Friday, January 18, 2013

အစိတ်သား ဆယ်နှစ်သား

 
စာရေးသက် ၁၀နှစ်ပြည့်သည့် ၂၀၁၀ပြည့်နှစ်တုန်းက စရဏမဂ္ဂဇင်းမှာ “စာရေးဆရာ ဆယ်နှစ်သား”
အမည်ဖြင့်ကျွန်တော် ဆောင်းပါးတစ်ပုဒ်ရေးဖူးသည်။အခု ၂၀၁၃၊ဇန်န၀ါရီ ဆိုရင် တပ်မတော် အရာရှိဖြစ်သည်မှာ ဆယ်နှစ်ပြည့်ပြီဖြစ်၍ အမှတ်တရဆောင်းပါးတစ်ပုဒ်ရေးချင်သည်။ ခေါင်းစဉ်ကို ဘယ်လိုတပ်ရမည်လဲ စဉ်းစားတော့ ယနေ့နာမည်ကြီးနေသည့်လွှတ်တော်ထဲမှ တပ်မတော်သား များကို ခေါ်ဆိုကြသည့်“အစိတ်သား”ဟူသည့် စကားကိုယူပြီး အစိတ်သားဆယ်နှစ်သား ဟု အမည်ပေးလိုက်ပါသည်။

            “စာရေးဆရာ ဆယ်နှစ်သား” မှာတုန်းကတော့ စာရေးဆရာဖြစ်လာခဲ့သည့် နောက်ခံ အခြေအနေကစလို့ စာရေးဆရာဘ၀ ဘယ်လိုစာတွေရေး ဖို့ကြိုးစားခဲ့ ၊ရေးဖြစ်ခဲ့သည့် အကြောင်း ဖော်ပြခဲ့သည်။ အခုသည်ဆောင်းပါးမှာတော့ တပ်မတော် သား အရာရှိဘ၀ ဘယ်လိုဖြတ်သန်းခဲ့သည့် အကြောင်းလေးတွေကို အမှတ်တရ ရေးချင်ပါသည်။
            ၂၀၀၃ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ကျောင်းဆင်းတော့ တာဝန်ကျရာတပ်ကို ချက်ချင်းမသွားရ။ ကျွန်တော်တို့အပတ်စဉ်တစ်ခုလုံး ခြေလျင်တပ်စုမှူးသင်တန်းကို ဘုရင့်နောင် တပ်မြို့(သံတောင်ကြီး)မှာ သွားတက်ခိုင်းပါသည်။ ရန်ကုန်မှ တောင်ငူအထိ မီးရထားစီး၊တောင်ငူမှ သံတောင်ကြီးအထိကိုတော့ တပ်မတော်ကြည်းတိုက်ခိုက် ရေးကျောင်း(ဘုရင့်နောင်)မှ ကားတွေ ကလာကြိုပေးသည်။ ဘုရင့်နောင်မှာ တက်ခဲ့ရသည့် သင်တန်းသည် ကျွန်တော်တို့ အပတ်စဉ် သူငယ်ချင်းတွေ စုံစုံလင်လင်နှင့် တစုတစည်းထဲ တက်ခွင့်ရသည့် နောက်ဆုံးသင်တန်းဖြစ်ပါ
သည်။သည်နောက်ပိုင်းမှာ သူငယ်ချင်းတွေစုံစုံလင်လင်ပြန်တွေ့ရတယ်ရယ်လို့ မရှိတော့။
            တပ်မတော်အရာရှိ ဆယ်နှစ်တာကာလမှာ သေချာစစ်ကြောကြည့်တော့ သင်တန်းတက်နေခဲ့ရသည်ကများပါသည်။ခြေလျင်တပ်စုမှူးသင်တန်း လေးလ၊ တပ်ခွဲမှူး သင်တန်း လေးလ၊ဘာသာစကားသင်တန်း ရှစ်လ၊ ဆေးပညာမဟာသိပံ္ပသင်တန်း သုံးနှစ် စသည်ဖြင့် ငါးနှစ်ကျော်လောက်က သင်တန်းသားဟူသည့် ခေါင်းစဉ် အောက်မှာနေခဲ့ရသည်။ အခုစင်္ကာပူနိုင်ငံ သို့ကင်ဆာဆေးပညာသင်တန်း မလာခင် အင်းတိုင်မှာ တိုက်ပွဲဝင် စည်းရုံးရေးသင်တန်း တစ်လ တက်ခဲ့ရသေးသည်။အခုဆိုလည်းနိုင်ငံခြား ပညာသင် တစ်နှစ်သင်တန်းသားဟူသည့် ခေါင်းစဉ်အောက်မှာ သင်တန်းသားပါပဲ။ အမှန်တော့ ဘ၀ဟူသည် ထာဝရသင်တန်းကျောင်းကြီး မဟုတ်ပေဘူးလား။ ကျွန်တော်တို့သည် အမြဲတန်းသင်ယူနေရသည် မဟုတ်ပေဘူးလား။ ကိုယ့်ကိုကိုယ်ထာဝရ သင်ယူ
နေသည့် သင်တန်းသားအဖြစ် ခံယူထားတော့မှ ပညာရပ်အသစ်အဆန်းတွေကို ခံယူနိုင်ဖို့ ဦးနှောက်သည်အသင့်ဖြစ်နေမည်ဟု ကျွန်တော်ယုံကြည်သည်။
            ဆေးဘက်ဆိုင်ရာသင်တန်းတွေကတော့ ထားပါတော့။ဆရာဝန်နှင့် မဆိုင်သော စစ်ဘက်ရေးရာသင်တန်းတွေကို စိတ်မပျက်ဖူးလားဟု မေးချင်ကြပါလိမ့်မည်။ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူးသင်တန်းများသည် ကိုယ်ကာယ ပိုင်းဆင်းရဲပင်ပန်းသည် ဆိုတာတော့မှန်သည်။ သို့ပေမယ့် ကျွန်တော်ပျော်သည်။ ပျော်သည့်အကြောင်းရင်းက နံပါတ်(၁) စာကောင်းကောင်းဖတ်ရလို့။ တိုက်ခိုက်ရေးကျောင်းများမှာ ၇ှိသမျှ စာကြည့်တိုက်တွေ၊စာအုပ်အငှားဆိုင်တွေ မှာ ပြဲပြဲစင်အောင် ရှာဖွေပြီး စာအုပ်ဖတ်လို့ရသည်။နံပါတ်(၂) ပုံမှန်ဆေးရုံ၊ဆေးခန်းများမှာ ကျင်လည်နေရ
သည့် ဘ၀များကိုကျော်လွန်လျက် ခြေလျင်၊လက်ရုံးတပ်များမှာရှိသည့်အရာရှိ၊စစ်သည်များ၏ ဘ၀ကို အနီးကပ်မြင်ရလို့ ဖြစ်ပါသည်။
            ဆရာဝန်များဖြစ်နေ၍ အခြားခြေလျင်၊တိုက်ခိုက်ရေးတပ်များက စစ်ဗိုလ်စစ်သားများနှင့်ယှဉ်လျှင် ရှူနာရှိုက်ကုန်းလေးတွေဖြစ်နေကြလိမ့်မည်ဟု မထင်ပါနှင့်။အရင်က သေးသေးကွေးကွေးနှင့် ခါးချိချိကျွန်တော်သည်ပင် စစ်တပ်ထဲရောက်လာသည့်အခါ ခါးကမတ်လာသည်။ရင်ကော့လာသည်။ စိတ်ဓာတ်တွေက မာကျောလာသည်။
ခက်ထန်ကြမ်းတမ်းလာခြင်းမဟုတ်။တော်ရုံအခက်အခဲကို ရင်ဆိုင်ဖို့ မမှုတော့သည့် စိတ်ဓာတ်မျိုးကိုဆိုလိုပါသည်။ ဗိုလ်လောင်းဘ၀မှာတုန်းက ကိုယ့်အချင်းချင်းပြိုင်ဘက်များဖြစ်နေရာမှ  တပ်မတော်အရာရှိအားလုံး မဖြစ်မနေတက်ကြရသည့်ခြေလျင်တပ်စုမှူး၊တပ်ခွဲမှူးသင်တန်းများကို တက်ခွင့်ရလိုက်သည့်အခါ အခြားတပ်ရင်း၊တပ်ဖွဲ့များမှ စစ်ဗိုလ်တွေကရော ဘယ်လိုမျိုးလဲဆိုတာ သိခွင့်ရသည်။
            တစ်ရက်ကို သုံးမိုင်အပြေးတက်၊ငါးမိုင်မနားတမ်းလမ်းလျှောက်၊ တစ်နေ့မိုင် ၃၀ခရီးပေါက်ရမည်ဟူသည့် ဆောင်ပုဒ်တွေထဲကလို အပြင်မှာ တကယ်လေ့ကျင့်ရသည့် အခါ ခြေထောက်တွေကွဲ၊ဖိနပ်တွေပေါက်၊ တစ်ကိုယ်လုံးကိုက်ခဲပေမယ့် စစ်ဗိုလ် ဆရာဝန်တွေလည်း ကိုယ်ကာယလေ့ကျင့်ခန်းတွေမှာ အခြားစစ်ဗိုလ်တွေလို လုပ်နိုင်ကြပါသည်။ စာတွေ့လေ့ကျင့်ခန်း၊ စာမေးပွဲတွေမှာဆိုလည်းဆရာဝန်၊အင်ဂျင်နီယာတွေကို လိုက်လို့မမှီကြ။နောက်ပိုင်း သင်တန်းများမှာ အင်္ဂလိပ်စာ၊ ကွန်ပြူတာစာမေးပွဲတွေကိုပါ ထည့်လိုက်သည့်အခါ အမှတ်တွေက မိုးပျံကုန်တော့
သည်။သို့ပေမယ့် ခြေလျင်တပ်စုမှူး၊တပ်ခွဲမှူး သင်တန်းကျောင်းမှာ မဟုတ်လား။အကောင်းဆုံးဆု ရစရာရှိလျှင် ခြေလျင်တပ်ကအရာရှိတွေပဲ ရသင့်သည်မဟုတ်လား။ထိုသဘောတရားကို နားလည်သဖြင့် အကောင်းဆုံးဆုရသည်အထိတော့ ကျွန်တော်တို့ မကြိုးစားကြပါ။သို့ပေမယ့် အဆင့် ၂၊အဆင့် ၃မှနောက်ပိုင်း လူလေး၊ ငါးဆယ်အတွင်းလောက်မှာတော့ ဆရာဝန်တွေ ၀င်သွားကြသည်။
            အမှန်တော့ ထိုကဲ့သို့သော ပြင်းထန်ခက်ခဲသည့် သင်တန်းတွေရှိနေတာကောင်းပါသည်။ အရည်အချင်းမပြည့်မီသော၊စည်းကမ်းလိုက်နာမှုအားနည်းသော တပ်မတော်အရာရှိများကို ထိုသင်တန်းများက စိစစ်ဖယ်ထုတ်လိုက်နိုင်သည်။သင်တန်းမှာအဆင့်ကောင်း၊ရလဒ်ကောင်းမှ နောင်မှာ တာဝန်ကြီးကြီးထမ်းဆောင်ရသည့် နေရာတွေကို ရနိုင်မည်။ ကျွန်တော်တို့ဆရာဝန်တွေအတွက်ကတော့ မထူးပါ။သို့ပေမယ့် ဘယ်သင်တန်းမဆို ကြိုးစားမည်၊ စည်းကမ်းရှိရှိနေမည်၊ အဆင့်ကောင်းအောင်ကြိုးစား မည် ဟူသည့် စိတ်က အရိုးစွဲနေပြီဖြစ်သောကြောင့်ဘယ်သင်တန်းတက်တက် ကျွန်တော်ကြိုးစားပါသည်။
            ဆေးပညာမဟာသိပ္ပံသင်တန်းသားဘ၀ သုံးနှစ်တက်ရတော့လည်း အမှတ်(၁) တပ်မတော်ဆေး ရုံကြီး၊ ခုတင်(၁၀၀၀)မင်္ဂလာဒုံနှင့် အမှတ်(၂)တပ်မတော်ဆေးရုံခုတင် (၅၀၀)၊ ဦးဝိစာရ လမ်း ဆေးရုံနှစ် ရုံမှာ ခြောက်လစီလူးလာခေါက်ပြန်သွားပြီး သင်တန်းတက်ခဲ့ရသည် ။နောက်ဆုံးနှစ် စာမေးပွဲကြီးဖြေတော့ မန္တလေးဆေးတက္ကသိုလ်မှာ။ ၂၀၀၇ခုနှစ်၊စက်တင်ဘာအရေးအခင်းအတွင်းမှာ တစ်ခါ အစမ်းစာမေးပွဲ၊ ဒီဇင်လာမှာ အစိမ်ကြီး နှစ်ခါသွားလိုက်ရသည်။ မန္တလေးဆေးတက္ကသိုလ်၊ အောင်ဆန်းဆောင်မှာ တည်းတော့ စက်တင်ဘာလအတွင်း အောင်ဆန်းဆောင်ရှေ့မှဖြတ်သန်းသွားသည့် သံဃာတော်တွေကို ဖူးရသည်။ထိုအချိန်က အောင်ဆန်းဆောင်ထဲမှာ ရန်ကုန်မှဆေးပညာ မဟာသိပ္ပံစာမေးပွဲ လာဖြေကြသည့် စစ်ဗိုလ်တွေကအပြည့်။ရင်ခုန်ဖွယ်ကောင်းသည့် ကာလများ။
            ၂၀၀၇၊ဒီဇင်ဘာ မဟာသိပံ္ပစာမေးပွဲကြီးပြီးတော့ ဗထူးတပ်မြို့မှာ ခြေလျင်တပ်ခွဲမှူး သင်တန်းကို တက်ရပြန်သည်။ စစ်ဗိုလ်စစ်သားဘ၀သည် နှဲသမားပါးစပ်လို ပိန်လိုက်၊ဖောင်းလိုက်။ ဆီးချိုကို ဘယ်လိုကုမလဲ၊သွေးတိုးကိုဘယ်လိုချမလဲဟု ဆွေးနွေးလေ့လာနေသည့် ဘ၀မှာ ချီစစ်ကဏ္ဍ၊ တိုက်စစ် ကဏ္ဍ၊ စစ်အောင်ရာသောအကြောင်းကြီးများ စသည်တို့ကို ကျက်မှတ်ရပြန်သည်။ လည်ပင်းမှာ နားကျပ် ကလေးဆွဲပြီး လူနာဆောင်ထဲ ဟိုပြေး၊သည်ပြေးဘ၀မှ သဲကျောပိုးအိတ်၊သေနတ်တို့ကို ထမ်းလျက်အပြေး တက်နေရသော ဘ၀ကို ရောက်ရပြန်သည်။ အမှန်တော့ ချီ၊တိုက်၊ ခံ၊ခွာ စစ်ကဏ္ဍတွေကိုလည်း ၀ါသနာ ပါတာပါပဲ။သို့ပေမယ့် ယနေ့ခေတ်က မြေပြင်ပေါ်မှသေနတ်နှင့် ပစ်ကြခတ်ကြသည်ထက်၊ခြေလျင် စစ်သည်တွေ လမ်းလျှောက်နေကြသည်ထက်လေကြောင်း ချီတပ်တို့၊ ရဟတ်ယာဉ်တပ်တို့၊ တင့်ကားတပ် တို့ဖြင့် စစ်တိုက်ကြသည့် ခေတ်ရောက်နေပြီ။ ကျွန်တော်က ထိုအဆင့်မြင့် စစ်နည်းဗျူဟာများကို ပိုစိတ်ဝင်စားသည်။ သို့ပေမယ့် နည်းပညာရှိမှရမည်။ နည်းပညာရှင်တွေရှိမှရမည်။ငြိမ်းချမ်းရေးကိုလိုချင် ရင် အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ခုရှိမှဖြစ်မည်ဟူသော အယူအဆက အတိုင်းအတာ တစ်ခုအထိတော့မှန်သည်။
            မနှစ်ကသည်အချိန် ၂၀၁၁၊ဒီဇင်ဘာလမှာ ကျွန်တော်တိုက်ပွဲဝင်စည်းရုံးရေးသင်တန်း တစ်လကြာတက်ရသည်။ အဲသည်မှာလည်း ကျွန်တော်စိတ်ဝင်စားစရာတွေ အများကြီးတွေ့ သည်။ ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြများနှင့် အများကြီးဆွေးနွေးဖြစ်သည်။ အရေးကြီးသည်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်မည့်သူသည် စာကိုအများကြီးဖတ်ထားရမည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်လိုရာဘက်ကို ဆွဲခေါ်နိုင်စွမ်းရှိရမည်။ ထိုသင်တန်းတစ်လတာကာလမှာလည်း ကျွန်တော်ပျော်တာ ပါပဲ။ ကိုယ်တိုင်က စီနီယာအကျဆုံး အရာရှိတွေထဲမှာ ပါနေပေမယ့် ခြေလျင်၊ခြေမြန်တပ်ဖွဲ့မှာမှ အရာရှိ ငယ်တွေက ကျွန်တော့်ကို ခင်ကြသည်။
            အမှန်တော့ အခုအချိန်တပ်ထဲက ဗိုလ်ကြီးအဆင့် အရာရှိတွေထဲမှာ ကျွန်တော်တို့ဆရာဝန် အပတ်စဉ်က စီနီယာအကျဆုံးဖြစ်နေပြီ။ ရာထူးလည်း တက်ဖို့ရှိဦးမည်၊ စီနီယာဗိုလ်ကြီးလဲ ဖြစ်မည်ဆိုရင် ကျွန်တော်တို့ထက်စီနီယာကျသည့် ဗိုလ်ကြီးတွေ တပ်ထဲမှာမရှိ။ဆယ်တန်းကို တစ်နှစ်ထဲအောင်၊ ကျွန်တော် တို့ထက် တပ်ဝင်ရက်စွဲနောက်ကျသည့် စစ်တက္ကသိုလ်မှ သူငယ်ချင်းများသည်ပင်လျှင် ဗိုလ်မှူးဖြစ်တာ အတော့်ကိုကြာနေပြီ။ နောက်နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင် ဒုတိယဗိုလ်မှူး ကြီးတောင် ဖြစ်တော့မည်။ အတန်းတူ တပ်မတော်အင်ဂျင်နီယာတက္ကသိုလ် ကျောင်းဆင်းတွေဆိုရင် လည်း နောက်နှစ်ဆန်းဆို ဗိုလ်မှူးဖြစ်တော့မည်။ ကျွန်တော်တို့ဆရာဝန်တွေသာ သင်တန်း
နှစ်များသဖြင့် ရာထူးတက်နောက်ကျနေကြရသည်။ ပညာတတ်ခြင်း၏ ဒုက္ခ။
            စင်္ကာပူရောက်လာတော့ ဆရာဝန်တွေ အသက်ငယ်ငယ်နှင့် ရာထူးကြီးကြီးရကြတာမြင်တော့ ကျွန်တော်အံ့သြသွားသည်။ အရည်အချင်းသာရှိပစေ။ ရာထူးရဖို့ဆိုသည်မှာ ကာယကံရှင်ပူစရာမလို။ အလိုလိုမိုးပေါ်မှ ကျလာမည်ဟုဆိုရလောက်အောင်ပင်ဌာနခေါင်းကြီးပိုင်းတွေမှာ လူငယ်တွေ ကို တွေ့ကြ ရသည်။ ဒါဆိုလူကြီးတွေကရော။ လူကြီးတွေလည်း ရှိနေတာပဲ။ တစ်ခုပဲ။ သူတို့ကအချိန်တန် ရင် နောက်လူကို နေရာဖယ်ပေးလိုက်သည်။ ဒါရိုက်တာ ရာထူးမရတော့ပေမယ့် အထူးကု ဆရာဝန်ကြီး ဆိုသည့် ဂုဏ်ပုဒ်ကထာဝရရှိနေသည်မဟုတ်လား။
            စင်္ကာပူက လူတွေ၊ အထူးသဖြင့် ဆရာဝန်တွေ အလုပ်အပေါ်ဘာကြောင့် အာရုံအလွန်စိုက်ကြ သလဲ ဆိုတာကို ကျွန်တော်အကြိမ်ကြိမ်တွေးကြည့်ပြီးပြီ။ အဓိက ကသူတို့အလုပ်အပေါ်သူတို့ တန်ဖိုး ထားကြလို့။ အလုပ်က ဘ၀အာမခံချက်ပေးနိုင်လို့။ အမြဲကြိုးစားနေမှ ဘ၀တက်လမ်းရှိမှာမို့လို့။ သူတို့ဆီမှာ ဘ၀၏အောင်မြင်မှုကို ကြားပေါက်လမ်းဖြင့် အချောင်တက်လှမ်းဖို့ လာဘ်ပေးလာဘ်ယူ ဖြတ်လမ်းမရှိ။ ကိုယ်လုပ်သမျှကို အကဲဖြစ်နေမည့် စနစ်ရှိသည်။ ၇ှိအောင်လဲ တည်ထောင်ထားသည်။ သည်တော့ သည်နိုင်ငံကလူတွေ အလုပ်ပြုတ်မှာ ကြောက်သည်။
အာမခံချက်ရှိသည့် အလုပ်ပျက်မှာကြောက်ကြသည်။ ထို့ကြောင့် စင်္ကာပူမှာ လမ်းမပေါ်ထွက်ဆန္ဒပြသူ မ၇ှိသလောက်ရှားသည်။
            သူများနိုင်ငံက ကောင်းကွက်တွေကို မှတ်သားပြီးရင် ကိုယ့်ဆီမှာ ရသလောက်အသုံးပြုကြည့်ဖို့ ကြိုးစားရမည်။မေ့မေ့ပျောက်ပျောက် ဆိုသည့်စကားက ကျွန်တော်တို့လူမျိုး၏ စကားမှာသာ အသုံးများ သည်။ အမှန်တော့ တိုင်းပြည်တိုးတက်လာဖို့ဆိုသည်မှ ဘက်စုံ၊ထောင့်စုံမှ တပြိုင်တည်းပြိုင်တူရွေ့နေမှ၊ တိုးတက်နေမှ ရမည်။ တစ်နေရာရာမှာ မရွေ့ပဲကျန်ခဲ့ရင် အဲသည်နေရာက ကန့်လန့်ကန့်လန့်ဖြစ်ပြီး တရွတ်တိုက်ဆွဲနေတော့သည်ပင်။ အရပ်ဘက်လူငယ်တွေ ထူးချွန်လာဖို့လိုသလို၊ တပ်ထဲမှလူငယ်တွေလဲ အချိန်နှင့် တပြေးညီတိုးတက်နေမှရမည်။ အမြင်ကျယ်မှရမည်။
            အမှန်တော့ တပ်မတော်မှာ အမြင်လေးမြင်ရှိရမည် ဆိုသည့်စကားရှိသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစသည့် အမြင်တွေရှိရမည်ဟုဆိုသည်။ ထိုအမြင်တွေရှိဖို့က စာဖတ်မှရမည်။ သင်တန်းကျောင်းမှ ပို့ချပေးတာကို ကျက်မှတ်ရုံနှင့် မလုံလောက်။ ယနေ့ အစိတ်သားဘ၀ကို ရောက်နေကြ ရသည့် တပ်မတော်အရာရှိများအဖို့ တာဝန်အရသွားရသည်ဖြစ်စေ၊ ၀ါသနာပါလို့ သွားရသည်ဖြစ်စေ အမြင်ကျယ်ကြဖို့လိုပါသည်။
            ယနေ့လမ်းပေါ်ထွက်ကြမည် ဟန်ပြင်နေကြသော နိုင်ငံသားများ ဥပမာ ဘုရားသား (သံဃာတော် များ)၊ ကျောင်းသားများသည်လည်း အမြင်ကျယ်ကြဖို့လိုသည်။ တိုင်းရင်းသားအားလုံးသည်လည်း အမြင် ကျယ်ကြဖို့လိုသည်။ လမ်းမပေါ်ကို ထွက်သင့်မှထွက်၊ မလိုအပ်ပဲလည်း လမ်းမပေါ်မှာ အကြာကြီးမနေနဲ့။ အစိုးရမင်းများကိုလည်း ခေါင်းကျပ်၊ နံကျပ်ဖြစ်အောင် ကလေးဆိုးကြီးများလို မပူဆာကြနဲ့ဟု အကြံပြု လိုပါသည်။ ကျွန်တော်စိုးရိမ်သည်က တော်ကြာစစ်ဗိုလ်၊ စစ်သားတွေပါ လမ်းမပေါ်ပြန်ရောက်လာမှဖြင့် လမ်းတွေ ပိတ်ဆို့ခံနေရပါဦးမည်။
            အစိတ်သားဘ၀၏ နောက်ထပ်ဆယ်စုနှစ်များကို ကိုယ့်အဖွဲ့အစည်း၏ အ၀န်းဝိုင်းထဲမှာ ပဲ နေလိုပါသည်။ စစ်ဗိုလ်၊ စစ်သားများ၏ သေနတ်များသည်လည်း သင်တန်းကျောင်းများမှာသာ ပစ်ခတ်ခွင့်ရကြစေချင်ပါသည်။
တစ်စုံစီရှိနေသည့်ကိုယ်ခန္ဒာပေါ်မှ ခြေ၊လက်၊မျက်စိများကိုလည်း သေသည်အထိ ပါသွားကြစေချင်ပါသည်။
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပင် ပေးလှူထားကြသူများဖြစ်သော်လည်း ဖြစ်နိုင်သမျှ အနည်းဆုံး အရည်အတွက်ကိုသာ ပေးလှူကြရစေလိုပါသည်။ အစိတ်သား ဆယ်နှစ်သားဘ၀၏ ခေါင်းထဲမှ ထွက်လာ သမျှ အတွေးစများသာဖြစ်ပါတော့သည်။
                                                                                                                        ၁၁/၁၂/၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...