နှစ်ဟောင်းသို့ တစေ့တစောင်း (မောင်ဝံသ-ပြောချင်လွန်းလို့)
by Myat Thi Ha on Wednesday, January 2, 2013 at 9:20am
Wednesday, January 2, 2013
NLD က ထုတ်ပြန်ခဲ့တဲ့ “ရွှေဂုံတိုင် ကြေညာချက်” နဲ့ စစ်အစိုးရ လက်ထက် အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေတို့ဟာ “ဘုန်းကြီးနဲ့ ဘီး” လို မအပ်စပ်တဲ့ အရာနှစ်ခု၊ ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို့ အားလုံးက ရှုမြင်ခဲ့ကြ။
ကမ္ဘာ တကယ်မပျက်ခဲ့တဲ့ နှစ်
ကျွန်တော်တို့ ဂျာနယ်ထွက်မယ့်နေ့က ၂၀၁၃ ခု နှစ်သစ်ရဲ့ အစနေ့ ဖြစ်တာမို့ ပြည်သူ့ခေတ် ဂျာနယ်ကို အပတ်စဉ်မပြတ် စောင့်မျှော်အားပေး ဖတ်ရှုနေကြတဲ့ ကျွန်တော်တို့ရဲ့ ချစ်စွာသော စာဖတ်ပရိသတ်ကြီးသာမက ကမ္ဘာသူ ကမ္ဘာသား အားလုံးပါ အတိုင်းမသိ ၀မ်းမြောက် ပျော်ရွှင်ချမ်းမြေ့ ဖြစ်ကြရမယ့်အကြောင်း တစ်ခု ရှိတယ်ဗျ။
အဲဒါကတော့ အကြားအမြင် ဗဟုသုတကြွယ်ဝပြီး သိမြင်နှံ့စပ်ကြတဲ့ (Well Informed) ပုဂိ္ဂုလ်များ သိရှိထားကြပြီးဖြစ်တဲ့ ကမ္ဘာကြီး နိဂုံးချုပ်မယ့် ဘေးအန္တရာယ်ကနေ လွန်မြောက် နိုင်ခဲ့ပြီဆိုတာကို စိတ်ချလက်ချ ပြောနိုင်ပြီ ဖြစ်လို့ပဲဗျ။ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ပြက္ခဒိန် အဆုံးသတ်တဲ့ ၂၀၁၂ မှာ ကမ္ဘာကြီးမပျက်ဘဲ နဂိုအတိုင်း ဆက်ရှိနေတာကို တွေ့ကြရမှာဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသားတစ်ဦးဖြစ်တဲ့ ကျွန်တော်ကတော့ စိတ်အေး သွားတာ အမှန်ဖြစ်တယ်ဗျာ။ ၂၀၁၂ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးသူတိုင်း ကျွန်တော့်ရဲ့ အဲဒီခံစားချက်ကို စာနာနားလည်ပေးနိုင်ကြမယ် ထင်တယ်ဗျ။
တကယ်လို့သာ က်္ဘာကြီး မပျက်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ စာဖတ်ပရိသတ်တွေ ဖတ်ဖို့ အဲဒီက်္ဘာကြီး ပျက်မယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့တဲ့ ၂၀၁၂ အတွင်း က်္ဘာမှာနဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဘာထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို “ပန်းခင်းကို မြင်းစီး၍ ကြည့်ခြင်း”ဆိုတဲ့ ပုံဏ္ဌာန်မျိုးနဲ့ လေ့လာသုံးသပ်ကြည့် ချင်တဲ့ စိတ်ကူးနဲ့ ဒီဆောင်းပါးကိုရေးတာ ဖြစ်တယ်ဗျ။
အိုစမာဘင်လာဒင် အသေဖမ်းမိ
ကမ္ဘာမှာတော့ ၂၀၁၂ အတွင်း အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အသေ ဖမ်းဆီးရမိခဲ့တာ တစ်ခုလောက်ပဲ ထူးခြားတဲ့ အဖြစ်အပျက်လို့ ဆိုနိုင်လောက်မယ် ထင်တယ် ဗျ။ ကျန်တာတွေကတော့ အရင့်အရင်နှစ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေထက် သိပ်အများကြီး ပိုပြီး ထူးခြားလှတယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျာ။ ကမ္ဘာ့ အချမ်းသာဆုံး စစ်အင်အား အကြီးဆုံး နည်းပညာ အမြင့်ဆုံးနိုင်ငံကြီးရဲ့ အမဲလိုက်သလို လိုက်နေခြင်းကနေ ဆယ်စုနှစ် တစ်စုကျော်ကြာအောင် ရှောင်တိမ်းပြေးလွှား ပုန်းအောင်း နေနိုင်ခဲ့သူတစ်ယောက်ကို ဖမ်းဆီး မိခဲ့တဲ့ သတင်းဟာ ကမ္ဘာ့သတင်း လောကအတွက် သတင်းထူးကြီး တစ်ခုဖြစ်ပေမယ့် ဒီသတင်းက ကမ္ဘာ့ရေးရာတွေအပေါ် ထူးခြားတဲ့သက်ရောက်မှုတော့ မရှိလှဘူးလို့ပဲ ကျွန်တော် ယူဆတယ်ဗျာ။
လွှတ်တော်ထဲ ရောက်သွားတဲ့ NLD
ထူးလည်းထူး ကမ္ဘာ့ရေးရာတွေ အပေါ်လည်း သက်ရောက်မှုကြီးမားတဲ့ သတင်းတွေ တစ်ခု မက ထွက်ပေါ်လာခဲ့ရာ နေရာကတော့ ကျွန်တော်တို့နိုင်ငံ ဖြစ်တယ်ဗျ။
၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေထဲက ပထမဆုံး တစ်ခုကတော့ နံပြားလို ပြားနေအောင် အနင်းခံထားခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ ရာနှုန်း ပြည့်နီးပါး အနိုင်ရပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ချုပ်အဖွဲ့ဝင် ၄၃ ဦး လွှတ်တော်ထဲ ရောက်သွားခဲ့ကြ တဲ့ အဖြစ် အပျက်ပဲဖြစ်တယ်ဗျ။
ပြန်လည် သုံးသပ် ဆင်ခြင်စရာတွေ
NLD က ထုတ်ပြန်ခဲ့တဲ့ “ရွှေဂုံတိုင် ကြေညာချက်” နဲ့ စစ်အစိုးရ လက်ထက် အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေတို့ဟာ “ဘုန်းကြီးနဲ့ ဘီး” လို မအပ်စပ်တဲ့ အရာနှစ်ခု၊ ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို့ အားလုံးက ရှုမြင်ခဲ့ကြပေမယ့် ကြားဖြတ် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ လွှတ်တော်ထဲ ရောက်သွား ကြတဲ့ မြင်ကွင်းက ပြည်တွင်းပြည်ပက နိုင်ငံရေးနယ်ပယ်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှား နေကြသူ အားလုံးကို မိမိတို့ရဲ့ တွေးခေါ် မြော်မြင်ပုံနည်းလမ်းနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ တာတွေလုပ်ဖို့ အကြံပြုသလို ဖြစ်ခဲ့တယ်ဗျ။ အဖြူနဲ့အမည်းကြားက အရောင်တွေကို မြင်အောင် ကြည့်နိုင်ကြဖို့ ဒီအဖြစ်အပျက်က ကျွန်တော်တို့ အားလုံးကို သတိပေးနေသလို လည်း ကျွန်တော်ခံစားရတယ်ဗျ။ ကမ္ဘာတစ်လွှားက ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန် နေကြသူ အားလုံးဟာလည်း မြန်မာပြည်က ဒီအဖြစ်အပျက်ကိုကြည့်ပြီး အတွေးသစ် အမြင်သစ် ရှုထောင့်အသစ် ချဉ်းကပ်ပုံ နည်းလမ်းအသစ်တွေ ရလာကြနိုင်စရာ ရှိတာမို့ ကျွန်တော်တို့ဆီက အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာ့ရေးရာ အထူးသဖြင့် ကမ္ဘာ့ ဒီမိုကရေစီရေးရာ တွေအပေါ် သက်ရောက်မှု ကြီးမားနိုင်တယ်လို့ ကျွန်တော် ဆိုချင်တယ်ဗျ။
မြန်မာကို ကမ္ဘာက စိတ်ဝင်စားမှု ပိုလာတဲ့ ရေချိန်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားကိုယ်တိုင် အချိန်လုပြီး မဖြစ်မနေ နေ့ချင်းပြန်ခရီး အလည်လာသွားတာကို ထောက်ချင့်နိုင်တယ်ဗျ။
စာပေစိစစ်ရေး တစ်ခန်းရပ်ချိန်
နောက်ထပ် ထူးခြားတဲ့ အဖြစ်အပျက်ကြီးတစ်ခုကတော့ ကျွန်တော်တို့ စာပေလောကသား တွေ အားလုံး နှစ်ပေါင်းများစွာ “ရွံကြောက်ကြီး ဖြစ်ရလွန်းလို့” “စာပေ ကင်ပေတိုင်”လို့ တညီတညွတ်တည်း အမည်ပေးထားကြတဲ့ စာပေစိစစ်ရေးအဖွဲ့ကြီး နောက်ဆုံးမှာ တကယ်ကို အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်တယ်ဗျ။ ဒီမိုကရေစီနဲ့ ဆင်ဆာစနစ် ဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို အတူတွဲ ရှိမနေသင့်တဲ့အရာ နှစ်ခုမို့ စာပေစိစစ်ရေး ချုပ်ငြိမ်းပျောက်ကွယ်သွားတာကို လက်ခုပ်မတီးတဲ့ စာပေ အနုပညာလောက သားတစ်ယောက်မှ ရှိမယ် မထင်ဘူးဗျ။
ဒီမိုကရေစီ ပုံရိပ်ကို ထိခိုက်စေတဲ့ ဖြစ်ရပ်
၂၀၁၂ အတွင်း ပေါ်ပေါက်ခဲ့တဲ့ အဖြစ်အပျက်ကြီး နှစ်ခုကတော့ ထူးခြားတယ်လို့ ဆိုနိုင်ရုံ သာမက ထူးထူးခြားခြား ၀မ်းနည်းစရာ ဖြစ်ရပ်တွေလို့ပါ ဆိုနိုင်တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနဲ့ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြီး ဖြစ်တယ်ဗျ။ လက်ပံတောင်းတောင် အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်တာမို့ ကျွန်တော့်အမြင်ကို လူသိ ရှင်ကြား မပြောလိုသေးပေမယ့် ဖြိုခွဲမှု ဒဏ်ခံခဲ့ကြရတဲ့ သံဃာတော်တွေရဲ့ ပုံကို မီဒီယာတွေ ကတစ်ဆင့် မြင်တွေ့ရတာကတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အဖို့တော့ အင်မတန်ကို ထိတ်လန့်တုန်လှုပ်၊ အင်မတန်ကို စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဒီကိစ်္စမှာ သပိတ်သမားတွေနဲ့ အာဏာပိုင်တွေ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ အသာထား၊ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ် ထိခိုက်သွားခဲ့တာတော့ အမှန်ပဲဗျ။
ကျွန်တော့်ရဲ့ ပုဂိ္ဂုလ်ရေး ဘဝ
၂၀၁၂ ဟာ ကျွန်တော့်ရဲ့ ပုဂိ္ဂုလ်ရေးဘ၀ အတွက်လည်း အင်မတန်ကို ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်ဗျာ။ အားလုံး သိကြတဲ့အတိုင်း ကျွန်တော့်မှာ အဆုတ်ကင်ဆာ ရောဂါ စွဲကပ်နေပြီ ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာမှ ကံအားလျော်စွာ သိခဲ့ရတယ်ဗျာ။ ဒီတော့ ၂၀၁၂ ဟာ ကျွန်တော့်အတွက် သတင်းဆိုးကို ယူဆောင်လာတဲ့ နှစ်လို့ ဆိုနိုင်တယ်ဗျ။ တစ်ဖက်က ကြည့်ရင်တော့ ဘယ်တုန်းကတည်းက စွဲကပ်နေခဲ့မှန်း မသိရတဲ့ ဒီရောဂါ ကျွန်တော့်ဆီမှာ ရှိနေမှန်း သိလိုက်ရတဲ့နှစ် ဖြစ်နေတာမို့ (တကယ်လို့များ ကျွန်တော်က ရောဂါကို နိုင်ခဲ့မယ်ဆိုရင်) ကုသမှု စတင် ခံယူနိုင်ခွင့်ရခဲ့တဲ့ နှစ်ဖြစ်တာကြောင့် ကောင်းသော နှစ်တစ်နှစ်ဖြစ်တယ်လို့ ယူသော်ရ၏ ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ပဲ သေသေ၊ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်မှပဲသေသေ ကျွန်တော်ကတော့ ကိုယ်ပိုင်တဲ့ ကလောင် တစ်ချောင်းနဲ့ ပြည်သူကို နောက်ဆုံးနေ့အထိ အလုပ်အကျွေးပြုသွားဖို့ ပိုင်းဖြတ်ထားပြီးပြီ ဖြစ်တာကြောင့် နောက်ဆံတင်းနေမှာ မဟုတ်ဘဲ သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ နှလုံးသွင်း ထားပါတယ်ဗျာ။
၃၀ ၁၂ ၂၀၁၂
maungwuntha@gmail.com
Posted by Htut Htut at 4:30 AM
0 comments:
Post a Comment