ညည်းမြို့
လူတို့သည် အရှိတရားကိုလက်ကိုင်ထားပြီး ညည်းညူတတ်ကြသည်။ လောကရှိ အသံများထဲတွင် ညည်းညူသံလောက် ကြောက်စရာ ကောင်းသည့်အသံမရှိပေ။ လူတစ်ဦး၊ မိသားစုတစ်စု၊ အဖွဲ့အစည်း၊ နိုင်ငံအတွင်း ညည်းညူသံတွေ ချည်းကြားနေရ၍ အကျိုးရှိနိုင်ပါမည်လော။
တစ်ခါတုန်းက ညည်းမြို့ဟုခေါ်သည့် မြို့တစ်မြို့ရှိခဲ့ဖူးသည်။
ထိုမြို့ရှိလူတိုင်းသည် ညည်းညူတတ်ကြသည်။ မညည်းတတ်လျင်
ညည်းမြို့တွင်နေ၍မဖြစ်နိုင်ပေ။
ညည်းမြို့သားများသည် နွေရာသီရောက်လာလျင် ပူလွန်းသည်ဟုလည်းကောင်း၊ ဆောင်းရာသီရောက်လျင်
အေးလွန်းသည်ဟု လည်းကောင်း၊ မိုးရွာလျှင်လည်းကလေးများက အပြင်ထွက်မဆော့ရ၍ အညည်းဆုံးဖြစ် သည်။
နေထွက်လာသည်နှင့် ဘာမှမလုပ်ရသေးဘူး မိုးကလင်းနေပြီဟု စတင်ညည်းတတ်ကြသည်။ အိမ်နီးချင်း အချင်းချင်း သူ့အကြောင်း ငါ့အကြောင်း အဆင်မပြေကြောင်း စတင်ညည်းကြသည်။
မိဘတွေက သားသမီးတွေအကြောင်းညည်းပြသည်။ အစ်ကိုတွေက ညီမတွေအကြောင်း ညည်းပြကြသည်။ လူတိုင်းတွင် ပြဿနာကိုယ်စီနှင့်ဖြစ်နေတတ်သည်။ လူတိုင်းက အားလုံးသောပြဿနာများကို တစ်ယောက်ယောက်က လာပြီး ဖြေရှင်းပေးလိုက်လျှင်ကောင်းမည်ဟုထင်ပြီး မရှိသေးသည့် တစ်ယောက်ယောက်ကိုမျှော်ကာ ညည်းတတ်ကြပြန်သည်။
တစ်နေ့တွင် အရပ်ထဲလှည့်ပြီး ကုန်စုံရောင်းသူတစ်ယောက်သည် ကြီးမားသည့်ခြင်းတောင်းကြီးတစ်တောင်းကို ကျောတွင်ပိုးကာ ညည်းမြို့သို့ရောက်လာသည်။ တစ်မြို့လုံး သက်ပြင်းတွေချ၊ ပြဿနာမရှိပြဿနာရှာ၊ ညည်းစရာမဟုတ်သည်ကို ညည်းနေခြင်းအား နားမခံသာသည့်အဆုံးတွင် ခြင်းတောင်းကြီးကို အောက်သို့ ချလိုက်ပြီး
“အို မြို့သူမြို့သားအပေါင်းတို့ သင်တို့လယ်ကွင်းပြင်တွင် ကောက်ပင်များ ရိတ်သိမ်းရန် ရင့်မှည့်နေကြပြီ။ သစ်သီးပင်တို့တွင်လည်း သစ်သီးတွေ ခူးဆွတ်ရန်အသင့်ဖြစ်နေပြီ။ လယ်ယာတွေဝင်းမှည့်၊ သစ်တောတွေ စိမ်းလန်းပြီး မြစ်ချောင်းတွေ ပြည့်လျံနေချိန်တွင် သင်တို့ အဘယ်ကြောင့်ညည်းညူနေကြသနည်း။ အချိန်ကောင်း၊ အခါကောင်း၊ အခွင့်ကောင်းတွေရှိနေသည့် သင်တို့ဘ၀ကိုမေ့ပြီး အဘယ်ကြောင့် ညည်းညူနေကြသနည်း။ ကိုယ့်ဘ၀တွေကို အဘယ်ကြောင့် မကျေမနပ်ဖြစ်နေကြရသနည်း။ အို အသင်တို့ ဤနေရာသို့ လာကြကုန်လော့။ ကျွန်ုပ်သည် သင်တို့အား ရောင့်ရဲခြင်း တရားကို ရောင်းပေးအံ့” ဟု အော်လိုက်လေသည်။
အရောင်းဈေးသည်၏သွင်ပြင်ကို သူတို့ကြည့်လိုက်သောအခါတွင် အင်္ကျီတွေကစုတ်ပြတ်နေသည်။ ဘောင်းဘီ ကလည်း အဖာအထေးတွေနှင့် ပြည့်နေသည်။ ဖိနပ်ကလည်းအပေါက် ဟောင်းလောင်းနှင့် မြင်မကောင်းတော့။ လူတွေကသူ့ကကြည့်ပြီး ရောင့်ရဲခြင်းတရားကို ရောင်းမည့်သူသည် ရောင့်ရဲနိုင်လွန်းသည်တော့မှန်ပေသည်ဟု ပြောင်လှောင်ကြလေသည်။ သူတို့ ကျိတ်ရယ်နေကြစဉ် သူသည် ကြိုးရှည်ကြီး တစ်ချောင်းကို တောင်းထဲမှ ထုတ်လိုက်သည်။ မြို့တော်ကွက်လပ်အတွင်း သူက ကြိုးကိုလေးထောင့်ပတ်လည်ကာလိုက်ပြီးနောက်
“ညည်းမြို့သားအပေါင်းတို့ သင်တို့စိတ်ထဲတွင် မကျေမနပ်နှင့် ခံစားနေရသမျှအကြောင်းအရာများကို စာရွက် တစ်ရွက်တွင်ချရေးပြီး ဤနေရာကိုယူလာကြပါ။ ပြီးလျှင် ဤတောင်းအတွင်းသို့ စာရွက်တွေလာထည့်ကြပါ။ စာရွက် တစ်ရွက်လာထည့်တိုင်း သင်တို့ပြဿနာများကို ပျော်ရွှင်စရာများအဖြစ် ပြောင်းလဲပေးလိုက်မည်” ဟု ကြေညာလိုက်သည်။
လူတွေက သူ့အနီးသို့ ဝိုင်းအုံလာကြသည်။ ပြဿနာတွေကို ရင်ဖွင့်ခွင့်ရမည်ဆို၍ မည်သူမျှ တုံ့ဆိုင်း မနေနိုင်လောက်အောင်ဖြစ်နေကြသည်။ တစ်မြို့လုံးရှိ လူကြီး လူငယ် ကျားမ မရွေး အားလုံးညည်းညူပြီး စာရွက်တွေပေါ်ချရေးကြသည်။ ပြီးလျှင် စာရွက်တွေကို တောင်းထဲသို့ လာပစ်ထည့်လိုက်ကြသည်။
ဈေးသည်က ရောက်လာသမျှစာတွေကိုကောက်ကိုင်ပြီး တန်းထားသည့်ကြိုးတွင် လိုက်ချိတ်နေသည်။ ကြိုးစတွင်ချိတ်ထားသမျှ စာရွက်လေးများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်ပျံနေကြသည်။ စာရွက်တွေ အားလုံးကို ကြိုးတွင်ချိတ်ပြီးသောအခါ သူက
“ကိုင်း ခုဒီမှာချိတ်ထားတဲ့ စာရွက်တွေထဲက ကိုယ့်ပြဿနာကိုယ်ပြန်လာပြီး ရှာကြည့်ကြပါ။ ပြဿနာ အနည်းဆုံးလူကို ကျွန်တော် ရောင့်ရဲခြင်းတရား လက်ဆောင်ပြန် ပေးပါ့မယ်” ဟုပြောလိုက်သည်။
လူတို့ကြိုးအနီးသို့ကပ်လာပြီး ကိုယ့်ပြဿနာ ကိုယ်ပြန်ယူသွားကြသည်။ လူတိုင်း လူကြားသူကြားတွင် ပြဿနာအများဆုံးဟူ၍ အထင်မခံနိုင်ကြပေ။ ခဏချင်းပင် ကြိုးတန်းပေါ်မှ စာများပျောက်သွားကြသည်။
“အသင်တို့ သင်တို့သည် ပြဿနာကိုကိုယ်တိုင်ရှာပြီး ဤတောင်းအတွင်းသို့လာထည့်ကြသည်။ သင်တို့လာ ထည့်စဉ်က ပြဿနာနှင့် သင်တို့ယခုပြန်ယူသွားသည့်ပြဿနာများသည် အတူတူပင်မဟုတ်လော။ ကျွန်ုပ်သည် သင်တို့ထံမှ ပြဿနာများကိုတောင်းပါသည်။ သင်တို့က သင်တို့ပြဿနာများကို ပြန်ယူသွားကြသဖြင့် ယခု ဤနေရာတွင် ပြဿနာမရှိတော့ဟု မှတ်ယူရပေမည်” ဟုပြောလိုက်သည်။
ထိုအချိန်မှစပြီး ညည်းမြို့ရှိသူများအားလုံး ညည်းညူ ခြင်းမပြုကြတော့။ ညည်းကြရအောင်ဟု ပြောလာလျှင် လည်း ဈေးသည်နှင့် ကြိုးတန်းကိုမြင်ပြီး မညည်းဝံ့ကြတော့ပေ။
(Think)
၁၆.၅.၂၀၁၅

0 comments:
Post a Comment