြထောင်၌ ဆိုင်ရာပိုင်ရာတို့နှင့် တွေ့ရှိ ပြီးလေပြီ။ သို့အတွက် ရန်ရှင်းသည် မြောင်းမြထောင်သို့ ရောက်လျှင် သူ့ကို မြောင်းမြထောင်က မည်သို့ ပြုစုရမည်ကို ဆိုင်ရာပိုင်ရာတို့သည် ကောင်းစွာ သိပြီး ဖြစ်လေသည်။
ရန်ရှင်းလည်း ထောင်ထဲရောက်လျှင် ပေးရန် ကမ်းရန်အတွက် ငွေ ၁၀ ကို သူ၏ လည်ချောင်းအတွင်းသွင်း၍ ယူလာသည်။ ဘ၀င်းသည် ဆိုင်ရာပိုင်ရာများကို သူ့ငွေထက်ဆယ်ဆမက ပေးပြီးသဖြင့် သူ ယူသွားသော ငွေမှာ အချည်းနှီးပင် ဖြစ်ရတော့မည်ကို ရန်ရှင်းသည် မသိရှာသေးပေ။
ထောင်ထဲသို့ ရောက်သည့်နေ့ပင် ရန်ရှင်းသည် သူနှင့် တစ်နေ့ထဲ ရောက်လာကြသည့် ထောင်ကျများနှင့်အတူ လူသစ်ထောင်ဘက်တွင် ထိုင်၍နေစဉ် “ရန်ရှင်း ရန်ရှင်း” နှင့် သူ့နာမည်ကို ခေါ်သံကြားလိုက်သဖြင့် လှည့်ကြည့်ရာ ဘာယာ တစ်ယောက် ခေါ်နေသည်ကို တွေ့ရ၏။ ရန်ရှင်းသည် ထိုဘာယာထံသို့ ထသွားရာ “ဟေ့၊ မင်းကို ထောင်မှူးကြီး ခေါ်နေတယ်၊ လိုက်ခဲ့” ဟု ထောင်မှူးကြီးဆီကို ခေါ်သွားလေ၏။ ထောင်မှူးကြီး ရုံးခန်းသို့ ရောက်သောအခါ ထောင်မှူးကြီးသည် သူ့စားပွဲတွင် ထိုင်၍ စာရေးလျက်ရှိသည်ကို တွေ့ရသည်။ ထောင်မှူးကြီး၏နောက်က အကျဉ်းသားတစ်ယောက်သည် ယပ်ခတ်ပေးနေရသည်။ ထောင်မှူးကြီး၏ လက်ဝဲ ဘက်ဘေးက နံပါတ်တုတ်များ ကိုင်ထားသော ဘာယာလေးယောက်၊ မတ်တတ် ရပ်နေသည်ကိုလည်း တွေ့ရသည်။ ဘာရယ်ဟု အတတ်မပြောနိုင်သော်လည်း ထိုဘာယာများ၏ မျက်နှာကိုကြည့်ရသည်မှာ နိမိတ်မရှိသော အရာတစ်ခုခုကို ကြည့်ရသကဲ့သို့ ထင်မှတ်ပြီး ရန်ရှင်းသည် စိတ်မကောင်းပေ။ ထောင်မှူးကြီးလည်း စာရေးရာမှ ရန်ရှင်းနှင့် ဘာယာတို့၏ ၀င်လာသော အသံကို ကြားရသဖြင့် ရန်ရှင်းကို ခေတ္တ မော်ကြည့်ပြီးလျှင် သူ့စာကို ဆက်၍ ရေးနေပြန်လေသည်။ ရန်ရှင်းသည် ပုသိမ်ထောင်မှာကတည်းက အပိုးသေပြီးသားဖြစ်သဖြင့် ထောင်ပုံစံအတိုင်း သူ့အိမ်ကို လက်ဝါးနှစ်ချပ် ထပ်အုပ်ပြီး ဒူးချင်းထိ၍ ထောင်မှူးကြီး စားပွဲ၌ လက်ယာဘက် ဘေးတွင် ရပ်လျက်ရှိလေ၏။ သူ့ကိုလာ၍ခေါ်သော ဘာယာသည် သူ့နောက်က ကပ်၍ ရပ်နေ၏။
အတော်ကလေး ကြာသောအခါ ထောင်မှူးကြီးသည် စာရေးပြီးသဖြင့် ရန်ရှင်းကို ခြေဆုံးခေါင်းဆုံး ကြည့်၍နေလေသည်။
ထောင်မှူးကြီး။ ။“ရန်ရှင်းဆိုတာ မင်းလား”
ရန်ရှင်း။ ။“ဟုတ်ပါတယ် သခင်ကြီး”
ထောင်မှူးကြီး။ ။“မင်း အပြင်ဘက်မှာ တယ်ဆိုးတယ်လို့ ကြားပါလား”
ရန်ရှင်း။ ။“မဆိုးပါဘူး သခင်ကြီး”
ထောင်မှူးကြီး။ ။“ငါ့ကို မလိမ်ပါနဲ့ကွ”
ရန်ရှင်း။ ။“ကျွန်တော် မလိမ်တတ်ပါဘူး”
ထောင်မှူးကြီး။ ။“အံမာ၊ မင်း တယ်ဗိုလ်ကျတဲ့ကောင်ပါလား”
ထောင်မှူးကြီး၏ ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရန်ရှင်း နောက်က ရပ်နေသော ဘာယာသည် “ဟေ့ကောင် ကောင်းကောင်း ပြောကွ” ဟု ပြောပြောဆိုဆို ရန်ရှင်း၏ နားအုံကို လက်ဝါးနှင့် တအား ရိုက်လိုက်လေသည်။ အမှတ်တမဲ့ကလည်း ဖြစ်ပြန်၊ ဒဏ်ရာကလည်း ချက်ကောင်းကို ထိပြန်သဖြင့် ရန်ရှင်း၏ မျက်စိထဲတွင် မှောင်ကြီးမည်းမည်းထဲ၌ မျက်နှာတည့်တည့်ကို လက်နှိပ်ဓာတ်မီးနှင့် ထိုးလိုက်သည်ကို မြင်ရသလို ဖြစ်သွားလေ၏။
ရန်ရှင်းသည် ဥာဏ်ဝေးသောသူ မဟုတ်ချေ။ ဤတစ်ချက် ရိုက်လိုက်ရုံနှင့် ဤလက်ချက်သည် စိန်ဦး၏ လက်ချက်ပင် ဖြစ်သည်ဟု ပြေး၍ တွေးမိလေ၏။
ထောင်မှူးကြီး။ ။“ဘယ့်နှယ်၊ လူတစ်ယောက်လုံးကိုတောင် ဓားနဲ့ ခုတ်ဝံ့သေးတဲ့အကောင်၊ မဆိုးဘူးဆိုလို့ ဖြစ်နိုင်ပါ့မလားကွ၊ ဘယ့်နှယ်လဲ ဟေ့ကောင်၊ ဆိုးသလား မဆိုးဘူးလား၊ သေသေချာချာ ပြောစမ်းပါဦးကွ”
မဆိုးပါဘူးဟု ပြောမိသဖြင့် နားအုံကို အတွယ်ခံရသည်ဖြစ်ရာ ခဲမှန်ဖူးသော စာသူငယ်ကဲ့သို့ မဆိုးပါဘူး ဟူ၍ပင် ထပ်၍ ဖြေဆိုရမည်ကို ရန်ရှင်းသည် လန့်လျက် ရှိလေ၏။ ထို့ကြောင့် “ဆိုးပါတယ်” ဟု ဖြေရရှာလေ၏။
ထောင်မှူးကြီးသည် ထိုစကားကို ကြားရသောအခါ အလွန်ကျေနပ်သော မျက်နှာဖြင့် သူ့တပည့်ဘက်သို့ လှည့်ကြည့်ပြီးလျှင် “ဘိုးစရေ လူဆိုးလို့ ပြောနေပါရောလား၊ လူဆိုးဆိုရင် ဘယ်လိုလုပ်ရသလဲကွ” ဟု ပြောလိုက်ရာ အရိပ်သုံးပါး နားလည်ပြီးသားဖြစ်သော ဘိုးစလည်း ရန်ရှင်း၏ ခါးဆီသို့ ဒူးနှင့် တအား ပစ်တိုက်လိုက်လေသည်။ ရန်ရှင်းလည်း ရှေ့ထိုး၍ လဲသွားလေ၏။
လူတို့သည် အမျိုးမျိုးရှိလေသည်။ တချို့လူများသည် မျက်နှာပေါက်ဆိုးသဖြင့် သူတို့ကို မြင်ရရုံနှင့် တစ်ဖက်သားတို့သည် သူတို့အပေါ်တွင် ဒေါသထွက်တတ်ကြလေ သည်။ အချို့က အပြောဆိုးသဖြင့် တစ်ဖက်သား အမုန်းခံရသည်။ အချို့ကမူကား အနေအထိုင်မတတ်သဖြင့် ခြေကားယား လက်ကားယားနှင့် နေသောကြောင့် တစ်ဖက်သားက မေတ္တာမဲ့လေသည်။ ရန်ရှင်းသည် စင်စစ်အားဖြင့် မျက်နှာပေါက်လည်း မဆိုး၊ အပြောလည်း မရိုင်း၊ အနေအထိုင်လည်း မရမ်းကား။ သို့ပင် ဖြစ်သော်လည်း ထောင်မှူးကြီးသည် ရန်ရှင်းအပေါ်တွင် အဘယ့်ကြောင့် ဤမျှ ဒေါသဖြစ်နေရသနည်း။ သွေးရိုးသားရိုးဆိုလျှင် ဤသို့ မဖြစ်တန်ရာ။ ဘွဲ့ဖြူဘီလူးကြီး ကပ်နေသဖြင့်သာ ဤသို့ ဖြစ်တန်ရာ၏ဟု ရန်ရှင်းသည် ဝေဒနာပြင်းစွာ ခံစားနေရသည့် ကြားထဲမှာ ဟုတ်တိုင်းမှန်ရာ တွေးလျက်ရှိလေ၏။ ထောင်မှူးကြီး၏ တပည့် ဘိုးစကလည်း သူနှင့် ညှိုးသူရန်ဖက် မဟုတ်ပါဘဲလျက် အဘယ်ကြောင့် ဤမျှ ရက်စက်ရပေသနည်း။ ဤမေးခွန်းကို ဖြေရန် မခက်ခဲ့ပေ။
သတ္တ၀ါတို့ မည်သည် ကိုယ့်ကိုထက် ပို၍ ချစ်သောသူ မရှိဟု မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့သည် မဟုတ်ပါလော။ ထောင်မှူးကြီး၏ အနီးတွင် ရှိကြသော သူ့တပည့်များလည်း ပုထုဇဉ်များပင် ဖြစ်ကြ၍ ကိုယ့်ကိုယ်ကိုယ် ပို၍ ချစ်ကြသည်မှာ ဓမ္မတာပင် ဖြစ်လေသည်။ တစ်ဖက်သားကိုသနား၍ သူတို့က မနှိပ်စက်လျှင် သူတို့၏ ဆရာ ထောင်မှူးကြီးသည် သူတို့ကို နှိပ်စက်ပေတော့မည်။ သို့ဖြစ်ရကား ကိုယ်အနှိပ်စက် မခံချင်၍ ကိုယ်က ဦးအောင် သူများကို နှိပ်စက်ရခြင်း ဖြစ်လေသည်။ သူ့ဆရာက နှိပ်စက်ချင်သော သူတစ်ယောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် “ဒေါသဖြစ်မှ နှိပ်စက်မည်၊ ဒေါသမထွက်သေးသဖြင့် ခဏနေပါဦး၊ သူ့ကို ကျွန်တော် သနားလို့ မနှိပ်စက်ပါရစေနှင့် ခွင့်ပြုပါ” အစရှိသည့် စကားလုံးများဖြင့် တန်ဆာဆင်နေရန် အခွင့်မရ။ စက်ရုပ်များသည် ပိုင်ရှင်များက သော့ပေးလိုက်သည့် အခါ နေပူသေးသည်၊ ချမ်းသေးသည်၊ ညဥ့်နက်လှပြီ အစရှိသည်ဖြင့် ဆင်ခြေ တက်ခွင့်မရဘဲ လှုပ်ရှားကြရသကဲ့သို့ သူတို့၏ သခင်ကြီး အလိုရှိသောအခါ ထိုဘာယာများလည်း ဆင်ခြေ မတက်နိုင်ရှာဘဲ သူ့ဆရာ အကြိုက်အတိုင်း လှုပ်ရှား ပြသကြရလေသည်။
“ကဲ...ကောင်းပြီ၊ ဟေ့ကောင်တွေ ခေါ်သွားကြတော့” ဟု သူ့တပည့်များကို အမိန့်ပေးလေသည်။ လက်ဝဲဘက်တွင် ရပ်နေသော ဘာယာလေးယောက်အနက် နှစ်ယောက်သည် ရန်ရှင်းကို တစ်ယောက် လက်တစ်ဖက်စီ ကိုင်ပြီး ထူမကြလေ၏။ ၎င်းင်းတို့အခန်းထဲမှ မထွက်သေးမီ “ဟေ့ကောင်၊ ကောင်းကောင်းနေနော်” ဟု ထောင်မှူးကြီးသည် သတိထပ်၍ပေးလေသည်။ ရန်ရှင်းလည်း ဘာမျှ ပြန်မပြောဘဲ အံကြိတ်လျက် လမ်းကောင်းကောင်း မလျှောက်နိုင်သဖြင့် သူ့ဘေးက ဘာယာ နှစ်ယောက်ကို အားပြုပြီး ထော့နင်းထော့နင်းနှင့် လိုက်ပါသွားရလေသည်။
ရန်ရှင်းသည် လှောင်အိမ်အတွင်းတွင် အလှောင်ခံနေသော ကျားနှင့်တူလျက်ရှိလေ၏။ သူ့ဒေါသသည် အတိုင်းမသိ ထွက်၍နေလေ၏။ သို့ရာတွင် သူသည် ဘာကိုမျှ ပြန်၍ မလုပ်နိုင်ပေ။
နောက်တစ်နေ့တွင် ဆေးရုံသို့ တက်ရသည်။ ဤအခေါက် ထောင်ကျရသည်မှာ အရင်တစ်ခေါက် ထောင်ကျရသည်နှင့် မတူပေ။ အရင်တစ်ခေါက် ထောင်ကျစဉ်က သူ့ကို အထူးတလည် ဂရုစိုက်မည့်သူ မရှိပေ။ ယခုမူကား ရောက်သည့် ပထမနေ့က ထောင်မှူးကြီး၏ ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရလေပြီ၊ ဆေးရုံသို့ တက်ရသော အခါတွင်လည်း ဆရာဝန်ကိုယ်တိုင် မကြုံစဖူး အထူးအရေးယူလျက် ရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် ရန်ရှင်းဒူးတိုက်ခံရသည့်ညက ထောင်မှူးကြီးသည် လူသစ် ကြည့်ရသော ဆရာဝန်ကို သူ့အိမ်သို့ခေါ်၍ ညစာထမင်းကျွေးပြီး ရန်ရှင်း၏ အကြောင်းကို နှစ်ကိုယ်ကြား ပြောပြီးလေပြီ ဖြစ်သောကြောင့်တည်း။
ရန်ရှင်း၏ မစင်ထဲတွင် ပိုးတွေ့လေပြီ။ တွေ့သည့်ပိုးမှာလည်း ဘွဲ့ဖြူ မှန်ဘီလူးဖြင့် ကြည့်သောကြောင့် အလွန်ကြောက်စရာကောင်းသော ပိုးများ ဖြစ်ကြောင်းကို သိရှိရလေသည်။ ဤသို့ ကြောက်စရာကောင်းလျှင် ပိုးနှင့်လိုက်အောင် အရေးယူရပေလိမ့်မည်ဟု ဆရာဝန်သည် ယူဆလေ၏။ ထို့ကြောင့် သုံးခွက်စာ စခါးကို ရန်ရှင်းအား တစ်ခွက်တည်း တိုက်ချလိုက်ရာ ရန်ရှင်းမှာ မြော့၍နေလေ၏။
အချိန်သည်ကား ညဥ့် ၁၂ နာရီလောက် ရှိလေပြီ။ ရန်ရှင်း၏ ၀မ်းသည် မရပ်နိုင်သေးပေ။ တဆစ်ဆစ်နှင့် သွားလျက်ပင်ရှိသေး၏။ အေးကလည်း အေး၊ ခါးကလည်း ကိုက်၊ ၀မ်းတွေကလည်း ဒလဟော သွားသဖြင့် လူကလည်း နုံးနေသောကြောင့် ဂုန်အိတ်စုတ်ပေါ်တွင် ရန်ရှင်းသည် အသာကလေး ကွေးလျက် ရှိလေသည်။ သူ့အဖြစ်ဆိုးပုံကို ပြန်တွေးပြီး ၀မ်းနည်းသဖြင့် မျက်ရည်များသည် တွေတွေ စီးလျက် ရှိလေသည်။
“သူတို့လက်ချက် ဦးနေပြီ၊ ဒီလိုပဲ၊ တဖြည်းဖြည်းနဲ့ ငါသေရမှာပဲ”ဟု ရန်ရှင်းသည် တွေးတောရင်း တစ်ယောက်တည်း ပြောနေလေ၏။ တစ်စုံတစ်ခုကို ဆက်၍ တွေးမိပြီး “မထူးပါဘူးကွာ” ဟု ညည်းလျက် သက်မချလေ၏။ ထို့နောက် စီးကျနေသော မျက်ရည်များကို ညာလက်ခုံဖြင့် သုတ်လျက် အံကြိတ်၍နေလေ၏။
နောက်တစ်နေ့ ပိုးပါသောသူများကို ဆေးတိုက်ချိန်သို့ ရောက်လေပြီ။ ဆရာဝန်လည်း ထောင့်ရာဇ၀င်တွင် မကြုံစဖူး သူကိုယ်တိုင် ကြီးကြပ်လျက် ရှိလေသည်။ ရန်ရှင်းသည် တိုက်မောင်းခေါ် ပိုးကျဆေးကို သောက်ရပေတော့မည်။ ပိုးအများကြီးရှိသောသူ ဖြစ်သဖြင့် ဆေးလည်း အများကြီး သောက်ရမည်ဟု ဆရာဝန်ကိုယ်တိုင်က ဖွင့်၍ မပြောသော်လည်း ဤသို့ပင် ဖြစ်ရမည်မှာ ဓမ္မတာဟု ရန်ရှင်း သိပြီးဖြစ်လေသည်။ သူ့မှာ ပါသမျှ ငွေတစ်ဆယ်ကို အကုန်ထုတ်၍ ပေးသည့်တိုင်အောင်ပင် ဤဘေးမှ မလွတ် နိုင်သည်ကို ရန်ရှင်း မြင်လေပြီ။ ဘယ့်နှယ် လုပ်ရပါမည်နည်း။

0 comments:
Post a Comment