Wednesday, January 9, 2013

ထာဝရငြိမ်းချမ်းရေးတဲ့လား


မြန်မာ့လွတ်လပ်ရေး၏ ဖွားဖက်တော်ဖြစ်တဲ့ ပြည်တွင်းစစ် (သို့) တိုင်းရင်းသားလူမျိုးစု၊ လူနည်းစုအသီးသီး တို့၏ တန်းတူညီမျှရေး၊ လွတ်လပ်ရေး၊ အသိအမှတ်ပြုရေး နိုင်ငံရေးအာဏာနှင့် နေရာတို့အတွက် တိုက်ပွဲဝင်လျှက်ရှိသော လက်နက်ကိုင်စစ်ပွဲများသည် နှစ်ပေါင်း (၆၀) နီးပါးကြာမြင့်နေပြီ ဖြစ်သည်။
တစ်တိုင်ပြည်လုံး စီးပွားရေး ချွတ်ချုံကျဖြစ်စေခဲ့တဲ့ ပြည်တွင်းစစ်မီးကြီးကို ငြိမ်းသတ်နိုင်ဖို့အတွက် ဒီမိုကရေစီအစိုးရသစ်ရဲ့သမ္မတကြီး၏ ငြိမ်းချမ်းရေးမှုနှင့် ၀န်ကြီးဦးအောင်မင်းရဲ့ ထာဝရငြိမ်းချမ်းရေး ဗီဇာကဒ်ကိုင်ဆောင်ထားတဲ့ မစ်ရှင်အဖွဲ့၊တို့သည် ငြိမ်းချမ်းရေး အားထုတ်မှုများကို အစိုးရသစ်သက်တမ်း အစမှာဘဲ ဆက်တိုက်ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။ အစိုးရသစ်၏၂၀၁၁/၂၀၁၂ ဒီမိုကရေစီ ဖေါ်ဆောင် နှစ်တွင် ငြိမ်းချမ်းရေးဆောင် ရွက်ချက်များသည် အထိုက်အလျောက်အောင် မြင်မှုများရရှိနေပြီးဖြစ် ကြောင်းကို သတင်းမီဒီယာများနှင့် မြန်မာ့အရေးနှင့် မြန်မာ့အရင်းအမြစ်များစိတ်ဝင်စားသောနိုင်ငံများက ချီးကျူးထောပနာပြုနေကြပါ သော်လည်း ကချင်ပြည်နယ်စစ်ဘေးသင့်ခံရသော တိုင်းရင်းသား ပြည်သူများ အဖို့မှာတော့မီးခိုးလုံးများ၊လေယာဉ်သံများ၊စက်သေနတ်သံများအကြား အသက်မ၍ ပြေးလွှားနေရတုန်း ပင်ဖြစ်သည်။ ပုံသဏ္ဍာန်ငြိမ်းချမ်းရေး၊ အနှစ်သာရငြိမ်းချမ်းရေး ထိုးစစ်ဆင်မှုများ၊ အပစ်အခေတ်များ ခဏ တာရပ်စဲ သွားခြင်း၊ လက်နက်အင်အားမမျှတလို့ ခဏတာအင်းအား ပြန်လည် စုဆောင်ခြင်း၊ ရာသီဥတု ဆိုးရွားလို့ ယာယီထိုးစစ်ဆင်မှုများနားနေခြင်း၊တစ်ဖက်နှင့်တစ်ဖက်တွေ့ဆုံ၍ စကားခေါ်ငြိမ်းချမ်းရေး ပွဲပြုလုပ်ခြင်းစတဲ့ လုပ်ဆောင်ချက်များကို ပုံသဏ္ဍာန်င်ြမ်းချမ်းရေးလို့ခေါ်ဆိုပါသည်။

ပြည်သူလူထုအပေါ်မတရားဖိနှိပ်မှုများ၊ အဓမ္မခိုင်းစေမှုများ၊ မမျှတသည့်အခွန်အခများ၊ ဥပဒေများထုတ်ပြီး လုပ်ကွက်၊ စားကွက်များပုံဖေါ်ဆောင်ရွက်တဲ့ စီမံကိန်းများ၊ အမြတ်ထုတ်မှုများ၊ မတရားဆက်ဆံမှုများ စတဲ့အရာများ အားလုံးးသည်ပင် ပုံသဏ္ဍာန်ငြိမ်းချမ်းရေးအသွင်ဆောင်သည်။ လက်နက်အင်အားဖြင့် တစ်ဖက်မှအနိုင်ယူစိုးမိုး ထားပြီးတိုက်ခိုက်မှုများမရှိခြင်းကိုလည်း ပုံသဏ္ဍာန်ငြိမ်ချမ်းရေးဟုပင် ယူဆနိုင် ပါသည်။ ပုံသဏ္ဍာန်ငြိမ်းချမ်းမှုသည်ကြားကာလအနေအထားတစ်ရပ်ဖြစ်လေ့ရှိပြီးညီညွတ်မျှတရေး၊ဆွေးနွေးမှုများရှိမှုမရှိမှုပေါ်မှုတည်၍ အပြည့်အ၀ ငြိမ်း ချမ်းရေးဆီသို့ဖြစ်စေ သို့မဟုတ် စစ်ပွဲဆီသို့ဖြစ်စေ ပြန်လည်ဦးတည်စေနိုင်ပါသည်။
အနှစ်သာရငြိမ်းချမ်းရေးဆိုသည်မှာ တရားမျှတမှုပင်ဖြစ်သည်။ အနှစ်သာရငြိမ်းချမ်းရေးကို ဖေါ်ဆောင် သောအဆင့်များစွာရှိပြီး အဆင့်တိုင်းအဆင့်တိုင်းတွင်မတရားမှုများကို ဖယ်ရှားပစ်ရမည်။မျှတမှုရှိတဲ့ စီးပွားရေး၊ စနစ်ဖြစ်ရမည်။ လူနည်းစုနှင့်လူများစုအတွင်း တစ်ဦးနှင့်တစ်ဦးမျှတမှုကို အခြေခံသော ဆက်ဆံရေးတည်ရှိစေရ မည်။ လူမျိုးကိုအခြေခံသောခွဲခြားမှုများ၊ ကျားမအပေါ်အခြေခံသောခွဲခြားမှုများ၊အရည်အချင်းကြောင့်မဟုတ်ဘဲ အသင်းအဖွဲ့လူတန်းစား၊ အနေအထားကြောင့်ခွဲခြားဆက်ဆံခံရခြင်းတို့ကို ဖယ်ရှားပေးရမည်။ဒီမိုကရေစီဖေါ် ဆောင်ရာတွင်အနှစ်သာရငြိမ်းချမ်းရေးသည် အရေးကြီးဆုံးအခန်း ကဏ္ဍမှ ပါဝင်သည်။ အနှစ်သာရငြိမ်းချမ်းရေး တွင်နိုင်ငံရေးတန်းတူညီမျှမှုသည် အရေးကြီးဆုံးဖြစ်သည်။

အပစ်အခေတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်သေး။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်လူမျိုးစုများနှင့် စစ်အစိုးရကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို စစ်အစိုးရလက်ထက်တိုင်းတွင် အကြိမ် အကြိမ်ပြုလုပ်ခဲ့သော်လည်း ထာဝရငြိမ်းချမ်းရေးမပြောနဲ့ ယာယီငြိမ်း ချမ်းရေးပင်မတည်ဆောက်နိုင် ခဲ့ကြပါ။ အကြောင်းကား အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်သေး သောကြောင့်ဖြစ်သည်။နူနာရောဂါစွဲကပ်နေတဲ့ ဥပမာမျိုးလိုပါဘဲ ယားယံသည့်အခါတွင်သာ မီးဖိုဆီသို့ပြေးပြီ နူနာကိုမီးကင် သလိုမျိုး အယားသက်သာသွားတဲ့အခါ မီးဖိုမှခေတ္တခွာနေပြီး တစ်ခါပြန်ယားတဲ့အခါ မီးဖိုဆီသို့ပြန်ပြေး မီးကင်၊ သည်လိုနဲ့ဘဲခွာလိုက်ကင်လိုက်နဲ့ဘဲ တနေ့တခြားရောဂါသာရင့်လာတယ် ရောဂါပျောက်ကင်း သွားခြင်းမရှိပါဘူး။ အမှန်တကယ်က အမြစ်တွယ်နေတဲ့ရောဂါကို အမြတ်ဖြတ်ကုသတဲ့ကုထုံးကို အသုံးပြုပြီး ကုသရမည်ဖြစ်ပေသည်။ ယ္ခုလက်ရှိအစိုးရသစ်လက်ထက်ထက်တွင်လည်း နိုင်ငံ၏လက်နက်ကိုင်လူမျိုးစု လူနည်းစုတို့၏ နှစ်ကြာရှည်စွာ အမြစ်တွဲစွဲကပ်နေခဲ့တဲ့ပြည်တွင်းစစ်ရောဂါကြီး၏ အရင်းအမြစ်ကို မကုစားနိုင်သရွေ့ ကာလပတ်လုံးသည် နူနာမီးကင်သလိုမျိုးအဖြစ်မျိုးသာ ဖြစ်နေပေလိမ့်ဦးမည်သာ ဖြစ်သည်။

အပစ်အခေတ်ရပ်စဲခြင်း၏အဓိကရည်ရွယ်ချက်မှာ“ ပဋိပက္ခထိန်းချုပ်ရေးကြိုးပမ်းချက်ပင်ဖြစ်သည်။” တကယ်တမ်းတော့ အပစ်ရပ်စဲသဘောတူညီချက်များ၏ စည်းမျဉ်းများသည်နိုင်ငံရေးအရဖြေရှင်းချက် သို့မဟုတ် ငြိမ်းချမ်းရေးသဘောတူညီချက်များထက် စစ်ရေးအရရပ်စဲခြင်းနဲ့သာ သက်ဆိုင်နေသည်။ရောဂါ၏အရင်းအမြစ်များ သဘောတရားအရပြောရရင် ပဋိပက္ခဖြေရှင်းရေး ချဉ်းကပ်နည်းများသည် ပဋိပက္ခ၏ အကြောင်းအရင်းများ နောက်ကွယ်မှ အရင်းခံကြသည့်ကွဲလွဲချက်များပြဿနာကို ကိုင်တွယ်ရန် လိုအပ်ပါသည်။ နိုင်ငံမှလူမျိုးစုများ၏ အဓိကမကျေနပ်မှုများမှာ နိုင်ငံရေးဆုံးဖြတ်ချက်ချရာ၌ ပါဝင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ လူမျိုးစုအမှတ်လက္ခဏာများ ထိန်းသိမ်းရာလည်းကောင်း၊ တန်းတူအခွင့် အလမ်းများကင်းမှုပြနေခြင်းပင်ဖြစ်သည်။
အစိုးရ၏အပစ်အခတ်ရပ်စဲရေးများသည် ပဋိပက္ခလျော့ပါးရေးအပိုင်း တိုးတက်လာမှုကို အကျိုးဖြစ်စေခဲ့ သော်လည်း လူမျိုးစုမကျေလည်မှုများကို နိုင်ငံရေးအရဖြေရှင်းရေးနှင့်ပတ်သက်၍ မည့်သည့်တိုးတက်မှုမျှ မရှိစေဘဲ၊ အကျိုးမဲ့ငြိမ်းချမ်းရေးကိုသာဖြစ်ပေါ်စေခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံသည် စစ်အစိုးရကချုပ်ကိုင်ထားခြင်းနှင့်အတူ အမျိုးသားနိုင်ငံရေးတွင် စစ်တပ်၏ဦးဆောင်မှု အခန်းကို အခြေခံဥပဒေသစ်၏ အခြေခံမူတစ်ရပ်အဖြစ် ချမှတ်ခဲ့သည်။ဆိုလိုသည်မှာ ပါလီမန်အမတ်နေရာ (၂၅%) ကို စစ်တပ်အရာရှိများအတွက် သီးသန့်ဖယ်ထားကာ သမ္မတရာထူးအတွက်လည်း စစ်ဘက်အတွေ့ အ ကြုံ့ရှိရန်နှင့်ကာကွယ်ရေး၊ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာဝန်ကြီးများကို စစ်တပ်အတွက် သီးသန့် ထားရန် သတ် မှတ်ထားခြင်းအားဖြင့် ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာကို စစ်တပ်ကလုံးဝချုပ် ကိုင်မည် ဟူ၍ဖြစ်သည်။
ထိုအပြင်လူမျိုးစုလူနည်းစုများကို ဗမာလူမျိုးလူများစုနှင့် တန်းတူအခွင့်အရေးများပေးရန် အာမခံမှုမရှိပေ။အရင်းခံ နိုင်ငံရေး (ရောဂါ၏ မှုလဇစ်မြစ်)နှင့် လူမျိုးစုရေးမကျေနပ်ချက်များ မဖြေရှင်းဘဲရှိနေသ၍ ကာလ ပတ်လုံးမြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခသံသရာ အသစ်တဖန် လည်နေဦးမည်သာဖြစ်သည်။၂၀၁၁-၂၀၁၂ ကာလအတွင်း အစိုးရသစ်၏ပြည်တွင်းငြိမ်းချမ်းရေး သဘောထားနှင့်လုပ်ဆောင်ချက်များ
၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရသစ်သည် ဒီမိုကရေစီအသံများဟစ်ကြွေးကာ နန်းတက်လာခဲ့ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရန်အတွက် မီဒီယာများမှတဆင့် လူသိရှင်ကြား ပထမဆုံးအကြိမ် ဖိတ်ခ်ါခဲ့ပြီး နှစ်ပေါင်းများစွာဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်ကို ရပ်တန့်ရန်သို့မဟုတ်။ နိုင်ငံတကာက ဒီမိုကရေစီနိုင်ငံဟု အသိအ မှတ်ပြုရန် (သို့) တရားဝင်အစိုးရဖြစ်ကြောင်း ပြသရန်ဆိုတဲ့ ရည်ရွယ်ချက် မျိုးစုံတို့ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ လွှတ်တော်နိုင်ငံရေးဖြင့် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ အသက်ရာကျော် တည်မြဲရေး စီမံချက်ဖြင့် ထာဝရငြိမ်းချမ်းရေးမစ်ရှင်ကို စတင်အကောင်ထည်ဖေါ်ရန် ကြိုးစားခဲ့ပါသည်။

ယင်းမစ်ရှင်တွင် အဆင့်(၃) ဆင့်ပါရှိပြီး ပထမအဆင့်တွင် ပြည်နယ်အဆင့် နှစ်ဦးနှစ်ဖက်ရန်လိုမှု ပစ်ခတ်
တိုက်ခိုက်မှုများ ရပ်စဲရန်ဖြစ်သည်။ ဒုတိယအဆင့်တွင်ပြည်ထောင်စုအဆင့်ဖြင့် စီးပွားရေးဖွံ့ဖြိုးရေး လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊နိုင်ငံရေးပါတီများ ထူထောင်ရန်၊လွှတ်တော်တွင်ပါဝင်ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်း၌ပြင်ဆင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော်အဖြစ် ရပ်တည်ရေးညှိနိုင်း ဆောင်ရွက်ရန်ဖြစ်သည်။ တတိယအဆင့်တွင် ပြည်ထောင်စုလွှတ်တော်အတွင်း သဘောတူလက်မှတ် ရေးထိုးရန်နှင့် ထာဝရငြိမ်းချမ်းရေး မဖြစ်မနေလုပ် ဆောင်ရန်ဖြစ်သည်။ ယင်းကိုအကောင်ဖေါ် လုပ်ဆောင်ရန် သမ္မတကြီးဦးသိန်းစိန်၏ ငြိမ်းချမ်းရေးမှု (၈) ချက်ဖြင့် စတင် အကောင်ထည်ဖေါ်ခဲ့သည်။

 သမ္မတဦးသိန်စိန်၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှု (၈) ချက်
(၂၀၁၂ ခုနှစ်၊မေလ(၃)ရက်)
(၁) ပြည်ထောင်စုအတွင်းအမြဲအတူတကွပူးပေါင်းနေထိုင်ရေး။
(၂) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ တို့ကိုသဘောတူရေး။
(၃) စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး။
(၄) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင် ရွက်ရေး။
(၅) ပါတီထောင်၍ရွေးကောက်ပွဲဝင်ရေး။
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့်ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူ ဆန္ဒနှင့်အညီဆောင်ရွက်ရေး။
(၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တန်းတူညီတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်စားသောက်ရေး။
(၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသောလက်နက်ကိုင်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေးကို ညှိနိုင်းဆောင်ရွက်ရေး တို့ဖြစ်သည်။

ယင်းလမ်းစဉ်အရ ၂၀၁၂ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် ပထမအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် အဖွဲ့စည်းတစ်ဖွဲဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ အစိုးရ၏ငြိမ်းချမ်းရေးမှုအပေါ် ထားရှိသောသဘောထား အချို့မှာ
(၁) ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးမူ အချက် (၁) ကို အကောင်ထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန်လေးစားမှုရှိခြင်း၊ ယုံကြည်မှုရှိခင်း၊ အသိအမှတ်ပြုခြင်း၊ တန်းတူညီမျှရှိခြင်း၊အေးအတူပူအမျှရှိုခြင်း၊ စသည့်အချက်များပါဝင်ရပေလိမ့်မည်။
(၂) နိုင်ငံတော်တွင် စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူညီမျှမှုရှိပါက အချက် (၃)ဖြစ်သည့် စီးပွားရေးလုပ်ငန်းများလည်း အလိုအလျောက် တိုးတက်လာပါလိမ့်မည်။
(၃) အချက်(၅) ပါတီထူထောင်ခြင်းနှင့်ပတ်သက်၍ ပြီးပြည့်စုံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာ ပြီးမှသာလျှင် ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ပါမည်။
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပြည်သူများအားလုံး ကျေနပ်လက်ခံနိုင်သည့်အဆင့်အထိ ပြည်ထောင်စုလွှတ်တော်မှ တာဝန်ယူပြင်ဆင်ပေးပါမည်ဟူသော ဆုံးဖြတ်ချက် အတည်ပြုသတ်မှတ် ပြီးမှသာလျှင် အခြေခံဥပ ဒေရေးရာကိစ္စရပ်များတွင်လက်တွဲပါဝင်ဆောင်ရွက်နိုင်ပါမည်။
(၅) ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်သော လုပ်ငန်းစဉ်များတွင်ပြည်တွင်းပြည်ပမီဒီယာများ၏ ဆောင်ရွက် ချက်များကို လွတ်လပ်စွာရေးသားထုတ်ဖေါ်ပြောဆိုပိုင်ခွင့် အပြည့်အ၀ရှိစေရမည်။
(၆) အထက်ပါအချက်များအတိုင်း ဆောင်ရွက်လာမည်ဆိုပါက မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အလွယ်တကူ တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေးမူနှင့် ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ပဋိပက္ခများ သို့သော်လက်ရှိအခြေအနေတွင် အစိုးရသည် ကချင်ပြည်နယ်၊ တရုပ်ပြည်နယ်စပ်တွင် အပြင်းအထန် တိုက်ပွဲဖြစ်လျှက်ရှိနေသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အကြိမ် (၂၀) ကျော် (အလွတ်သဘောအပါအ၀င်) တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုများပါဝင်ခြင်းမရှိဟု ဆိုကာတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အပြန်အလှန် စွပ်စွဲမှုများကို သတင်းမီဒီယာအားများကို အသုံးပြုကာ သူထက်ငါဦးအောင် မီဒီယာအမျိုးမျိုးအသုံးပြုကာ မီဒီတိုက်ပွဲများပါ ပြင်းထန်လျှက်ရှိပါသည်။
အစိုးရတပ်များနှင့် KIA ကြားတင်မာမှုများ ပြင်းထန်မှု ပိုမိုတိုးလာရခြင်း အကြောင်းရင်းမှာ ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့KIOအဖွဲ့ဟာ ၁၉၉၄ခုနှစ်က အစိုးရနဲ့ အပစ်အခပ် ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သဘောထားကွဲလွဲမူတွေ ဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် အစိုးရဘက်မှ ငြိမ်းချမ်းရေးစကားပြောရန် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန်ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့သည် ၂၀၁၂ အောက်တိုဘာ ၃၀ ရက်နေ့တွင် ရွှေလီမြို့၌ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထပ်မံတွေ့ဆုံရန်ညှိနှိုင်းနေကြစဉ် အတွင်း စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာခြင်းဖြစ်သည်။ မီဒီယာတိုက်ပွဲများ၊ အပြန်အလှန် ထုတ်ပြန် ကြေငြာချက်များ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရမှ ကြည်း၊ လေ တပ်အင်အား အလုံးအရင်းသုံး၍ ထိုးစစ်ဆင်နေမှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေခြင်းကို စိုးရိမ်ကြောင်းနှင့် ထိုးစစ်ဆင်မှုများကို ရပ်တန့်ပေး ရန် ပြည်ပမီဒီယာများမှ တဆင့်တရုပ်၊ အမေရိကန်၊ ဗြိတိန်၊ ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန် ကြေငြာချက်များ ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ခြေကုပ်စခန်း များအား မြန်မာ့တပ်မတော်က တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား အန္တရာယ်ဖြစ်စေ မည့် လုပ်ရပ်များကိုရှောင်ကျဉ်စေလိုကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကပြောဆိုခဲ့သည်။ယင်းသို့ပြောဆိုမှုနဲ့ပတ်သက်၍ အစိုးရဘက်မှလည်း တုံပြန်ထုတ်ပြန်ချက်များကို အစိုးရပိုင်မီဒီယာများမှ တစ်ဆင့်ပြုလုပ်ခဲ့သည်။

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရထုတ်ပြန်ကြေငြာချက်
“ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည် တိုက်ပွဲများနှင့် အစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂနှင့်နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ မြန်မာအစိုးရမှ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။
(၁) KIA ၏ ရှေ့တန်း စခန်းထောက်နေရာဖြစ်သော လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်ခဲ့သည်။
(၂) သမ္မတရုံး၏ ကြေညာချက်တွင် KIA အဖွဲ့၏ ရထားလမ်း၊ ကားလမ်းများ၊ တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်း၊ စီးပွားရေး လုပ်ငန်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ဓာတ်အားလိုင်းများကို ဖောက်ခွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းစသည့်လုပ်ရပ်များကြောင့် စစ်ရေးအရပြန်လည်တုံပြန်ရခြင်းဖြစ်သော်လည်း တပ်မတော်မှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်ဟု ဖော်ပြထားသည်။ မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်သည့် နေရာများမှာ ဒေသခံများ နေထိုင်ခြင်းမရှိသည့် KIA စစ်စခန်းများသာ ဖြစ်သည်ဟုလည်း ပါရှိသည်။
(၃)တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကိုလည်း အစိုးရက ယာယီစခန်းများ ဖွင့်လှစ်ပြီး စားဝတ်နေရေး၊ ပညာရေး ထောက်ပံမှုများ ပေးထားကြောင်း၊ အစိုးရအနေဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
(၄)ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လဂျားယန်စခန်းတ၀ိုက် ထိန်းချုပ်ရေး တိုက်ပွဲများတွင် အစိုးရ တပ်က လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။
(၅)ထိုသို့လေကြောင်းနှင့်လက်နက်ကြီး`ပစ်ကူများဖြင့်တိုက်ခိုက်ခြင်းမှာ လဂျားယန်စခန်းသို့ သွားရောက် ရိက္ခာပို့သည့် စစ်တပ်ယာဉ်တန်းများ မကြာခဏ ချုံခိုတိုက်ခိုက်ခံရသည့်အတွက် အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားခဲ့ရ၍  ရှင်းလင်းခြင်းဖြစ်သည်ဟု စစ်ဘက်အသိုင်းအ၀န်းက ဆိုသည်။ ထို့အပြင်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကမူ မြန်မာ့တပ်မတော်အနေဖြင့် KIA အခြေစိုက်ရာ လိုင်ဇာကို သိမ်းပိုက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အာမခံပြောကြားခဲ့သည်။ တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှလွဲ၍ စခန်းများအား စတင်တိုက်ခိုက်ခြင်းမပြုဘဲ သည်းခံဆောင်ရွက်လျက် ရှိသော်လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း မြဝတီ ရုပ်သံ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်တပ်ပိုင် မြဝတီရုပ်သံက KIA ကို အကြမ်းဖက် သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲထားပြီး KIA ဘက်က ၂၀၁၁ ဇွန်လမှစတင်၍ ရထားလမ်း မိုင်းခွဲမှု အကြိမ် ၅၀ ကျော်၊ လမ်းတံတား ဖောက်လုပ်ရေး ယန္တရားများ တိုက်ခိုက်ဖျက်စီးမှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့သည် ဟုလည်း ဖော်ပြထားသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကြေငြာချက်
ကချင်ပြည်နယ် အတွင်းရှိ အစိုးရ တပ်များ၏ ထိုးစစ်များ လုံးဝ ရပ်တန့်ပေးရန် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကချင်အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍လည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် အသီးသီး ကြေငြာချက်များ ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။ ကချင် အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကိုလေကြောင်းမှ လေယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်နေမှုများနှင့် လက်နက်ကြီး များဖြင့် ကချင်-တရုတ် နယ်စပ် တလျှောက်ရှိ ကချင်ဒုက္ခသည် စခန်းများဘက်သို့ ပစ်ခတ်နေမှုများကို ချက်ခြင်း ရပ်တန့်ပေးရန်နှင့် စစ်ရေးအရ ဖိအားပေးမှုများ ဖယ်ရှားကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အပါအဝင် အချက် လေးချက်ကို တောင်းဆိုထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရမှ ကြည်း၊ လေ အင်အား အလုံးအရင်းသုံး၍ ထိုးစစ်ဆင်နေမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေခြင်းကို ရပ်တန့်ပေးရန်နှင့် ထို့သို့ ရပ်တန့် ပေးခဲ့ခြင်းမရှိပါက ဖြစ်ပေါ် လာမည့် နောင်ဆိုးကျိုးများ အားလုံးသည် အာဏာရအစိုးရနှင့် ဗမာ့တပ်မတော်၏တာဝန်သာဖြစ်သည်ဟု ပြည်သူများ သိစေအပ်ကြောင်း လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်၍ အသိပေးခဲ့ပါသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားရန်၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့က UNFC အဖွဲ့နှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက သဘောတူထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ကချင် KIA အပေါ် ပြင်းထန်စွာ တိုက်ခိုက်လာသည်ကို အစိုးရဘက်မှ အပြောတမျိုး အလုပ်တမျိုး မရိုးသားသည့် သဘောထားများကို ဖော်ပြနေသည်ဟုလည်း ကြေငြာချက်၌ ဆိုထားပါသည်။ အစိုးရအဖွဲ့၏ လက်ရှိ ပြောဆို ဆွေးနွေးမှုနှင့် လက်တွေ့ လုပ်ရပ်သည် ပြည်တွင်း ငြိမ်းချမ်းရေး ဘက်သို့ ဦးတည် နေခြင်း မဟုတ်ဟု မြင်မိပါကြောင်းလည်း ၄င်းတို့မှ သုံးသပ်ထားပါသည်။ပြည်တွင်း၌ အနှစ် (၆၀) ကျော် ဖြစ်ပွါးနေသည့် တိုင်းရင်းသား ပြသနာများကို လက်နက်အားကိုးပြီး အစိုးရအဆက်ဆက် ဖြေရှင်း ခဲ့ သော်လည်း မပြေလည်ရုံမက တိုင်းပြည် ခေတ်နောက်ကျကာ ပြည်သူများ ဒုက္ခ ရောက်နေရသည်ကို သင်ခန်းစာမယူပဲ စစ်ရေးနည်းလမ်းဖြင့် ထပ်မံ ဖြေရှင်း နေခြင်းသည် အလွန်မိုက်မဲသော လုပ်ရပ် ဖြစ်ကြောင်းလည်း ကြေငြာချက်၌ ထောက်ပြထားပါသည်။ UNFC ဘက်မှ အစိုးရနှင့် ရရှိထားပြီး ဖြစ်သော နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံ ဖြေရှင်းရေး သဘောတူညီချက်ကို မပျက်ပြား စေလို၍ စိတ်ရှည်စွာ ထိမ်းသိမ်းလုပ်ဆောင် နေခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုပါသည်။ “တိုင်းရင်းသား ပြသနာများကို လက်နက်အားကိုးပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့သော်လည်းမပြေလည်နိုင်ရုံမျှမက တိုင်းပြည် ခေတ်နောက်ကျ ပြည်သူများ ဒုက္ခ ရောက်နေရသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းဖြင့် ဆက်လက် ဖြေရှင်းခြင်းသည် အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်သည်” ဟု ကြေငြာချက်၌ ဖော်ပြပါရှိသည်။အောက်တိုဘာလ (၂၀) ရက်နေ့၌ ဦးအောင်မင်းနှင့် ကချင် ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံစဉ်၌ လည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့က UNFC ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ်၌လည်းကောင်း နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန် သဘောတူညီိမှုရရှိထားခဲ့ပြီးဖြစ်သည်။ ထိုအပြင်ပြည်တွင်းနိုင်ငံရေးပါတီအချို့ ၊၈၈ မျိုးဆက်ကျောင်းသားများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများက ၀ိုင်းဝန်းကန့်ကွက်ဆန္ဒပြမှုများပြုလုပ်နေကြပါသော်လည်း ငြိမ်းချမ်းရေး၏ ပထမခြေလှမ်းဖြစ်သော အပစ်အခတ် ရပ်စဲရေးကို အစိုးရသစ်အနေဖြင့်လုံးဝ ရပ်တန့်ုသွားအောင်မဆောင်ရွက်နိုင်သေးပေ။
UNFC ညီလာခံမှာ ကချင်ပြည်နယ်အရေး အလေးထားဆွေးနွေးအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ဇန်န၀ါရီလ ၇ရက်နေ့ ကနေ ၁၁ ရက်နေ့ထိ ၄ ရက်ကြာထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပနေပါတယ်။ ဒီအစည်းအဝေးမှာ ကချင်ပြည်နယ်အရေးကိစ္စ အပါအ၀င် UNFC အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ အစိုးရနဲ့ UNFC တို့ တွေ့ဆုံဆွေးနွေးနေမှုအခြေအနေတွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်လို့ UNFC အဖွဲ့အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာ က RFA ကို ပြောပါတယ်။

အခုကျင်းပနေတဲ့ အစည်းအဝေးကို UNFC ဥက္ကဌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တစ်ဦးဖြစ်သူ အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး KNU ကခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောဒေးဗစ်သကဘော၊ မွန်ပြည်သစ်ပါတီ NMSP ကခေါင်းဆောင် နိုင်ဟံသာ တို့အပါအ၀င် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၄၅ဦး တက်ရောက်နေတယ်လို့သိရပါတယ်။ UNFC အဖွဲ့ဝင် ၁၁ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး CNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီ NMSP စတဲ့အဖွဲ့တွေပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေနဲ့ ၂၀၁၃ ခုနှစ်ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ လက်ရှိဖြစ်ရပ်များကို ခြုံငုံသုံးသပ်ကြည့်ကြမည်ဆိုရင် လက်ရှိအစိုးရသစ်၏ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အပစ်အခတ်ရပ်စဲရေးသည် ယာယီပဋိပက္ခချုပ်ငြိမ်းရေးမျှသာဖြစ်ပြီး ထာဝရ ငြိမ်းချမ်းရေးကို ဆက်လက်ဖေါ်ဆောင် နိုင်ရန်အတွက်မှာ များစွာလိုအပ်နေပါလိမ့်မည်။

အစိုးရနှင့်လက်နက်ကိုင်တို့အကြားအာဏာနှင့် အကျိုးစီးပွားများအတွက် တိုင်းရင်းသားပြည်သူများက ကြားညှပ်၍ မြေဇာပင်အဖြစ်စတေခြင်းခံရပြီး ဒုက္ခအမျိုးမျိုးဆက်လက်ခံစား နေရဦးမည့် ၀ဋ်ဆင်းရဲမှ လွတ်ကင်းနိုင်ဖွယ်ရာမှာမမြင်မိသေးပါကြောင်း။
“ထိုကြောင့်၂၀၁၃ခုနှစ်တွင်ထာဝရငြိမ်းချမ်းရေးအတွက် အစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်သည့် ညှိနိုင်းအစည်းအဝေးကြီးကိုမဖြစ်မနေလုပ်ဆောင်ရပေလိမ့်မည်။ အကယ်၍ ထိုအစည်းအဝေး၌ ယ္ခုလက်ရှိပဋိပက္ခဖြစ်နေသော KIO မပါဝင်ခဲ့ပါက ထာဝရငြိမ်းရေးတည်ဆောက်မှုတွင် အနည်းနှင့်အများတော့ အဟန့်အတား၊ ကြန့်ကြာမှုများဖြစ်ပေါ်လာနိုင်ပေမည်။”ဟုနိုင်ငံရေးသမား အများ စုက သုံးသပ်ပြောဆိုနေကြသည်။
အမှန်တကယ်တော့ အစိုးရ၏သဘောထားသည် ပဋိပက္ခ၏ အကြောင်းအရင်းခံများကို ကိုင်တွယ်ပြီး
တိုင်းပြည်၏ ပကတိနိုင်ငံရေးအခြေအနေကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် နိုင်ငံရေးစိတ်ဆန္ဒလည်း မရှိ ။အလေးအနက် ထားအားထုတ်မှုလည်း မရှိကြောင်းပြနေခဲ့ပြီး ယခင်စစ်အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မဟာဗျူဟာနှင့် နိုင်ငံရေးအစီအစဉ်အတိုင်းသာ ကျင့်သုံးနေခဲ့သည်။ သဘောတရားအရဆိုရင် လူမျိုးစုတို့ အတွက်နိုင်ငံရေးနေရာနှင့် ဒီမိုကရေစီအဆောက်အအုံများသည် တိုက်ရိုက်အချိုးကြနေပါသည်။
အကယ်၍ နိုင်ငံရေးအင်အားစုများအာလုံး တန်းတူပြောဆိုခွင့်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်သူတွေစိတ်ကြိုက်ရေးဆွဲသော ပြည့်စုံကျယ်ပြန့်သော အခြေခံဖွဲ့စည်းပုံအသစ်ကို မပြဌာန်းနိုင်သ၍ (သို့) စစ်အစိုးရစိတ်ကြိုက် ရေးဆွဲပြဌာန်းထားတဲ့၂၀၀၈ အခြေခံဖွဲ့စည်းပုံကို မပြင်ဆင်နိုင်သ၍ ကာလပတ်လုံး အကြမ်းဖက်မှုများနှင့် မလုံခြုံမှုများ၊ မငြိမ်းချမ်းမှု များသည် ပိုနေမြဲ၊ကျား နေမြဲဆက်လက်တည်ရှိနေဦးမည်သာဖြစ်ပါတော့သည်။

မောင်သာမြား

ကိုးကား။   ။
(၁) သမ္မတဦးသိန်စိန်၏ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှု (၈)ချက်( ၂၀၁၂ခုနှစ်၊မေလ(၃)ရက်)
(၂) လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကြေငြာချက် (ရွှေင်္ဟသာသတင်းဌာန)
(၃) ၀၃-၀၄။၂၀၁၂RCSSမှုကြမ်းရေးဆွဲထားသည့်ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက်အခြေခံမှုများအပေါ်ပြန် လည်ပြင်ဆင်ဖြည်ပစွက်ချက်များ
(၄) ကချင်ထိုးစစ်နှင့် ပတ်သက်၍ မြန်မာအစိုးရ ၏ထုတ်ပြန် ကြေညာချက်
(၅) ၇-၁-၂၀၁၃ နေ့ RFA သတင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...