Wednesday, January 23, 2013

ရှက်တတ်လျှင် လဲသေဘို့ကောင်းသော လွှတ်တော်အမတ်များ နှင့် သမတ ဦးသိန်းစိန်



အရှက်နှင့် ဂုဏ်သိက္ခာကို တန်ဘိုးမထားသော ပုဂ္ဂိုလ်များအား ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တခုရှိသည်။ ရှက်တတ်ရင် လဲသေဘို့ကောင်းသကွာ ဟူ၍ ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များနှင့် သမတ ဦးသိန်းစိန် တို့ အတွက် မှန်နေသလိုရှိသည်။ အဘယ်ကြောင့်နည်း။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟု ကတိသစ္စာပြုထားကြသော အမတ်မင်းများသည် ၄င်းတို့ ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကို ချိုးဖေါက်နေသောကြောင့်ဖြစ်သည်။
"နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" အား သမတ၏ သဘောထား နှင့် ဆန့်ကျင်ကာ လွှတ်တော်က အတည်ပြုလိုက်ရာ မကြေနပ်သော သမတဦးသိန်းစိန်က ထောက်ပြသည့်အချက် များ အနက် အဓိက အကျဆုံး အောက်ပါပြဌာန်းချက် နှစ်ရပ်ကို နိုင်းယှဉ်လေ့လာ ကြည့်ပါ။
            -------------------------------------------------------------------------------
 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၂၁) ။    "နိုင်ငံတော် သမတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည့်သူ့လတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး စုစုပေါင်း ကိုးဦး အမည်စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး အမည်ကို လည်းကောင်း၊ ပြည်ထောင်စုလတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက်ရယူမည်"
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၆။   နိုင်ငံတော်သမတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လတ်တော်ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား တ်တော်ဥက္ကဌက ရွေးချယ်ထား သည့် အဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ရွေးချယ်ထားသည့် အဖွဲ့ဝင် ကိုးဦးအမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့ အနက် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့တ်တော်ဥက္ကဌ၊ အမျိုးသားတ်တော် ဥက္ကဌတို့နှင့် ညိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင်တစ်ဦးအမည်ကိုလည်းကောင်း ပြည်ထောင်စုတ်တော်သို့ တင်သွင်းပြီး သဘောတူညီ ချက် ရယူမည်။
            --------------------------------------------------------------------------
ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ သမတ တဦးတည်း၏ သဘောနှင့် ခုံရုံးဥက္ကဌ တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်ကို အမည်စာရင်း တင် သွင်းခွင့် ရှိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင်မူ ပြည်သူ့တ်တော်ဥက္ကဌ၊ အမျိုးသား တ်တော် ဥက္ကဌတို့နှင့် ညိနှိုင်းပြီးမှ တင်သွင်းခွင့်ရှိသည်။ လုံးဝပင်ကွဲပြားခြားနားနေကြောင်း၊ ခုံရုံးဥပဒေသည် ဖွဲ့စည်းပုံကို အတိအကျဆန့်ကျင်လျှက်ရှိကြောင်း လယ်ပြင်တွင် ဆင်သွား သလို ထင်ရှားလှ သည်။ ဥပဒေပညာ တတ်ရန်မလို။ မြန်မာစာ ဖတ်တတ်သူတိုင်းပင် နားလည်နိုင်သည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်နေ၀င်းဦးဆောင်၍ ၁၉၇၄ ဖွဲ့စည်းပုံကို ပြဌာန်းကျင့်သုံးခဲ့စဉ်ကပင် ဤမျှ အရုပ်ဆိုး အကျည်းတန်သော ဥပဒေ တိမ်းစောင်းမှုမျိုး မည်သည့်အခါကမျှ မဖြစ်ခဲ့။ ၁၉၇၄ ဖွဲ့စည်းပုံပါ ပြဌာန်း ချက် ကို အတိအကျ ဆန့်ကျင်ထားသည့် မည်သည့် အခြားဥပဒေတရပ်မှ မပေါ်ထွက်ခဲ့။ ယခုမူ စစ်အာဏာရှင် ဟောင်း သစ်များနှင့် လိုလားသူများသည် ၄င်းတို့ပြဌာန်းထားသည့်ဖွဲ့စည်းပုံကို ၄င်းတို့ကိုယ်တိုင်ပင် မလိုက်နာ သဖြင့် ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ ကြည့်လျှင် ကမ်းကုန်အောင် အောက်တန်းကျသွားပါပြီ။ ဤတချက်တည်းနှင့်ပင် ခုံရုံးဥပဒေ ပြင်ဆင်ချက်ကို ပြဌာန်းကြသော လွှတ်တော်အမတ်များသည် ရှက် တတ် လျှင် လဲသေကြဘို့ ကောင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် လက်နှီးစုတ် တခုမျှလောက်ပင် တန်ဘိုး မရှိတော့ပါ။ မိမိပြဌာန်းထားသည့် ဖွဲ့စည်းပုံကို မိမိ မလိုက်နာ သော လွှတ်တော်သည်လည်း အလားတူပင်။
ဤကိစ္စကို သမတ ဦးသိန်းစိန် အဘယ်ကြောင့် လူသိရှင်ကြား ထုတ်ဖေါ်သနည်းဟူသည်မှာ စိတ်ဝင်စားဘွယ် ဖြစ်လာ သည်။ ယင်းနှင့်စပ်လျှဉ်း၍ စာရေးသူ၏ ဆွေးနွေးချက်ကို ဘီဘီစီ လင့်ခ်တွင် နားဆင်ပါ။ https://docs.google.com/file/d/0BzC8VZhwp11ASWtRTFZmMEVaYTg/edit
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမတ ဦးသိန်းစိန်အကြားတွင် ဥပဒေအရ ကစားရင်း ၂၀၀၈ ဖွဲ့စည်းပုံဘောင် အတွင်း အားလုံးရောက်လာကြရန် ကျုံးသွင်းနေသည် ဟု စာရေးသူက သုံးသပ်ခဲ့သည်။ အဘယ်ကြောင့်နည်း။
လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းကို သမတက လက်မှတ်မထိုးစေဦး၊ (၁၄) ရက်ပြည့်သည့် နေ့တွင် လက်မှတ်ထိုးသကဲ့သို့ ဥပဒေဖြစ်လာမည်။ ဦးသိန်းစိန်ဥက္ကဌ လုပ်လျှက်ရှိသော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်အတွင်း နေရာအများစုရထားပါလျှက် ၄င်းကို မထောက်ခံသောကြောင့် ဦးသိန်းစိန်၏ သဘောထားမှတ် ချက် ပယ်ချခံလိုက်ရသည်၊ လွှတ်တော်နှင့် သမတ အားပြိုင်ကြရာတွင် လွှတ်တော်ဘက်က အသာစီးရသွားသည်၊ လွှတ်တော်က လွှမ်းမိုးပြီး လက်စောင်းထက်၊ အာဏာပြနေသည်ဟု သုံးသပ်လျှင် မမှားပါ။ သို့သော် ဦးသိန်းစိန်လည်း မရှုံးပါ။
"ဖွဲ့စည်းပုံ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ပါ ပြဌာန်းချက်များသည် အခြေခံဥပဒေကို ဆန့်ကျင်နေသည် ဟု လူသိရှင်ကြားထောက်ပြလိုက်ခြင်းဖြင့် " အော် ဒီ သမတ ဟာ ဥပဒေပြုရေးလုပ်ငန်းစဉ်[i] ကို ရှင်းရှင်းလင်းလင်း[ii] ရှိ အောင် လုပ်ဆောင်သူဘဲ" ဟု လူထုက အထင်ကြီးသွားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း သိပါ လျှက် လွှတ်တော်အမတ်လူများစု ၏ သဘောထားကို လေးစား သောအားဖြင့် ဥပဒေအဖြစ် အတည်ပြုလက်မှတ် ထိုး လိုက်ရပါသည် ဆိုခြင်းဖြင့် " အော် ဒီ သမတ ဟာ ဒီမိုကရေစီ ကျင့်စဉ်ကိုလေးစားသူဘဲ" ဟု သိက္ခာတက်သွားနိုင် သည်။ "ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အရ ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူ တွေကို အစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံခုံရုံးရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။ " ဟု ၄င်းက ရှင်းပြခြင်းဖြင့် " အော် ဒီ သမတ ဟာ ဥပဒေစိုးမိုးရေးကို တကယ်တန်းလေးစားသူဘဲ" ဟု တန်ဘိုးထားသွားနိုင် သည်။ ယင်းအခြေအနေတွင် ဦးသိန်းစိန်သည်လည်း နိုင်ငံရေးအရ အမြတ်ထွက်သွားပါသည်။ လွှတ်တော်ရော သမတ ပါ နှစ်ဘက်လုံးနိုင်သည့်အခြေအနေ[iii] ဖန်တည်းထားခြင်း ဖြစ်သည်။
သို့ရာတွင် တချိန်တည်းလူထုအနေဖြင့် ရှင်းလင်းစွာစဉ်းစားနိုင်ပါက ဦးသိန်းစိန်သည်လည်း ရှက်တတ်လျှင် လဲသေ ဘို့ကောင်းသော သမတ သာဖြစ်ကြောင်း နားလည်နိုင်သည်။ လွှတ်တော်အမတ်လူများစု ၏ သဘောထားကိုလေးစား သောအားဖြင့် ဟူသည့် ဆင်ခြေမှာ ယုတ္တိမရှိပါ။ ကြိုတင်မဲများဖြင့် အနိုင်ယူထားသော အမတ်များ၊ လူထုကိုယ်စား လှယ် မဟုတ်သော စစ်သား အမတ်များ လွှမ်းမိုးထားသော လွှတ်တော်အတွင်းတွင် အများစု၏ သဘော ထားဟူသည် မှာ အနှစ်သာရ မရှိပါ။ ဥပဒေ ပြသနာ[iv] ကို ဒီမိုကရေစီဖြင့် မဲခွဲဆုံးဖြတ်၍မရပါ။  ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် နေ ကြောင်း တိတိ ကျကျသိပါလျှက် ဥပဒေအဖြစ် လက်မှတ်ရေးထိုးပေးလိုက်ခြင်းအားဖြင့် ဦးသိန်းစိန်ကိုယ် တိုင် ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖေါက်သူ ဖြစ်သည်။ လက်မှတ်မထိုးဘဲ တင်းမာစွာ ရပ်ခံနေလျှင် ခုံရုံးတရားသူကြီး ကိုးဦးကဲ့သို့ စွပ်စွဲပြစ်တင်ခံရပြီး သမတ ရာထူးတာဝန်မှ ပြုတ်သွားနိုင်သောကြောင့် လက်မှတ်ထိုးလိုက်ရခြင်း ဖြစ်သည်။
" ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူ တွေကို အစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံခုံရုံး ရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။" ဟု ဦးသိန်းစိန်က ပြောသွားသည်။ အစီရင်ခံစာ တင်သွင်း ရမည်ဟူသည့် ပြဌာန်းချက်ကို ပြန်ဖြုတ် လိုက်ရုံမျှနှင့် ဖွဲ့စည်းပုံခုံရုံးတွင် လွတ်လပ်စွာတရားစီရင်ပိုင်ခွင့် ပြန်လည်ရရှိ တော့မလိုလို လူထုအား ယုံမှားစေသည်။ ၂၀၀၈ ဖွဲ့စည်းပုံတခုလုံးတွင် လွတ်လပ်စွာတရားစီရင်ရေးသည် အခြေခံ အားဖြင့်ပင် ကင်းမဲ့နေသည်။ အသေးစိပ်များကို ခေတ္တထားပါဦး။ အဓိကအားဖြင့် နှစ်ချက်ကို ကြည့်ရန်ဖြစ်သည်။ တရားသူကြီးများကို ဘယ်လိုခန့်အပ်သလဲ၊ တရားသူကြီးတွေရဲ့ရာထူးနေရာ တည်မြဲမှုကို အာမခံတဲ့ ပြဌာန်းချက် ပါရဲ့ လား ဟူ၍ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဤနှစ်ချက်စလုံးတွင် လစ်ဟာနေသည်။ ဘီဘီစီ တွင် ဆွေးနွေးချက်ကို ဤ လင့်ခ်တွင် နားဆင်နိုင်ပါသည်။ https://docs.google.com/file/d/0BzC8VZhwp11AVHZPSVplaTBNbm8/edit
စစ်ဘက်ဆိုင်ရာတရားရုံးများ သီးခြားဖွဲ့စည်းမှုကို ထည့်သွင်းပြဌာန်းထားသော အခါ တရားစီရင်ရေး လွတ်လပ်မှုသည် သုညအောက် အနုတ်လက္ခဏာအထိ ကျဆင်းသွားခဲ့ပြီ။ သီးခြားဖြစ်သော စစ်ဘက် ဆိုင်ရာ တရားရုံးတွင် အယူခံစီရင် ပိုင်ခွင့်အာဏာ ရယူထား သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တပ်ကို ဦးဆောင်ကာ မည်မျှ ပြင်းထန် သောပြစ်မှုကြီးများကျူးလွန်စေဦး၊ ၄င်းကို မည်သည့်တရားရုံးကမျှအရေးမယူနိုင်။၂၀၀၈ဖွဲ့စည်းပုံအောက်တွင်၎င်းသည် ဥပဒေ၏ အထက် ရောက်လျှက်ရှိသည်။ ဤသည်ကို ရှင်းရှင်းကြီး သိပါလျှက် တရား စီရင်ရေးလွတ်လပ်မှုကို လူထု ယုံမှားအောင် ပြောနေသော ဦးသိန်းစိန် သည် ကိုယ့်သိက္ခာကိုယ် ရှက်ဘို့ ကောင်းပါသည်။

      အောင်ထူး (ရှေ့နေ)
 (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး) 
 ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ  ၂၃ ရက်


[i] Law making process
[ii] Transparency
[iii] Win Win situation
[iv] Legal issue

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...