ေ ပ် ာ က် ဆုံး သွား တဲ့ လ က် စွ ပ်
by Aung Yin Nyein on Tuesday, January 8, 2013 at 3:33am
လူမှု အကြံပေးနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးသူတစ်ယောက် အဖြစ် လူတွေကို တွေ့ဆုံခဲ့ရတဲ့ကာလတွေတုန်းက ကင်ဆာရောဂါကြောင့် ကိုယ်ခန္ဓာမှာ အပေါက်ရာတွေ ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ဆီ တစ်ပတ်နှစ်ကြိမ် ကျွန်တော် သွားရလေ့ရှိပါတယ်။ သူဟာ အသက် ၄၀ သက်လတ်ပိုင်း အရွယ်လောက်တုန်းက ကျောင်းဆရာမတစ်ယောက် ဖြစ်ခဲ့ပြီး အသက်ဆက်ရှင်ဖို့ လ အနည်းငယ်ထက်ပိုပြီး အချိန်မရနိုင်တော့ဘူးလို့ ဆရာဝန်တွေက အတည်ပြု ပြောထားခဲ့ပြီးပါပြီ။
သူ့ဆီ အလည်သွားဖြစ်တဲ့အခါ တစ်ခါတလေသာ စကားနည်းနည်းပါးပါး ပြောဖြစ်ကြပြီး အများအားဖြင့်တော့ ကျွန်တော်တို့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်နဲ့ အတူထိုင်နေဖြစ်ကြတာ များပါတယ်။ သူဟာ ကျောင်းဆရာမတစ်ယောက်အဖြစ် အလုပ်တာဝန်တွေ ဖိစီးရှုပ်ထွေးနေတဲ့ ဘ၀မှာ တုန်းက သူ့ဖြစ်တည်မှု သူ မသိမမြင် ၊ နားမလည်နိုင်ခဲ့သူ တစ်ယောက်ပါ။
ကျွန်တော်တို့ ဘာစကားမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေဖြစ်တဲ့ အချိန်တွေမှာတော့ သူ့ အဇ္ဈတ္တထဲက တိတ်ဆိတ်ငြိမ် သက်မှုကို ပထမဦးဆုံးအကြိမ် ပြန်မြင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာ သူ အရမ်း ၀မ်းနည်းစိတ်မကောင်းဖြစ်ပြီး ဒေါသတွေ ထွက်နေတာ တွေ့ခဲ့ရပါတယ်။
" ဘာ ဖြစ်လို့လဲ " လို့ ကျွန်တော် မေးလိုက်တယ်။
ငွေကြေးတန်ဖိုးအရရော စိတ်ခံစားမှု တန်ဖိုးပါ မြင့်မားတဲ့ သူ့ စိန်လက်စွပ် ပျောက်သွားလို့တဲ့။
သူ့ကို ပြုစုစောင့်ရှောက်ဖို့ အိမ်ကို နာရီပိုင်းလောက် နေ့စဉ်လာရတဲ့ မိန်းမ၊ အဲဒီ လက်စွပ်ကို ခိုးသွားတာ သေချာတယ်လို့ သူက ပြောပါတယ်။ သူ့ကို အဲဒီလို လုပ်ရလောက်အောင် လူတွေ အကြင်နာတရား ကင်းမဲ့ ရက်စက်ကြတာကို နားမလည်နိုင်ဘူးလို့လည်း ပြောပါတယ်။ စိန်လက်စွပ် ခိုးသွားတဲ့ အမျိုးသမီးကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းသင့်သလား၊ ဒါမှ မဟုတ် ရဲကို ချက်ချင်း ခေါ်လိုက်တာ ပိုကောင်းမလား လို့လည်း ကျွန်တော့်ကို မေးပါတယ်။
သူ ဘာလုပ်ရမယ် ဆိုတာ ပြောမပြနိုင်ပါဘူးလို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
ဒါပေမဲ့ သူ့ဘ၀ သေဆုံးခါနီးအချိန်မျိုးမှာ စိန်လက်စွပ်တစ်ကွင်း၊ဒါမှမဟုတ် တခြားအရာတွေက ဘယ်လောက် အရေးပါ မပါ ဆန်းစစ်ဆင်ခြင်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
" ရှင် နားမလည်ပါဘူး " လို့ သူက ပြန်ပြောတယ်။
" အဲဒါ ကျွန်မ အဘွားရဲ့ လက်စွပ်။ ကျွန်မ နေမကောင်း ဖြစ်နေတဲ့ အချိန်တွေနဲ့ လက်ချောင်းတွေ အရမ်း တုတ်နေတဲ့ အချိန်တွေမှာတောင် အဲဒီ လက်စွပ်ကို နေ့တိုင်း မချွတ်တမ်း ၀တ်ထားလေ့ ရှိတယ်။ အဲဒါက ကျွန်မအတွက် လက်စွပ်တစ်ကွင်းဆိုတာထက် ပိုတယ်။ စိတ်မကောင်း မဖြစ်ဘဲ ဘယ်နေနိုင်ပါ့မလဲ "
သူ့ တုံ့ပြန်ပုံ လျင်မြန်မှု၊ အမျက်ဒေါသနဲ့ သူ့ အမြင် သူ ကာကွယ်မှုတွေက အဖြစ်အပျက်ကို စူးစမ်းဆင်ခြင်ဖို့၊ သူ့ တုံ့ပြန်မှုတွေကို ဆန်းစစ်ပြီး သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း ပြန်မြင်နိုင်ဖို့ လက်တွေ့ ပစ္စုပ္ပန်ကျကျ မလုပ်နိုင်သေးဘူးဆိုတဲ့ အသွင်လက္ခဏာတွေပါပဲ။ သူ့ အမျက်ဒေါသနဲ့ သူ့ ကိုယ်သူ ကာကွယ်မှုတွေက သူ့ အစ္ဇျတ္တထဲက အီဂို စကားပြောနေတယ် ဆိုတဲ့ သင်္ကေတတွေ။
###
" ကျွန်တော် ခင်ဗျားကို မေးခွန်းနည်းနည်း မေးကြည့်မယ်။ ဒါပေမဲ့ မေးခွန်းတွေကို အခု ချက်ချင်း ဖြေမယ့်အစား ခင်ဗျား အစ္ဇျတ္တထဲက အဖြေကို ရှာတွေ့နိုင်ဖို့ပဲ သတိနဲ့ စောင့်ကြည့်စေချင်တယ်။ မေးခွန်းတစ်ခု ပြီးတိုင်း ကျွန်တော် ခဏ ရပ်ထားပေးမယ်။ အဖြေ တစ်ခုခု ပေါ်လာရင် ခင်ဗျားစကားလုံးတွေနဲ့ ပြန်ပြောပြဖို့ မလိုပါဘူး "
လို့ ကျွန်တော် ပြောလိုက်တယ်။
သူက မေးခွန်းတွေကို နားထောင်ဖို့ အဆင်သင့်ပဲလို့ ပြန်ပြောပါတယ်။
" တစ်နေ့နေ့ တစ်ချိန်ချိန် သိပ်မကြာခင်ပေါ့ဗျာ။ ခင်ဗျားအဲဒီ လက်စွပ်ကို အပြီးအပိုင် စွန့်လွှတ်ချန်ထားခဲ့ရမယ်ဆိုတာ သိသလား။ အဲဒါကို ချန်ထားခဲ့ဖို့ စိတ်အဆင်သင့် မဖြစ်သေးခင် ခင်ဗျား အချိန် ဘယ်လောက် လိုအပ်ဦးမလဲ။ အဲဒါကို စွန့်လွှတ်ချန်ထားခဲ့ရလို့ရော ခင်ဗျား ထိခိုက်လျော့နည်းသွားမှာလား။ အဲဒီ လက်စွပ်ကို ဆုံးရှုံးလိုက်ရတာကြောင့် ခင်ဗျား ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ ဖြစ်တည်မှု ထိခိုက်လျော့နည်း သွားမှာလား "
အဲဒီလို ကျွန်တော် မေးလိုက်တယ်။
နောက်ဆုံးမေးခွန်း အပြီးမှာ မိနစ်အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။
စကား စပြန်ပြောတဲ့ အချိန် သူ့ မျက်နှာပေါ်မှာ အေးချမ်းတဲ့ အပြုးတစ်ခု။ သူ စိတ်ငြိမ်းချမ်းမှု တစ်ခုခု ရသွားပုံ ပေါ်ပါတယ်။
" နောက်ဆုံးမေးခွန်းက ကျွန်မကို အရေးကြီးတာ တစ်ခုခု သိမြင်နားလည်သွားစေတယ်။ ပထမတော့ အဖြေတစ်ခုရဖို့ ကျွန်မ စဉ်းစားလိုက်မိသေးတယ်။ ဟုတ်တယ်... မင်း ထိခိုက်လျော့နည်း သွားမှာပဲလို့ ကျွန်မစိတ်က ပြောတယ်။ အဲဒီနောက် ကျွန်မကိုယ် ကျွန်မ မေးခွန်း ပြန်မေးတယ်။ ငါ ဘယ်သူဘယ်ဝါပဲ ဆိုတဲ့ ဖြစ်တည်မှု ထိခိုက်လျော့နည်းသွားမှာလား။ အဲဒီ တစ်ကြိမ်မှာ အဖြေကို စဉ်းစားဖို့ထက် ကိုယ့်ကိုယ်ကိုယ် ပြန်သိနေတဲ့ အဖြစ်ကို အာရုံခံစားဖို့ပဲ ကျွန်မ ကြိုးစားမိတယ်။ ရုတ်တရက် ကျွန်မရဲ့ ကျွန်မ ဖြစ်တည်မှု ( I am-ness ) ကို ခံစားလိုက်ရတယ်။ကျွန်မ ဖြစ်တည်နေတယ် ဆိုတာကို အသေအချာ အခိုင်အမာ သိမြင်ခံစားနိုင်တယ်။ ကျွန်မ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ လုံးဝ ထိခိုက်လျော့နည်း မသွားဘူး။ အဲဒါကို ကျွန်မ အခုအချိန်အထိ ခံစားနေရတုန်းပဲ။ စိတ်ထဲမှာ တစ်ခုခု ငြိမ်းချမ်းသွားတယ်။ ဒါပေမဲ့ ကျွန်မ အသက်ဝင် တက်ကြွ ရှင်သန်နေတယ် "
" အဲဒါ ဖြစ်တည်မှုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပျော်ရွှင်မှုပဲ "
လို့ ကျွန်တော် ပြောလိုက်တယ်။
" ခင်ဗျား ခေါင်းထဲကနေ ခင်ဗျား ပြန်ထွက်လိုက်တဲ့ အခါ ၊ ဆိုလိုတာက ဘာမှ မစဉ်းစားဘဲ စဉ်းစားဆင်ခြင်မှုကနေ လွတ်ကင်းနေတဲ့ အခိုက်အတန့်မှာ ခင်ဗျားရဲ့ ဖြစ်တည်မှုကို ခင်ဗျားပြန်ခံစားနိုင်တယ်။ အဲဒါကို စဉ်းစားတွေးတော ခြင်းအားဖြင့် မရနိုင်ဘူး။ အီဂိုက အဲဒီ အကြောင်းကို မသိဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်တည်မှုထဲမှာ တွေးတော ဆင်ခြင်မှု မပါလို့ပဲ။ စိန်လက်စွပ်ဟာ ခင်ဗျား ခေါင်းထဲမှာ အတွေးတစ်ခု အဖြစ် ရှိနေတယ်။ အဲဒီ အတွေးနဲ့ ငါ ရှိနေတယ် ဆိုတဲ့ အသိနဲ့ ခင်ဗျား ရောထွေးနေတယ်။ ငါ ဖြစ်တည်မှု ဒါမှမဟုတ် အဲဒါရဲ့ အစိတ်အပိုင်းဟာ စိတ်ထဲက လက်စွပ်ထဲမှာ ရှိနေ ဖြစ်နေတယ်လို့ ခင်ဗျား တွေးနေမိတယ်။
" အီဂိုက ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြု ရှာဖွေထားသမျှနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် စွဲလမ်းတွယ်တာမှု မှန်သမျှဟာ ပကတိဖြစ်တည်မှုကို အစားထိုးထားတဲ့ အရာတွေချည်းပဲ။ အဲဒါတွေကြောင့်ပဲ ကိုယ့် ဖြစ်တည်မှု ကိုယ် မခံစားနိုင်တော့တာ။ ရုပ်ဝတ္ထုပစ္စည်းတွေကို ခင်ဗျား တန်ဖိုးထားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကို စွဲလမ်းတွယ်ငြိမိတဲ့ အခါတိုင်း အဲဒါ အီဂိုပဲဆိုတာ ခင်ဗျား သိထားရလိမ့်မယ်။ ငါ၊ ငါ့ကို ၊ ငါ့ဥစ္စာဆိုတဲ့ အတွေးမပါဘဲ အရာဝတ္ထုတစ်ခုကို ခင်ဗျား စွဲလမ်းတပ်မက်မှု မဖြစ်ပါဘူး။ ဆုံးရှုံးမှုကို အပြည့်အ၀ လက်ခံနိုင်တဲ့အခါ ခင်ဗျားဟာ ခင်ဗျား ဘယ်သူဘယ်ဝါဆိုတာနဲ့ အီဂိုရဲ့ အလွန်ကို ရောက်သွားပြီး ကိုယ့်ဖြစ်တည်မှုကို သိစိတ်သက်သက်ပဲ ဖြစ်ပေါ်လာတော့တယ် "
" မင်း တီရှပ်ကို တစ်ယောက်ယောက်က ယူသွားရင် ကုတ်အကျီ င်္ ကိုလည်း ပေးလိုက်ပါ ဆိုတဲ့ စကားကို အရင်တုန်းက ကျွန်မ သိပ် နားမလည်ခဲ့ဘူး။ အခု ကျွန်မ အဲဒါကို သိပြီ "
" သိပ်မှန်တာပေါ့ " လို့ ကျွန်တော် ပြောလိုက်တယ်။
" အဲဒါက ခင်ဗျားရဲ့ အိမ်တံခါးတွေကို သော့မခတ်ဘဲ ဖွင့်ထားသင့်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ အရာဝတ္ထုပစ္စည်းတွေကို စွန့်လွှတ်ဆုံးရှုံးခံလိုက်တာက အဲဒါတွေကို စွဲလမ်းဆုပ်ကိုင်ထားတာထက် စိတ်ခွန်အား ပိုကြီးမားတဲ့ မနောကံ အပြူအမူ ဖြစ်တယ်လို့ပဲ ဆိုလိုတာပါ "
###
လူ့ဘ၀ရဲ့ နောက်ဆုံး သီတင်းပတ်တွေမှာ သူ့ ကိုယ်ခန္ဓာဟာ ပို အားနည်းဖြူဖျော့လာပါတယ်။ ဒါပေမဲ့ အလင်းရောင်ဟာ သူ့ ကိုယ်ခန္ဓာထဲကနေ ထွန်းလင်းတောက်ပနေသလိုပဲ၊ သူဟာ စိတ်ရောကိုယ်ပါ ပိုပိုပြီး ပျော်ရွှင်တောက်ပလာပါတယ်။ ပိုင်ဆိုင်မှု အများအပြားကို တခြားသူတွေဆီ ပေးကမ်းစွန့်ကြဲပစ်လိုက်ပြီး စိန်လက်စွပ်ကို ခိုးယူသွားတယ်လို့ သူ ထင်ခဲ့တဲ့ အမျိုးသမီးကိုလည်း ပိုင်ဆိုင်မှု တချို့ ပေးလိုက်ပါတယ်။
အဲဒီလို ပေးကမ်းစွန့်ကြဲလိုက်တဲ့ ပစ္စည်းတွေနဲ့ အမျှ သူ့ ပျော်ရွှင်ကျေနပ်မှုဟာ ပိုမို နက်ရှိုင်းလာပါတယ်။
သူ ကွယ်လွန်သွားပြီဆိုတာ အသိပေးဖို့ ကျွန်တော့်ဆီ သူ့အမေ ဖုန်းဆက်လာတော့ သူ သေဆုံးသွားပြီးတဲ့နောက် ရေချိုးခန်းထဲက ဆေးသေတ္တာထဲမှာ စိန်လက်စွပ်ကို ရှာတွေ့တဲ့ အကြောင်းလည်း ပြောပြခဲ့ပါတယ်။
ဟို အမျိုးသမီးက လက်စွပ်ကို ပြန်လာထားသွားတာပဲလား၊ ဒါမှမဟုတ် အဲဒီနေရာမှာပဲ အဲဒီလက်စွပ် တစ်ချိန်လုံး ရှိနေခဲ့တာလား ဆိုတာ ဘယ်သူမှ အတိအကျ အသေအချာ သိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ဘ၀အတွေ့အကြုံမှန်သမျှဟာ ခင်ဗျားရဲ့ အသိစိတ် ဆင့်ကဲတိုးတက် ပြောင်းလဲမှုအတွက် အသုံးအ၀င်ဆုံး ဖြစ်တယ်ဆိုတာ ဘ၀က ခင်ဗျားကို သင်ကြားပေးပါလိမ့်မယ်။ ဒါပေမဲ့ ဘ၀အတွေ့အကြုံဆိုတာ အဲဒီ အခိုက်အတန့်မှာ မျက်မှောက် ကြုံတွေ့နေရတဲ့ အရာမျိုးဆိုတော့ အဲဒါဟာ ခင်ဗျား လိုအပ်တဲ့ အတွေ့အကြုံ ဖြစ်တယ်ဆိုတာ ဘယ်လို သိနိုင်ပါ့မလဲ။
ကိုယ့် ပိုင်ဆိုင်မှုတွေအတွက် ဂုဏ်မောက်ဝင့်ကြွားတာ ၊ ဒါမှမဟုတ် ခင်ဗျားထက် ပစ္စည်းဥစ္စာ ပိုရှိတဲ့ လူတွေကို မနာလိုဝန်တိုစိတ်နဲ့ မုန်းတီးဒေါသဖြစ်တာဟာ မှားယွင်းသလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
လူတွေကြားထဲ ထင်ရှားပေါ်လွင်ချင်တဲ့ စိတ်၊ ကိုယ့် ပိုင်ဆိုင်မှုအပေါ် ဂုဏ်ယူ ၀င့်ကြွား စိတ်၊ တခြားလူတွေ အမြင်က ကြည့်ရင် မြင်သာထင်ရှားနေတဲ့ အတ္တကြီးမားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှိန်ဖျော့မှုတွေဟာ အမှန်လည်း မဟုတ်၊ အမှားလို့လည်း မဆိုနိုင်ပါဘူး။ အဲဒါဟာ အီဂိုသာ ဖြစ်ပါတယ်။ အီဂိုဟာ အမှား မဟုတ်ဘဲ မသိစိတ် အခြေအနေ တစ်ရပ်သာ ဖြစ်ပါတယ်။
ခင်ဗျားရဲ့ မသိစိတ်ထဲက အီဂိုကို ရှာတွေ့ပြီဆိုရင် အဲဒီ အခြေအနေဟာ အီဂိုကို လွန်မြောက်သွားဖို့ လမ်းစတွေ့တာပါပဲ။ အီဂိုကို အရမ်း အလေးအနက်ကြီးလည်း ထားမနေပါနဲ့။ ခင်ဗျားဆီမှာ အီဂိုဆန်တဲ့ အပြုအမူကို ရှာတွေ့ပြီဆိုရင် ခင်ဗျားကိုယ် ခင်ဗျား ပြုံးလိုက်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ရယ်မောချင်တယ် ဆိုရင်လည်း ရယ်မောပစ်လိုက်နိုင်ပါတယ်။
အီဂိုဟာ ပုဂိုလ်ရေးမဟုတ်သလို ခင်ဗျား ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။
အီဂိုကို ခင်ဗျားရဲ့ ပုဂိုလ်ရေး ပြသနာလို့ ယူဆ စဉ်းစားမယ်ဆိုရင် အဲဒီ အတွေးကမှ ခင်ဗျားရဲ့ အီဂိုကို ပို ဖွံ့ဖြိုးကြီးထွားလာစေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
#ေ အာ င် ရ င် ငြိ မ်း
8th J a n u a r y , 2 0 1 3
ECKHART TOLLE ရဲ့
THE LOST RING ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။
0 comments:
Post a Comment