ကျနော့်ဟီးရိုး ဦးလေးကောင်း
by Seaman Nayminthu on Thursday, January 3, 2013 at 4:40am ·
အခုလို မြောက်ပြန်လေသင်း ဆောင်းနှင်းဝေချိန်မျိုးမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဦးလေးကောင်းကို သတိရနေမိပါတယ်။
ဒီရာသီဆို နေညိုချိန် ဧရာဝတီမြစ်ကမ်းတလျှောက် သူနဲ့ကျနော် ကွန်ပစ်ထွက်နေကျပါ။ သူက ကွန်တလက်ကို ပုခုံးပေါ်တင်ပြီး ရှေ့ကသွား ကျနော်က ပလိုင်းလွယ်ပြီး သူ့နောက်ကလိုက်၊ ကွန်ထဲမှာ မိနေတဲ့ငါးလေး တွေကို နှစ်ယောက်သားအတူဖြုတ်၊
( ဒီကြားထဲ ကွန်ထဲမှာမိပြီးသားငါးကို ကျနော်က အကိုင်မတတ်လို့ ရေထဲပြန် ပြုတ်ကျတဲ့အခါ အဆူအငေါက်ခံရတာ တမှောင့်…)နောက်တနေရာ ရွှေ့နဲ့ အနောက်တောင်စွယ်မှာ နေကွယ်ချိန် ရောက်တဲ့အခါ ပလိုင်းထဲမှာ ငါးတဟင်းစာတော့ ဖူလုံနေပါပြီ။
ဦးလေးကောင်းက ငါးရှာဖားရှာ ဝါသနာကြီးသလောက် အင်မတန်လည်းတော်တဲ့လူ။ သူနဲ့လိုက်သွားတဲ့ အခါတိုင်း ဟင်းစားမရဘဲ အိမ်ပြန်လာခဲ့ရတာ မရှိ။ နွေခေါင်ခေါင်မှာတောင် ဖားသားဟင်းတခွက် စားရဖို့ အခက်အခဲမရှိ ကြံဆောင်ပေးနိုင်သူ။ ညမှောင်မှောင်ထဲ မီးအုပ် ဒါမှမဟုတ် လက်နှိပ်ဓာတ်မီးတလက်နဲ့ အိမ်ခြံတွေထဲက ရေချိုးအဝတ်လျှော်တဲ့ ရေစပ်စပ်နေရာတွေ၊ ရေကန်စောင်းတွေမှာ စားကျက်ကျတတ်တဲ့ လက်ညှိုးလက်မလောက် ကျော်စံကေး ဖားလေးတွေကို ဝါးခြမ်းပြား ဒါမှမဟုတ် မြက်တံမြက်စည်းနဲ့ ခပ်ဆတ်ဆတ်ဖိရိုက်လိုက်တဲ့အခါ ကားခနဲ စန့်သွားတယ်။ တချို့အကောင်လေးတွေ မသေဘဲ မူးရုံမော်ရုံနဲ့ မေ့နေတဲ့အခိုက် ပလိုင်းထဲ ကောက်ထည့်လိုက်ရတာပါ။ အိမ်ရောက်တဲ့အခါ ဦးလေးကောင်း ဖားတွေ ရေနွေးဖြောပုံကိုတော့ ရက်စက်လွန်းတယ် ထင်မှာစိုးလို့ အသေးစိတ်မပြောပါရစေနဲ့တော့။
………………………………………………………………………….
ဦးလေးကောင်းဆိုတာ အမေ့မောင်ဝမ်းကွဲ။ နာမည်ရင်းက ဦးကောင်းစံ။ မောင်နှမဝမ်းကွဲဆိုပေမဲ့ သူတို့ချင်း မောင်နှမရင်းထက်တောင် ပိုချစ်ကြတယ်။ ဒါကြောင့်လည်း ဦးလေးကောင်းက ကျနော့်ကို သူ့သားအရင်းပမာ သံယောဇဉ် တွယ်ရှာတယ်။ ဒါပေမဲ့ ကျနော်နဲ့သူက မတဲ့အတူနေ ဆိုလည်း မမှားပါဘူး။ သူနဲ့ကျနော် စကားအခြေအတင် ဖြစ်လာပြီဆိုရင် သူ့လက်သုံးစကားက ‘ငါ့လက်ပေါ် ကြီးလာတဲ့ကောင် အရွယ်ရောက်တော့ ငါ့ကိုခြေရာတိုင်းတယ်’ တဲ့။
ကျနော် စာဖတ်ဝါသနာပါတာကို အကြောင်းပြုပြီး ဦးလေးကောင်းက ဘယ်စာအုပ် ဘယ်စာအုပ် ဖတ်ကြည့်စမ်း လို့ လမ်းညွှန်ပေးပါတယ်။ သူပြောတဲ့ စာအုပ်တွေ ဖတ်မိရင်းက အသိလေးတွေ တိုးလာတဲ့အခါ ကျနော်ဟာ ဦးလေးကောင်း အတွက် စကားပြောဖော် ဆွေးနွေးဖော် ဖြစ်လာရတာပေါ့။ ဒီလိုနဲ့ ကျနော်တို့နှစ်ဦး အခါအားလျော်စွာ စာကြောင်းပေကြောင်း လောကအကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ သူ့ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့လည်း ညှပ်ညှပ်ပြီး ပြောပြတာ နားထောင်ရပါတယ်။

………………………………………………………………………………………………
သူ့ခေတ်သူ့အခါနဲ့ဆို ဦးလေးကောင်းဟာ အတန်းပညာ မနိမ့်လှဘူးဆိုရမယ်။ ရွာမှာ မူလတန်းအောင်ပြီးတဲ့ နောက် မြို့ပေါ်ကကျောင်းမှာ ကိုးတန်းအထိ စာသင်ခဲ့ဖူးတာ။ သူက စာဖတ်အားကောင်းတယ်။ သမိုင်း၊ ဒသန၊ ရသစာပေ.. အကုန်လျှောက်ဖတ်တာ။
အဲဒီအချိန်က ကျနော်တို့ဒေသရဲ့ အနေအထားအရ သူဟာ တောင်ညိုတကြောမှာ နှစ်ကာလအတန်ကြာ မွေ့လျော်ကျက်စားဖူးတဲ့ တောပြန် တဦးဖြစ်ခဲ့ရတယ်။ ရွာမှာရှိတဲ့ သူနဲ့ပြောမနာဆိုမနာ လူတချို့က သူ့ကို ‘တောပြန်ကြီး’ လို့ခေါ်တာကို ဦးလေးကလည်း ကျေကျေ နပ်နပ်ကြီး ခံယူပါတယ်။ ကျနော့်အဖို့ ဦးလေးရဲ့ အတိတ်စွန့်စားခန်းတွေအကြောင်း နားထောင်ရတာဟာ တထောင့်တည ပုံပြင်ဖတ်ရတာထက် ပိုပြီး ရှည်လျားမယ်လို့ ထင်မိပါတယ်။
ရွာကို ပြန်ရောက်ပြီးနောက်လည်း ဦးလေးဟာ မဟုတ်မခံ တကိုယ်တည်း ဂျွန်မိုက်တဲ့ သတ္တိခဲတဦးလို့ ဆိုရပါမယ်။
ရွာမှာ ဦးသာကဲဆိုတဲ့ လူတဦးရှိတယ်။ သူက စာမတတ်ဘူး။ ဒါပေမဲ့ လူလယ်။ ဖဲရိုက် အင်မတန် ကျွမ်းကျင် တဲ့လူ။ အဲဒီလူဟာ လူကြီးဖြစ်မယ့် ဇာတာ ပါလာသလား မသိ။ တသက်လုံးလိုလို လူကြီးလုပ်စားသွားတယ်။ ပါတီကောင်စီခေတ်မစားခင် ၅ ဦးကော်မတီခေတ်ကတည်းက လူကြီးဖြစ်ခဲ့တာ။ ပါတီကောင်စီကျတော့လည်း ကျနော်တို့ကျေးရွာအုပ်စုမှာ သူပဲ ဥက္ကဌ ၊ ပြီးတော့ သမဝါယမ ဥက္ကဌ ၊ နောက် နဝတခေတ်အထိ သူဟာ အရင်ဆုံး ရဝတ ဥက္ကဌ ဖြစ်တာ။
မဆလခေတ်ဦးပိုင်းအထိ ကျနော်တို့ရွာမှာ အစိုးရရဲ့ ဥပဒေအာဏာစက်ဖြန့်ကျက်မှု သိပ်မထိရောက်သေး ဘူးလို့ သိရတယ်။ လူမိုက်ပေါတယ်။ ဓားပြသောင်းကျန်းတယ်။ ဥက္ကဌ ကိုယ်တိုင်က လူမိုက်နဲ့ဓားပြတွေကို ချော့ပေါင်းနေရတဲ့ ခေတ်။ ဧရာဝတီမြစ်ထဲက မြေနုကျွန်းပေါ်တွေကို လယ်မဲ့ယာမဲ့တွေအတွက် ဦးစားပေးပြီး ကိုင်းဝေခြမ်းရေး လုပ်တဲ့အခါ ဦးသာကဲ ရဲ့ ဆွေရင်းမျိုးရင်း တချို့ လယ်ပိုင်ရှိပါလျက် ကိုင်းဝေစုတွေ ရကြတယ်။

အဲဒီကိစ္စ ဦးလေးကောင်းသိတော့ ကောင်စီ် ဥက္ကဌ ဦးသာကဲကို တရားမျှမျှတတ အုပ်ချုပ်ဖို့ သွားပြောရင်း စကားအခြေအတင်ဖြစ်ကြတယ်။ ဦးသာကဲအနေနဲ့ ဦးလေးကောင်းကို တဦးချင်းယှဉ်ရဲတဲ့ သတ္တိ မရှိပါဘူး။ ဒါကြောင့်မို့ လူမိုက်အုပ်စုနဲ့ပေါင်းပြီး ဦးလေးကောင်းကို အပြတ်ရှင်းဖို့ ကြိုးစားလာတယ်။ လူမိုက်ဆိုတာ ကလည်း အခြေအနေကြည့်မိုက်ကြတာဆိုတော့ ဦးလေးကောင်းလို လူမှန်တဦးကို သတ်ဖို့ဝန်လေးနေကြ တယ်။ ဦးလေးကောင်းကို လေးစားသူတချို့က ဦးသာကဲ ရဲ့ အကြံအစည်ကို သွားသတင်းပေးတော့ ဦးလေးကောင်း ဒေါသ ပေါက်ကွဲပြီပေါ့။
လက်ထဲမှာ ပုဆိန်တလက်ကိုင်ပြီး.. ဦးသာကဲ အိမ်ရှေ့မှာ သွားစိန်ခေါ်ပါတော့တယ်။ ဦးသာကဲ မှာ လုပ်သေနတ် တလက်ရှိတယ်ဆိုတာကို ဦးလေးကောင်း သိထားတယ်။ အဲဒါနဲ့ ရင်ကော့ပြီး ‘ဟေ့ကောင် သာကဲ မင်းသေနတ်နဲ့ ဒီရင်ဘတ်ကို တည့်တည့်ပစ်လိုက်စမ်း၊ မင်းမပစ်ရဲရင် မင်းဦးနှောက်ကို ငါ ပေါက်ဆိန် စာကျွေးပစ်လိုက်မယ်’ လို့ ကြုံးဝါးလိုက် ရွာလယ်လမ်း ကျောက်ပြားကို ထုချလိုက်နဲ့ ကျောက်ပြား ၄-၅ ချပ် ရစရာ မရှိအောင် ကြေမွ သွားတယ်ဆိုပဲ။
တခါမှာလည်း ရွာဦးကျောင်းဆရာတော် တခြားရွာအလှူပွဲကို ကြွတဲ့အခါ ဦးလေးကောင်း လှည်းမောင်းပြီး လိုက်ပို့ရတယ်။ လမ်းခုလတ်အရောက် ကုန်သွယ်ရေးအဝယ်ဒိုင်မှာ စပါးရောင်းပြီးပြန်လာတဲ့ လှည်း ၃ စီးနဲ့ တည့်တည့်ကြီး ဆုံပါတယ်။ သူ့လှည်းပေါ်မှာ ဆရာတော်ပါလာတာမို့ တဆိတ်လမ်းရှောင်ပေးဖို့ တဘက်က လှည်းတွေကို ဦးလေးကောင်း မေတ္တာရပ်ခံပါတယ်။ ဒါပေမဲ့ ဟိုလူတွေက မထီတထီ ပေကပ်ကပ် လုပ်နေတယ်။ စပါးရောင်းရငွေလေး ရွှင်လာတော့ ဘီအီးနဲ့ အာဗြဲခြောက် မြုံ့လာတဲ့ပုံတွေ။ နောက်ထပ် တကြိမ်ထပ်ပြောတယ်။ အကြောင်းမထူးဘူး။ ဒီတော့ စိတ်ထွက်လာတဲ့ ဦးလေးကောင်း နွားမောင်းကြိုးကို ဆောင်ပန်းလက်ရမ်းမှာချိတ်ပြီး လှည်းပေါ်ကခုန်ချသွား…. ဟိုဘက်လှည်းက နွားတွေရဲ့ နံဘေးကို ကြိမ်လုံးနဲ့ ဖြန်းခနဲ ဖြန်းခနဲ ဆက်တိုက် ရိုက်လိုက်တာ နွားတွေ့လန့်ဖျတ်ပြီး လမ်းဘေးကို ထိုးတက်သွားတော့တယ်။ ဦးလေးကောင်းရဲ့ မြန်ချက်က ဆရာတော် ဟန့်တားချိန်တောင် မရလိုက်ပါဘူး။
……………………………………………………………………………………………………..
သူနဲ့ကျနော် စကားလက်ကျတဲ့ အခါတိုင်း လောကကောင်းကျိုးသယ်ပိုး ထမ်းရွက်ဖို့နဲ့ ဘဝကိုတန်ဖိုးရှိအောင် ဘယ်လိုပြုမူနေထိုင်တတ်ရမယ်… ဆိုတာတွေ သွန်သင်ဆုံးမရင်း အများကောင်းစားရေး ယုံကြည်ချက်အတွက် အနစ်နာခံ၊ ဆင်းရဲပင်ပန်းခံပြီး သူ့ဘဝဘယ်လိုမြှပ်နှံခဲ့ပုံကို တမေ့တမောကြီး ကြော်ငြာဝင်တော့တာပါပဲ။ သူ့တော်ကီဒဏ်ကို မခံနိုင်တော့တဲ့ အဆုံး စကားစဖြတ်ချင်တာနဲ့ ‘ကျနော်တော့ သူရဲဘောကြောင်တယ် ပြောပြော၊ တကိုယ်ကောင်းဆန်တယ်ပဲ ဆိုဆို ဦးလေးကောင်းလို အားမဖြစ်တဲ့ တော်လှန်ရေးရေလုံပြုတ် သောက်ပြီး တသက်လုံးမနေနိုင်ပေါင်’ လို့ တမင်ခနဲ့လိုက်တဲ့အခါမျိုးမှာ သူ့တော်လှန်ရေးအစဉ်အလာကို မထေမဲ့မြင် စော်ကားမော်ကားပြုရမလားဆိုပြီး ကျနော့်ကို ဓားနဲ့ထလိုက်တတ်ပါတယ်။
ဦးလေးက သူတပါးအပေါ် မတရားမလုပ်တတ်သလို မလိုအပ်ဘဲငွေကုန်ကြေးကျဖြစ်ကိုလည်း မနှစ်သက်ပါဘူး။ တခါတလေ သူ့ရဲ့ချွေတာရေးစနစ်က ချစ်တီးအဘခေါ်ရလောက်အောင် သဘာဝလွန် ဖြစ်နေတယ်လို့ ကျနော်ထင်မိပါတယ်။ တနေ့… သူ့မိတ်ဆွေတဦး နေတဲ့ရွာမှာ နွားဝယ်သွားဖို့ ကျနော့်ကိုအဖော်ခေါ်ပါတယ်။ ကျနော်တို့ရွကနေ တနာရီလောက် လမ်းလျှောက်… မီးရထား ၂ ဘူတာစီးပြီး ကူးတို့လှေ နာရီဝက်သာသာ ထပ်စီးမှ အဲဒီရွာကိုရောက်တာပါ။ နွားဝယ်မရတော့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့ကြတယ်။ အပြန်လမ်းမှာ အသွားတုန်းက ကူးတို့လှေခ တယောက် တကျပ်ပေးစီးရတာကို မကျေမနပ်ဖြစ်ပြီး ၇ မိုင်မိုင်ကျော် ခရီးကို ခြေကျင်လျှောက်ရင်း ညည်းတွားလာလိုက်တာ အိမ်ကိုရောက်တဲ့အထိပါပဲ။
…………………………………………………………………………
တခါတခါကျတော့လည်း သူပေးတဲ့လက်ချာတွေက ကျနော့်ခေါင်းထဲ စွဲနေပြန်ရော။ သူက ဓနရှင်တွေ ကြီးစိုးတဲ့ ခေတ်မှာ အလုပ်ရှင်က အလုပ်သမားရဲ့ လုပ်အားကို စနစ်တကျ ခေါင်းပုံဖြတ်တဲ့အကြောင်း ရှင်းပြတယ်။ ဖြစ်ချင်တော့ အဲဒီနှစ်က ကျနော်တို့လယ်မှာ သူရင်းငှားလုပ်တဲ့လူဟာ အိမ်မှာ ဆန်စားစရာမရှိလို့ အဖေ့ဆီ ကနေ ဆန်ယူစားရတယ်။ အဲဒီမှာ ပြဿနာပေါ်တော့တာ။

လယ်လုပ်သားရတဲ့ သူရင်းငှားခက စပါးတင်း ၄၀။ ဒါပေမဲ့ အဲဒီစပါးတင်း ၄၀ ကို စပါးပေါ်ချိန်မှ ပေးရမှာ။ စပါးစိုက်ချိန် အလုပ်လုပ်တာဆိုတော့ ၃လ ၄လ လောက်စောင့်ရမယ်။ အဲဒီအချိန်က စပါးပေါ်ချိန်မှာ စပါးတတင်း ငွေတဆယ် ဈေးပေါက်ပါတယ်။ မိုးတွင်းကာလ ဆန်းဈေးက တတင်း ၄၀ လောက်ရှိတာ ဆိုတော့ ဆန်တတင်းယူစားလိုက်တိုင်း သူ့ခမျာ စပါး ၄ တင်းပြန်ပေးရမယ်။ ဆန် ၁၀ တင်းယူစားရင် သူရမယ့် စပါး တင်း ၄၀ ကုန်ပြီပေါ့။ စပါးတင်း ၄၀ ဆယ်ကို ဆန်ကြိတ်ရင် ၁၈ တင်း ၁၉ တင်း ထွက်တာမို့ .. အချိန် ၃-၄ လအတွင်း ဆန် ၁၀ တင်းအတွက် အတိုး ၈ တင်းကျော်လောက် ပေးလိုက်ရသလို ဖြစ်နေတယ်။
အဲဒီလိုလုပ်တာ မတရားဘူးလို့ အဖေ့ကို ကျနော် ရှင်းပြတော့ အဖေက လက်မခံဘူး။ ‘ဒါ ငါတယောက်တည်း လုပ်တဲ့ကိစ္စ မဟုတ်ဘူး။ အများထုံးစံအတိုင်း လုပ်တာ။ လူတိုင်း ဒီလိုပဲပေးရတာ’ တဲ့။ ကျနော်က ‘ဒီဒေသ ထုံးစံတော့ မှန်ပါတယ် အဖေ… ဒါပေမဲ့ ခံရတဲ့လူမှာ နစ်နာလှပါတယ်။ နောက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမား ဆိုတာ စီးပွားဘက်တွေပဲ။ အဖေ စေတနာထားရင် သူ့ဘက်ကလည်း အလုပ်ကောင်းကောင်း လုပ်ပေးမှာပေါ့.. ခုလိုဆိုတော့ သူလည်း မရှိလို့သာ ယူစားရတာ စိတ်ထဲ ဘယ်ကောင်းနိုင်မလဲ’ လို့ ခွန်းတုန့်တက်လိုက်တာ ကျနော်ပါ အိမ်ပေါ်က ဆင်းရတဲ့ ကိန်းဆိုက်ပါတော့တယ်။ အဲလိုကျတော့လည်း ဦးလေးကောင်းက ကျနော့် အတွက် မှီခိုအားထားရာ။ သူ့အိမ်မှာ တလကိုးသီတင်းနေပြီး အဖေစိတ်ပြေမှ အိမ်ပေါ်ပြန်တက်ခွင့်ရတယ်။
………………………………………………………………….
ကျနော် ရေတပ်ထဲကို ဝင်မယ်ဆိုတဲ့အချိန်မှာ ဦးလေးကောင်းကို အသိပေးပါတယ်။ သူက ထူးထူးခြားခြား ကန့်ကွက်စကားမဆိုဘဲ … ‘အေးကွာ.. ယောက်ျားဆိုတာ စစ်မှုထမ်းလည်းကောင်းတာပဲ။ တိုက်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်လို့ စွမ်းရည်ဘွဲ့တံဆိပ်တွေရလည်း ကောင်းတယ်။ ဒါပေမဲ့ တခုရှိတာက မင်းစိတ်ထဲမှာ ငါ ဘယ်သူ့အတွက် လုပ်လို့ ဒီလိုဘွဲ့တံဆိပ် ချီးမြှင့်ခံရတာလည်း။ ငါကရော ဘယ်သူ့အတွက် အသက်စွန့် တာဝန်ထမ်းဆောင်နေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရမယ်’ လို့ သြဝါဒ ခြွေလိုက်သေးတယ်။
ဦးလေးကောင်းဟာ သူ့ယုံကြည်ချက်အတွက် အစိုးရတပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပေမဲ့လည်း စစ်တပ် ဆန့်ကျင်ရေး အမြင်တော့ မရှိပါဘူး။ သူ့ကြည့်လိုက်ရင် အမြဲတမ်းလိုလို စစ်စွပ်ကျယ်ဝတ်ထားတတ်ပြီး ခရီးသွားတဲ့အခါ စစ်သုံးဘေးလွယ်အိတ် တလုံး လွယ်သွားလေ့ရှိတယ်။ ရွာမှာ စစ်ဝတ်တန်ဆာ (အင်္ကျီ၊ ဘောင်းဘီ၊ ခြင်ထောင် စသည်) ယူရောင်းတဲ့ လူဆီက ဝယ်ဝတ်တာ။
၁၉၉၇ လောက်ကထင်တယ်။ မိုးတွင်းမြစ်ရေကြီးတဲ့အချိန်၊ ရွာနားက ရေကာတာ စိတ်မချရလို့ အားလုံး သတိနဲ့ နေနေကြရတယ်။ ရေကာတာ ပြုပြင်ဖို့နဲ့ လုံခြုံရေးအတွက် သာယာဝတီ ခလရ(၃၅) က တပ်စုတစု လာချ ထားတယ်။ ရေယိုစိမ့်တဲ့နေရာ၊ မြေနိမ့်တဲ့ နေရာတွေမှာ ရွာခံလူထုနဲ့ ရဲဘော်လေးတွေ မြေဖို့လုပ်အားပေး ကြရာမှာ ဦးလေးကောင်းလည်း ပါဝင်ပါတယ်။
ရဲဘော်တွေက ဦးလေးကောင်းကို ‘ဘကြီး နားပါအုံး ကျနော်တို့လုပ်လိုက်မယ်’ တားတဲ့အခါ ‘အံမာ…. နွားပျိုသန်လှ နွားအိုပေါင်ကျိုးကွ’ ဆိုပြီး ဆက်လုပ်မြဲလုပ်တယ်။ ရဲဘော်လေးတဦး သူ့လက်ထဲက ပေါက်ပြားကို ဆွဲယူပြီး မြေပေါက်တော့ သူက တခြားတဦးဆီက မြေသယ်ခြင်းကို ယူကာ မြေကြီးသယ်ပြန်တယ်။ ညနေစောင်းတဲ့အခါ ဦးလေးကောင်းနဲ့ ရဲဘော်တစု ရွာလယ်က ကိုချက်ကြီးရဲ့ ဆိုင်မှာ အပြန်အလှန်မိတ်ဖွဲ့ရင်း အာရွှင်နေကြပြီ။ အဲဒီညမှာ ဦးလေးကောင်း ခြံထဲက ကြက် ၂ ကောင် ခြံလှောင်ခံဘဝက အပြီးတိုင် လွတ်လပ်ခွင့် ရသွားတယ်။
ကျနော်ရွာကို ခွင့်ပြန်တဲ့အခါတိုင်း သူဝတ်ဖို့ နက်ပြာရောင် ဂျာစီဆွယ်တာနဲ့ အိုဂျီ အင်္ကျီပြာနုလက်ရှည် ယူသွားပေးပါတယ်။ သူက အင်္ကျီပုံစံနဲ့ ဖျင်သားကို ကြိုက်ပေမယ့် အရောင်ကို သိပ်ဘဝင်မကျသလို ဖြစ်နေ တယ်။ ‘ငါတို့က အစိမ်းရောင်နဲ့နေသား ကျလာတော့ အစိမ်းကို ပိုသဘောကျတယ် ကွ’ တဲ့။
…………………………………………………………………………………………………..

ဦးလေးကောင်း ကွယ်လွန်ချိန်မှာ ကျနော် တမြို့တနယ် ရောက်နေတာမို့ သူ့ရဲ့နောက်ဆုံး ဈပနခရီးကို ဂါရဝ ပြုခွင့် မရလိုက်ပါဘူး။ သူဆုံးပြီး လပိုင်းအကြာ မွေးဖွားလာတဲ့ ကျနော့်သားငယ်ကို ‘ကောင်းဇော်ဖြိုး’ လို့ အမည်ပေးရင်း ဦးလေးကောင်းကို အမြဲ အမှတ်ရနေစေပါတော့တယ်။
နေမင်းသူ
၃-၀၁-၂၀၁၃
0 comments:
Post a Comment