ပညာရေးအတွက် မေးချင်တဲ့ မေးခွန်းလေးတွေ...
ပြီးခဲ့တဲ့
၂၀၁၂ခုနှစ် သြဂုတ်လလောက်က ဖြစ်ပွားခဲ့တဲ့ တနိုင်ငံလုံးနီးပါး
ရေးကြီးရေလျှံမှုတွေကို ကူညီလှူဒါန်းမယ်ဆိုပြီးတော့ စီစဉ်ခဲ့တဲ့ နေရာမှာ
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အဆိုးဆုံးလို့ တိုင်ပင်ပြီး
ကောက်ချက်ချခဲ့တဲ့ ဧရာဝတီတိုင်းဘက်ကို ခြေဦးလှည့်ခဲ့မိပါတယ်။
ဒီနေရာမှာ ဘာတွေသွားတွေ့ခဲ့လဲဆိုတော့ ရေကြီးလို့ ဒုက္ခရောက်ကြတဲ့ ရွာတွေမှာ ဝေငှလှူဒါန်းမှုတွေ လုပ်ရင်းနဲ့ ဖြစ်သလိုစာသင်နေရတဲ့ ကလေးတွေကိုပါ။
သူတို့တွေ စာသင်နေတဲ့ စာသင်ကျောင်းဆိုတဲ့ နေရာတွေဟာ ကိုယ်တွေအတွက် တကယ့်ကို အံ့အားသင့်စရာ စိတ်မကောင်းဖြစ်စရာ ဖြစ်ခဲ့ရပါတယ်။ အမိုးကမလုံတာ၊ အကာမရှိတာ၊ ကြမ်းချင်းက ပေါက်ပြဲနေတာနဲ့ ဆင့်တွေ တန်းတွေ တိုင်တွေ ဆွေးမြေ့နေတာတွေကို မျက်စေ့နဲ့ ကိုယ်တိုင်ကိုယ်ကျ အတိုင်းသားတွေ့ခဲ့ရတာ အတော့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။
သူတို့တွေမှာ ကျောင်းဝတ်စုံဆိုတဲ့ အဖြူအစိမ်းဝတ်ပြီး ကျောင်းလာနိုင်တဲ့ ကလေးဆိုတာ အတော့ကို ရှာပါးပါတယ်။ ဖိနပ်မရှိသူ ပေါက်ပြဲနေတဲ့ ဖိနပ်လေးတွေ မရမက အတင်းဖြစ်အောင် စီးနေရတဲ့ ဖိနပ်နဲ့ခြေထောက်လေးတွေလဲ သတိထားမိပါတယ်။ အရောင်လွင့်နေတဲ့ စာရေးဘုတ်တွေ၊ ကျိုးပဲ့နေတဲ့ မညီညာတဲ့ စာရေးခုံတွေနဲ့ ရှိတဲ့စာအုပ်မှာ ဘာသာစုံစုပြုံရေးနေရတဲ့ ကလေးလေးတွေကို ကြည့်ရတာ ရင်ထဲအတော်မကောင်းလှပါဘူး။ သဲခင်းတဲ့ ကြမ်းပေါ်မှာ ဒီအတိုင်း သစ်သားတန်းလေးကို ဖင်ခုထိုင်ပြီး စာသင်နေရတာ ခုထိမျက်စေ့ထဲက မထွက်ပါဘူး။
ဒီကလေးတွေဟာ မိုးများရွာလာရင် စာမသင်ပဲ ဆရာဆရာမတွေရော ကျောင်းသားတွေရော မိုးလွတ်တဲ့ နေရာလောက်မှာ စုနေရတာ မိုးခိုနေရတာပါလို့ သိခဲ့ရတဲ့ ကျောင်းတွေက မနည်းလှပါဘူး။ ဒီလိုအခြေအနေဆိုးတွေကြောင့် စာသင်ဖို့ကို စိတ်ပျက်တာ အခုအခံတစ်ခုခုဖြစ်သွားရင် အဆင်သင့် မိဘအလုပ်ဖြစ်တဲ့ လယ်ယာလုပ်ငန်း ငါးရှာဖားရှာစားတာ စတဲ့အလုပ်တွေကလဲ အတင်းဆွဲခေါ်ခံနေရတာနဲ့ ဒီကလေးတွေ စာတတ်ဖို့ စာရေးတတ်ဖို့ဆိုတာ ဝေးသွားနိုင်ပါတယ်။
စာရေးစာဖတ်တတ်ဖို့ဆိုတာ ပညာတတ်ဘွဲ့ရ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို သင်ကြားတတ်မြောက်တဲ့ အဆင့်ကိုပြောနေတာ မဟုတ်ရပါဘူး။ ခရီးစဉ်မှာ အတူပါလာတဲ့ နောင်တော်တစ်ယောက်ရဲ့ စကားကလဲ ရင်ထဲကို တိုက်ရိုက်ထိစေပါတယ်။ ဒီလူတွေ မပါလာပဲ မတိုးတက်လာပဲ လူနည်းစုပညာတက်တွေလောက်နဲ့ တိုင်းပြည်ကြီး ဘယ်လိုတိုးတက်လာပါ့မလဲတဲ့။
မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော လူဦးရေဟာ ပညာရေး၊ ကျန်းမာရေး အတော်ကိုအဆင့်နိမ့်ကျတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင် လုပ်ကိုင်စားသောက် နေကြတာပါ။ ဒီလူတွေရဲ့ ပညာရေး ကျန်းမာရေးတွေကို မဖြည့်စည်းပေးနိုင်ပဲနဲ့ တိုင်းပြည်ကြီး တိုးတက်လာဖို့ဆိုတာ စိတ်ကူးယဉ်တာထက် ပိုမကောင်းလှပါဘူး။ အခြေံပညာတောင် လောက်လောက်လားလား မသင်ကြားကြရတဲ့ ဒီလူတွေနဲ့ ဖြစ်တည်နေတဲ့ တိုင်းပြည်တစ်ခုဟာ ဖင်တခြား ကတောင်ကျိုက်တခြား ဖြစ်နေမှာပါပဲ။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက်ဟာ အခြေခံပညာကို သင်ကြားနေကြတဲ့ အရွယ်တွေ ဖြစ်ကြပါတယ်။ အကြမ်းအားဖြင့် အခြေခံပညာ သင်ကြားပေးတဲ့ ပညာရေးစနစ်ကို မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းဆိုပြီး ခွဲခြားထားတာပါ။
၂၀၁၀ခုနှစ် အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားများအရ မြန်မာနိုင်ငံမှာ အထက်တန်းကျောင်းပေါင်း ၂၃၀၆ကျောင်း၊ အလယ်တန်းကျောင်း ၃၀၂၂၀ကျောင်း၊ မူလတန်းလွန်ကျောင်း ၆၆၅၀ကျောင်း၊ မူလတန်းကျောင်း ၂၈၈၉၈ကျောင်း ရှိတယ်လို့ သိရပါတယ်။ စုစုပေါင်း အခြေံပညာကျောင်းပေါင်း ၄၀၈၇၆ကျောင်း ရှိပါသတဲ့။ ဒီကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားပေါင်းက ၈၁၅၈၉၇၆ဦး ရှိပြီးတော့ ဆရာဆရာမပေါင်း ၂၇၀၁၉၈ယောက် ရှိနေပါသတဲ့။
ပျမ်းမျှ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက်က အခြေခံပညာကို သင်ကြားနေကြတာပါ။ တိုးတက်လာတဲ့ လူဦးရေနဲ့အမျှ တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေကို တိုးချဲ့တာတွေ ထပ်တိုးဆောက်တာတွေ ပညာရေးဝန်ထမ်းတွေကို တိုးမြှင့် ခန့်ထားတာတွေ လိုအပ်လာမှာပါ။ မြန်မာပြည်က အခြေခံပညာ စာသင်ကျောင်း အတော်များများဟာ (မူလတန်း) ဒေသခံရပ်ရွာရဲ့ ကူညီပံ့ပိုးမှု ဝိုင်းဝန်းတည်ဆောက်မှု စတာတွေနဲ့ ပေါ်ပေါက်လာတာ များပါတယ်။
ရပ်ရွာကစုပေါင်းပြီး မြေနေရာ စီစဉ်တယ် ကျောင်းအဆောက်အဥိ ဝိုင်းဆောက်ပေးကြလို့ အကောင်အထည် ပေါ်လာခဲ့တဲ့ ကျောင်းတွေ ဒီထဲမနည်းလှဘူး ထင်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ အစီအစဉ် နယ်စပ်ဒေသ ဖွံဖြိုးတိုးတက်မှု အစီအစဉ်နဲ့ ပေါ်ပေါက်လာခဲ့တဲ့ ကျောင်းတွေလဲ မနည်းလှပါဘူး။ ဒီထဲမယ် ထူးခြားတာ တစ်ခုပြောရရင် အတော်များများသော ကျေးလက်ဒေသက စာသင်ကျောင်းတွေမှာ ကျောင်းပိုင်လယ်မြေတွေ ရှိကြပါတယ်။ ဒီလယ်တွေကို သူရင်းငှားချပြီးတော့ စိုက်ပျိုးလို့ ရလာတဲ့ အကျိုးအမြတ်တွေကို ကျောင်းကော်မတီရဲ့ စီမံခန့်ခွဲမှုနဲ့ ကျောင်းပြုပြင်ထိန်းသိမ်းရေးက အစပြုလို့ ကျောင်းအတွက် လိုအပ်တဲ့ အသုံးအဆောင် ပရိဘောဂအလယ်၊ စာရေးကိရိယာ အစရှိသဖြင့် ဝယ်ယူအသုံးပြုဖို့ သုံးကြရပါတယ်။
မေးခွန်း (၁) ဒီနေရာမှာ ကျွန်တော် မေးချင်တာက ၄၀၈၇၆သော အခြေခံပညာ စာသင်ကျောင်းများအတွက် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းစားရိတ်၊ တိုးမြှင့်ဆောက်လုပ်ဖို့ ရာထားသတ်မှတ်စားရိတ် မည်၍မည်မျှ သုံးစွဲပါသလဲ။
ပညာရေး အဆင့်အတန်း မမီရတဲ့ အကြောင်းအရင်မှာ ဆရာဆရာမများရဲ့ အရည်အသွေး မပြည့်ဝတာဟာလဲ အဓိက အကြောင်းအရာတစ်ခုလို့ ဆိုလို့ရပါတယ်။ ပညာရေးတက္ကသိုလ် ပညာရေးကောလိပ်ကို တက်ရောက်ချင်တဲ့ သူတွေဟာ ပညာရေးမှာ ထူးချွန်တဲ့သူတွေ သိပ်မပါတာဟာ ပညာရေးနဲ့ လုပ်ကိုင်စားသောက်ဖို့အတွက် မက်မောလောက်စရာ ဝင်ငွေမရှိတဲ့ အဓိကအကြောင်းအရင်ကြောင့်ပါ။
ဒါကြောင့်မို့ ပညာရေးအဆင့်နိမ့်လာရခြင်းမှာ ပညာရေးဝန်းထမ်းများရဲ့ လစာဟာ အဧိကအကြောင်းအရင်းလို့ မြင်မိပါတယ်။ ပညာရေး ဝန်ထမ်းများဟာ အပိုဝင်ငွေဖြစ်တဲ့ ကျူရှင်ပြတာကနေ ငွေရှာတာကို ဥပဒေနဲ့ တားမြစ်ချက်ကလဲ ရှိနေသေးပါတယ်။ ဒါပေမယ့်လဲ ဒါတွေဟာ မြို့ကြီးတွေမှာသာ ရှိကြတာဖြစ်ပြီးတော့ အခြေခံပညာရဲ့ ရာခိုင်နှုန်းအနည်းငယ်သာ ဒီပုံစံဆိုးနဲ့ ထိတွေ့ကြရတာပါ။
သိသလောက် ပြောရရင် ပညာရေးဌာနမှာ မူလတန်းပြ၊ မူလတန်းကျောင်းအုပ် - အလယ်တန်းပြ (အဆင့်တူ)၊ အလယ်တန်းကျောင်းအုပ် - အထက်တန်းပြ (အဆင့်တူ)၊ အထက်တန်းကျောင်းအုပ်၊ ပညာရေးမှု (မြို့နယ်၊ ခရိုင်၊ တိုင်း အစရှိသည်ဖြင့်) ရှိကြသလို လုပ်အားပေး ဆရာမလေးတွေ၊ ကျောင်းစာရေး (အထက်တန်း - အလယ်တန်း)၊ ရုံးစာရေး (ပညာရေးမှုရုံး) အစရှိသည်ဖြင့် အဆင့်ဆင့်သော ပညာရေးဝန်ထမ်းတွေ၊ အခြေံပညာ ရုံးတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေနဲ့ ပညာရေး သုတေသနလို အဖွဲ့ထဲမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေ စုစုပေါင်းလိုက်ရင် အခြေခံပညာအတွက် ပညာရေးဌာနကနေ ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေဟာ မနည်းလှပါဘူး။
ဆရာဆရာမပေါင်း ၂၇၀၁၉၈ယောက်ဆိုတဲ့ ပထမ စတေးတပ်မှာ ကျွန်တော် ရေးထားခဲ့တဲ့ အရေအတွက်ဟာ စာသင်ပေးနေတဲ့ ဆရာဆရာမစာရင်းလို့ပဲ ယူဆပေးစေလိုပါတယ်။ ဒီဆရာဆရာမတွေဟာ တစ်သိန်းမပြည့်တဲ့ လစာအောက်မှာ ရှင်သန်လုပ်ကိုင်နေကြရတာပါ။ လစာတွေ တိုးမယ်ဆိုတာနဲ့ တခြားခံစားခွင့်တွေ ပေါင်းလိုက်ဦးတော့ ခုခေတ်ရှိနေတဲ့ ကုန်ဈေးနှုန်းနဲ့ ဆရာဆရာမတွေ အဆင်ပြေပြေ ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
ဆရာဆရာမ အများစုဟာ မိမိတို့ နေထိုင်ရာ အရပ်ဒေသနဲ့ မြို့ကြီးပြကြီးတွေဆီမှာ နေလိုတာဝန်ကျလိုကြတာ များပါတယ်။ ဝေလံခေါင်သီတဲ့ အရပ်တွေမှာ တာဝန်ကျတာကို ထမ်းဆောင်ဖို့အတွက် အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိနေတာကြောင့် မသွားလိုကြတဲ့ ဆရာဆရာမတွေ အနည်းလှပါဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကျန်းမာရေးနဲ့ တခြားလိုအပ်ချက်တွေ မပြည့်စုံတာ၊ နယ်မြေမအေးချမ်းတာ၊ အသက်အန္တရယ် စိုးရိမ်ရတာ၊ လုံခြုံစိတ်ချရတယ်လို့ မခံစားရတာတွေကြောင့် မသွားချင်ကြတာ အပြစ်မဆိုသာပါဘူး။ ဒီလိုနေရာတွေကို သွားလာဖို့လဲ လုံလောက်တဲ့ ဆွဲဆောင်မှုဖြစ်တဲ့ လစာ၊ ခံစားခွင့်တွေ မရကြတာ၊ ပြီးပြည့်စုံတဲ့ နေထိုင်စရာမရှိတာတွေက ပိုဆိုးစေပါတယ်။ ဒါကြောင့်မို့ နယ်တွေမှာ ရှိကြတဲ့ အခြေခံပညာ ကျောင်းအတော်များများဟာ စာသင်ကြားရေး အတွေ့အကြုံမရှိတဲ့ သင်ကြားရေးဆိုင်ရာ ပညာရပ်တွေ မသင်ကြားဖူးတဲ့ စေတနာ့ရှင် လုပ်အားပေး ဆရာမလေးတွေကို များစွာမှီခိုနေရတာကို တွေ့ရပါတယ်။
ခရီးစဉ်အတွင်းမှာ တွေ့ခဲ့ရတဲ့ တက္ကသိုလ် တတိယနှစ်ပညာအရည်အချင်း ရှိပြီးတော့ လုပ်အားပေး ဆရာလုပ်ပေးနေတဲ့ ဆရာမလေးကို မေးကြည့်မိတော့ " သမီးက ဆရာမလုပ်ရတာ ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့တာပါ။ အခုလိုလုပ်ရတာ အရမ်းပျော်ပါတယ်။ အမြဲခန့် ဆရာမဖြစ်ချင်ပါတယ် " လို့ ပြောသွားသလို လခဘယ်လောက်ရလဲ မေးကြည့်တော့ တစ်လတစ်ထောင်ကျပ်ပါတဲ့။ ရင်ထဲကို စူးကနဲဖြစ်သွားတာပါပဲ။ သူရင်ထဲက စေတနာမေတ္တာတွေဟာ ဘယ်လောက်များကြာအောင် လောကဓံရဲ့ ရိုက်ပုတ်မှုကို ခံနိုင်ရည်ရှိနိုင်မလဲ တွေးမိပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ ဝန်းထမ်းတွေ နေရာချတာ၊ ရာထူးတိုးတာနဲ့ တာဝန်ကျ အပြောင်းအရွှေ့တွေက လာဘ်စားမှုတွေ မျက်နှာလိုက်မှုတွေဟာ ဒီလောကကို ရုပ်ဆိုးအောင် ဖျက်စီးနေတာပါ။ မရှိဘူး မငြင်းကြပါနဲ့ ရှိကိုရှိနေပါတယ်။ တာဝန်ကျ နေရာပြောင်းရွှေ့တဲ့အခါ မိသားစုရှိတဲ့ ဆရာဆရာမတွေရဲ့ အခက်အခဲတွေကိုလဲ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဝန်ထမ်းစုံတွဲတွေအတွက် နှစ်ဦးအတူ ပြောင်းရွှေ့ရဖို့ဆိုတာ သိပ်ကို ကရိကထရှိနေဆဲ ဖြစ်သလို။ သက်ကြီးရွယ်အို မိသားစုရှိတဲ့ ဝန်ထမ်းတွေအတွက် ကျန်းမာရေး အာမခံရှိတဲ့နေရာ၊ သားသမီးတွေအတွက် ပညာရေး အာမခံချက် ရှိမယ့်နေရာတွေဟာ သူတို့အတွက် တကယ်ပဲ လိုအပ်လှပါတယ်။

မေးခွန်း (၂) ပညာရေး ဝန်ထမ်းတွေရဲ့ လစာနှုန်းထားနဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေကို သွားရောက်တဲ့အခါ ခံစားခွင့်တွေကို ဘယ်လိုပြန်လည်သုံးသပ်ကြမလဲ ဆိုတာနဲ့ ဘယ်တော့လောက် သုံးသပ်ကြမလဲဆိုတာပါ။
ပညာရေးစနစ် နိမ့်ကျရတဲ့ အကြောင်းအရင်းထဲမှာ သင်ကြားရေး ဆရာဆရာမတွေ စာသင်ကြားရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြန်လည်ပြောဆို ဆွေးနွေဖို၊့ အတွေ့အကြုံ ဖလယ်ရေးအတွက် အခွင့်အရေးမရှိတာကလဲ အဓိကအကြောင်းအရာ တစ်ခုလို့ မြင်မိပါတယ်။ ပညာရေးကို စမ်းသပ်ပြင်ဆင်နေရုံနဲ့ မပြီးသလို ထိရောက်မှု အကျိုးသက်ရောက်မှုနဲ့ အခက်အခဲတွေကို အောက်ခြေမှာ တကယ်သင်ကြားပေးနေတဲ့ ဆရာတွေဆီက တကယ့်လက်တွေ အခြေအနေတွေကို ပြန်သုံးသပ်သင့်ပါတယ်။
ဆရာဆရာမတွေ အချင်းချင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုလို ပုံစံမျိုးတွေသာမကပဲ၊ မွမ်းမံသင်တန်းတွေကိုလဲ အမြဲလိုလို လုပ်နေရမယ်လို့ ထင်မိပါတယ်။ ဆရာဆရာမတွေရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုတွေကိုလဲ ပြန်လည်စစ်ဆေးသုံးသပ်နေဖို့ လိုအပ်မယ် ထင်မိပါတယ်။ ဒါပေမယ့် အတွေ့အကြုံကြီးတဲ့ ဆရာဆရာမတစ်ချို့ကတော့ သင်တန်းတွေ ဆွေးနွေးပွဲတွေနဲ့ မွမ်းမံသင်တန်းတွေကို သွားရောက်ဖို့ စိတ်မဝင်စားကြသလို ငြင်းပယ်လေ့ရှိတာကို တွေ့ရပါတယ်။ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဒီလိုအခြေအနေမျိုးကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါသေးတယ်။ ဆွေးနွေးပွဲနဲ့ မွမ်းမံသင်တန်းတွေရဲ့ အကျိုးရှိပုံကို နားလည်သဘောက်ပေါက်စေဖို့နဲ့ စိတ်ပါဝင်စားအောင် ဆွဲဆောင်မယ့် နည်းလမ်းတွေ၊ အခွင့်အရေးတွေပေးတာတွေကို လုပ်ကိုင်သင့်တယ် မြင်မိပါတယ်။
ဆရာဆရာမတွေ အတော်များများဟာ သင်ကြားရေးအပြင် သင်ကြားရေးနဲ့ မသက်ဆိုင်တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သစ်ပင်စိုက်တာ၊ ကျောင်းပြုပြင်ထိန်းသိမ်းတာ၊ လုံခြုံရေး စတဲ့ ကိစ္စရပ်တွေကို ပူးတွဲပြီးတော့ လုပ်ကိုင်ကြရတဲ့အခါ သင်ကြားရေးကို အာရုံစိုက်နိုင်စွမ်း နည်းလာပါတယ်။ အခုကျောင်းတွေ ပြင်ဆင်လှူဒါန်းဖို့ လုပ်နေတဲ့ ခုနှစ်ခုသော ကျောင်းတွေမှာ ကြည့်လိုက်ရင် ကျောင်းသားတစ်ရာကျော်မှာ ဆရာနှစ်ယောက်ပဲ ရှိပါတယ် တစ်ယောက်က ကျောင်းအုပ်၊ နောက်တစ်ယောက်က သင်ကြားရေးပါ။ ကျောင်းစီမံခန့်ခွဲတာကအစ အစည်းအဝေးတက်တာ သင်တန်းရှိတာမျိုးဆို ဘယ်လိုလုပ်ဖြေရှင်းကြသလဲ မေးချင်စိတ် မရှိတော့ပါဘူး။ ဒါ့အပြင် ဌာနကနေ ခိုင်းစေတဲ့ ကိစ္စတွေ စီမံချက်တွေနဲ့ သင်ရိုးပြီးမြောက်ရေးတွေဟာ ပညာရေး ဘာ့ကြောင့် ပျက်စီးနေလဲဆိုတာ အဖြေပေးနေသလိုပါပဲ။
ဆရာဆရာမတွေရဲ့ အရည်အသွေး စောင့်ကြည့်တာတာ အကဲခပ်တာတွေ မရှိသလို အချင်းချင်းတိုင်ပင်စရာ အခြေအနေတွေလဲ မပေးစွမ်းနိုင်ပါဘူး။ လုပ်သက်ရှိလာတာနဲ့ ရာထူးတိုးတာက တိုက်ရိုက်ဆက်စပ်ပေမယ့် အရည်အချင်းကိုတော့ ထည့်သွင်းတွက်ချက်တာ ရှားသွားပါတယ်။ ဆရာတစ်ယောက်ရဲ့ ရည်မှန်းချက်ဆိုတာ သင်ရိုးပြီးမြောက်ရေးနဲ့ အဆုံးသတ်သွားအောင် စနစ်ကသင်းသတ်ထားသလို လုပ်လိုက်ပါတယ်။ ဘယ်လောက်ကြိုးစားစား မက်လောက်စရာ အခွင့်အရေးမရှိတာဟာ ကြိုးစားမယ့် ဆရာတွေကို ပျောက်ဆုံးစေတာပါပဲ။ ကိုယ်တိုင်က စေတနာ ဘယ်လောက်ထားထား နောက်ဆုံး မောတာပဲ ကျန်တယ်ဆိုတဲ့ ကောက်ချက်အောက်မှာ အရာရာဟာ နောက်ကောက်ကျကျန်ခဲ့တော့တာပါပဲ။
အရည်အချင်း မပြည့်ဝတဲ့ ဆရာဆရာမတွေ၊ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆိုင်ရာကို အချိန်သိပ်မပေးနိုင်တော့ဘဲ ကျောင်းဝေယျဝစ္စအလုပ်တွေနဲ့ ပိနေတတ်တဲ့ ဆရာဆရာမတွေ ရာထူးကြီးကြီး ရောက်လာချိန်မှာတော့ ပညာရေးဆိုတာ နွံထဲကထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ (ခုတောင် ဘယ်နာနစ်နေမယ် မသိ)။ အကျိုးဆက်ကတော့ ပညာရေးတိုးတက်လာအောင် ပြုပြင်ပြင်ဆင်ဖို့ သိပ်ခက်ခဲသွားတာပါပဲ။
ဒီကိစ္စဟာ စေတနာရှိတာ မေတ္တာပြည့်ဝတာနဲ့ မဆိုင်သလို တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ ဆရာဆရာမတွေက လုပ်ပေးလို့ ပြည့်စုံသွားမယ့် အခြေအနေတွေ မဟုတ်ပါဘူး။
မေးခွန်း (၃) အခြေခံပညာ ဆရာဆရာမတွေရဲ့ အရည်အချင်းတိုးတက်လာအောင် လုပ်ဆောင်ပေးမယ့် တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ မွမ်းမံသင်တန်းတွေကို ပြုလုပ်ဖို့အတွက် ဘဏ္ဍာငွေမည်မျှရာထားပြီးတော့ ဆောင်ရွက်မယ် ဆိုတာနဲ့ ဆရာတွေရဲ့ အရည်အချင်းကိုလိုက်ပြီး ခံစားပိုင်ခွင့်တွေကို ဘယ်လိုသတ်မှတ်ပေးမလဲ ဆိုတာပါ။
မြန်မာနိုင်ငံရဲ့ အခြေခံပညာ (မူလတန်း) ပညာရေးစနစ်ဟာ အခမဲ့လို့ ကြားဖူးပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ် အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ မူတန်းလွန် ကျောင်းပေါင်း ၆၆၅၀၊ မူလတန်းကျောင်းပေါင်း ၂၈၈၉၈နဲ့ အခြေခံပညာ အဆင့်ကို သင်ယူနေသူ ကျောင်းသားပေါင်း ၈၁၅၈၉၇၆ ဦး ရှိတယ်လို့ သိရပါတယ်။
အခမဲ့ပညာရေး စနစ်ဖြစ်ဖို့က ကလေးတစ်ယောက် စာသင်ကြားရာမှာ ကုန်ကျစားရတ် လုံးဝမရှိတဲ့ ပညာရေးစနစ်လို့ နားလည်သဘောပေါက်ပါတယ်။ ကျောင်းဝင်ကြေး၊ ကျောင်းလခနဲ့ ဗလာစာအုပ် ၆ အုပ်၊ ပြဋ္ဌာန်း စာအုပ်တွေကို ပေးနိုင်တဲ့ အခမဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်နေတယ်လို့ ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောနေကြပါတယ်။
ကျောင်းတွေမှာ အလှူငွေနဲ့ တခြားကုန်ကျစားရိတ်တွေကို ကောက်ယူတဲ့ ကျောင်းတာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့လဲ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် နေရာအတော်များများမှာ ငွေကြေးကောက်ခံတာတွေ ရှိနေဆဲပါ။ မိမိသားသမီးကို ကျောင်းမတတ်စေတဲ့ မိဘများကိုလဲ အရေးယူမယ်လို့ သိုးသိုးသဲ့သဲ့ အသံတွေလဲ ကြားခဲ့ရပါတယ်။ တကယ့် အရင်စစ်ကို မလိုက်ပဲနဲ့ အပေါ်ယံလောက် လုပ်နေတာတွေ တွေ့မိတော့ ရင်မောမိပါသေးတယ်။
၂၀၁၀ခုနှစ်က စာရင်းဇယားတွေအရ တွက်ချက်ကြည့်မယ်ဆိုရင် မူလတန်းအရွယ် ကျောင်းနေကလေးတွေအတွက် ပညာရေးကုန်ကျစားရိတ်ကို ခန့်မှန်တွက်ချက်ကြည့်မိပါတယ်။ တကယ်ပဲ မူလတန်း ပညာရေးစနစ်ကို အခမဲ့အဖြစ် အကောင်အထည်ဖော်နေတာလား စာရွက်ပေါ်မှာ အကောင်အထည်ဖော်နေတာလား မေးစရာဖြစ်လို့လာပါတယ်။
စာသင်ကျောင်းတွေမှာ ကောက်ခံတဲ့ ငွေကြေးတွေကို ပြန်သုံးသပ်ရရင် ဌာနကို ပြန်လည်ပေးသွင်းရတဲ့ ကျောင်းလခဆိုတာ အနည်းငယ်မျှသာ ဖြစ်ပြီးတော့ ဒါကဝန်ကြီးဌာနကနေ ပယ်ဖျက်ပေးလိုက်ရင် အလွယ်တကူ ပယ်ပျက်သွားမှာပါ။ ကျန်တဲ့ ကောက်ခံငွေတွေကတော့ ကျောင်းရံပုံငွေအတွက် အလှူငွေကောက်ခံတာ၊ ဖတ်စာအုပ်နဲ့ ဗလာစာအုပ်တွေ ရောင်းချတာတွေ ဖြစ်ပါတယ်။ ဖတ်စာအုပ်ကိုလဲ ဌာနကသာ တရားဝင် ကျောင်းသားဦးရေအလိုက် အချိန်မီထုတ်ပေးနိုင်ရင် ပြဿနာ မရှိလှဘူး ထင်မိပါတယ်။ ဗလာစာအုပ်နဲ့ တခြားကျောင်းက မယူမနေရ ပစ္စည်းတွေ ရောင်းချတာကတော့ ကျောင်းရုံပုံငွေကို တစ်ဖက်တလမ်းက ရှာဖွေတာဖြစ်သလို ပညာရေးမှုရုံးရဲ့ အစီအမံတွေနဲ့ မကင်းလှပါဘူး။
တကယ်တမ်းတော့ ကျောင်းတွေမှာ ကျောင်းသားမိဘတွေရဲ့ အလှူငွေမရှိရင် တခြားသော ရုံပုံငွေတွေ မရှိခဲ့ရင် ကျောင်းပြုပြင်ထိန်းသိမ်းစားရိတ်၊ ကျောင်းပရိဘောဂနဲ့ စာသင်ကြားရာမှာ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ ဝယ်ယူဖြည့်တင်း အသုံးပြုရာမှာ အတော်လေး အခက်အခဲရှိနိုင်ပါတယ်။ ဂျာအေးသူ့အမေရိုက်သလို ဖြစ်နေတဲ့ ကိစ္စတွေကို အရင်းကနေ စစ်ဆေးပြီးမှ အကောင်အထည်ဖော်ရင် ပိုမိထိရောက်မယ် ထင်မိပါတယ်။
ပထမဆုံး မူလတန်း ပညာရေးကို အခမဲ့လို့ မပြောခင် ကျောင်းသားတွေ ပေးသွင်းကုန်ကျရတဲ့ ငွေတွေဟာ ဘယ်အတွက်ကုန်ကျတယ်၊ ကျောင်းတွေက ဘာ့အတွက်ကောက်ခံတယ် ဆိုတာနဲ့ ဒီငွေတွေကို ဘယ်နေရာတွေမှာ အသုံးပြုဖို့ လိုအပ်နေတယ် ဆိုတာတွေကို အရင်ဆုံးစစ်ဆေး သင့်လှပါတယ်။ ထရံဟောင်းလောင်းနဲ့ ဖြူရော်နေတဲ့ ကျောက်သင်ပုန်းနဲ့ သဲခင်းထားတဲ့ ကြမ်းပြင်မှာ မူလတန်းစာကို အခမဲ့သင်နေပြီးတော့ မူလတန်းအခမဲ့စနစ်ကို အကောင်အထည်ဖော်နိုင်တယ် အော်နေမယ်ဆိုရင် အရပ်ထဲအရူးကြီး လည်ကနေသလို ဖြစ်နေမှာပါပဲ။
စီမံကိန်းတွေ မျှော်မှန်းချက်တွေနဲ့ ဦးစတည်ချက်တွေဟာ စာရွက်ပေါ်မှာတော့ သိပ်ကို မြင်ရကြည့်ရတာ အားရစရာပါပဲ။
မေးခွန်း (၄) မူလတန်း အခမဲ့ ပညာရေးစနစ်အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ကျောင်းပေါင်းမည်၍မည်မျှ၊ ကျောင်းသား/ကျောင်းသူပေါင်း မည်၍မည်မျှကို ခြုံငုံမိမယ့် စီမံကိန်းကို ရေးဆွဲထားပါသလဲ၊ ဒီစီမံကိန်းအတွက် ဘဏ္ဍာငွေ ဘယ်လောက်ကို ရာထားသတ်မှတ်ထားပါသလဲ။
မေးတာတွေ သိပ်များသွားပြီ။
သာပို
19.1.2012

0 comments:
Post a Comment