ဘယ်သူတွေ စစ်ဖြစ်ချင်ပါသလဲ ဘယ်သူတွေ စစ်ဖြစ်တာကို လိုလားကြပါသလဲ( အယ်ဒီတာ အာဘော်)
by ပြည်သူ့ခေတ် on Tuesday, January 8, 2013 at 12:40am
ယေဘုယျအားဖြင့်ဆိုလျှင် ဘယ်သူမှ စစ်ဖြစ်တာကို မလိုလားကြ။ ငြိမ်းချမ်းရေးကိုသာ လိုလားကြသည်။ အေးချမ်း ပျော်ရွှင်စွာ နေလိုကြသည်။
ခြွင်းချက်တော့ ရှိပါမည်။ စစ်ကို လိုလားကြသူများလည်း ရှိပါလိမ့်မည်။
စစ်လက်နက်ပစ္စည်း ရောင်းသူများ၊ စစ်ရေးပေါ်မှာ တည်ပြီး စီးပွားရှာကြသူများ၊ စစ်ဝါဒီများ၊ စစ်အင်အား ကြီးထွားမှ မိမိ၏ စီးပွားဥစ္စာ အာဏာသြဇာကြီးမြင့်မည်ဟု ယူဆသူများ၊ စစ်အာဏာရှင်များ၊ ပြီးတော့ စစ်ပွဲများ၊ စစ်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများကို မြင်ပြီး ကျေနပ်တတ်၊ ပျော်ရွှင်တတ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများ စသူတို့ ဖြစ်မည်။ အတိုချုပ် ပြောရလျှင် စစ်ကြောင့် စည်းစိမ်ဥစ္စာတိုးသူများ၊ စိတ်ထား မူမမှန်သူများသာ စစ်ဖြစ်ချင်မည်။ စစ်ဖြစ်စေချင်မည်။ စစ်ဖြစ်တာကို လိုလားကြမည်။
သည်တော့၊ ယေဘုယျအားဖြင့်ဆိုလျှင် ဘယ်သူမှ စစ်မဖြစ်ချင်ကြ။ အများစုက စစ်ဖြစ်တာကို မလိုလားကြ။ ဖြစ်နိုင်လျှင် လက်ဝှေ့ကြိုးဝိုင်းလို သီးခြား နေရာတစ်ခု ကမ္ဘာ့အပြင်ဘက်မှာ ဖန်တီးပေးထားပြီး စစ်လိုလားသူများ ချိန်း၍ စစ်တိုက်ကြလျှင် အဆင်ပြေမည်။
သို့သော်လည်း လက်တွေ့ဘ၀မှာ စစ်ပွဲများ ရှိနေသည်။ အခြားသော မျက်နှာစာ တစ်ဖက်မှာက စစ်မဖြစ်ချင်သော်လည်း စစ်တိုက်နေရသူတွေ ရှိနေသည်။ စစ်ကို မလိုလားသော်လည်း စစ်တိုက်နေရသူတွေ ရှိပါမည်။ အမှန်တရားအတွက် စစ်တိုက် နေရသူများ၊ ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေရသူများ ရှိပါမည်။ စစ်လိုလားသူများနှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါ ရှောင်လွှဲ၍ မရသောကြောင့် စစ်တိုက်နေရသော ငြိမ်းချမ်းရေးသမားများလည်း ရှိပါမည်။
မည်သို့သော အကြောင်းများနှင့် စစ်ဖြစ်သည် ဖြစ်စေ၊ စစ်ဒဏ်ခံရသူများမှာ စစ်နှင့် မဆိုင်သောပြည်သူများပဲ ဖြစ်ပါသည်။ စစ်နှင့်ဘယ်လိုမှ ပါဝင်ပတ်သက်မှုမရှိဘဲ စစ်တလင်းထဲ ရောက်နေကြရသော စစ်ဘေးဒဏ်ကို ခံနေကြရသည့် မြေစာပင် ပြည်သူလူထုမှာ အများအပြားပဲ ဖြစ်ပါသည်။ ဒါတွင်မက စစ်တလင်းနှင့် အဝေးကြီးမှာ ရှိနေ၍ စစ်ဘေးစစ်ဒဏ်ကို တိုက်ရိုက် မခံရသော် လည်း သွယ်ဝိုက်၍ ခံနေရသူများလည်း အများကြီး ရှိနေသည်။စစ်သတင်းများကို ကြားပြီး စိတ်မချမ်းမသာဖြစ်နေရသူများ၊ စစ်စရိတ်များကို ခွဲဝေကျခံ ပေးနေရသည့် သူများ၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာ့လုံးမှာ ရှိနေသည်။ စစ်စရိတ်ကို ခွဲဝေ ခံစားနေရသည့် သန်းထောင်ချီနေသော စစ်ဘေး ဒဏ်သင့် လူများစုကြီးဖြစ်ပါ သည်။ သည်တော့၊ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုသည်က ပြည်သူ အများစု၏ ဆန်္ဒပဲ ဖြစ်သည်။ ပြည်သူ့ လိုလားချက်ပဲ ဖြစ်သည်။ ပြည်သူ့ မျှော်လင့်ချက်ပဲ ဖြစ်သည်။
မြန်မာပြည်ဟာ စစ်ပွဲများနှင့် ထွေးလုံး ရစ်ပတ်နေခဲ့ရသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ရှိခဲ့ပြီဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီအောက်၊ ဂျပန်ဖက်ဆစ်အောက်မှ လွတ်မြောက်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေး၊ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲများကို ဆင်နွှဲရသည်။ ထို့နောက်၊ လွတ်လပ်ရေးမှ မရသေးခင် ပြည်တွင်း စစ်ကစသည်။ လွတ်လပ်ရေး ရပြီးတော့ ပြည်တွင်းစစ်က အရှိန်တက်လာသည်။ နောက်တော့ ပြည်တွင်းစစ်က ကြီးထွားလာလိုက်သည်မှာ ပြည်သူများ နေစရာမရှိတော့လောက်အောင် ဖြစ်သည်။ ပြည်တွင်းစစ်ကို ခေါင်းဆောင် တိုက်ရသော တပ်မတော်ခေါင်းဆောင်များက စစ်ရေးမှာ သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ရှိသမျှသော အရေးအရာတိုင်းမှာ လွှမ်းမိုးလာခဲ့တာ ဖြစ်သည်။ နောက်တော့ စတုတ္ထမဏ္ဍိုင် ဆိုတာလည်း တပ်မတော်ခေါင်းဆောင်များ၏ အရိပ်အောက်ထဲ ရောက်သွားခဲ့ရသည်။ အားလုံးမှာ စစ်အရိပ်အငွေ့ စစ်အာဝါသ စစ်လွှမ်းခြုံမှုဖြင့် နေခဲ့ ကြရတာ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာသည်ပင် စစ်ရိပ်စစ်ငွေ့ များနှင့်ဖြစ်သည်။ သည်လို အခြေအနေတွေ ကြားထဲမှာ အစိုးရ အဖွဲ့သစ်က စစ်အငွေ့အသက် လျော့နည်းပြီး နိုင်ငံရေးဆန်အောင် လုပ်မည်ဆိုတာ လွယ်ကူသည့် ကြိုးစားမှု မဟုတ်ပါ။ စေ့စပ် ဆွေးနွေးရေး၊ အမျိုးသား သင့်မြတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုတာ အလွန်သိမ်မွေ့ နူးညံ့တာ ဖြစ်ပါသည်။ သေနတ်သံ၊ ဗုံးသံနှင့် ယမ်းငွေ့တို့ကြားမှာ လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဆီ သို့ သွားရတာ ဖြစ်သည်။ သည်လို အခြေအနေများကို သုံးသပ် ဝေဖန်ပြောဆို အကြံပြုကြရာမှာလည်း အလွန်ပဲ သတိထားဖို့ လိုပါလိမ့်မည်။ ငြိမ်းချမ်းရေးပန်းတိုင်သို့ တကယ် ရောက်ဖို့ ဆိုလျှင် စစ်မက်ဖြစ်ပွားမှု၏ ဘက်ပေါင်းစုံကို နားလည်ဖို့ လိုပါ လိမ့်မည်။
ယခု လတ်တစ်လောမှာ ဖြစ်ပွားနေသော ကေအိုင်အေနှင့် တိုက်ပွဲများကို ပြည်သူလူထုက အလွန်ကြီးမားသော စိုးရိမ်ပူပန်မှု များဖြင့် နေ့စဉ် နားစွင့်နေကြရသည်။ အများအားဖြင့် စစ်ရေး သတင်းများဆိုသည်က အကန့်အသတ်များ လျှို့ဝှက်မှုများ ပရိယာယ်များကြားက ထွက်ပေါ်လေ့ရှိတာ ဖြစ်သည့်အတွက် တိတိကျကျ သိရလေ့ မရှိ။ ကြားနေရသော သတင်းများက နိုင်ငံရေးနှင့် စစ်ရေး ရောထွေးနေသည့် ကြားက လာတာဖြစ်သည် ကို နားလည်ဖို့ လိုသည်။ လတ်တလော တိုက်ပွဲများကြားမှ ငြိမ်းချမ်းရေး တည်ဆောက် လိုသည်ဆိုလျှင် ဘက်ပေါင်းစုံမှ အမြင်နှင့် ခံစားချက်များကို နားလည်ဖို့ လိုပါမည်။ အရေးကြီးဆုံးက ဒေသခံ ပြည်သူလူထု၏ ခံစားချက်နှင့် အမြင်ဖြစ်ပါမည်။ ပြည်သူ တို့၏ သဘောထားကို အသိအမှတ်ပြု ထုတ်ဖော်ဖို့ လိုအပ်ပါ လိမ့်မည်။ ကချင်ပြည်နယ်မှာ နေထိုင်နေကြသော ပြည်သူလူထု၏ ဆန္ဒင့် သဘောထားအမှန်ကို နားလည် သိရှိဖို့ ကြိုးစား ကြရပါမည်။
လက်ရှိမှာ စစ်တိုက်နေကြသည်ဆိုတာ မှန်သော်လည်း အခြားတစ်ဖက်မှာ သံတမန်ဆက်ဆံရေး ရှိနေဖို့ကိုလည်း ထူထောင်နေရပါမည်။ စစ်ရေးကို လျှော့ချပြီး၊ သံတမန် ဆက်ဆံရေး များလာအောင် ပျိုးထောင်ရမှာ ဖြစ်ပါသည်။ ကေအိုင်အေနှင့် လက်ရှိ တပ်မတော် ခေါင်းဆောင်များက သူစိမ်းများ မဟုတ်။ ယခင် အစိုးရ လက်ထက်က ဒီမိုကရေစီ အင်အားစုများကို အပြင်းအထန် ဖိနှိပ်ထားချိန်၊ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ၊် ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး စသည့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများက တစ်နိုင်ငံလုံး နေရာအနှံ့အပြားက ထောင်အသီးသီးမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားညီလာခံမှာ နေရာမရ ဖြစ်နေချိန်၊သည်လိုကာလများမှာပင် ကေအိုင်အေနှင့်တပ်မတော်တို့ နားလည်မှု ရယူနိုင်ခဲ့ကြတာဖြစ်သည်။ သည်တုန်းက အပစ်အခတ် ရပ်စဲရုံမျှမက ငြိမ်းချမ်းရေး ရယူပြီး၊ အမျိုးသားညီလာခံမှာပင် တက်ရောက် ပါဝင်ခဲ့ကြတာ ဖြစ်သည်။
ယနေ့အချိန်က အမျိုးသားသင့်မြတ်ရေးကို ပိုမိုကျယ်လောင်စွာ ကြွေးကြော် ဆောင်ရွက်နေချိန်ဖြစ်သည်။ နိုင်ငံတကာ၏ အားပေးမှုများကလည်း ရှိနေသည်။ အခင်းအကျင်းအရ ကြည့် လျှင် စစ်တိုက်ခိုက်မှု လျှော့ပြီး စကားပြောဆိုရေး ပိုမို အားကောင်း လာသင့်တာ ဖြစ်သည်။ အလွန်ကျပ်တည်းလှသည့် အချိန်များမှာ နားလည်မှု ရယူနိုင်ခဲ့ကြသူများ ဖြစ်သဖြင့် ယခုလို ကာလမှာ ပိုမို တိုးတက်သော ငြိမ်းချမ်းရေး အလားအလာများ ရှိသင့်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးများ မဟုတ်လျှင်သော်မှ၊ ငြိမ်းချမ်းရေး ကို ဦးတည်သည့် အလုပ်သဘောထိတွေ့မှုများ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် စကားဝိုင်းငယ်များ အများအပြား လိုအပ်ပါမည်။
ယခင် အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေး ရယူမှုများမှာ နှစ်ဖက် ခေါင်းဆောင်များအကြား စကားပြောဆို နားလည်မှု ယူကြရုံဖြင့် တည်ဆောက်ခဲ့ကြတာ ဖြစ်သည်။ ယနေ့အချိန်မှာ ပြည်သူ့အမြင်နှင့် ခံစားချက်များကို ထုတ်ဖော် ပြောဆိုခွင့် အတော်အသင့် ရနေတာကို အခွင့်အရေးဟု ယူဆရပါမည်။ ယင်းပြည်သူ့အသံများမှ အထူးသဖြင့် စစ်တလင်းထဲမှာ စစ်ဒုက်္ခ ခံစားနေကြရသော ပြည်သူများ၏ အသံများမှတစ်ဆင့် ခံစားချက် များကို နားထောင် အသိအမှတ်ပြုဖို့ လိုပါမည်။ ပြည်သူ့ခံစားချက် ပြည်သူ့သဘောထားများကို ပိုမို နားစိုက်ထောင်ပြီး ငြိမ်းချမ်းရေး နားလည်မှုယူဖို့ လိုအပ်ပါလိမ့်မည်။
အပေါ်ယံအမြင်၊ စိတ်လှုပ်ရှားမှုမှာ အခြေတည်သည့် နှစ်ဦး နှစ်ဖက် အပြစ်ဖို့ခြင်းများ၊ အပြန်အလှန် စွပ်စွဲ ပြစ်တင်နေမှု များနှင့်တော့ ငြိမ်းချမ်းရေး တည်ဆောက်လို့ ရမည် မဟုတ်သည် ကို အလေးအနက်ပြုဖို့ လိုပါလိမ့်မည်။
၀၇ ဇန်န၀ါရီ ၂၀၁၃ ပြည်သူ့ခေတ် အယ်ဒီတာ
CTRL + Q to Enable/Disable GoPhoto.it
0 comments:
Post a Comment