Tuesday, January 22, 2013

ပညာရှိအစစ်နှင့်အတု

“ပဏ္ဍိတနဉ္စ သေ၀နာ” ဟုမင်္ဂလသုတ် ဟောကြာတော်မူသည့်အတိုင်း “ပဏ္ဍိတ” နှင့်ဆက်ဆံပေါင်း သင်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ (၃၈) ဖြာမင်္ဂလာတရာတော်ထဲတွင် ပေါင်းသင်းဆက်ဆံအပ်သော ပုဂ္ဂိုလ်တစ်ဦး အဖြစ် မင်္ဂလာတရားတော်စာရင်းထဲမှာထည့်သွင်းထားသော “ပဏ္ဍိတ” သည် ပေါင်းသင်း ဆက်ဆံထိုက်သော ဆည်းကပ်သင့်သော ဂုဏ်အင်္ဂါများနှင့် ညီညွှတ်ပြည့်စုံဘို့လိုသည်။

“ပဏ္ဍိတ” ကို ပညာရှိဟူ၍ အနက် မြန်မာပြန်ဆိုထားသည်။ ပညာရှိ ဟူသော စကားလုံး၌ပါရှိသော ပညာသည် လောကီပညာ၊ လောကုတ္တရာပညာ နှစ်မျိုးလုံးနှင့်ပတ်သက်သည်။ လောကီပညာသည် လူ့လောက၌ အသုံးပြု သော စာပေကျမ်းဂန်များ၌ဖော်ပြထားသော အသိပညာရပ် အမျိုးမျိုး ဖြစ်သည်။ လောကုတ္တရာ ပညာမှမူ ဓမ္မ ကျမ်းဂန်များ၌ ဓမ္မနှင့် ပတ်သက်ပြီး လိုက်နာကျင့်သုံးရန်ညွှန်ကြားပြောပြထားသော အသိပညာဖြစ်သည်။

ပညာရှိဟူသော စကားလုံး၌ပါသည့် ပညာသည်လောကီပညာ လောကုတ္တရာပညာ နှစ်ခုလုံးနှင့် ပတ်သက် ဆက်နွှယ်နေသည်ဖြစ်၍ ယင်းပညာများကို သူ့အတိုင်းအတာနှင့်သူရရှိထားသူကို ပညာရှိဟုခေါ်လိုက ခေါ်နိုင် သည်။ သို့ရာတွင် တကယ့်ပညာရှိဖြစ်ဖို့ရန်အတွက်မှာမူ မိမိတို့တတ်မြောက်ထားသော ပညာကို ပြည်သူ အတွက် အသုံးချဘို့ လိုအပ်သည်။ ကြက်တူရွေးစကားပြောတတ်သလို ကြက်တူရွေး စာဖတ် တတ်သလို စာထဲတွင် ရေးထားသောစာများကို ဖတ်ရုံသိရုံမျှနှင့် ပညာရှိ အဆင့် ရောက်လာနိုင်ဘို့မလွယ်ပေ။

ပညာရှိအဆင့် ရောက်ဖို့ရန်အတွက်အတွေ့အကြုံရှိဖို့လိုသည်။ မိမိတတ်သိထားသော ပညာရပ်သည် ပြည်သူ့အတွက် ဖြစ်ရမည်။ ရွှေစစ်မစစ် မှတ်ကျောက်တင်ကြည့်မှ အဖြေထွက်သလို ပညာရှိ၏ ပညာသည်လည်း ပြည်သူ့ အကျိုးပြု မှတ်ကျောက်တင် ကြည့်ပြီး အဖြေထွက်မှသာ ပညာစစ် ပညာမှန် ဖြစ်လာ နိုင်သည်။

ပညာစစ်ပညာမှန်မဟုတ်သော ပညာကို ပညာဟုခေါ်နေကြသော်လည်း ပညာအတုအရောင်သာဖြစ်သည်။ ထိုနည်းအတိုင်းပင် ပညာအတုရှိသော ပုဂ္ဂိုလ်သည်လည်း ပညာရှိအတုသာ ဖြစ်မည်။ ပညာစစ်ပညာမှန်ရှိမှသာ ပညာရှိအစစ်ဖြစ်နိုင်သည်။

ပညာရှိအစစ်နှင့် ပညာရှိအတုကိုခြားထားသော တံတိုင်းများရှိသည်။ ယင်းတံတိုင်းများထဲမှ တစ်ခုမှာ ပညာရှိ အတုက ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လုပ်ခြင်းဖြစ်သည်။ ပညာရှိအစစ်က နှိမ်နှိမ်ချချနေပြီး ပညာရှိအတုက ဦးမော့နေသည်။

အရစ္စတိုတယ်သည် ကမ္ဘာ့သမိုင်း၌ သာမာန်ပညာရှင်တစ်ဦးမျှသာမကဘဲ ကနဦး ဒဿနပညာရှင်ကြီးတစ်ဦး အဖြစ်ဖြင့်ပင် ကမ္ဘာ့သမိုင်း၌ မှတ်တမ်း တင်ထားခြင်းခံရသူဖြစ်သည်။အရစ္စတိုတယ်၏ဘ၀၌ ပညာရှိအစစ်နှင့် ပညာရှိအတု ခွဲခြားသောအဖြစ်အပျက် တစ်ခုဖြစ်ပျက်ခဲ့ဘူးသည်။ ဂရိနိုင်ငံ သမိုင်းရှေ့ပိုင်း၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ဖြစ်သည်။ အေသင်မြို့သူမြို့ သားများသည် ထိုအချိန်က ပြည်သူပြည်သားများ လေးစားသမှုပြု သော ဒေ၀ီတစ်ဦးထံသွားပြီး ဂရိနိုင်ငံမှာ ပညာအရှိဆုံး ပုဂ္ဂိုလ်ဘယ်သူလဲဟု မေးကြည့်ကြသည်။

ဒေ၀ီက “ဂရိနိုင်ငံမှာ အရစ္စတိုတယ် ပညာအရှိဆုံး” ဟုပြောပြလိုက်သည်။ ဒေ၀ီ၏ ပြောစကားကို ဆောင်ကျဉ်း လျက် စပ်စုသူများသည် အရစ္စတိုတယ် ထံသွားကြသည်။ “ဂရိနိုင်ငံမှာအရစ္စတိုတယ် ပညာအရှိဆုံး လို့ ဒေ၀ီက ပြောတယ်” ဟုသွားအကြောင်းကြားကြခြင်းဖြစ်သည်။ အရစ္စတိုတယ်က စပ်စုသူများအား ဒေ၀ီကို သွားပြောချေ။ သူပြောတဲ့စကား မှားတယ်၊ ဂရိနိုင်ငံမှာ ကျုပ်ပညာအရှိဆုံးမဟုတ်ဘူး၊ပညာမရှိဆုံး ဟုပြောလိုက်သည်။

စပ်စုသူများသည် ထိုအတိုင်း မနေကြပေ။ဒေ၀ီထံသွားပြီး အရစ္စတိုတယ် ပြောလိုက်သောစကားကိုပြန်ပြောကြ သည်။

ထိုအခါဒေ၀ီက တကယ်တန်းပညာရှိတဲ့ပုဂ္ဂိုလ်ဟာ အရစ္စတိုတယ်လိုနှိမ်ချပြီး မိမိပညာရှိဖြစ်တယ်ဆိုတဲ့ အကြောင်းဘယ်တော့မှ အသိပေးတာမျိုးမရှိဘူး၊ အရိပ်အမြွက်ပြတာမျိုးတောင် မလုပ်ဘူး။ အဲဒီအင်္ဂါရပ်နှင့် ပြည့်စုံတဲ့အတွက် ဂရိနိုင်ငံမှာအရစ္စတိုတယ် ပညာအရှိဆုံးလို့ပြောလိုက်တာ။ ကျုပ်မမှားဘူး။ မှန်တာပြောတာပါ ဟု သူအယူအဆကို အခိုင်အမာပြောပြသည်။ ဒေ၀ီ၏အကဲဖြတ်ချက်သည် ပညာရှိအစစ်နှင့်ပညာရှိအတုကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားအောင် ခွဲခြားပြသလိုက်ခြင်းဖြစ်သည်။

လူ့လောက၌ မျက်မြင်ကိုယ်တွေ့အရ လည်းပညာရှိအစစ်က အရိပ်အကွယ်၌ နေပြီး ပညာရှိအတုက ရှေ့တန်း ထွက်၍လူလုံးပြနေသည်ကို မကြာခဏ တွေ့ရတတ်သည်။ ဗူးတောင်းနစ်လို့ ဇောင်ကြမ်းပေါ် ဆိုသည့်စကားမှာ ပညာရှိအစစ်နှင့်ပညာရှိအတုကို ခွဲခြားပြောပြထားသောစကားဖြစ်သည်။

ရှေ့တန်းထွက်ပြီး ရပ်ပြနေသော ပညာရှိအတုများသည် လူပိန်းများအမြင်၌ ခေတ်စားချင်စားနေမည် ဖြစ်သော်လည်း အကဲဖြတ်တတ်သူများ၏ အမြင်မှာ မူ သိက္ခာမဲ့သူစာရင်းဝင် အဖြစ်ဖြင့်သာ အကဲဖြတ်ခြင်း ခံရနေမည်။ ပညာရှိ အစစ်ကိုမူ မှောင်ထဲတွင်အရိပ်ခိုနေသော်လည်း အကဲဖြတ်တတ်သူများက လူပုံအလယ် ဆွဲခေါ်လာလိမ့်မည်။

စာပေလောက၌လည်း ပညာရှိအစစ်နှင့်ပညာရှိအတု၏ အရိပ်အရောင် ထင်ဟပ်နေသည်။ မိမိရေးသော စာအုပ်ထဲတွင် မိမိခဏခဏ ရပ်ပြသော စာရေးဆရာများ၏ မြွေအရေခွံကွက်လိုကြွားလုံးများ ဟိုတစ်ကွက် သည်တစ်ကွက်ပေါ်နေသည့် စာအုပ်သည် ဂန္တ၀င်စာအုပ်မျိုးဖြစ်မလာဘဲ မိမိကိုယ်ရောက်ဖျောက်ထားပြီး အနုပညာမြောက်စွာရိုးရိုးသားသား ရေးသားထားသော စာအုပ်များသာ ဂန္တ၀င်စာရင်းဝင်စာအုပ်ဖြစ်လာသည်။

ကမ္ဘာ့စာပေသမိုင်း၌ ဖြစ်စေ၊ မြန်မာ့စာပေသမိုင်း၌ဖြစ်စေ မိမိရေးသော စာအုပ်များ၌ မိမိခဏခဏ လူလုံးပြ နေသော စာပေသည် စာပေသမိုင်း၏ အသိအမှတ်ပြုခြင်းမခံရဘဲစာရေးဆရာ အရိပ်အရောင် လုံးဝမတွေ့ရ သော စာအုပ်များသာ စာပေသမိုင်း၏ မှတ်တမ်းတင်ခြင်းခံရသော စာအုပ်များ ဖြစ်လာကြသည်။

ပါရဂူ

ပညာတတ် တစ်ယောက်၏ တန်ဖိုး (မြန်မာမိသားစုဖိုရမ်) မှ ကူးယူ ဖော်ပြသည်။

maukkha

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...