ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၄)
ကချင်ပြည်နယ်
စစ်ပွဲသတင်း ထိပ်တန်းကို ရောက်လာသည့်အချိန်တွင် စိတ်ဝင်စားစရာကောင်းသည့် ကချင် သမိုင်း
ဆောင်းပါး တစောင်ကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်မှာ ကိုဝိုင်ဝိုင်ကေ အမည်ရှိ မြန်မာတဦးဖြစ်သည်။
ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဖြစ်ပုံရသည်။ မြန်မာနှင့် ကချင်အကြား
တွင် လူမျိုးရေးမုန်းတည်းမှုများ မပေါ်ပေါက်စေရန် ဦးတည်ကြောင်း ဖေါ်ပြထားသဖြင့် တန်ဘိုးထားမိ
သည်။ စာရေးသူကဲ့သို့ မြန်မာများက ကချင်များ အပေါ် လူမျိုးရေးအရ မုန်းတည်းမှုရှိစေရန်
စစ်အာဏာရှင်များက ဆက်သွယ်ရေးနည်းပညာအမျိုးမျိုးသုံး၍ လှုံ့ဆော် နေသည့်အချိန်၌ ကိုဝိုင်ဝိုင်ကေ ၏ ဆောင်းပါးလေးကို ဖတ်လိုက်ရသည်
မှာ ရင်ထဲအေးသွားမိသည်။ ၄င်း၏ ဆောင်းပါး ထဲမှ စာပုဒ် သုံးပုဒ်ကို ကိုးကားလိုပါသည်။
အောက်ပါ ပထမ နှစ်ပုဒ်မှာ ကချင်သမိုင်းနှင့် ဆိုင်ပါသည်။
“ ကချင် လူမျိုးတို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက်တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့စတင်၍ ကျုး ကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများ နည်းအတူမျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်း လှန် ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကိုလက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက်ကို ချည်နှောင်ခြင်း၊ အတင်း အဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်းများကို လုံးဝမကြိုက်ပါ။”
“ ၁၉၄၂- ခု၊ မေလ(၅)ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ် စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ် များ
ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သောလမ်းအကွေ့တစ် နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှု ကြောင့် ဂျပန် စစ်သားများ ချောက်ထဲသို့ ကားကိုလီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို( ဂျပန်ပျံကွေ့)ဟု သမိုင်းဝင်တစ်နေရာအဖြစ် ဂျပန်
ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့် ရှု
ကြသည်မှာ ကချင် တို့၏
ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။”
ငြိမ်းချမ်းသည့် ပြည်ထောင်စု ကို
တည်ဆောက်လိုပါလျှင် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကို တန်ဘိုးထားရပါမည်။ ကချင် အမျိုးသားလွတ်မြောက်ရေး
တပ်မတော် (ကေအိုင်အေ) ကို ထိုးစစ်ဆင်နေခြင်းများနှင့် စပ်လျှဉ်း၍ “ ကေအိုင် အေက မိုင်းခွဲတာတွေ၊ ရိက္ခာပို့ရာမှာ ဟန့်တား နှောက်ယှက်မှုတွေ လုပ်တဲ့အတွက် ကိုယ့်ကိုယ်ကို ခုခံ ကာကွယ် ရခြင်း ဖြစ်ကြောင်း၊” အစိုးရက
ဇန်န၀ါရီလ (၄) ရက်နေ့၌ ထုတ်ပြန်သွားခဲ့သည်။ ၄င်းအရ မိုင်းခွဲသူ ကေအိုင်အေသည် လူဆိုးဖြစ်ပြီး ကာချုပ်မင်းအောင်လှိုင်၏ စစ်တပ်မှာ လူဆိုးကိုနှိမ်သည့် သူရဲကောင်းအဖြစ်
ဖန်တည်းထားသည်။ သို့ရာတွင် မည်သူသည် လူဆိုးဖြစ်ပါသနည်း။ အထက်ပါ သမိုင်းကို အခြေခံ၍
ပြောင်းပြန်လှန်စဉ်းစားဘို့ လိုပါမည်။
၁၈၈၅
ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့မကျရောက်မီ သမိုင်းအဆက်ဆက် ကချင်လူမျိုးများ
လွတ်လပ်စွာနေခဲ့၊ ကိုယ့်မြေ ကိုယ့်ရေကို ကိုယ့်ဖာသာ စီမံခန့်ခွဲ အသုံးချခဲ့ပြီး
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် အချိန်တွင်မှ ကချင် ပြည်နယ်သည် ပြည်ထောင်စုအဖွဲ့ဝင်
အဖြစ်ပါဝင်လာခဲ့သည်။ ကချင်တို့သည် အင်္ဂလိပ်ကိုရော ဂျပန်ကိုပါ သတ္တိပြောင် စွာ
ခုခံတိုက်ခိုက်ရင်း ၄င်းတို့၏မြေကို ၄င်းတို့ဖာသာ စီမံခန့်ခွဲပိုင်ခွင့်၊ အသုံးချပိုင်ခွင့်တို့အား
အသက်ပေး ကာကွယ်ခဲ့ ကြသည်။ ကချင်တို့၏ မြေသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများပိုင်သည့်
မြေ မဟုတ်ပါ။ ကချင်ပြည်နယ် လူထု၏ သဘော ဆန္ဒ နှင့် ဆန့်ကျင်ပြီး ကချင်ပြည်နယ်အတွင်းသို့
စစ်အင်အားနှင့် သွားရောက်တပ်စွဲလျှင် စွဲသည့် တပ်သည် ကျူးကျော်သူ ဖြစ်သည်။
လူဆိုးဖြစ်သည်။ ယင်းကို ရှင်းအောင် စဉ်းစားရန်လိုပါမည်။
အမှန်တရားကို
ရှာဖွေရာတွင် အင်အားနှင့် ကြည့်၍မရ။ မကြည့်သင့်။ သမတ ဦးသိန်းစိန်နှင့်
ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့် တပ်မှာ လူဦးရေများသည့်
မြန်မာလူမျိုးများအား စစ်သားစုဆောင်းနိုင်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာ ငွေများကို
အသုံးချပြီး တပ်အတွက် လိုအပ်သည့် လက်နက်ပစ္စည်း အသုံးအဆောင်များ တပ်ဆင်
နိုင်ခြင်းတို့ကြောင့် စစ်အင်အားကြီးမားသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သည်
အဆများစွာ အင်အားနည်းပါးသည်မှာ မငြင်းနိုင်။ ကိန်းဂဏန်းအရ ဤသို့တွေ့ရပါမည်။
သို့ရာတွင်
အင်အားကြီးမားသူက ပြုမူတိုင်း အမှန်တရားအဖြစ် မှတ်ယူ၍မရပါ။ တချိန်တည်း၌
အင်အားနည်းသူက ပြုမူတိုင်းတော့လည်း အမှန်တရား မဖြစ်နိုင်ပါ။ သမိုင်းကြောင်း၊ ဥပဒေ
နှင့် ကချင်လူထုဆန္ဒအပေါ် အခြေခံ သုံးသပ် လျှင် အမှန်တရားသည် မိမိတို့မြေ၊ ရေနှင့်လူထုကို
ကာကွယ်တိုက်ပွဲဝင်သည့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဘက်တွင်ရှိသည်။
ကေအိုင်အေ၏ ခုခံစစ်သည် တရားသော စစ် ဖြစ်သည်။
ကချင်ပြည်နယ်လူထုပိုင်
မြေယာများကို ကြိုက်သလို စိုးမိုးချယ်လှယ်ခွင့်ရရန် စစ်အစိုးရက တပ်ရင်းပေါင်း
ရှစ်ဆယ် ကျော်၊ စစ်သည်အင်အား ငါးသောင်း ခန့်မျှ အထိ စေလွှတ်ချထားခဲ့ပြီးပြီ။ ထပ်မံ
ပို့လွှတ်ရန် တပ်များစုဆောင်းနေ သည့် သတင်းများလည်း အဆက်မပြတ် ထွက်ပေါ်လျှက်ရှိသည်။ အဓိက
အသုံးပြုသည့် လမ်းကြောင်း မှာ မန္တလေး၊ မြစ်ကြီးနားသွားရထားလမ်းဖြစ်သည် ။
စစ်အစိုးရသည်
လူထုသုံးနေသည့် ဆက်သွယ်ရေးလမ်းကြောင်းကို အဘယ်ကြောင့် စစ်ရေး ရည်မှန်းချက်အတွက် သုံး
သနည်း။ စစ်သားများအား အရပ်ဝတ်လဲစေပြီး ရထားပေါ်တင်၊ လက်နက်များကိုမူ လူနှင့်ခွဲထားကာ
အခြားတွဲ များ တွင် ဖုံးဝှက်တင်၊ မြစ်ကြီးနားရောက်မှ လူနှင့် လက်နက်ပြန်တပ်ဆင်၊
ကေအိုင်အေ ကို တိုက်ရန် စစ်မြေပြင်ကိုလွှတ် စသည့် နည်းနာများအား မရိုးသားစွာ
အဘယ်ကြောင့် သုံးနေသနည်း။ လူသားဒိုင်း[i]
ကာ၍ တပ်အရွှေ့အပြောင်း လုပ် နေခြင်းမှာ ဦးသိန်းစိန် အစိုးရတွင် တာဝန်မရှိဘူးလား။
ယင်းကို တားဆီးရန်အတွက် ကေအိုင်အေက ရထားလမ်းများ ကို မိုင်းခွဲဖျက်ဆီးသည့် အခါတွင်မှ
လူဆိုးအဖြစ် အဘယ်ကြောင့် အထက်စီးမှ စွပ်စွဲနေသနည်း။
ဦးသိန်းစိန် အစိုးရက ပြောသည်။ ၄င်းတို့၏
တပ်များအတွက်ရိက္ခာပို့ရာမှာ
ဟန့်တားနှောက်ယှက်သောကြောင့် ကိုယ့် ကိုယ်ကို
ခုခံကာကွယ်ရပါသတဲ့။ ကေအိုင်အေ တပ်တွေ နေပြည်တော်အနီး ပျဉ်းမနား တ၀ိုက်တွင်
လာ တပ်စွဲနေမည် ဆိုလျှင် အဆိုပါတပ်များအတွက် ရိက္ခာပို့ခြင်း အား ဦးသိန်းစိန်
အစိုးရ က လွတ်လပ်စွာ ခွင့်ပြုမည်လား။
စစ်အစိုးရ၏ စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသော ရထားလမ်းများအား
မိုင်းမခွဲစေခြင်လျှင်၊ တပ်များအတွက် ရိက္ခာပို့ရာမှာ အနှောက်အယှက်မဖြစ်စေခြင်လျှင်
ကချင် ပြည်နယ်အတွင်း သွားရောက်တပ်စွဲထားသော စစ်အစိုးရ၏ တပ်များအားလုံး
ပြန်ဆုတ်ခွါလာကြရန် အမိန့်ပေးလိုက် ရုံပင်ဖြစ်သည်။ ပြည် တွင်းငြိမ်းချမ်းရေး
ချက်ခြင်း ရရှိသွားပါ မည်။ သူ့ပြည်နယ်ကို သူ့ဖာသာ ကာကွယ်ရေးအတွက်
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အသိအမှတ်ပြုထားသော ကချင်တပ်များ က
တာဝန်ယူကြပါလိမ့်မည်။ အထက်ပါ သမိုင်းဆောင်းပါးတွင် ပါရှိသည့် စာပုဒ် ကို လေ့လာပါ။
“ မန်ခိန်း (Man Hkaring) ကျေးရွာတွင်ပြုလုပ်သော ကချင်ဒေသ လူထု အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ ဗမာများက ကချင်များအပေါ်စိုးမိုးအုပ်ချုပ် မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ် နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့်သက်ဆိုင်သော ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကို မူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)က တိုင်ပင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ဘာသာရေး ၌ လည်း လွတ်လပ်စွာကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်း ပေးမည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူ အခွင့်အရေးရမည် ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာ မကောင်းဘူးလို့ထင်ရင် လက်တွေ့ ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင် ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင်ကြည်ညိုလေးစားသွားကြပါ သည်။ ”
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားသူများသည် ၄င်း၏မူအပေါ်
အခြေခံပြီး ကချင် ပြည်တွင်းစစ်ပြသနာ၊ ပြည် ထောင်စု တခုလုံး ငြိမ်းချမ်းရေး
ပြသနာများအား ချဉ်းကပ်ကိုင်တွယ်ရန် လိုပါမည်။
တရားဝင် အစိုးရ
ဟူသည်မှာ အဘယ်နည်း။ သူပုန် ဟူသည်မှာ အဘယ်နည်း။
ဦးသိန်းစိန်၏ တပ်များက အစိုးရတပ်ဖြစ်၍ တရားဝင်သည်။
ကေအိုင်အေက သူပုန်ဖြစ်၍ တရားမ၀င်။ အစိုးရ တပ်က သူပုန်ကိုချေမှုန်းခြင်းမှာ တရား
မှန်ကန်သည်ဟု ပြောကြသူများကိုလည်း တွေ့ရသည်။ ယင်းအကြောင်းပြချက်အား လက်ခံသင့်မသင့်
ရှုဒေါင့် နှစ်ခုမှ စဉ်းစားရန်လိုပါသည်။ စာရေးသူကဲ့သို့ မြန်မာ လူမျိုး များနှင့်
ဖွဲ့စည်းထားသည့် မြန်မာပြည်နယ်၏ ရှုဒေါင့် နှင့် မြန်မာမဟုတ်သည့်
အခြားတိုင်းရင်းသား များနှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု အဖွဲ့ဝင်
အခြားပြည်နယ်များ၏ ရှုဒေါင့် ဟူ၍ဖြစ်သည်။
ပထမဆုံးအနေနှင့် အစိုးရ၏ တရားဝင်မှု ကို ဆန်းစစ်ရပါမည်။
အစိုးရကိုယ်တိုင်က တရားဝင်မှသာ ယင်းကိုနာခံ ပေးနေသော တပ်မှာ တရားဝင်ပါမည်။
ဦးသိန်းစိန် အစိုးရမှာ တရားဝင် အစိုးရမဟုတ်ပါ။ အကြောင်းနှစ်ချက်ကြောင့် ဖြစ်သည်။
ပထမ အချက်မှာ နာဂစ် မုန်တိုင်းပြင်းထန်စွာကျရောက်ေ နစဉ် အတွင်း အတင်းအကြပ်
အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေခံ၍ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒုတိယ အချက်မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ များအတွင်း ကြိုတင်မဲများအသုံးပြု၊
မဲကလိန်ကျပြီး အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် အများစုအပေါ်အခြေခံ ဖွဲ့စည်းထားခဲ့ခြင်းကြောင့်
ဖြစ်သည်။ ကြိုတင်မဲများဖြင့် အနိုင်ယူ ခဲ့ခြင်းကို ရွေးကောက်ပွဲ ကော်မရှင်ကပင်
ဝန်ခံခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရမှာ တရားဝင် အစိုးရ မဟုတ်ပါ။
ဒုတိယအနေနှင့် တရားဝင်အစိုးရ အနေနှင့်
စဉ်းစားကြည့်ပါမည်။ လူထုက ဒီမိုကရေစီနည်းကျစစ်စစ်မှန်မှန် ရွေးချယ်
တင်မြှောက်သဖြင့် တရားဝင် အစိုးရပေါ်လာပြီ ဆိုကြပါစို့။ လူများစု၏ မဲဆန္ဒအရေအတွက်ကိုသာ
အခြေခံစဉ်းစားလျှင် ယင်း တရားဝင် အစိုးရသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများနေထိုင်ရာ
မြန်မာပြည်နယ်တွင်သာ အာဏာလွှမ်းမိုးမှု ရှိပါ မည်။ မြန်မာပြည်နယ် အတွင်း၌ ယင်းတရားဝင် အစိုးရကို
လက်နက်ကိုင် ဆန့်ကျင်တော်လှန်သည့် အဖွဲ့အား သူပုန် ဟု ပြောနိုင်ပါမည်။
မြန်မာလူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသား များနှင့် ဖွဲ့စည်းထား သည့်
ပြည်ထောင်စု အဖွဲ့ဝင် အခြားပြည်နယ်များကို မလွှမ်းခြုံပါ။
တတိယ အနေနှင့် ပြည်ထောင်စု အဖွဲ့ဝင် အခြားပြည်နယ်များ
အားလုံးကိုပါ လွှမ်းခြုံအာဏာသက်ရောက်စေမည့် ပြည်ထောင်စု အစိုးရကို
မည်သို့စဉ်းစားမည်နည်း။ နှစ်ချက် လိုပါသည်။ တစ်ချက်မှာ ပင်လုံစာချုပ်ပါ
တိုင်းရင်းသား များ၏ အခွင့်အရေးကို ဖေါ်ဆောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရှိ ရပါမည်။
ယင်း အပေါ်အခြေပြု၍ ကျင်းပသော ရွေးကောက်ပွဲနှင့် အညီ
ရွေးချယ်တင်မြှောက်ဖွဲ့စည်းထား သည့် အစိုးရဖြစ်ရ ပါမည်။ သို့မှသာ ပြည်ထောင်စု
တခုလုံးကို လွှမ်းခြုံအာဏာသက်ရောက်မည့် တရားဝင် အစိုးရ ရနိုင်ပါမည်။ နောက်တချက်မှာ ပြည်ထောင်စုတပ်မတော်ကို
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ မှ ပြည်နယ်ကာကွယ်ရေးတပ်များပါ ပါဝင်ဖွဲ့စည်းထား ဘို့လိုပါမည်။
သို့မှသာ တရားဝင် ပြည်ထောင်စု တပ်မတော် တည်ရှိလာပါမည်။
ယင်းအခြေအနေများနောက်ခံတွင် ပေါ်ပေါက်ဖွဲ့စည်းထားသည့်
ပြည်ထောင်စု တပ်မတော်ကို ဆန့်ကျင်တိုက်ပွဲဝင် သည့် တပ်မှာ သူပုန်တပ် ဖြစ်မည်။
သို့မဟုတ်ဘဲ လူများစု မြန်မာလူမျိုးများကို အဓိကထားစုစည်း၊ တပ်ထိပ်ပိုင်း ခေါင်းဆောင်နေရာမှန်သမျှ
မြန်မာလူမျိုးတွေသာ ရာထူးရယူ၊ စစ်အာဏာရှင်အခြေခံ ဖြင့် စစ်ရေးအရလွှမ်းမိုးနိုင် ရေး
အတွက်သာ တပ်ကိုအသုံးချ၊ ယင်းသို့သော တပ်မှာ အစိုးရတပ်ဖြစ်၍ တရားဝင်ပြီး ယင်းတပ်ကို
ခုခံနေသည့် ကေအိုင်အေမှာ သူပုန်ဖြစ်သဖြင့် တရားမ၀င် ဟူသော အကြောင်းပြချက်ကိုစာရေးသူ
က လုံးဝလက်မခံပါ။
တိုင်းရင်းသားပြည်နယ်များဘက်မြှ ကည့်လျှင်
လက်ရှိမြန်မာ့တပ်မတော်သည် နယ်ချဲ့ အခြေခံဖြင့် တည်ထောင်ခဲ့သည့် အင်္ဂလိပ်တပ်နှင့်
ခြားနားမှုမရှိ။ ပြည်ထောင်စုအဖွဲ့ဝင်တိုင်းရင်း သားပြည်နယ်များရှိ သက်ဆိုင်ရာ
တိုင်းရင်းသား လူထု များ၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီးအတင်းအကြပ်ဝင်ရောက်
အနိုင်ကျင့် တိုက်ခိုက်မှု မှန်သမျှသည် ပင်လုံစာချုပ်နှင့် ဆန့်ကျင်သည်။
နယ်ချဲ့လုပ်ရပ်ပင်ဖြစ်သည်။
ယင်းသို့သော နယ်ချဲ့လုပ်ရပ်ကို လက်ခံမည်၊ တရားဝင်
အသိအမှတ်ပြုမည်ဆိုလျှင် မြန်မာလူမျိုးများ အဘယ်ကြောင့် အင်္ဂလိပ်နယ်ချဲ့ကို ခုခံခဲ့၊
အင်္ဂလိပ်တပ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သနည်း။ အင်္ဂလိပ်တပ်ကို တရားဝင်တပ်အဖြစ် လက် ခံ၊
သူ့နောက်မှာ ရပ်တည်၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတပ်မတော်သည်
သူပုန် တပ် ဖြစ်နေသဖြင့် ၄င်းတပ်ကို ဆန့်ကျင်။ ဤသို့ရပ်တည်ခဲ့ရမည်သာ ဖြစ်သည်။
ပြန်လည်သုံးသပ်ကြပါကုန်။
ကေအိုင်အို၊
ကေအိုင်အေ သည် ပြည်ထောင်စုမှ ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သလား။
ဦးသိန်းစိန် အစိုးရနှင့်
ကာချုပ် မင်းအောင်လှိုင် သည် အဘယ်ကြောင့် တပ်အင်အားမြောက်များစွာ ကချင်ပြည်နယ်သို့
စေလွှတ်၊ အဆမတန်ပြင်းထန်သည့် လက်နက်ကြီးများ၊ တိုက်လေယဉ်များပါသုံး၍ အမြစ်ပြုတ်
ချေမှုန်းစစ်ဆင်နွှဲနေ သနည်း။ တရားဝင်အကြောင်းပြချက်[ii]
သည် အဘယ်နည်း။ မိမိတပ်မှရဲဘော်များဒဏ်ရာရသွား သည့်အခါ ပစ်သတ်ပြီး ထားခဲ့ရန်ပင်
အမိန့်ပေးကြောင်း ခမရ (၃၈၂)က ဒုတပ်ကြပ် အောင်မင်းထိုက် က ထွက်ဆိုခဲ့သည်။[iii] မိမိ၏ရဲဘော်များ
၏ အသက်ကိုပင် ဖက်ကလေးလိုသဘောထားလျှက် ဤမျှရက်စက်သည့် စစ်ပွဲကို အဘယ်ကြောင့် သဲကြီးမဲကြီး
ဆင်နွှဲ နေသနည်း။ အစိုးရအနေဖြင့် ကိုယ့်ရဲဘော်များ အပေါ်ကိုပါ ပြစ်မှုကျူးလွန်ပြီးဆင်နွှဲသည့် စစ်ပွဲမျိုး
ပြည်တွင်းစစ်သမိုင်း တွင် တကြိမ်တခါ မျှ မကြားခဲ့ဘူးပါ။
ကေအိုင်အေ၏ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အို
တွဲဘက် အထွေ ထွေ အတွင်းရေးမှုး ဦးလနန် တို့က ကေအိုင်အို၊ ကေအိုင်အေ သည်
ခွဲထွက်ရေးအတွက် တိုက်နေခြင်း မဟုတ်၊ စစ်မှန် သော ပြည်ထောင်စု တည်ဆောက်၇န်၊
အတိအကျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကြိုး ပမ်းနေကြ ကြောင်း အကြိမ်ကြိမ်
ပြောခဲ့ပြီးကြပြီ။ ကေအိုင်အေ နှင့် အတူတွဲ၍ ခုခံစစ်ဆင်နွှဲနေသော အေဘီအက်စ်ဒီအက်ဖ်
သည် လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက်သာ တိုက်ပွဲဝင်နေကြောင်း သိကြပြီးဖြစ်သည်။
မိမိတိုက်နေ သောစစ်ကို လူထုထောက်ခံမှုရရန်အတွက် အစိုးရက ကေအိုင်အို၊ ကေအိုင်အေ တို့သည်
ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေကြသလိုလို ၀ါဒဖြန့်ချီမှုမျိုး မလုပ်သင့်ပါ။
ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင်လုပ်ရန်မှာ မည်သူ့တာဝန်နည်း။
ပေါင်းစည်းခြင်း ဆိုသည်မှာ မေတ္တာတရားကို အခြေခံလျှက်
တဦးကိုတဦးနားလည်မှုရှိစွာ၊ ချစ်ခင်ရင်းနှီးစွာ၊ ကြည်သာ စွာ လက်တွဲနိုင်ကြမှသာ
အနှစ်သာရနှင့် ပြည့်စုံသည်။ လင်မယားပင် ဖြစ်စေဦး၊ အတင်းအကြပ်ဓါးမိုး၍ ပေါင်းဖက်ခိုင်း
လျှင် ခေတ္တမျှသာ ခံပါမည်။ ကွဲကြပြဲကြမှာ ဖြစ်သည်။
လူများစု မြန်မာလူမျိုးတွေက
အနိုင်ကျင့်မည်စိုးရိမ်သဖြင့် တိုင်းရင်းသားခေါင်းဆောင်များက ခွဲထွက်ခွင့်ကို
တောင်းခဲ့ကြ ရာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု လွှတ်တော်တွင်
အသေးစိပ်ဆွေးနွေးရန် တင်ပြခဲ့သည်။ [iv]
ထို့နောက်ငါးနှစ် စီမံကိန်းနှစ်ရပ် ဆယ်နှစ်တာကို ရည်ညွှန်းလျှက် ဆယ် နှစ်
ကြာပြီးနောက် ခွဲထွက်လိုက ခွဲထွက်ခွင့်ပေးရန် ဟူသော အချက်ကို ဖွဲ့စည်းပုံတွင်
ထည့်သွင်းပြဌာန်းပေးရန် သဘောတူခဲ့ကြသည်။[v]
“ ဆယ်နှစ်ကြာအောင်
ပေါင်းပြီးမှ သူတို့ တတွေ ဆက်ပေါင်းခြင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ဗမာတွေ
ညံ့လို့ပေါ့” ဟု ဗိုလ်ချုပ်အောင်ဆန်းက မှတ်ချက်ပြု ခဲ့ သေးသည်။ [vi]
ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းက ဗမာ ဟု သုံးခဲ့ခြင်းမှာ စာရေးသူကဲ့သို့
မြန်မာလူမျိုးတွေကို ရည်ညွှန်း သည် ဟု နားလည်သည်။
ယခုကြုံတွေ့နေရသည့် ပြည်ထောင်စု ပြသနာမှာ မြန်မာတွေ
ညံ့၍ဟု မယူဆပါ။ လူမျိုးပြသနာ မဟုတ်၊ စနစ်ပြသနာ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကြောင့်သာ
ဤပြသနာပေါ်နေခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်
တွင် ဗိုလ်ချုပ်နေ၀င်းက တိုင်းရင်းသားများဖက်ဒရယ်တောင်း သည်ကို ခွဲထွက် ရေး ဟု
အကြောင်းပြကာ ဖိနှိပ်ခဲ့သည်။ နှစ်ပေါင်းငါးဆယ် ကြာပြီး ယခုအချိန်ရောက်မှ ဖက်ဒရယ်ဟူသည်မှာ
ပြည်ထောင်စုတည်ဆောက်ရေးစနစ်ဖြစ် ပြီး တိုင်း ရင်းသားများရထိုက်သော အခွင့်အရေးဖြစ်ကြောင်း
စစ်ခေါင်းဆောင်များ ကိုယ်တိုင် လက်ခံလာခဲ့ရသည်။ [vii]
တိုင်းရင်း သား များသည် နှစ်ပေါင်းငါးဆယ် ကြာမျှ ဒုက္ခများ ခံစားခဲ့ကြရပါပြီ။
စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ်၏
ဖိနှိပ်မှုအောက်တွင် မြန်မာမဟုတ်သည့် တိုင်းရင်းသားတွေသာမက မြန်မာတွေ ပါ
ခံစားခဲ့ကြရသည်။ သံဃာတော်များအား မီးလောင်ဗုံးနှင့်ဖြိုခွင်းခဲ့ သည့် နောက်ဆုံးသာဓက
ကိုကြည့်ပါ။ သံဃာတော် အများစုကြီးမှာ မြန်မာလူမျိုးများဖြစ်သည်။
တိုင်းရင်းသား များ ပြည်ထောင်စုမှ
ခွဲမထွက်ခြင်အောင် လုပ်ရန်မှာ စစ်အစိုးရအဆက်ဆက်တွင် တာဝန်ရှိခဲ့သည်။ ကေအိုင်အိုကို
ဆင်နွှဲနေသည့် ထိုးစစ်ကို ကြည့်လျှင် အစိုးရက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို လိုလားသည်
ဟူသည်မှာ မည်သူမျှယုံနိုင်စရာမရှိ။ ကချင်များကို နာကျည်းအောင် လုပ်နေခြင်းဖြစ်သည်။
ကေအိုင်အိုက ပင်လုံစာချုပ် အရ ဖက်ဒရယ်ပြည်ထောင်စု ဘောင်အတွင်းတွင်
တိုင်းရင်းသားများ ရရှိရမည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ကို
အသိအမှတ်ပြုဘို့ပြောနေသည်။ အစိုးရက မသိကျိုးကျွန်ပြု၊ အဆမတန် အင်အားသုံး၊ စစ်ရေးအရ
ဖိအားပေးကာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုသာ လက်မှတ်ထိုးခိုင်းနေသည်။ ကချင်လူမျိုးများ၏
မြို့တော်သဘွယ်ဖြစ်လာနေသော လိုင်ဇာကိုသာ အတင်းအကြပ်တက်သိမ်းမည် ဆိုလျှင်
နာကျည်းမှုသည် ခါးသီးသည့် အဆင့်သို့ပြောင်းသွားမည်။ ခုခံမှုသည် ပို၍
အရှိန်မြင့်လာနိုင်သည်။ ကချင် တို့၏ ခုခံစစ်သည် တောင်ပေါ်မှနေ၍ မြေပြန့်ဒေသများသို့
ရွေ့လျှော မလာဟု မည်သူမျှ မပြောနိုင်။
ကချင်ပြည်နယ်ကို
ပြည်ထောင်စုကနေခွဲထွက်သွားစေရေး အတွက် ကြိုးပမ်းမှုများပေါ်လာစေရန် ကေအိုင်အိုနှင့်
ကချင် လူထုကို တွန်းအားပေးသည့် လုပ်ငန်းအား သမတ ဦးသိန်းစိန် နှင့်
ကာချုပ်မင်းအောင်လှိုင်တို့ လုပ်နေကြသည့် သဘော ဆောင်သည်။ နောင်ဖြစ်လာမည့် ပြသနာ
များအတွက် ၄င်းတို့တွင် အဓိက တာဝန်ရှိပါမည်။
ချစ်ခြင်းမေတ္တာအား ပျံ့ပွားစေခြင်းသည် အမုန်းတရားများ
လျော့ပါးစေမည့် အကြောင်းရင်းဖြစ်ခြင်း။
ကိုဝိုင်ဝိုင်ကေ ၏ သမိုင်းဆောင်းပါးမှ
ကော်ပီကူးထားသော အောက်ပါ ဓါတ်ပုံကလေးကို ကြည့်ပါ။ဗိုလ်ချုပ်အောင်ဆန်း သည် ကချင်အမျိုးသမီးငယ်များ၏ရှေ့တွ င်ထိုင်လျှက်
အားရပါးရရယ်မောလျှက် ရှိကြောင်းတွေ့ရပါမည်။ ပင်လုံစာချုပ် တွင် တိုင်းရင်းသားများ၏
နိုင်ငံရေးအခွင့်အရေးကို အာမခံချက်ပေးခဲ့သော ဗိုလ်ချုပ်အား ကချင်များက
ချစ်ခင်လေးစား ကြသည်။ မေတ္တာတရား အပေါ်အခြေခံလျှက် ကချင်တွေက မိသားစုသဖွယ် ဗိုလ်ချုပ်ကို
စကြ နောက်ပြောင်ကြသည်။ ဗိုလ်ချုပ် ကိုယ်တိုင်လည်းကချင် တို့၏ မေတ္တာကိုခံယူလျှက်
ရယ်မောမိသွား၊ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင် တို့သည် ဤ ဓါတ်ပုံကလေးမှ
မေတ္တာတရားမျိုးကို မခံစားခြင်ကြပေဘူးလား ဟူ၍ စဉ်းစားမိသည်။
အဘယ်ကြောင့် ဗိုလ်ချုပ် နှစ်နှစ်ခြိုက်ခြိုက်
ရယ်မောနေသည်ကို ကိုဝိုင်ဝိုင်ကေ က အောက်ပါအတိုင်းရေးထားသည်။
“ ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး(၆)ဦး၏ အလယ်
တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သား တစ်ယောက်က “ ကချင်မလေးတွေနဲ့
ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင် ကြည်
တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့်
စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသောဗိုလ်ချုပ်သည်ပင်လျှ င်
သဘောကျနှစ်ချိုက်စွာ ရယ်မောသည်။ ”
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကွာလိုက်သည့် ဖြစ်ခြင်း။ လက်ရှိ
ဗိုလ်ချုပ်ဟောင်း၊ သစ်များသည် ကချင်တိုင်းရင်းသား များ အပေါ် ရက်စက်လှချေတကား။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ
ဖြူစင်သည့် မေတ္တာဖြင့် ပြုံးရွှင်ရယ်မောခဲ့ကြသော ကချင်အမျိုးသမီးတို့မှမွေးဖွား လိုက်သည့် မြေးငယ်ကချင်သမီးပျိုများသည် ယနေ့ စစ်ယူနီဖေါင်းဝတ်၊
သေနတ်ကိုင်စွဲ ကာ သူတို့မြေကို သူတို့ခုခံကာကွယ်ရသည့်ဘ၀ သို့ကျရောက်လျှက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သည့်
ကတိ စကားများ၊ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တို့အား မည်သူမျှ လေးစားလိုက်နာခြင်းမရှိကြတော့။
ဗိုလ်ချုပ်အောင်ဆန်း စာချုပ်ချုပ်
အာမခံခဲ့သည့် တိုင်းရင်းသားအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေး အတွက် ၄င်း၏ သမီးအရင်း
ဖြစ်ရုံသာမက ယနေ့ နိုင်ငံရေးဇာတ်ခုံတွင် ထိပ်ဆုံးပိုင်းမှာနေရာယူထားသော ဒေါ် အောင် ဆန်းစုကြည်
အပေါ် ကချင်လူထုက တစုံတရာအားကိုးလိုကြသည်။ သို့ရာတွင် သူမ သည် ယနေ့အချိန်အထိ ခပ်ပေါ့ပေါ့
ပင် သဘောထားလျှက်ရှိသည်။ ရင်ကွဲဘွယ်ကောင်းပါဘိ။ အဘယ်ကြောင့် ဤသို့ဆိုသနည်း။
ဇန်န၀ါရီလ (၃) ရက်နေ့တွင်
ကချင်အရေးနှင့် စပ်လျှဉ်း၍ အာရ်အက်ဖေက အင်တာဗျူးသောအခါ ဒေါ်အောင်ဆန်းစု ကြည်က “ ဘယ်လိုဆွေးနွေးနေသလဲ
ဆိုတာ အသေးစိပ်မသိ၊ ၀င်ရောက်ပါဝင်ဆွေးနွေးခြင်တဲ့ ဆန္ဒရှိလို့ပြောထားတာ တနှစ်တောင်
မကတော့ပါ။ အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းတာမရှိ။ ”
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်နေရာတွင်
တာဝန်ယူနေသူ ဖြစ်သည်။ မြန်မာ နိုင်ငံသားများအား တာဝန်သိတတ်သူ များဖြစ်စေဘို့ မကြာမကြာ
သွန်သင်ဆုံးမလေ့ ရှိသူလည်းဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးပြသနာနှင့်
စပ်လျှဉ်း၍ သူမတွင် တာဝန်ရှိသည်ဟု စာရေးသူ ယူဆသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေ စိုးမိုးရေး
နှင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စများဆောင်ရွက်ပါမည် ဟူ၍ လူထုထံမှ မဲများရယူခဲ့ရုံသာမက
လက်ရှိ လည်း ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူနေ၍ ဖြစ်သည်။
ယခု ဆိုလျှင် စစ်ေ၇းအရှိန်မှာ
အထွဋ် အထိပ်ရောက်နေပါပြီ။ လက်နက်ကြီးမျိုးစုံ နှင့် တိုက်လေယာဉ်များပါ
သုံးပြီး မီးကုန် ယမ်းကုန် တိုက်နေပါပြီ။ ကချင်ပြည်နယ်အတွင်း သိန်းတချို့ပမာဏရှိသည့်
လူထုများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိခိုက်ခံစားနေကြရသည်။ ဤမျှ အရေး ကြီးလှသော
ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကြီးတွင် ဒေါ်အောင်ဆန်း စုကြည် သည် မိမိ၏တာဝန်ကို တက်တက်ကြွကြွ
ထမ်းဆောင်မည့် ပိုင်းဖြတ်ချက်[viii]
နှင့် နိုင်ငံရေးဆန္ဒ[ix] ကို ယခုအချိန် အထိ မပြသေး ဟု
စာရေးသူ ခံစားမိသည်။ အဘယ်ကြောင့် ဤသို့ ဆိုသနည်း။
ဘယ်လိုဆွေးနွေးနေသလဲ ဆိုသည်ကို
မသိသဖြင့် ပါဝင်ဆောင်ရွက်ရန် ကြိုပမ်းခြင်း မရှိဟု သူမပြောသည်မှာ သဘာဝ မကျပါ။ မသိလျှင် သိအောင်လုပ်ရန် တာဝန်ရှိပါသည်။ သူမလို ပုဂ္ဂိုလ်မျိုးအနေဖြင့်
သိလိုစိတ်တကယ်ရှိလျှင် မသိ နိုင် စရာ အကြောင်း မရှိပါ။ သို့ရာတွင် သိအောင်လုပ်ရာ၌ အမှန်တကယ် အခက်အခဲရှိနေသည် ဆိုပါမူ စာရေးသူ
ကူညီ နိုင်ပါသည်။ တာဝန်ရှိသူ များထံမှ ခွင့်ပြုချက်တောင်း၍ သက်ဆိုင်သောစာရွက်စာတမ်းများ၊
ဗွီဒီယို မှတ်တမ်းများ ကို သူမ လက်ဝယ် ရရှိအောင် စီစဉ်ပေးနိုင်ပါသည်။
အစိုးရဘက်က
ဖိတ်ခေါ်ကမ်းလှမ်းခြင်း မရှိသဖြင့် ၀င်ရောက်ပါဝင်ခြင်း မရှိဟူသည်မှာ ပို၍ပင် မဖြစ်သင့်ပါ။ ဥပဒေ စိုးမိုးရေးကို အဓိကဖျက်ဆီးနေသူမှာ
ဦးသိန်းစိန် အစိုးရဖြစ်သည်။ လူထု ကြီးက အားကိုးလိုသော လူထုခေါင်းဆောင် သည် ဥပဒေစိုးမိုးရေး
နှင့် ပတ်သက်၍ မည်မျှပင် ကြီးမားသည့် ပြသနာများတက်နေစေဦး အစိုးရမခိုင်းသမျှ ဘာမျှ
မလုပ်ဟု ဆိုလျှင် လူထု သည် ဥပဒေစိုးမိုးရေးအား မည်သည့်အခါတွင်မျှ လက်တွေ့ခံစားနိုင်တော့မည်မဟုတ်။
သူမသည်စစ်အစိုးရ နှင့် စစ်ခေါင်း ဆောင်များ ငြိုငြင်မည်ကို မခံလိုသဖြင့် မခိုင်လုံသော
အကြောင်းများကို ပြပြီး တမင်ရှောင်၊ လူထုနစ်နာမှုများအား မျက်ကွယ်ပြုနေသည် ဟု စာရေးသူ
သံသယဖြစ်မိသည်။
ပြည်တွင်း
ငြိမ်းချမ်းရေးအပါအ၀င် ဥပဒေစိုးမိုးရေး ဆိုင်ရာ ပြသနာများအား ၀င်ရောက်ကိုင်တွယ် ဖြေရှင်းရန်
ကြိုးပမ်း မည် ဆိုလျှင်လည်း ရပ်တည်ချက်မှာ အရေးကြီးလာသည်။ အစိုးရ နှင့် လူထုအကြား မည်သူ့အမုန်းကိုမျှ
မခံရအောင် အလယ်မှာနေ၍ ဖျန်ဖြေပေးသွားမည်[x] ဟူသည့်
သူမ၏ရပ်တည်မှုမှာ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ဖြစ် မည် ဟု မယူဆပါ။ ဗုဒ္ဓဘာသာတွင် ဒေ၀ဒတ်နှင့် မြတ်စွာဘုရားအကြားတွင် စေ့စပ်၍မရပါ။ ပြစ်မှုကျူးလွန်သူဒေ၀ဒတ်အား
သဘာဝ တရားက မြေမြို၍ ပြစ်ဒဏ် စီရင်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည်
တရားသူကြီးမဟုတ်၊ ကုလသမဂ္ဂ အရာရှိလည်း မဟုတ်သဖြင့် အလယ်မှာ နေသည် ဆိုခြင်းမှာ အဓိပ္ပါယ်
မရှိလှပါ။ သူမသည် မြန်မာနိုင်ငံ၌ ဥပဒေစိုးမိုးရေး လက်တွေ့ရှိလာစေရန် ဦးဆောင် ဖေါ်ဆောင် နေသူဟူ၍သာ
စာရေးသူနားလည်သည်။
ဥပဒေစိုးမိုးရေးကို
ဖေါ်ဆောင်မည် ဆိုလျှင် မျှတသော တရားခွင်[xi] အယူအဆကို
ကျင့်သုံးရန်လိုပါသည်။ မုဒိန်းမှု တခုတွင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူမှာ စစ်ဗိုလ်ကြီးတဦး
ဖြစ်ပြီး ကျူးလွန်ခံရသူမှာ ဆင်းရဲနွမ်းပါးသည့် တိုင်း ရင်းသူ အမျိုးသမီးကလေး ဆိုကြပါစို့။
၎င်းတို့ နှစ်ဦးလုံးတွင် အခွင့်အရေးတန်းတူရှိသည်။ တရားရုံးတွင် တူညီစွာ အမှု ရင်ဆိုင်နိုင်သည်။
သို့ရာတွင် အာဏာရှိ၊ လက်နက်ရှိ၊ ငွေကြေးရှိ၊ အင်အားရှိသည့် စစ်ဗိုလ်ကြီး နှင့် ယှဉ်ပြိုင်လျှက်
အမှုရင်ဆိုင်နိုင်ရန် ညီမျှခြေရှိလာစေရေးအတွက် တိုင်းရင်းသူမလေးအား ဖြည့်ဆည်းပေးဘို့လိုသည်။
ရှက်လွန်းသဖြင့်
ရဲစခန်းသွားပြီး အမှုမဖွင့်ရဲလျှင် လူမှုရေးအသင်းအဖွဲ့များ ကူညီလိုက်ပါပေးရန်၊ ဆေးဝါးကုသ
ခွင့် လုံလောက်စွာရရှိရန်နှင့် အမှုရင်ဆိုင်နေစဉ်အတွင်း စားဝတ်နေရေးအဆင်ပြေစေရန်ကူညီပေး ဘို့လိုသည်။တရားရုံး
သွားရန် ခရီးစားရိပ်မရှိလျှင် ရှာပေးဘို့လိုသည်။ မြန်မာစကား ကောင်းစွာ မပြောတတ်လျှင်စကားပြန်စီစဉ်ပေး ရမည်။
သူမ၏ မှုခင်းအတွက် တရားလိုအစိုးရ ရှေ့နေ၏ လိုက်ပါဆောင်ရွက်မှုကို မကြေနပ်နိုင်သည့် ခိုင်လုံသော
အကြောင်း များတွေ့ရလျှင် အရည်အချင်းနှင့် ပြည့်စုံသော ပြင်ပရှေ့နေတဦးထံမှ ဥပဒေအကူအညီရရှိစေရန်
စီစဉ်ပေးသင့် သည်။ နိမ့်သည့် ဘက်ကို ဖြည့်ဆည်းပေးခြင်းသည် မျှတသောတရားခွင်ကိုအားဖြစ်စေပြီး
ဥပဒေစိုးမိုးရေးအတွက် ပံ့ပိုးသည်။
မြန်မာနိုင်ငံတွင်
စစ်အစိုးရက လွန်မင်းစွာ အင်အားကြီးလျှက် ရှိသည်။ အဖိနှိပ်ခံလူထု နှင့် တိုင်းရင်းသားများမှာ
အဆ မတန် အင်အားနည်းလျှက်ရှိသည်။ အလယ်မှာ နေပြီး နှစ်ဘက်အကြားညှိပေးမည်၊ ဖျန်ဖြေပေးမည်
ဟုသာ ဆိုလျှင် လက်တွေ့တွင် အားကြီးသူသာ အကျိုးဖြစ်ထွန်းမည်။ ဥပဒေစိုးမိုးေ၇းကို အမှန်တကယ်မြတ်နိုးလျှင်
အနည်းဆုံးအနေ နှင့် အားနည်းသည့်ဘက်တွင် ညီမျှခြေရှိလာစေရန် ဖြည့်ပေးရပါမည်။ နိုင်ငံသားတိုင်းမှာပင်
တာဝန်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်
အလယ်မှာနေမည်ဟူသောသူမ၏ရပ်တည်မှု ကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံလူထုများ
နှင့် အခွင့်အရေးဆုံးရှုံးနေကြသော တိုင်း ရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။
ယင်း ရပ်တည်ချက် အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်းချုပ်ဆိုခဲ့ သည့် ပင်လုံစာချုပ်ကို
ခိုင်ခိုင်မြဲမြဲ ကိုင်စွဲလျှက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈
ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများအား စွမ်းစွမ်းတမန် ဆောင်ရွက်လိမ့် မည်၊ ကချင်ပြည်နယ်လူထု
ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု
မြှော်လင့်နေဆဲဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ၊
ရိုးသားသော ကချင်လူမျိုးတို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အပေါ် ထားရှိခဲ့သည့် မေတ္တာမှာမူ
မည်သည့်အခါတွင်မျှ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ဟု ယူဆပါသည်။
အပိုင်း (၅) ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ) ဇန်န၀ါရီလ (၇) ရက် ၂၀၁၃ ခုနှစ်
ရည်ညွှန်းချက်များ
[i] Human shield
[ii] Legitimate reason
[iv] တိုင်းရင်းသား လူမျိုးများ အရေးနှင့်
၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ ( မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစု ရေး အဖွဲ့က
စိစစ်၍ ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသည်။ ) စာမျက်နှာ ၅၁၅
[v] ၄င်း။ စာမျက်နှာ
၅၁၆
[vi] ၄င်း။
[vii][vii] ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ
၂
ရက်၊
လွှတ်တော်
ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်အမတ်များဖြစ်သော ဒေါ်နန်းဝါနု နှင့် ဦးတီခွန်မြတ် တို့အား ဖက်ဒရယ်
ဥပဒေ တရပ်ရေးဆွဲရန် တာဝန်ပေးခြင်း။
[viii] Commitment
[ix] Political will
[x] Mediation
[xi] Fair Trial
0 comments:
Post a Comment