စဉ်းစားဥာဏ်နည်းတဲ့ နွားတွေ အပြစ်ပါ ..
by U U Mhaw Sayar on Thursday, January 17, 2013 at 4:59am ·

ကိုယ့်အပြစ်ကို သူများပုံချရာ၌ ဗိုလ်စွဲသွားသော ကိုလံဘီယာက ဇာတ်လမ်းတစ်ပုဒ် ရှိပါတယ်။
ကိုလံဘီယာမှာ နွားပေါသဖြင့် သားရေတော်တော်ထွက်တယ်။ ဒါပေမဲ့ သူတို့သားရေက ပြည်ပကို
မတိုးပေါက်ဘူး။ ကိုလံဘီယာရဲ့အထက် သိပ်မဝေးတဲ့နေရာမှာ ဧရာမသားရေဈေးကွက်ကြီး ရှိတယ်။
အဲဒါ အမေရိကန်ပြည်ထောင်စု .. ဒီဈေးကွက်ထဲသာ ၀င်တိုးနိုင်ရင် ချမ်းသာပြီ။
ဒါကြောင့် အစိုးရနဲ့ သားရေလုပ်ငန်းရှင်တွေက သူတို့ပစ္စည်း ဘာကြောင့် ဈေးကွက်မ၀င်ဖြစ်နေရသလဲ စူးစမ်းလေ့လာပြီး ဈေးကွက်ထဲတိုးပေါက်အောင် လုပ်ဆောင်ရမဲ့နည်းလမ်းတွေကို ရှာဖွေတင်ပြပေးဖို့
ကုမ္ပဏီတစ်ခုကို ငှားရမ်းစေခိုင်းတယ်။
ကုမ္ပဏီက နယူးယောက်မှာရှိတဲ့ နိုင်ငံတကာက သားရေပစ္စည်းအ၀ယ်တော်တွေ နဲ့ အမေရိကန်
အနှံ့အပြားမှာ ရှိတဲ့ သာရေပစ္စည်း အရောင်းဆိုင်တွေက ပုဂ္ဂိုလ်များစွာကို တွေ့ဆုံပြီး မေးမြန်းခဲ့တယ်။
မေးမြန်းချက်တွေကနေ ရရှိလာတဲ့အချက်တွေကို အနှစ်ချုပ်ကြည့်လိုက်တဲ့အခါ အဖြေတစ်ခု
ရှင်းရှင်းလင်းလင်း ထွက်လာတယ်။ အဲဒါက ကိုလံဘီယာလုပ် သားရေအိတ်များဟာ အရည်အသွေး
ညံ့ဖျင်းပြီး ဈေးအလွန်ကြီး တယ် ဆိုတဲ့အဖြေပဲ..
ဒီတော့ ကုမ္ပဏီက ဒီချို့ယွင်းချက်ကို ကုစားနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ ကိုလံဘီယာဘက်ကို
ပြန်လှည့်ပြီး စုံစမ်းမှုလုပ်ရတယ်။ သားရေအိတ် လုပ်ငန်းရှင်များအား `ခင်ဗျားတို့ပစ္စည်းက
ကွာလတီမမီဘူးဗျာ။ ဈေးကျတော့ များနေတယ်။ အဲဒါ ဘာကြောင့်လဲ .. မေးတဲ့အခါ
`အဲဒါ ကျနော်တို့အပြစ် မဟုတ်ဘူးဗျ´ လို့ ဖြေကြတယ်။ `အဲဒါ သားရေလုပ်ငန်းရှင်တွေကြောင့်
ဖြစ်တာဗျ။ သူတို့ သားရေတွေက တော်တော်ညံ့တယ်။ အာဂျင်တီးနားသားရေတွေဆိုရင်
သိပ်ကောင်းတယ်။ ဒါပေမဲ့ အစိုးရက ပြည်တွင်းသားရေလုပ်ငန်းကို အကာကွယ်ပေးတဲ့အနေနဲ့
ပြည်ပသားရေတွေ သွင်းကုန်ခွန် အများကြီးကောက်တော့ ကျနော်တို့ မ၀ယ်နိုင်တော့ဘူး .. ဒီတော့
ပြည်တွင်းဖြစ် သားရေညံ့ကိုပဲ မတန်တဆဈေးပေးပြီး သုံးနေရတော့ ဒီလောက်ပဲ လုပ်နိုင်တာပေါ့ဗျာ´ ..
လို့ ထောက်ပြကြတယ်။
သို့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သားရေလုပ်ငန်းရှင်တွေဆီ သွားတယ်။ သူတို့ကိုမေးတော့ သူတို့ကလည်း
မဆိုင်းမတွပဲ `ကျနော်တို့ အပြစ်မဟုတ်ဘူးဗျ´ လို့ ဆိုတယ်။ ဘယ်သူ့အပြစ်လဲဆိုတော့ သားသတ်ရုံများနဲ့
ဆိုင်တယ် တဲ့။ `သားသတ်လုပ်ငန်းရှင်တွေက အသားကရတဲ့အမြတ်ကိုပဲ အဓိကထားကြတော့
သားရေခွာတဲ့အခါ ဂရုမစိုက်ကြဘူး။ ဒီတော့ အနာအဆာ အပွန်းအပဲ့များတယ်။ ကျနော်တို့ သားရေနယ်
သမားတွေက သူတို့ဆီကရတဲ့ သာရေးနဲ့ပဲ အလုပ်လုပ်ရတာ´ လို့ ရှင်းပြတယ်။
ကိုင်း ..ဒါဖြင့် သားသတ်ရုံတွေဆီ သွားကြစို့ ဆိုပြီး သားသတ်သမားတွေကို မေးတော့ `သားရေခွာတဲ့
အလုပ်လောက်တော့ ကျုပ်တို့ကောင်းကောင်း လုပ်တတ်တာပေါ့ဗျာ။ ခုဟာက ကျုပ်တို့အပြစ် မဟုတ်ဘူး။
ခြံရှင်တွေကြောင့် ဖြစ်ရတာ´လို့ ပြန်ဖြေကြတယ်။ `ခြံရှင်တွေက နွားသူခိုးကိုကြောက်တော့ သူတို့နွားတွေမှာ
တံဆိပ်နှိပ်ကြတယ်။ သံနဲ့လုပ်တဲ့ ခြံတံဆိပ်တုံးကို မီးရဲရဲဖုတ်ပြိး နွားအရေပြားမှာ ကပ်တာပေါ့ဗျာ။
နွားသူခိုးတွေက နွားမှာပါတဲ့ အသားတံဆိပ်ကို ဆင်တူယိုးမှား နောက်ထပ်တံဆိပ်တခု ထပ်နှိပ်ပြီး
ပုံဖျက်တတ်တယ်။ အဲဒီတော့ အလွယ်တကူမလုပ်နိုင်အောင် ခြံရှင်တွေက သူတို့နွားတွေကို အသားတံဆိပ်တွေ တစ်ခုထက်မကနှိပ်ကြတော့ အရေပြား ပျက်စီးတာပေါ့ဗျာ´ လို့ ရှင်းပြကြတယ်။
သို့နှင့် စုံစမ်းရေးအဖွဲ့က ခြံရှင်တွေဆီ သွားကြပြန်တယ် .. ပြဿနာက သူတို့ဆီမှာ လက်စသတ်လိမ့်မယ်လို့ ယုံကြည်ပြီးတော့ပေါ့ဗျာ။ သူတို့မှာ နောက်ထပ်လွှဲချစရာ လူမှ မကျန်တော့ဘဲ ..။ ဒါပေမဲ့ ခြံရှင်တွေကလည်း
`ကျနော်တို့ အပြစ်မဟုတ်ပါဘူးဗျာ´ လို့ ဆိုကြပြန်တယ်။ ဟ .. ဒါဖြင့် ဘယ်သူ့အပြစ်တုန်း လို့ မေးတော့
`ဘယ်သူဖြစ်မတုန်း .. နွားတွေပေါ့ဗျာ´ တဲ့။ နွားတွေက စဉ်းစားဥာဏ်မရှိ၊ ကိုယ့်အရေပြား ပျက်ဆီးမှာ ..
ဒီကဆက်ပြီး ကိုလံဘီယာ သားရေထည်လုပ်ငန်း ကြီး ထိခိုက်မှာတွေ သူတို့မသိဘူးလေ.. အဲဒီတော့
မှက်ကိုက်လို့ ယားတဲ့အခါတိုင်း နွားခြံ သံဆူးကြိုးကို နာနာ တိုးကြတယ်။ အဲဒီအခါ သူတို့အရေးပြားမှာ အနာတွေ ဖြစ်ကြတာပေါ့ဗျာ။ ဒါကို သူတို့လည်း ဘာမှမတတ်နိုင် ဘူး လို့လည်း ဆိုကြတယ်။
ခုတော့ စုံစမ်းစစ်ဆေးရေးလုပ်ခဲ့တဲ့ သုတေသနကုမ္ပဏီလည်း တိတိကျကျဖေါ်ပြစရာ အကြောင်းရင်းကို
သိသွားပါပြီ။
“ကိုလံဘီယာ သားရေလုပ်ငန်းကြိး မအောင်မြင်ရခြင်းသည် ကိုလံဘီယာက နွားတွေ
ဥာဏ်နည်းခြင်းကြောင့် ဖြစ်သည်။” ဆိုတဲ့အဖြေ ထုတ်ပေးခဲ့တယ်။ သို့သော် နွားတွေကို
ဥာဏ်ရှိလာအောင် လုပ်ဆောင်ရန် နည်းလမ်းကိုတော့ သူတို့လည်း ရှာမပေးနိုင်ခဲ့ဘူး။
*******************************
ဒီပုံပြင်ကတော့ ဆရာဖေမြင့်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးဖူးတာကိုမှတ်မှိသလောက် ပြန်ရေးထားတာ
ဖြစ်တယ်။ ဘာရယ်လို့ မဟုတ်ပါဘူး။ အဓိကပြောချင်တာက အစိုးရ ကောက်သမျှအခွန်တွေကို ပြည့်ပြည့်၀၀
ပေးဆောင်သူတိုင်း အစိုးရမဟုတ်တာလုပ်ရင် မညှာမတာဝေဖန်ဖို့ အခွင့်အရေး ရှိပါတယ်။ ကိုယ့်အပေါ်ကို
လက်လွတ်စပယ် ဆဲဆိုပုတ်ခတ်တာမျိုးမဟုတ်ဘဲ အကျိုးသင့်အကြောင်းသင့် ဝေဖန်တာမျိုးကိုတော့
ဘာလို့ဝေဖန်သလဲ၊ ကိုယ့်ဘက်က ဘယ်လိုပြုပြင်ရမလဲဆိုတာကို အရင်မစဉ်းစားဘဲ ဝေဖန်သူကို အရေးယူမယ်ဆိုရင်တော့ ပြည်သူတွေ အခွန်မပေးဘဲနေတာ အကောင်းဆုံးပဲဖြစ်လိမ့်မယ်။ ဘယ်သူမဆို
ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ အရင်ဆုံး စိတ်မကူးဘဲ အပြစ်တင်စရာလူ ရှာမရရင် နွားကိုအပြစ်ပုံချမယ် ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့တော့ ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးမှ တိုးတက်လာစရာ အကြောင်းမရှိလို့ ကောက်ချက်ချပါတယ် ။
ဦးဦး မှော်ဆရာ
(၁၇-၁-၂၀၁၃)
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
-----------o00o-- (_)--o00o------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
------------ooo0---------------------------------
( ) 0ooo
\ ( ( )
0 comments:
Post a Comment