Sunday, May 3, 2015

မြို့မက ကိုပေါ


 မန္တလေးမြို့၊ မြို့မတူရိယာအသင်းကြီးရဲ့အနောက်ဘက်က အခန်းလေးတစ်ခုထဲမှာ အဘိုးအိုတစ်ဦး လဲလျောင်းနေတယ်။ ခပ်တိုတို သူ့ဆံပင်က အဖြူရောင်တွေချည်းဖြစ်သလို မျက်ခုံးမွေးအစုံကလည်း အဖြူရောင်တွေချည်းဖြစ်လို့။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်မှာလည်း အင်္ကျီအဖြူရောင်ကိုပဲ ၀တ်ဆင်လို့။ ဒီတော့ ညာဘက်ပါးပြင်ပေါ်က အမည်းရောင်အမှတ်ကြီးတစ်ခုကပဲ အဖြူတွေကြားမှာ ထင်ထင်ရှားရှားပေါ် လွင်နေခဲ့တယ်။


သူကတော့ မြို့မတူရိယာအသင်းမှာ တေးရေးဆရာတစ်ဦးအဖြစ်နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ပြီး လက်ရှိမှာလည်း အသက်(၈၇)နှစ်အရွယ်အထိ နာယကတစ်ဦးအဖြစ်ဆောင်ရွက်နေဆဲဖြစ်တဲ့ မြို့မဆရာပေါ ပါ။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ဆရာပေါရဲ့ခြေထောက်မှာ ခွေးကိုက်ထားလို့ရခဲ့တဲ့ဒဏ်ရာကို မြို့မအသင်းရဲ့လက်ရှိဥက္ကဌ ဒေါက်တာလှခိုင်က ဆေးထည့်ပေးနေတာတွေ့ရတယ်။ ဆေးထည့်၊ ပတ်တီးစည်းပြီးတဲ့နောက် အဲဒီအခန်းလေးထဲမှာပဲ ဆရာပေါနဲ့စကားစမြည်ပြောခွင့်ရတယ်။

၁၉၂၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မြို့မတူရိယာအသင်းဟာ အခုဆိုရင် အနှစ်(၉၀)တိုင်ခဲ့ပြီ။ မြို့မငြိမ်းအဖြစ်နာမည်ကျော်ခဲ့တဲ့ ကိုငြိမ်းအပါအ၀င်  ကိုလှဒင်၊ ကိုသန့်စင်၊ ကိုဘသက်၊ ကိုသိန်းတန်၊ ကိုရင်လေး၊ ကိုဘကြင်၊ ကိုအေးဘို၊ ကိုမြသိန်းစတဲ့ လူငယ်တစ်စုဟာ ဆိုင်းတန်းရပ်မှာ အပျော်တမ်းဝိုင်းဖွဲ့တီးခတ်ရင်း  ဦးတော်လုံဆိုတဲ့ တရုတ်ကြီးတစ်ဦးရဲ့ကူညီမှုနဲ့ မြို့မတူရိယာအသင်းရယ်လို့ အတည်တကျဖြစ်လာခဲ့တယ်။

မြို့မဆရာပေါ အဖြစ် နာမည်တစ်လုံးရလာမယ့် ကိုပေါကတော့ စတင်တည်ထောင်ပြီး ၃ နှစ်အကြာ၊ ၁၉၂၈ ခုနှစ်မှာ မြို့မအသင်းဝင်ဖြစ်လာတယ်။ အဲဒီတုန်းကတော့ သူ့အသက်က (၁၇) နှစ်။ ရွှေပန်းတိမ်လုပ်ငန်းကို လုပ်ကိုင်နေရင်းက ဂီတအနုပညာဘက်ကို အားသန်သွားပြီး လက်ရှိလုပ်ငန်းကိုစွန့်လွှတ်ခဲ့တာ။ မြို့မရဲ့အောင်မြင်မှုနဲ့ အတူ အခုတော့ သူ့ရဲ့အသက်တွေလည်း တဖြည်းဖြည်းကြီးရင့်လာခဲ့ပြီ။

“ အခုထိ အားမရသေးဘူး။ မျိုးဆက်သစ်ကလည်း သိပ်မရှိဘူး။ လာသင်ကြတယ်။ ခြောက်လ၊ တစ်နှစ်ဆိုရင် ပြန်သွားကြတယ်။ မလာကြတော့ဘူး။ ခေတ်ကလည်း ဂစ်တာခေတ်ကိုး။ လေမှုတ်တူရိယာဆီမလာချင်ကြတော့ဘူး။ သူ့ခေတ်ကိုး။ မြန်မာသီချင်းတောင် သိပ်မဆိုချင်ကြတော့ဘူး။ Rap ခေတ်ဖြစ်နေတာကိုး” လို့ ဆရာပေါက မချင့်မရဲဆိုတယ်။

သူ့အသံနဲ့ သူ့အမူအရာတွေမှာ အားမလိုအားမရဖြစ်နေဟန်တွေကို စကားပြောဆိုရင်း အထင်းသားမြင်ရတယ်။ ငယ်စဉ်ကတည်းက လက်တွဲလာခဲ့တဲ့ မြို့မတူရိယာအသင်းအပေါ်ထားရှိတဲ့ သံယောဇဉ်တွေကိုလည်း စကားပြောဆိုရင်း မြင်တွေ့လာရတယ်။

ဆရာပေါရဲ့ မိဘတွေက ဂီတမျိုးရိုးမဟုတ်တဲ့ တောင်သူတွေပါ။ မွေးချင်း (၄)ဦးမှာလည်း သူတစ်ယောက်တည်း အနုပညာလမ်းကြောင်းပေါ်ရောက်လာခဲ့တာ။ ဆရာပေါကတော့ သူ့ဘ၀တစ်လျောက် တေးရေးဆရာအဖြစ်သာမက ရုပ်ရှင် ကင်မရာမန်းတစ်ယောက်အဖြစ်ပါ ရပ်တည်ခဲ့တယ်။ ကင်မရာမန်းအဖြစ် အကယ်ဒမီဆုပါရရှိခဲ့သေးတယ်။ ဒါပေမဲ့ သူအကယ်ဒမီရရှိတဲ့ကိစ္စဟာ လူသိအလွန်နည်းခဲ့သလို သူကိုယ်တိုင်ကလည်း အဲဒီအကယ်ဒမီဆုအပေါ် ဂုဏ်မယူခဲ့ဘူး။ ဒါကြောင့်လည်း ကိုပေါ ဟာ မြို့မနဲ့တွဲပြီး သီချင်းတွေရေးတဲ့ မြို့မဆရာပေါအဖြစ်ပဲ လူသိများခဲ့တယ်။

“ သီချင်းရေးတာက ကျွမ်းကျင်လို့မဟုတ်ဘူး။ ၀ါသနာပေါ့။ သူများတွေရေးတာကြည့်ပြီး ရေးချင်လို့ရေးတာ။ ကဗျာဆရာမိုးကြည်ရဲ့ စာအုပ်လေးဖတ်ကြည့်မိတယ်။ သူ့စာသားလေးတွေက “ဖြူပြာ၊မူယာ၊သူဇာ၊နတ်ကညာ” ။ ဒီစာလုံးလေးတွေကြိုက်တော့ သင်္ကြန်သီချင်းရေးရင်တော့ ကောင်းမှာပဲဆိုပြီးတော့လုပ်တာ။ ရှေ့ဆက်ရေးလို့မရဘူး။ဘယ်ရမလဲ၊ သီချင်းရေးတယ်ဆိုတာ စာများများဖတ်မှရမှာကိုး။ ဆရာငြိမ်း(မြို့မငြိမ်း) ကိုပြတော့ စာများများဖတ်ကွာ၊ ရေးရင်ဖြစ်ပါတယ်တဲ့။ ဒါနဲ့ ကိုယ်လည်း ထင်တာရေးတာပေါ့။ ပြီးတော့ ဆရာငြိမ်းက ပြင်ပေးတယ်။ အဲဒါနဲ့ တစ်ပုဒ်ဖြစ်သွားတယ်” လို့ ပထမဆုံးရေးခဲ့တဲ့သီချင်းတစ်ပုဒ်ရဲ့အတွေ့အကြုံကို ဆရာပေါက ပြောပြတယ်။

ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် ဇာတ်ဝင်တေးသီချင်းတောင်းတော့ အဲဒီ “ဖြူပြာ မူယာ”မူရင်းသီချင်းကို စာသားအနည်းငယ်ပြောင်းပြီး ပေးလိုက်တဲ့အခါ မမျှော်လင့်ဘဲပေါက်ခဲ့တယ်။ ပရိသတ်လက်ခံခဲ့တယ်။ ဒီလိုနဲ့ ဂီတရေစီးကြောင်းတစ်ခုထဲ သူပါဝင်လာခဲ့တယ်။

မြို့မဆရာပေါရဲ့ ဂီတခရီးတစ်လျောက် သင်္ကြန်သီချင်း၊ ဇာတ်ဝင်သီချင်း၊ ဧည့်ခံသီချင်းပေါင်း (၁၀၀)လောက်ရေးခဲ့တယ်။ “ပန်းမျိုးတစ်ရာ” “နှုတ်ခွန်းဆက်”စတဲ့သင်္ကြန်သီချင်းတွေ ထင်ရှားခဲ့သလို သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားထဲမှာ အသုံးပြုခဲ့တဲ့ “နှစ်ကိုယ်တူချစ်သမျှ”သီချင်းကတော့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်လို့ ဆိုနိုင်ပါလိမ့်မယ်။

အဲဒီ “နှစ်ကိုယ်တူချစ်သမျှ” သီချင်းကလည်း ရာဇ၀င်ရှိတဲ့သီချင်းတစ်ပုဒ်ပါ။ ကနဦးရေးသားခဲ့တုန်းက သီဆိုမယ့်သူတောင်မရှိခဲ့ဘဲ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်လာမှ နာမည်ရခဲ့တဲ့သီချင်းဖြစ်ပါတယ်။

“ အဲဒီသီချင်းကလည်း ၀ါသနာပါတော့ ဟိုရေး၊ သည်ရေးရင်း စာသားလေးနည်းနည်းရလာတယ်။ ရေးပြီး ဒီအတိုင်းလေးပဲ ခေါက်ထားလိုက်တယ်။ မိုးကုတ်က တီးဝိုင်းတစ်ခုကခေါ်တော့ သွားရင်း ဆိုဖို့ဆိုပြီးပေးတယ်။ ဘယ်သူမှ မဆိုဘူး။ မကြိုက်လို့ မဆိုတာ။ ခေတ်ကလည်း ဟေမာနေ၀င်း၊ ကော်နီ၊ အယ်လ်ခွန်းရီခေတ်ဆိုတော့ ကျွန်တော့်ဟာ မဆိုချင်ဘူး။ သင်္ကြန်မိုးပေါ်တော့မှ ရေးခိုင်းတော့ လိုက်ဖက်အောင် နည်းနည်းပြင်ပြီးပေးလိုက်တာ” လို့ ဆရာပေါကဆိုတယ်။

ဆရာပေါဟာ မြို့မတူရိယာအသင်းမှာ သူ့ရဲ့အနုပညာလမ်းကြောင်းစတင်ခဲ့ပေမယ့် နောက်ပိုင်း မန္တလေးရုပ်ရှင်ထွက်ပေါ်လာတဲ့အခါ မန္တလေးရုပ်ရှင်မှာ ဖလင်ကူးဆေးသမား၊ ကင်မရာမန်းအဖြစ်လုပ်ကိုင်ရင်း မြို့မနဲ့ ကာလအတန်ကြာ အဆက်အသွယ်ပြတ်တောက်ခဲ့သေးတယ်။

မန္တလေးရုပ်ရှင်မှာတော့ ဒါရိုက်တာရွှေဒုံးဘီအောင်ရိုက်ကူးတဲ့ “ဤလူ့ဘောင်” ဇာတ်ကားမှာ သူ့ရဲ့ပထမဆုံး ကင်မရာမန်းဘ၀ကို စတင်ခဲ့တယ်။ မန္တလေးရုပ်ရှင် မပျက်စီးမီအထိ “ ပန်းပန်လျက်ပါ” “ငို၍ ရယ်၍ မရသောမျက်နှာ” “ မလိခချစ်သူ” “ကိုယ်ပိုင်မေတ္တာ” “ချစ်တဲ့စိတ်ကဆန်းကြယ်” “ ကံ” “ရေမြေဆုံးတိုင်” “ ဘုရားမှာတစ်ခါဆုံတယ်” “ ကျောက်ဘီလူးနဲ့ပပ၀င်း” “ ကလောအလွန်တစ်ဘူတာ” “ မာယာထောင်ချောက်” စတဲ့ဇာတ်ကားတွေမှာ ကင်မရာမန်းအဖြစ် ရိုက်ကူးခဲ့တယ်။

“ကိုယ်ပိုင်မေတ္တာ”ရုပ်ရှင်ဇာတ်ကားမှာတော့ အကောင်းဆုံးကင်မရာမန်းအဖြစ် အကယ်ဒမီဆုရတယ်။ ဒါပေမဲ့ အကယ်ဒမီဆုအပေါ် သူက ဂုဏ်မယူတဲ့အပြင် ဆုရတာကိုတောင် ရှက်နေခဲ့တယ်။ ဒါကြောင့်လည်း သွားတက်မယူခဲ့ဘူး။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြန်ပြောပြတဲ့အခါ စိတ်လိုလက်ရရှိလာဟန်နဲ့ ခပ်တိုးတိုးသူအသံက ပိုပြီးကျယ်လောင်လာတယ်။ စကားလုံးတွေကလည်း ပိုပြီး သွက်လက်လာတယ်။

“ ကိုယ့်ဟာကိုယ်သိတယ်။ ငါရိုက်တာ ဘာမှထူးဆန်းတာလည်း မပါဘူး။ ဘာကိုပေးတာလဲ ဆိုပြီး သွားကို ယူချင်စိတ်မရှိလို့ မယူတာ။ နောက်တော့ အကယ်ဒမီပေးတာတွေ တီဗီကလာတော့ ကြည့်ဖြစ်တော့ အဲဒီတော့မှ ပိုစိတ်ညစ်တာ။ ဒီအခန်းက အကယ်ဒမီရတာပါဆိုပြီး ထိုးပြတော့၊ ဟာ..အဲဒီတော့မှ ပိုစိတ်ညစ်တာ။ ဘာမှမထူးဆန်းဘဲ ပေးတဲ့သူကပေး၊ ယူတဲ့သူကယူတယ်။ ရှက်စရာကြီး။ ငါမယူခဲ့တာ မှန်တယ်လို့ တွေးမိတယ်။ ကျွန်တော့်အထင်ကတော့ ရုပ်ရှင်မှာ အခန်း(၄၀) ရှိတယ်ဆိုပါတော့၊ (၃၀)လောက်ကြည့်လိုက်လို့ ကောင်းတယ်ဆိုရင် ယုတ္တိရှိတယ်။ တစ်ခန်း၊နှစ်ခန်းကောင်းလို့ ကြည့်ပြီး အကယ်ဒမီပေးတာက သိပ်မနိမ့်လှဘူးလို့ထင်တာလေ။ တချို့ဆို အဲဒီပြတဲ့အခန်းကိုက မကောင်းတာ။ ဘာလုပ်တော့မလဲဗျာ။ ဒုက္ခတောင် များသေးတယ်” လို့ သူကဆိုတယ်။

ဆရာပေါဟာ အနုပညာလောကမှာ သီချင်းရေးဆရာအဖြစ်ရော၊ ကင်မရာမန်းအဖြစ်ပါ ရပ်တည်ခဲ့ပေမယ့် အဲဒီ(၂) မျိုးလုံးမှာ အောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူးလို့ သူ့ကိုယ်သူ ယူဆတယ်။ သီချင်းရေးဆရာအဖြစ် ကိုယ်လုပ်ချင်တဲ့အတိုင်းအတာအထိ မလုပ်ဆောင်နိုင်ခဲ့သလို ကင်မရာမန်းအဖြစ်လည်း လိုချင်တဲ့ပုံစံမျိုးမရခဲ့ဘူးလို့ပြောတယ်။

ဆရာပေါက “ ကင်မရာသမားက ဒီရှုထောင့်၊ ဒီနေရာမှာရိုက်ရင် သင့်တော်တယ်လို့ထင်ပေမယ့် မင်းသမီးတွေက နေပူတယ်၊ ဒီနေရာမှာပဲရပါတယ်ဆိုရင် ဒါရိုက်တာကလည်း အေး…သမီးသဘောလေ၊ ဒီမှာပဲ ရိုက်တာပေါ့ ဆိုရင် ဒီနေရာမှာပဲပြီးသွားတယ်။ ကိုယ်လိုချင်တဲ့အနေအထား မရခဲ့ဘူး။ ကိုယ်တွေ့ကြုံတာ တစ်ခုရှိတယ်။ ဇာတ်ကားတစ်ကားရိုက်တော့ မင်းသမီးက ဇာတ်ညွှန်းဖတ်ကြည့်ပြီး ကြိုက်လို့ လက်ခံပြီးပြီ။ ဇာတ်လမ်းက အငြိမ့်မင်းသမီးဇာတ်လမ်း။ တကယ်ရိုက်တော့ အငြိမ့်ကောင်းကောင်းမကတတ်ဘူး၊ ကတတ်တဲ့သူနဲ့ သင်မယ်ဆိုတော့ (၇) ရက် အကသင်တယ်။ ရပြီဆိုတော့မှ စတူဒီယိုထဲမှာ အငြိမ့်စင်ထိုးပြီးရိုက်မယ်ဆိုတော့ မင်းသမီးက စတူဒီယိုထဲမှာ ကြည့်တဲ့သူမရှိလို့တဲ့။ ရန်ကုန်မှာရိုက်နေတာကို မန္တလေးက အငြိမ့်အဖွဲ့တွေဆီ သွားရိုက်မယ်ပြောတယ်။ အဲဒါနဲ့ တစ်ဖွဲ့လုံးဆင်းခဲ့ရတယ်။ ပရိုဂျူဆာကလည်း ကုန်ပါစေဗျာ၊ မင်းသမီးကျေနပ်ရင် ပြီးတာပဲဆိုတော့ မန္တလေး ဆင်းကြတယ်။ မန္တလေးရောက်တော့ မင်းသမီးလာတယ်ဆိုတော့ လာကြည့်တဲ့သူက ထောင်သောင်းဖြစ်လာတော့ မကရဲတော့ဘူး။ အလုပ်ပျက်ပြီး ရန်ကုန်ပြန်သွားရတယ်။ ကျွန်တော်တို့ကတော့ ဘာမှပြောပိုင်ခွင့် မရှိဘူးလေ။ ပရိုဂျူဆာ စရိတ်တတ်နိုင်ရင်လုပ်ပေါ့” လို့ သူ့ရဲ့အတွေ့အကြုံတစ်ခုကို ပြန်ပြောပြတယ်။

မန္တလေးရုပ်ရှင် မီးလောင်ပျက်စီးသွားခဲ့ပြီးတဲ့နောက်မှာတော့ ဆရာပေါဟာ မြို့မနဲ့ပြန်ပြီး ထိစပ်လာခဲ့တယ်။ မြို့မတူရိယာအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ရင်း၊ တခြား ရုပ်ရှင်နဲ့ ဂီတနယ်ပယ်တွေမှာလည်း ကျင်လည်ရင်း မြို့မနဲ့ နီးတလှည့် ဝေးတလှည့် ဖြတ်သန်းခဲ့ပြန်တယ်။

“ ကျပန်းအလုပ်လုပ်ရတာကိုးဗျ။ ၈၈ နောက်ပိုင်းမှ အခုထိမြို့မနဲ့မြဲနေတာ။ မိုးကုတ်က ဈေးဟောင်းတူရိယာအဖွဲ့ထောင်တော့လည်း သူတို့နဲ့ လိုက်သွားပြီး နည်းပြလုပ်ပေးရတယ်။ (၆)နှစ်ကြာတယ်။ ၈၈ အရေးအခင်းကျမှ ပြန်လာတယ်။ ကျွန်တော်လည်း ပြန်မသွားတော့ဘူး။ သူတို့လည်း ပျက်ရော” လို့ ဆရာပေါက ပြောပြတယ်။
ဒါပေမဲ့ အခုလို အသက်ကြီးပိုင်းရောက်လာတဲ့အခါ ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ကိုပြန်တွေးကြည့်ရင်း နောင်တရခဲ့တယ်လို့ ဆရာပေါက မချင့်မရဲဆိုပြန်တယ်။ ငယ်ငယ်ကလုပ်ခဲ့တဲ့ ရွှေပန်းတိမ်အလုပ်ကို ဇောက်ချလုပ်ကိုင်ခဲ့ရင် အခုထက်ပိုပြီးအဆင်ပြေတဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်ခဲ့မှာပဲလို့ သူက ယုံကြည်နေတယ်။

သူက “ ရုပ်ရှင်ကိုအထင်ကြီးပြီး ရုပ်ရှင်ထဲ သွားလုပ်တာ။ ရုပ်ရှင်ဆိုတာက သိတဲ့အတိုင်း လူတွေက ဗရုတ်သုတ်ခပဲ။ ပြောရရင် ရွှေပန်းတိမ်လုပ်ရင် ချမ်းသာမှာ၊ ရုပ်ရှင်ထဲလုပ်လို့ မချမ်းသာတာ။ အဲဒါက အကြီးအကျယ်နောင်တပဲ” လို့ဆိုတယ်။

လက်ရှိမှာတော့ ဆရာပေါက မန္တလေးမြို့ ပုလင်းဝင်းမှာ ဇနီးနဲ့ သမီးဖြစ်သူနဲ့အတူတူ နေတယ်။ မြို့မအသင်းကို နေ့တိုင်းလာတယ်။ နာယက တစ်ဦးအဖြစ်၊ ဂီတမှူး တစ်ဦးအဖြစ် ဆောင်ရွက်တယ်။ သီချင်းတွေရေးတယ်။ ဒီလိုနဲ့ သက်ကြီးပိုင်း ဘ၀ကို ဖြတ်သန်းနေတယ်။ ဒါပေမဲ့ မြို့မတူရိယာအသင်းကြီးနဲ့ ပတ်သက်ရင်တော့ အားမလိုအားမရဖြစ်နေတုန်းဆိုတာတွေ့ရတယ်။

“ သီချင်းတစ်ပုဒ်ကို တီးကွက် တစ်ကွက်၊ တစ်ယောက် တစ်မျိုးစီနဲ့ အစုအဖွဲ့လေး ဖြစ်စေချင်တယ်။ အခုဟာက သီချင်းတစ်ပုဒ်တည်းကို ၀ိုင်းဆိုနေသလိုဖြစ်နေတာ။ နိုင်ငံခြားမှာဆို ဆိုတဲ့သူတောင် First, Second,Third ရှိတာ။ ကျွန်တော်တို့ဆီမှာ မရှိဘူး။ အဲဒါလေးကို ပြောင်းလဲစေချင်တယ်” လို့ သူကဆိုပါတယ်။

ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...