Monday, January 14, 2013

နောက်ကြောင်းပြန်မလှည့်ဖို့ အသေချာဆုံးသောနည်း [သွန်းနေစိုး]

by Thorn Nay Soe on Monday, January 7, 2013 at 11:30pm ·
 
ဒီစာစုကို ကိုးလိုးကန့်လန့် မေးခွန်း၂ခုနဲ့ အစပျိုးချင်ပါတယ်။

၁။ သင် ဒီမိုကရေစီစနစ်ကို ကြိုက်ပါသလား?
ကြိုက်တယ်ဆိုရင် ... ဘာဖြစ်လို့ ကြိုက်ရတာပါလဲ? 
၂။ အခု ကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးအင်အားစုတွေ ရှိကြတယ်ပေါ့။
အဲဒီအင်အားစုတွေရဲ့ ခေါင်းဆောင်ပိုင်း တစ်နည်းပြောရရင် ရှေ့တန်းရောက်နေတဲ့လူအားလုံးကို
သင် ယုံပါသလား? အယောက်တိုင်းကို ယုံပါသလား?


ဒီမေးခွန်းတွေနဲ့ ကျနော် တပ်ထားတဲ့ခေါင်းစဉ်နဲ့ ဘာဆိုင်လဲလို့ တွေးမယ်ဆိုရင်
ဆက်ရေးတာလေး တဆိတ်သည်းခံ ဖတ်သွားကြည့်စေလိုပါတယ်။

အရင်အစိုးရလက်ထက်ကတည်းက တော်တော်ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။
ဘာပဲဖြစ်ဖြစ် သူတို့ဟာ တရားဝင်အစိုးရ ... တဲ့။
အဲဒီခေတ်တုန်းက အဲဒီစကားကြားတော့ ကျနော်တို့ တော်တော် တိုက်ခိုက်ခဲ့ကြတယ်။
ဒါပေမဲ့ သူတို့ပြောတဲ့ထဲမှာ မြင်သာနေတဲ့အကြောင်းအရာတစ်ခုက
တရားဝင်ရပ်တည်နေရတဲ့ အစိုးရ အဖွဲ့ဖြစ်လို့ လုပ်ထုံးလုပ်နည်းတွေနဲ့ပဲ သွားရမယ်ဆိုတာပါပဲ။

အရင်ခေတ်က နိုင်ငံရေးသမားတွေကို အတင်းကာရော အရေးယူခဲ့တာရှိတယ်။
ဘယ်လို အရေးယူသလဲ? အရေးယူလို့ ရတဲ့ ပုဒ်မတွေရှိနေတာကိုး
ကျနော်ပြောတဲ့ လုပ်ထုံးလုပ်နည်းနဲ့သွားတယ်ဆိုတာ အဲဒါကို ပြောတာ။
လုပ်ပိုင်ခွင့်အရ သွားတယ်။ လုပ်ပိုင်ခွင့်ရဲ့ ဘောင်ကို ချဲ့ထွင်ခဲ့တာတော့ ရှိတာပေါ့။

ခုခေတ်မှာ လူပြောသူပြော အများဆုံးက
နောက်ကြောင်းပြန်လှည့်မယ့် အကြောင်း။
နောက်ကြောင်းပြန်လှည့်နိုင်စရာ ရှိတယ်၊ မရှိဘူး စသဖြင့် ပြောကြတယ်။
နောက်ကြောင်းပြန်လှည့်မလှည့်စေရပါဘူးလို့ ကတိပေးသူတွေက ပေးကြတယ်။

ကျနော်လည်းနောက်ကြောင်းပြန်လှည့်မှာ ကြောက်ပါတယ်။
ကျနော့်ကို ခုနိုင်ငံရေးအခြေအနေက နောက်ကြောင်းပြန်လှည့်နိုင်လားလို့ မေးရင်
နောက်ကြောင်းပြန်လှည့်နိုင်တယ်လို့ ချက်ချင်းဖြေမိလိမ့်မယ်။
ဘာဖြစ်လို့လဲ
နောက်ကြောင်းပြန်လှည့်နိုင်စရာ အခြေအနေတွေ ရေခံမြေခံတွေ ရှိနေတာကိုး။

ဘယ်လို အခြေအနေတွေလဲဆိုတာကို မရှင်းခင်
နောက်ကြောင်းပြန်လှည့်တယ်ဆိုတာ ဘာလဲလို့ အရင်စူးစမ်းကြည့်ကြမယ်။

နောက်ကြောင်းပြန်လှည့်တယ်ဆိုတာ ...
လွယ်လွယ်ပြောရရင်တော့ ခုလို လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီအရုဏ်ဦးကနေ
အာဏာရှင်စနစ်၊ တစ်သွေး တစ်သံ တစ်မိန့်အခြေအနေကို ပြန်ရောက်သွားမှာမျိုးကို ပြောတယ်လို့
ကျနော်နားလည်ပါတယ်။

အဲံဒီလို နောက်ကြောင်းပြန်လှည့်စရာ ရေခံမြေခံတွေလည်း ရှိနေတယ်လို့ ကျနော် အထက်မှာ ပြောခဲ့တယ်။
အဲဒီရေခံမြေခံတွေက ဘာတွေလဲ?

က။ တိုင်းပြည်အုပ်ချုပ်လည်ပတ်နေပုံစနစ်။
ခ။ တိုင်းသူပြည်သားများရဲ့ အခြေအနေ။
ဒါတွေဟာ နောက်ကြောင်းပြန်လှည့်နိုင်စရာ ရေခံမြေခံမှာ ရှိနေတယ်လို့ ကျနော်သုံးသပ်မိပါတယ်။

ကျနော်တို့ တိုင်းပြည်မှာ Intellectual နည်းလွန်းတယ်လို့ သုံးသပ်မိတယ်။
နောက်ပြီးတော့ လူပုဂ္ဂိုလ်ကိုးကွယ်မှု တအား များတယ်။
တစ်စုံတစ်ယောက်ရဲ့ လုပ်ရပ်ကို မဟုတ်ပဲ အဲဒီတစ်စုံတစ်ယောက်ကို အကြွင်းမဲ့ကိုးကွယ်ပစ်လိုက်တာ။
သူဘာလုပ်လုပ် ကောင်းနေတော့တာ။
ဒီလိုပဲ တစ်စုံတစ်ယောက်ကို မကောင်းမြင်ပြီဆိုလဲ လုပ်ရပ်ကို မကြည့်တောပဲ
သူဘာလုပ်လုပ် မကောင်းပြောနေတော့တာ။
အဲဒါတွေဟာ အာဏာရှင်စနစ်ဆီသွားဖို့ အရမ်းကောင်းတဲ့ ရေခံမြေခံလို့ ထင်ပါတယ်။

ကျနော် တစ်ခါက Post တစ်ခု ရေးခဲ့ဘူးပါတယ်။
ကျနော်တို့ဆီမှာ ဦးနေ၀င်းလို အာဏာရှင်တွေ ဘာလို့ သက်ဆိုးရှည်ခဲ့သလဲ? မင်းမူနိုင်ခဲ့သလဲ?
နယ်ချဲ့ အင်္ဂလိပ်ကြောင့်ဖြစ်တယ်။
နယ်ချဲ့ အင်္ဂလိပ်က မြန်မာပြည်ကို နယ်ချဲ့လို့ရအောင်

- ဗျူရိုကရေစီယန္တယားနဲ့
- ကိုလိုနီဥပဒေ
ဆိုတဲ့ အုပ်မြစ်ကြီးနှစ်ခု အခိုင်အမာချခဲ့တယ်။

ဒီအုပ်မြစ်အခိုင်ပေါ်မှာ အာဏာရှင်တွေ အစဉ်အဆက် တက်ထိုင်သွားရုံပဲ
အောက်က သားကောင်တွေ လိမ့်နေအောင်ခံရတယ်။
စသဖြင့် တင်ပြခဲ့ပါတယ်။

ဒီတော့ တစ်ချို့က ဝေဖန်ကြတယ်။
မဆိုင်ပါဘူး။ အိန္ဒိယလည်း ကိုလိုနီစနစ်ကိုဖြတ်သန်းခဲ့တာပဲ။
ကျနော်တို့ထက်တောင် ကြာသေးတယ်။ လူက အဓိကပါ ... ဘာညာပေါ့လေ။

ဒီတော့ လူနဲ့မူ ဘာပိုအရေးကြီးသလဲဆိုတဲ့ လမ်းကြောင်းကို ချော်ထွက်သွားစေတယ်။
အဲဒီလို ပြောကြေးဆိုရင် လူကောင်းရင်တော့ ဘယ်စနစ်မဆို သုံးလို့ရတာပဲ
ကျနော်တို့ အိမ်နီးချင်းကြီးလည်း ကွန်မြူနစ်စနစ်နဲ့ ကြီးပွားနေသားပဲ။
ပတ်ပတ်လည်မှာလဲ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေ ရှိသေးတာပဲ။

အခုက ပွင့်ပွင့်လင်းလင်းပြောရရင် လူကို မယုံလို ပြောနေတာဖြစ်ပါတယ်။
မယုံဘူးဆိုတာ အကျင့်စာရိတ္တကိုပြောတာမဟုတ်ဘူး။
လုံလောက်တဲ့ ဥာဏ်အမျှော်အမြင်ကိုပါ ဆိုလိုပါတယ်။

လော့အက်တန်က ပြောဘူးတယ်။
အာဏာဟာ လူကို ပျက်ဆီးစေတယ်။
အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ ပျက်စီးစေတယ် ... တဲ့။

လူတစ်ယောက်လက်ထဲ အကြွင်းမဲ့ အာဏာထည့်ပေးလိုက်ဖို့ ကျနော်တော့ သိပ်ဝန်လေးတာပဲ။

ဒါကြောင့် အစပိုင်းမှာ ဒီမိုကရေစီကို ကြိုက်လားလို့ မေးခဲ့တာ။
ကျနော်ကျတော့ ဒီမိုကရေစီကို ကြိုက်တာ မဟုတ်ဘူး။ ယုံကြည်တာ။
အာဏာကို ခွဲဝေအုပ်ချုပ်တဲ့စနစ်။
အများသဘော အများဆန္ဒကို အလေးထားတဲ့ စနစ်။
အဲဒါတွေကို သဘောကျတာ။
အဲဒီလို ပိုင်းဖြတ်ကန့်သတ်ထားမှုမျိုးသာလျှင် နောက်ကြောင်းပြန်မလှည့်နိုင်မယ့် နည်းလမ်းလို့ ယုံကြည်တာ။

တစ်လောကပဲ ကျနော် Post တစ်ခု တင်ပါတယ်။
မြန်မာပြည်ကောင်းဖို့ Edwards Deming နည်းဖြင့် တွေးကြည့်ခြင်း။
ဆိုပြီးတော့ပါ။ တကယ်တော့ ကိုလိုနီယန္တယားရဲ့ နည်းအစဉ်အလာကို ဆန့်ကျင်တင်ပြတာပါ။

တိုင်းတပါးနည်းမဟုတ်ဘူး။ ခုန်ကျော်သွားတာတွေ တွားသွားတာတွေလည်း မဟုတ်ဘူး။
နိုင်ငံရေးစနစ်ပါဆိုမှ အရှေ့နည်း အနောက်နည်း ဘာတွေ ခွဲနေမလဲ။
ဒါဆို အခု သင်နေရတဲ့ တက္ကသိုလ်က သင်ခန်းစာတွေ
ဆေးပညာ၊ စက်မှုပညာ၊ IT စတာတွေကို အနောက်ကလာလို့ ဆိုပြီး ပစ်ပယ်လို့ရမလား။
ဒီမိုကရေစီကလဲ ဒီလိုပဲလေ။

ကြားဖူးကြပါလိမ့်မယ်။
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတို့ ... ဘာတို့။
နောက် အရှေ့ပုံစံ ဒီမိုကရေစီတို့ ဘာတို့ ...ပြောကြတာ ရှိသေးတယ်။

ဒီမိုကရေစီဆိုတာ အခြေခံမူကလေးပါဗျာ။
အဲဒါလေးကို နာမ၀ိသေသနတွေ တပ်ပြီး ဈေးဆစ်နေကြမယ်ဆိုရင် ဘယ်လို အလုပ်ဖြစ်တော့မလဲ။
တကယ်တော့ ဈေးဆစ်နေကတည်းကိုက ...
တစ်ဆင့်ချင်းသွားပါ။ ခုန်ကျော်ရင် ပေါက်ကွဲတတ်တယ် ဘာညာ ပြောနေကတည်းကိုက ...
ပွင့်ပွင့်လင်းလင်းပြောလိုက်ပါတော့။
အာဏာရှင်စနစ်ပဲ ကြိုက်တယ်လို့လေ။

ဒီမိုကရေစီဆိုတာ ယဉ်ကျေးမှုမဟုတ်ဘူး။ စနစ်။ အုပ်မြစ်။
အုပ်မြစ်ကို ခိုင်အောင်မလုပ်ပဲ ဘိလပ်မြေလျှော့ ကျောက်လျှော့လုပ်နေရင် မဆောက်ခင်က ပြိုပြီးသားပဲ။

ဒီမိုကရေစီကို ကျနော် တအား အားကိုးနေရတာ
ခုပြောသလို လူကို မယုံလို့။
အာဏာကို ခွဲဝေခြင်းကို လုပ်စေ့ချင်တာ။

သမိုင်းကိုပဲ ပြန်ကြည့်ပါဗျာ။
တို့ဗမာအစည်းရုံးကြီးလိုဆီက၊ ရဲဘော်သုံးကျိပ်လိုဆီက ထွက်ပေါ်လာတဲ့
သခင်ရှုမောင်ဟာ အာဏာရှင်ကြီးဖြစ်နေတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကလည်းပြောခဲ့ဘူးတယ်။
ကြိုးတွေ ချည်ထားကြပါတဲ့။

ဒီတော့ ဆောင်းပါးခေါင်းစဉ်မှာ တင်ပြခဲ့တာလေး အခု ပြန်ကောက်ပါ့မယ်
နောက်ကြောင်းပြန်မလှည့်ဖို့ အသေချာဆုံးသောနည်းက ဘာလဲ။

၁။ ဒီမိုကရေစီကို ဘာနာမ၀ိသေသနမှ မတပ်ပဲ အကြွင်းမဲ့ စစ်စစ်မှန်မှန်ကျင့်သုံးရမယ်
၂။ ကိုလိုနီစနစ်အတွက်ချထားခဲ့တဲ အင်္ဂလိပ်ခေတ်က ဥပဒေတွေကို ပြန်ပြင်ရမယ်။

နယ်ချဲ့အင်္ဂလိပ်က ကျနော်တို့ကို ဖိနှိပ်ဖို့ လုပ်ခဲ့တာတွေ ဥပဒေမှာ အများကြီးပါနေတယ်ဗျ။
စကားပမာ ၅၀၅/ခ ဆိုရင်ဗျာ။ အဲဒီပုဒ်မရှိနေလို့ အဲဒီပုဒ်မနဲ့ အရေးယူလို့ ရနေတာပေါ့
အဲဒါမျိုး ဖိနှိပ်ဖို့ ပုဒ်မတွေ
ဒီမိုကရေစီနဲ့ မဆီလျှော်တဲ့ပုဒ်မတွေ
အများကြီးရှိနေသေးတယ်။

ကျနော် အထက်က တင်ပြခဲ့တဲ့ လုပ်ထုံးလုပ်နည်းဆိုတာ အဲဒါ
ကိုလိုနီက ချထားတဲ့ အခြေခံအုပ်မြစ်ဆိုတာ အဲဒါ
အဲဒီ အုပ်မြစ်ကြီးပေါ်မှာ အာဏာရှင်စနစ်ဟာ အသက်သွင်းချင်ရင် လွယ်လွယ်လေး။

အဲဒီလို ဒီမိုကရေစီနဲ့ မဆီလျော်တဲ့ပုဒ်မတွေကို ပြောင်းလဲရမယ်။

ပြီးတော့ ဗျူရိုကရေစီယန္တယားမှာ
နောက်တစ်နည်းပြောရင် အစိုးရ အုပ်ချုပ်ရေး ယန္တယားမှာ အထက်နဲ့ အောက် အရမ်းကြောက်နေရတာတွေ
မှားလည်း ပြန်မပြောဝံ့။ ချက်ချင်း အလုပ်ထုတ်လို့ ရနေတာတွေ
အဲဒါတွေဟာ အဆောတလျင်ပြုပြင်သင့်တဲ့အကြောင်းများ ဖြစ်သလို

နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ မီးစာများအဖြစ်လည်း ကျန်ရှိနေကြောင်းပါ။

သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...