Friday, January 4, 2013

စီးပွားရေးအခက်အခဲများကြောင့် အရွယ်မရောက်သေးသူများ လုပ်ငန်းခွင်သို့ ရောက်ရှိနေ



မန္တလေး၊ ဇန်န၀ါရီ ၄။

မန္တလေး တိုင်းဒေသကြီး အတွင်း စီးပွားရေး ကျပ်တည်းမှုများကြောင့် အခြေခံလူတန်းစား အများစု၏ အရွယ် မရောက်သေးသော ကလေးငယ် များသည် လုပ်ငန်းခွင်တွင်းသို့ ၀င်ရောက်လုပ်ကိုင် လျက်ရှိနေကြောင်း သိရသည်။

အခြေခံလူတန်းစားများ အနေဖြင့် စီပွားရေး အခက်အခဲများကြောင့် မြို့ကျောင်းများတွင် ထားရှိနိုင်ခြင်း မရှိတော့ဘဲ ကျေးရွာ မူလတန်းအောင် ရုံမျှဖြင့် ကလေးငယ်များအား လုပ်ငန်းခွင်တွင်းသို့ ထည့်သွင်း စေခိုင်း လာကြောင်း သိရသည်။

“လက်လုပ်လက်စား မိသားစုအိမ်တစ်အိမ်မှာဆိုရင်ကျောင်းသား သုံးယောက်လောက် ရှိရင် ကျောင်းမထားနိုင်တော့ဘူး။ မူလတန်းကတည်းက ရေးတတ် ဖတ်တတ်ရင်
ကျောင်းထုတ်ပြီး လုပ်ငန်း တွေမှာခိုင်းတယ်။ ကလေးတွေကို မြို့ပေါ်က လက်ဖက် ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်ခိုင်းတယ်။ ဆေးလိပ်ခုံတွေမှာ ဆေးလိပ် လိပ်ခိုင်းတယ်။ ပန်းရံတွေထဲမှာ လည်းထည့်ထားတာတွေ အများကြီးရှိတယ်” ဟု ကန်ကြီးကုန်း
ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

အခြေခံ လူတန်းစား အများစုမှာ အကြွေးတင်ပြီး အလုပ်အကိုင် အဆင်မပြေမှု၊ ကျန်းမာရေး
ဖောက်ပြန်လာမှု အစရှိသည့် ငွေကြေးမပြေလည်မှုများကြောင့် သားသမီးများအား
ကျောင်းထုတ်၍ အလုပ်လုပ် ခိုင်းစေကြောင်း သိရသည်။

“တစ်နေ့လုပ်မှာ တစ်နေ့စားရတာ၊ သားသမီးလေးယောက်လောက်ရှိတော့ ကျွန်တော်က ကျန်းမာရေး အခြေအနေ မကောင်းရင် အားလုံးဒုက္ခရောက်မှာ၊ ဖြစ်ချင်တော့လည်း ကျွန်တော်တို့ လက်လုပ်လက်စားတွေမှာ နှစ်လုံး၊သုံးလုံးထိုးတဲ့ ရောဂါရှိတယ်။ အဲဒါတွေ
ကြောင့်လည်း ကျွန်တော်ကိုယ်တိုင် ဒုက္ခရောက်ခဲ့တော့ ကလေးတွေ လဘက်ရည်ဆိုင်
တွေ ရောက်ကုန်တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ အလုပ်က ချမ်းသာဖို့ကို
ဝေးတဲ့အတွက် တစ်လကို ထီလေး တစ်စောင်လောက်ထိုး၊နောက်ပြီး နှစ်လုံး၊ သုံးလုံးလေးကို
ဘဲ ပြန်မျှော်မှန်းရတာပဲ” ဟု ပွဲရုံတွင် အလုပ်လုပ်ကိုင်နေသော ကုန်ထမ်းသမားတစ်ဦးက ဆိုသည်။

“ဘယ်မိဘမဆို ကိုယ့်သားသမီးလေး ပညာတက်ကြီး၊ လူတော်လူကောင်းကြီး
ဖြစ်စေချင်တာပေါ့။ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ကလေးလေး နေပူထဲမှာ အလုပ်ကြမ်း လုပ်နေရတာ ဘယ်မိဘမှ မကြည့်ရက်နိုင်ပါဘူး။ စီပွားရေးအကျပ်အတည်းကြောင့် ခိုင်းနေ ရတာပဲဖြစ်မယ်” ဟု ကျောင်းသားမိဘတစ်ဦးက ၎င်း၏ထင်မြင်ချက်အား ပြောပြသည်။

“မိဘတွေက ကလေးတွေ ပညာဆုံးခန်းမတိုင်ဘဲ အခုလို လုပ်လိုက်ခြင်းအားဖြင့် ကလေးအတွက် ပညာသင်ရမည့် အခွင့်အလမ်းတွေ ဆုံးရှုံးသလို နိုင်ငံတော်အတွက်လည်း အသိပညာရှင် ၊အတက်ပညာရှင်တွေ ထွန်းကားလာမည့် အခွင့်အလမ်းတွေလည်း ဆုံးရှုံး သွားတယ်။ မူလတန်းအခမဲ့ ဆိုပေမယ့် အလယ်တန်း ပညာသင်စရိတ်ကိုပါ ထပ်ပြီး
လျှော့ချပေးရင် ကျောင်းမတက်နိုင်တဲ့ ကလေတွေ ကျောင်းစရိတ် အတွက် မပူရတော့ဘူး။ မိဘတွေလည်း ပိုပြီးအဆင်ပြေနိုင်တယ်။” ဟု အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးက ၎င်း၏အမြင်အား ပြောကြားသည်။


မောင်ထိန်လင်း

ဓာတ်ပုံ - သူရိန်
The Myanma Age

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...