Thursday, January 3, 2013

အံ့သြလွန်းလို့ သေတော့မယ်.. (ကောင်းဆက်နိုင်)


by ပြည်သူ့ခေတ် on Wednesday, January 2, 2013 at 11:51pm ·

ဒီနှစ် အကယ်ဒမီ
ပြည်သူ့ခေတ်ဂျာနယ်က စတိုင်အသစ်နဲ့ ထွက်မှာဆိုတော့ စာမူခတွေပါ “အဟောင်းထက် ပိုများသော” စတိုင်အသစ်နဲ့ ပေးမလားလို့ ကျုပ်အပါအ၀င် စိတ်ကူးယဉ် ရင်ခုန်နေကြ သူတွေ ရှိပါတယ်။

၁၃ ကြိမ်မြောက် တိုင်းရင်းဆေးဆရာကြီးများ ညီလာခံ
ညီလာခံကြီးကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။ တိုင်းရင်းဆေး ဆရာကြီးများကို မေတ္တာရပ်ခံ ပန်ကြားလိုတာကတော့ ဒီအချိန်ကစလို့ မီးလောင်ဒဏ်ရာ ပျောက်မယ့်ဆေးများကို အမြောက် အမြား ထုတ်လုပ်ပေးကြဖို့ပဲ ဖြစ်ပါတယ်။

          နောက်ပြီး ရပ်ကွက်လူကြီးဖြစ်ချင်တဲ့ ရောဂါ၊ အမတ် ဖြစ်ချင်တဲ့ ရောဂါအမြစ်ဖြတ်ဆေး၊ ၀န်ထမ်းကနေ ဘေးပေါက်များများရပြီး သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ ရောဂါပျောက်ဆေး၊ သေတဲ့အထိ ကုလားထိုင်ပေါ်က မဆင်းလို့ ရလာတဲ့ ဘုရင်ဂျီနာလိမ်းဆေး အလုံးအရင်းနဲ့ ထုတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ တိုင်းရင်းဆေး သမားတော်ကြီးများဟာ သမ္မတကြီးကို ကူညီတဲ့အနေနဲ့ ဆင်းရဲနွမ်းပါးမှု ပျောက်ကင်းဖို့ ဓာတ်စာနဲ့ ဆေးဝါးတွေ တီထွင် ထုတ်လုပ်ကြစေချင်ပါတယ်ဗျာ။

လင်းယုန်မြေသို့ သက်ပြီ (Eagle has landed)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်နဲ့ မျက်နှာပျက်ရမယ့် အခြေ အနေမှာ သူနဲ့ ကက်ကင်းမိတဲ့ “လင်းတ”တွေက ရွှေတိဂုံဘုရားမှာ အလိုက်ကန်းဆိုးမသိ လာနားကြတော့ အတိတ်တဘောင်တွေ ကောက်သူကကောက်၊ ကြောက်စရာမရှိ ကြောက်သူကကြောက် ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်ဗျာ။ ဒါပေမဲ့ ၂၈-၁၂-၁၂ နေ့ ကြေးမုံ သတင်းစာမှာ ဟင်္သာတမြို့နယ်ထဲမှာ ဧရာမလင်းယုန်ငှက်ကြီးတွေ ဆင်းလာကြတော့မှ လူတွေ စိတ်သက်သာရာရသွားကြပါတယ်။ လင်းယုန်က ဘယ်သူ့ သင်္ကေတလဲဆိုတာတော့ သိပြီးသားပါနော်။
          ဒါကို အခွင့်ကောင်းယူပြီး သမားဂုဏ်ပြ ဟောကြ ပြောကြလုပ်နေတော့ ကျုပ်အနေနဲ့ မနေသာဘဲ (ဘယ်သူမှ မမေးပေမယ့်) ၀င်ဟောရတော့မှာပေါ့။ တကယ်တော့ အညှီ အလွန်ကြိုက်တဲ့ “ရွှေလင်းတ”တွေ ရွှေတိဂုံဘုရားကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် လာနားကြ တာဟာ တန်တော့ အဲဒီက “ရွှေဂေါပက”တွေ ရက်အတော်ကြာအောင် ရေမချိုးကြလို့ပဲ ဆိုတာ ဧကန်ဧကော ဟောလိုက် ရပါတယ်ဗျာ။

မနုဿ ဥယျာဉ်မှူးတို့ ဟစ်သံ ကျန်သေးတယ်
ပြီးခဲ့တဲ့အပတ်က ကျောင်းဆရာ ဆရာမတွေရဲ့ ရင်ဖွင့်သံ လက်ကျန်တွေလည်း ဒီအပတ် ဆက်ပြီး ဖော်ပြချင်ပါတယ်။ ပြီးခဲ့တဲ့အပတ် ဆရာမတစ်ယောက်ရဲ့ အာဘော်မှာ စာစီတာ ကျန်သွားခဲ့ပါတယ်။ သူပြောချင်တာက “ဦးပိုင်လီမိတက်”နဲ့ “၀မ်ပေါင်ကုမ္ပဏီ”တို့ဟာ ခုလို အချိန်မှာ မြန်မာနိုင်ငံ မူလတန်းကျောင်းသားလေးတွေကို တစ်ပတ်တစ်ကြိမ် အာဟာရ (တရုတ်နို့မှုန့်မဟုတ်ပါ) လှူဒါန်းဖြည့်တင်း ပေးကြမယ်ဆိုရင် ပြည်သူတွေလည်း ၀မ်းမြောက် ကြမယ် ဆိုတာပါ။
          ကျောင်သားဗဟိုပြု သင်ကြားရေးနဲ့ ပတ်သက်လို့ ဆရာ ဆရာမတွေ ပြောတာတွေဟာ အလွန် မှန်ပါတယ်။ တကယ်တော့ သူများနိုင်ငံတွေမှာ ကျောင်းသား ဗဟိုပြု သင်ကြားရေး အောင်မြင်တယ်ဆိုတာက ကလေးတွေဟာ ဗဟိုပြုလောက်အောင် ကာယဉာဏ ဖွံ့ဖြိုးနေတယ် ဆိုတာ တွေ့ရပါတယ်။ မြေသြဇာကျွေးမယ့်သူရှိတယ်၊ ပိုးသတ်ဆေး ဖျန်းမယ့်သူ ရှိတယ်၊ ဆရာ ဆရာမတွေက ပေါင်းသင် ရေလောင်းရုံပါပဲ။ လူမှုဖူလုံရေးက ပြည့်ဝတဲ့ အာဟာရ ရနိုင်လောက်အောင် ငွေကြေးထောက်ပံ့တယ်။ ကျန်းမာရေး အတွက် အခမဲ့ ကုသပေးတယ်။
          သမ္မတကြီး ပြောသလို ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့က နံပါတ်တစ် ဖြစ်နေပါတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေါ့။ ကိုင်း-ဆရာ ဆရာမတွေရဲ့ ဟစ်သံကို နားထောင် ကြည့်ကြရအောင်။
၊ ကျွန်တော်တို့ ဆရာတွေဟာလည်း မြေဖြူမှုန့်တွေ နေ့တိုင်း အဆုတ်ထဲ ၀င်နေတာမို့ အသက်နဲ့ ရင်းရတာပါပဲ။ လက်နက်ကိုင်မှ အသက်အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခွင့်အရေးရတာချင်းတော့ မတူဘူး ဖြစ်နေပါတယ်။ ၀န်ထမ်းချင်း အတူတူ ကျွန်တော်တို့ ကျောင်းဆရာတွေလည်း မဲအရွေးမခံဘဲ လွှတ်တော်ထဲ ၀င်ထိုင်ခွင့်ရချင်ပါတယ်။ မိုးကျ ရွှေကိုယ်ဖြစ်ပြီး နှစ်သီးစားချင်ပါတယ်။ (မိုးကျ ရွှေကိုယ်ဆိုသည်မှာ ၀န်ထမ်းလောကဝေါဟာရ ဖြစ်သည်။ ဌာနဆိုင်ရာ တစ်ခုမှ အငြိမ်းစားယူပြီး အခြားဌာနသို့ အရာရှိအဖြစ် ဗြုန်းစား ရောက်သွားခြင်း ဖြစ်သည်။ နှစ်သီးစားဆိုသည်မှာ မူလဌာနမှ ပင်စင်လည်း ရသလို ဌာနသစ်မှ လစာလည်း ရသည်။ ပင်စင်ယူလျှင်လည်း ပင်စင်နှစ်ခု ခံစားရသည်။ မက်လောက်စရာပါပေ။ စာရေးသူ) အခွင့်အရေးက တန်းတူမရဘူးဆိုတော့ စိတ်ဓာတ်ကျတယ်။ စိတ်ဓာတ်ကျတော့ တက်တက်ကြွကြွနဲ့ စာမသင်ချင်တော့ဘူး၊ သင့်ရုံပဲ။ ဒါကြောင့် ကြိုက်တဲ့ ပညာရေးစနစ်လာခဲ့၊ ကြိုက်သလို လက်တည့်စမ်းကြ ကျွန်တော်တို့ကတော့ အပြုံးမပျက်ပါဘူး။ အဲစိတ်လည်း မလှုပ်ရှားပါဘူး ခင်ဗျ။
၊ E.F.A (Education For All) လက်ထောက် ပညာရေးမှူးတွေကို ဆိုင်ကယ် ထုတ်ပေးတာဟာ တကယ် တော့ မြင်းကို ချိုတပ်ပေးတာပါပဲ။ တစ်နေ့တစ်ကျောင်း လာတော့တာပါပဲ။ သူတို့ကို EFA က ဆီဖိုးပေးပေမယ့် ကျွန်မတို့ ကျောင်းတွေကနေ ဆီဖိုးဆိုပြီး သူတို့လာရင် ပေးရတယ်။ ကျောင်းကောင်းရင် ကောင်းသလို တစ်ခေါက်ကို ဧည့်ခံရတဲ့အပြင် ၁၅၀၀၀ ထိ ပေးကြ ရတယ်။ ကျောင်းကောင်းတယ်ဆိုတာက ကျောင်းသားမိဘတွေ စီးပွားရေး ပြေလည်တဲ့ ကျောင်းမျိုး၊ မြို့ပေါ်ကျောင်းမျိုးကို ပြောတာပါ။  မပေးရင် ဘာလုပ်မလဲဆိုတော့ အပြစ်ရှာမယ်၊ ဆူမယ် ကြိမ်းမယ်၊ ကျူရှင်ပေးတာတွေကို ထောက်မယ်။ သူတို့ကို မပေးဘဲနေရဲတဲ့ ကျောင်းရယ်လို့တော့ မကြားဖူးသေးဘူး ရှင့်။
၊ ကျူရှင် မပေးစေချင်ရင် မူလတန်းကျောင်း ဆရာကစပြီး တက္ကသိုလ်ဆရာတွေထိ သိက္ခာ ရှိရှိနေနိုင်မယ့် လစာပေးသင့်တယ်။ ဥပမာ မူလတန်းနဲ့ တခြားအလယ်၊ အထက် ဆရာတွေ လစာလည်း သိပ်မကွာစေချင်ဘူး။ လစာ ဖူလုံ အောင် မပေးနိုင်ဘဲနဲ့တော့ ကျူရှင်ပေးတာ မပိတ်ပင်သင့်ဘူး။  အရက်ဆိုင်၊ ကာရာအိုကေတွေတောင် ခွင့်ပြုသေးတာပဲ။ အဲတစ်ခုတော့ အကြံပေးချင်တာက ကျူရှင်ကို ခွင့်ပြု၊ ကိုယ့်အတန်းက ကလေးကိုတော့ တခြား ဆရာဆီမှာပဲ ကျူရှင်ယူပါစေပေါ့။
၊ ကျောင်းသားလေးတွေ ဆိုတာက များသောအားဖြင့်  အလွန် ဆင်းရဲနွမ်းပါးကြပါတယ်။ ခမျာ ကျောင်းတောင် အနိုင်နိုင် တက်နေကြရတာ။ သူတို့ အိတ်ကပ်ထဲက နှိုက်တယ်ဆိုရင်တော့ တော်တော် ရက်စက်တယ်ဆိုရမှာပဲ။  ဆိုးတယ်ရှင့်၊ ဒါတွေက ဩန်ချုပ်တို့ ဒုဝန်ကြီးတို့အတွက် ဧည့်ခံစရိတ်ထဲ ရောက်သွား၊ ဧည့်သည်တွေရဲ့ ဗိုက်ထဲ ရောက်သွားတာပဲ။  ၁၉၉၅ ခုနှစ် ပတ်ဝန်းကျင်ကပေါ့ရှင်၊ ကျွန်မတို့ မြို့နယ်မှာက မူလတန်းကျောင်းက ၂၅၀ နီးပါး၊ အလယ်နဲ့ အထက်က ၂၀ လောက်ရှိတယ်။ ကျောင်းသား အားကစားပွဲ လုပ်မယ်ဆိုပြီး ကျောင်းသား တစ်ယောက် ၈၀ နှုန်းကောက်ယူတော့ ကျပ်သိန်း ၉၀ ကျော်ရတယ်။  နောက်တော့ ကျောင်းသားအားကစားပွဲ မလုပ်ဖြစ်တော့ဘူးလို့ ကြားတယ်။ ကျောင်းသားတွေကို ပြန်မပေး ဘူးရှင့်။  နှစ်ကုန်တော့ အဲဒီ သိန်း  ၉၀ မရှိတော့ဘူးလို့ ပြောတယ်။ ဘယ်ရောက်သွားလဲ ၀ိုင်းမေးကြတော့ ဩန်ချုပ်နဲ့ ဒုဝန်ကြီးတို့ လာတုန်းက ဧည့်စရိတ်လို့ ပြောတယ်ရှင့်။ အခုလည်း  ပညာထူးချွန်ဆုအတွက်ဆိုပြီး ကျောင်းသားတွေဆီက ကောက်ခိုင်းပြန်သည်။ ကလေးနဲ့ ကလေးမိဘတွေ အလွန်သနားစရာ ကောင်းပါတယ်။ ဆင်းရဲနွမ်းပါးမှု မလျော့ရင်နေပါစေ ပိုမွဲအောင်တော့ မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံ ချင်ပါတယ်ရှင့်။
၊ ဌာနဆိုင်ရာတွေ အားလုံးနီးပါး လာဘ်ပေးလာဘ်ယူ တွေ၊ ဘေးပေါက်တွေ နားလည်မှုတွေနဲ့ ပေါ်ပေါ်ထင်ထင် လုပ်နေကြပြီး ဆရာ ဆရာမတွေကျမှ လာကြပ်တော့ သြော်နိုင်လို့ရလို့ နိုင်တာလို့ ထင်ပါတယ်။ တကယ်တမ်း ကျတော့ ကျောင်းဆရာတွေကို လူတွေက လေးလေး စားစား ပြောဆိုဆက်ဆံကြတာ မရှိပါဘူး။ အာဏာရှင်ခေတ်တုန်း ကများ လူကြီးပိုင်တယ် ဆိုတဲ့ လူတွေက ကျုပ်တို့ကို သူတို့ တပည့်တွေ ကျနေတာပါပဲ။ ကျုပ်တို့ရဲ့ လူမှုဆက်ဆံရေး ကြီး တစ်ခုလုံးက မှားယွင်းနေတယ်လို့ ထင်ပါတယ်။ အာဏာပိုင်တွေများ ကျောင်းလာရင် ကျုပ်တို့က လက်အုပ်ပဲချီပြီး ကြိုရတော့ မလိုလို၊ ခုထိ လက်အုပ်ချီရတာတွေ ရှိပါတယ်။
          ကျုပ်အမြင်တော့ ကျောင်းသားနဲ့ ဆရာကြားမှာလည်း မှားယွင်းတဲ့ ဆက်ဆံရေး ဖြစ်နေသေးတယ်။  တော်ရုံတန်ရုံထက် ပိုပြီး ရိုသေရမယ်၊ လေးစားရမယ် ဆိုတာက ကြောက်ရွံ့ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားနိုင်တယ်။ တချို့ဆရာ ဆရာမတွေလည်း တုတ်ကြီး တ၀င့်ဝင့် လုပ်နေကြတုန်းပဲ။ ကြောက်ရွံ့နေတဲ့ ကလေးတွေကို ဗဟိုပြုပြီး သင်ကြားလို့ မဖြစ်နိုင်ပါဘူး။ တပည့်တွေက ဆရာတွေကို ခင်မင်စရာ၊ ရင်းနှီးအားကိုးစရာ၊တိုင်ပင်စရာလို့ မြင်လာတဲ့နေ့ကျမှ ကျောင်းသား ဗဟိုပြု သင်ကြားရေးက အောင်မြင်မယ်ဆိုတာ အတတ် ပြောရဲပါတယ်ဗျာ။                     
Kaung 125@gmail.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...