Friday, May 15, 2015

မြန်မာပြည်မှာ ဆိုက်ကားကို လူကြိုက်များနေဆဲပါ


- မင်းညီ | ဘာသာပြန်ဆိုသည် |
ရန်ကုန်မြို့တွင် ဘတ်စ်ကားကျပ်ခြင်း၊ ယာဉ်ကြောပိတ်ခြင်းကို ရှောင်လွှဲနိုင်ရန် အချို့ငွေကြေးတတ်နိုင်သူများသည် လိုရာခရီးကို အချိန်မီရောက်နိုင်ရန် အငှားယာဉ်များ အသုံးပြုနေကြသည်။ သို့သော် ဘတ်စ်ကားရော၊ တက္ကစီကားပါ ဝင်ရောက် နိုင်ခြင်းမရှိသည့် လမ်းကြို လမ်းကြားများအတွက်မူ ဆိုက်ကားကို အသုံးပြုနေရဆဲဖြစ်သည်။

ထို့ကြောင့် ဆိုက်ကားသမားတို့၏ဘဝ၊ ဆိုက်ကားတစ်စီး၏ တန်ဖိုးနှင့် မြန်မာ့လူနေထိုင်မှုပုံစံကိုသိနိုင်ရန် ဆောင်းပါးရှင် Julie Makinen က Los Angeles Times တွင် ဝေဖန်သုံးသပ်ထားရာ . . .
*******
ဝါးခမောက်မှာ တွယ်ထားတဲ့ မေးသိုင်းကြိုးစကို သူ့မေးရိုးအောက်မှာချည်ပြီး ဆိုက်ကားနင်းလာတဲ့ လင်းနိုင်ရဲ့ပုံစံက တကယ့်ကောင်းဘွိုင်မင်းသား အတိုင်းပါပဲ။ သူ့ဘေးတွဲဆိုက်ကားပေါ်မှာတော့ ခပ်ဝဝ လူကြီးတစ်ယောက်ကိုတင်ထားပြီး အဲဒီလူကြီး လိုရာခရီးရောက်အောင် ပို့ဆောင်ပေးရမှာက သူ့ရဲ့ဂုဏ်ယူစရာ တစ်နေ့တာအလုပ်တွေထဲက အစိတ်အပိုင်းတစ်ခုပဲဆိုပါ တော့။
ဆိုက်ကားနင်းနေတဲ့ လင်းနိုင်ရဲ့ပုံစံက လုံချည်နက်နဲ့ အင်္ကျီဖြူဝတ်ဆင်ထားပြီး သူ့အင်္ကျီအိတ်ကပ်ထဲမှာတော့ လက်ကိုင်ဟန်းဖုန်းထည့်ထားတာကို တွေ့ရမှာ ပါ။ ဆေးရောင်မှိန်မှိန်ဖြစ်နေတဲ့ ကိုလိုနီခေတ်အဆောက် အအုံပျက်တွေရှိတဲ့ လမ်းကြိုလမ်းကြားလေးတွေထဲမှာ သူ့ဆိုက်ကားလေးက တစ်ဘီးချင်းလိမ့်ပြီး ခရီးသည်တွေ ကို လိုရာပို့ဆောင်ပေးနေသလို လေဆာသွားတိုက်ဆေး ကြော်ငြာဆိုင်းဘုတ်၊ မာစီးဒီးကားကြော်ငြာနဲ့ အင်တာနက် ကဖီး ကြော်ငြာဆိုင်းဘုတ်တွေကြားက လွင့်စဉ်လာတဲ့ လေကို ရှူရှိုက်ရင်းပေါ့။
သူ့ဆိုက်ကားဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက်မှာ ကောင်းကင်ပေါ်ကို ထီးထီး ကြီး ထိုးတက်နေတဲ့ ရှန်ဂရီလာဟိုတယ်ကို လှမ်းပြီးမြင်နိုင်ပါတယ်။ လင်းနိုင် နေထိုင်နေ တဲ့ မဟာရန်ကုန်မြို့ဟာ အခုဆို လူဦးရေ ၇ ဒသမ ၄သန်း ရှိနေပါပြီ။ မြို့ထဲမှာလည်း အငှားယာဉ်သစ်တွေကို တွေ့နိုင်သလို အိုမင်းဟောင်းနွမ်းနေတဲ့ ဘတ်စ်ကားအိုတွေကို လည်း တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် လမ်းမတွေပေါ်မှာ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာ နေတဲ့ လူတွေကိုလည်း တစ်နေ့လုံး မပြတ်မြင်တွေ့ရမှာပါ။
ရန်ကုန်မြို့ရဲ့လမ်းမကြီးတွေဟာ ၂ဝ၁၅ ခုနှစ်ထဲမှာလည်း လင်းနိုင်တို့လို ဆိုက်ကား သမားတွေနဲ့ စည်ကားနေဦးမှာပါ။
''ဘတ်စ်ကားတွေက ဈေးသက်သာတယ်။ ဒါပေမဲ့ အရမ်းပူတယ်။ တက္ကစီကားတွေ ကျပြန်တော့လဲ အေးအေးလူလူစီးလို့ရပေမယ့် ဈေးကြီးတယ်''လို့ အသက် ၃၆နှစ်အရွယ် ဆိုက်ကားသမားတစ်ဦးက ဆိုတယ်။
''ကျွန်တော် ဆိုက်ကားနင်းစားတာ ရှစ်နှစ်လောက်ရှိပြီ။ ဒီအလုပ်က သိပ်မဆိုးပါ ဘူး။ အဆင်ပြေပါတယ်။ အခု လမ်းတွေမှာ ကားအရမ်းကျပ်တော့ လူတွေက သူတို့လို ရာကို မြန်မြန်ရောက်အောင် ဆိုက်ကားစီးကြတယ်။ ဒါကြောင့် ဆိုက်ကားက လူကြိုက်များ နေတုန်းပဲ''လို့ အဆိုပါဆိုက်ကားသမားက ဆက်ရှင်းပြပါတယ်။
အရှေ့တောင်အာရှနိုင်ငံအတော်များများမှာ ဆိုက်ကားနဲ့ဆိုက်ကားပုံစံတူ( bicycle rickshaws)ကို အသုံးပြုမှုများစွာရှိပါတယ်။ တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာတော့ မော် တော်ဆိုင်ကယ်နဲ့ စကူတာတွေကို ဈေးပေါပေါနဲ့ဝယ်ယူနိုင်လို့ အသုံးပြုသူတွေများတယ် ဆိုပေမယ့် အဲဒီယာဉ်တွေဟာ ပတ်ဝန်းကျင်ဆူညံမှုကိုတော့ ဖြစ်စေပါတယ်။
ဒါပေမဲ့ စစ်အစိုးရအုပ်ချုပ်စဉ်ကာလက ရန်ကုန်မြို့တွင်းမှာ ဆိုင်ကယ်စီးနင်းခွင့် ပိတ် ပင်လိုက်လို့ အခုဆိုရင် ရန်ကုန်မြို့ထဲမှာ ဆိုင်ကယ်စီးနင်းခွင့်မရတာ ၁ဝစုနှစ်တစ်ခု ကျော် ကြာမြင့်ခဲ့ပါပြီ။ အဲဒီလို ရန်ကုန်မြို့ထဲမှာ ဆိုင်ကယ်စီးခွင့်အပိတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ပြောဆိုနေကြတဲ့ အကြောင်းအရာတစ်ခုရှိပါ တယ်။
အဲဒါက စကော်ပီယံဂိုဏ်းသားတွေရဲ့ ဆိုင်ကယ်အုပ်စုဟာ စစ်ဗိုလ်ချုပ်ကြီးတွေ လိုက်ပါလာတဲ့ ယာဉ်တန်းတစ်ခုကို လိုက်နှောင့်ယှက်မိလို့ ဒီလိုရန်ကုန်မြို့မှာ ဆိုင်ကယ် စီးခွင့် ပိတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ အခုချိန်မှာ မြန်မာနိုင်ငံဟာ စစ်အစိုးရကနေ အရပ်သားအစိုးရ ပြောင်းလဲသွားပေမယ့်လည်း ယခင်စစ်အစိုးရလက်ထက်က ချမှတ် ခဲ့တဲ့ ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်ထားတဲ့အမိန့်ကို ပြန်မပယ်ဖျက်ပေး သေးပါဘူး။
လင်းနိုင်လိုပဲ ရန်ကုန်မြို့မှာ လိုင်စင်ရဆိုက်ကားသမား ၂၆ဝဝဝဝရှိနေပြီး သူတို့ဟာ မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ ဆိုက်ကားမတော်တဆမှုတွေလည်း ကြုံတွေ့ ရတတ်ပါတယ်။ ဆိုက်ကားပေါ်တစ်ခါတက်တိုင်း ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ ၂ဝဆင့် (မြန်မာငွေ ကျပ်၂ဝဝ ခန့်)ကနေ အမေရိကန်ဒေါ်လာ ၅ဝ ဆင့် ( မြန်မာငွေ ကျပ် ၅ဝဝ)အထိပေးရတဲ့အတွက် ပိုက်ဆံချွေတာသူတွေအတွက်တော့ ဆိုက်ကားဝန်ဆောင် မှုဟာ ဆက်ပြီးပန်းပန်နေဆဲပါပဲ။
လင်းနိုင်ဟာ ရပ်ကွက်ထဲကအိမ်ရှင်မတွေကို ဈေးလိုက် ပို့တာ၊ ကလေးကျောင်းအကြိုအပို့လုပ်တာ၊ သက်ကြီးရွယ်အိုတွေကို ဘုရားသွားကျောင်း တက်လိုက်ပို့ပေးတာအပါအဝင် တစ်ရက်ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဝဒေါ်လာ ခန့် (မြန်မာငွေ ကျပ် ၁ဝဝဝဝ ခန့်) အထိရလို့ တစ်နှစ်ပျမ်းမျှ သူ့ဝင်ငွေဟာ ဒေါ်လာ ထောင်ဂဏန်းကျော်ရှိနေပါတယ်။
ဒါပေမဲ့ ဆိုက်ကားတစ်စီးရဲ့တန်ဖိုးက သိပ်မသေးပါဘူး။ ဆိုက်ကားကိုယ်ထည်အတွက် ဒေါ်လာ ၂ဝဝကျော်၊ လိုင်စင်အတွက် ဒေါ်လာ ၃ဝဝလောက် ပေးနေရပါတယ်။ လင်း နိုင်လိုပဲ ဆိုက်ကားသမားအများစုဟာ ဆိုက်ကားအပိုင်မရှိကြလို့ တစ်ရက်ကို အုံနာခ ကျပ်၂ဝဝဝ၊ ၃ဝဝဝ လောက်ပေးပြီး အငှားနင်းတဲ့သူတွေက အများစုဖြစ်နေပါတယ်။
နည်းပညာအရပြောရမယ်ဆိုရင် ဆိုက်ကား(လန်ချား)ပေါ်ပေါက်လာတာ ၈၅နှစ် လောက်ရှိနေပါပြီ။ မြန်မာပြည်မှာအသုံးပြုနေတဲ့ ဆိုက်ကားဘေးတွဲဟာ လက်လုပ်နည်း ပညာတစ်ခုလို့ ဆိုနိုင်ပါတယ်။ အဲဒီဘေးတွဲကို သစ်သားနဲ့ပြုလုပ်ထားပြီး ခရီးသည်နှစ်ဦး လိုက်ပါနိုင်တဲ့ ထိုင်ခုံနှစ်လုံးပါဝင်ပါတယ်။ အဲဒီခရီးသည်တွေဟာ တစ်ယောက်က ရှေ့ ကိုမျက်နှာမူပြီး ကျန်တစ်ယောက်က အနောက်ကိုမျက်နှာမူကာ ကျောချင်းကပ်ပုံစံစီးရပါ တယ်။ ဆိုက်ကားဆရာရဲ့နောက်မှာလည်း ခရီးသည်တစ်ယောက် လိုက်ပါစီးနင်းနိုင်ပါ တယ်။
ဆိုက်ကားရဲ့ သစ်သားကိုယ်ထည်ကို သံပေါင်ကွပ်ထားပြီး တချို့တွေက ဆေးအနီ ရောင် သုတ်ထားတတ်ကြပါတယ်။ ရှေ့လက်ကိုင်ပေါ်မှာတော့ မီးသီးနဲ့ ခေါင်းလောင်း ကို တပ်ဆင်ထားလေ့ရှိပါတယ်။ တချို့ဆိုက်ကားတွေရဲ့ ဘားတံတွေအပေါ်မှာ စိတ်တိုင်း ကျ အလှဆင်ထားကြတာတွေလည်း ရှိပါတယ်။
ရန်ကုန်မြို့မှာ ပုံဆွဲပန်းချီဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းလုပ် ကိုင်နေတဲ့ ကိုဇော်ဇော်ကိုကတော့ ''ဆိုက်ကားက တော်တော်လေး အသုံးဝင်ပါတယ်။ လမ်းကြိုလမ်းကြားတွေမှာ လိုသလိုသွားလို့ရတယ်။ တချို့ ကားဝင်လို့မရတဲ့နေရာတွေ ဆိုရင် ဆိုက်ကားကိုပဲ သုံးရတာပဲ။ ဒါကြောင့် ဆိုက်ကားနင်းပြီး ထမင်းစားလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုက်ကားက လူတွေကြားမှာ အမြဲလိုအပ်ချက်ရှိနေလို့ပဲ''လို့ ဆို ပါတယ်။
၂ဝ၁၁ခုနှစ်မှာ ကိုဇော်ဇော်ကိုဟာ သူ့ရဲ့ပုံဆွဲစက္ကူပုံပေါ်မှာ ဆိုက်ကားပုံကို ပထမ ဆုံး စတင်ဆွဲခဲ့ပါတယ်။ စက်ဘီးတွေနဲ့ဆိုက်ကားတွေဟာ မြန်မာပြည်ထဲက အထင်ကရ သမိုင်းဝင်နေရာတွေဖြစ်တဲ့ မန္တလေး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လည်း အလျဉ်မပြတ် အသုံးပြုနေဆဲပုံရိပ်တွေပေါ့။
''တစ်ခါတလေ ဆိုက်ကားသမားတွေရဲ့လုပ်ငန်းခွင်မှာ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝ ပုံရိပ်တွေကို ကျွန်တော် ဆွဲချင်တယ်။ သူတို့အများစုဟာ ပညာကောင်းကောင်းမသင်ခဲ့ ရလို့ ဘဝမှာ ရွေးချယ်စရာ များများစားစားသိပ်မရှိပါဘူး''လို့ ကိုဇော်ဇော်ကိုက ဆက်ပြော ပါတယ်။
ယနေ့အချိန်အထိ သူဟာ ပန်းချီကားပေါင်း ၁ဝဝကျော် ဆွဲပြီးခဲ့ပါပြီ။ သူ့ဦးနှောက် က ရန်ကုန်မြို့ရဲ့လမ်းကြိုလမ်းကြားက တကယ့်ပုံရိပ်စစ်တွေကို ဖန်တီးချင်နေခဲ့တယ်။ ဒါ့အပြင် မြို့တွင်းက ဆူညံသံတွေ၊ အနံ့အသက်ဆိုးတွေကလည်း သူ့အတွေးပုံရိပ်မှာ လွမ်းမိုးနေဆဲပါပဲ။
''အဲဒီ တကယ့်လက်တွေ့ဘဝအခြေအနေတွေကို ရယူနိုင်ဖို့ ကိုယ့်ဦးနှောက်ကိုလဲ ကိုယ်ပြန်အနားပေးရတယ်။ ကျွန်တော့်အတွေးထဲမှာ စိုးရိမ်မိတဲ့စိတ်လေးက အဲဒီဆိုက် ကားဆရာတွေဟာ နေရောင်အောက်မှာ သူတို့ ပူပြင်းနေကြလား။ သူတို့ ပင်ပန်းနေကြ လား။ ဒါပေမဲ့ အဲဒီစိတ်ကူးတွေနဲ့ပဲ ကျွန်တော် ဟိုးအဝေးကို ထွက်သွားလိုက်ပါတယ်''။
|───────────Yangon Media Group ──────────|
|───────────Yangon Media Group ──────────|
- Photo:Julie Makinen | Los Angeles Times |

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...