Friday, May 15, 2015

မောင်စိုးလှိုင်သို့ ပြန်စာ



၁၉၅၂ခု၊ ဇွန်လ ၁၅ရက်၊ ရန်ကုန်မြို့ 

ညီလေး မောင်စိုးလှိုင်-

မောင်ရင့်ဆီက ပေးပို့ လိုက်တဲ့ စာကို ချိုတေးသံ တိုက်အုပ် မြို့ မ ကိုထွန်းအောင်ဆီက တဆင့် အကိုကြီး ကောင်းမွန်စွာပဲ လက်ခံရရှိ တဲ့အတွက် အကြောင်းစုံ သိရပါပြီ။
မောင်ရင်ရဲ့ ပေးစာများနှင့်တကွ စိတ်နေ သဘောထား အကျင့် ၀ါသနာများကိုလဲ စာအရ အကိုကြီး အတော်ကလေးပဲ အကဲခတ်မိတဲ့အတွက် မောင်ရင့်အပေါ်မှာ ညီအရင်းတယောက်လိုပဲ ဂရုဏာ သက်မိတဲ့အပြင် မောင်ရင်ရဲ့ အလိုဆန္ဒကို အကိုကြီးတတ်နိုင်သမျှဖြည့်စွမ်းပေးချင်တဲ့ စေတနာ ပေါ်ပေါက် မိပါတယ်။
သို့ သော်လည်း ဂီတနက်သန် အဖွဲ့ ဆိုတဲ့ နာမည်နဲ့  စာရေးဆရာကိုစောညိန်းဆိုတဲ့ နာမည်ဟာ မြန်မာပြည်အရပ်ရပ်မှာ အတော်ကလေး ကျော်စော ထင်ရှားနေသလောက် ဒီအဖွဲ့ ကြီးဟာ ရန်ပုံငွေ ပစ္စည်း ကိရိယာမှအစ အင်မတန်တောင့်တင်း ခိုင်လုံလိမ့်မယ်၊ ဒီစာရေးဆရာဟာလဲ အင်မတန် ငွေဝင်လမ်းကောင်းပြီး ပြည့်စုံ ကြွယ်ဝတဲ့ လူတယောက် ဖြစ်လိမ့်မယ် စသဖြင့် ထင်စားမိယင်တော့ မောင်ရင်မှားနေပြီလို့ မှတ်ပေတော့မောင်ရေ့ ။


မောင်ရင်နားလည်အောင် အကိုကြီးရဲ့  အခြေအနေကို ရှင်းပြရမယ်ဆိုရင် အကိုကြီးဟာ အနုပညာသမားတို့ ရဲ့  သဘာဝအတိုင်း အလုပ်အကိုင် စီးပွားရေးကို လုံးလုံးစွန့် ပစ်ပြီး ကိုယ်မြတ်နိုးတဲ့ ဂီတသမားအဖြစ်ကို လုံးလုံးခံယူလိုက်တဲ့ အချိန်ကစပြီး အေ၀မ်းနဲ့ ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီကြီးနှစ်ခုက ရိုက်တဲ့ အသံထွက် ဇာတ်ကားတွေအတွက် သီချင်းကလေးများ ရေးရပါရဲ့ ။ ရေးစကတော့ တပုဒ်ကို နည်းယင် ငါးဆယ်၊ များယင် တရာ ဒီအကြားမှာ ရပါတယ်။ ရတယ်ဆိုပေမယ့် တလတလမှာ တပုဒ်စ နှစ်ပုဒ်စ ရေးရတော့ ပျမ်းမျှကြေး ၀င်ငွေ တလ တရာလောက် စီတယ်လို့ ဆိုပါစို့ ။

ဂီတနက်သန် အဖွဲ့ ကတော့ ရေဒီယိုမှာ အပျော်ထမ်း တီးတာကလွဲလို့ တခြားဘယ်မှ မတီးဘူး၊ မတီးတဲ့အကြောင်းကတော့ ဥပမာ- အလှုတို့ မင်္ဂလာဆောင်တို့ မှာ အခကြေးငွေနဲ့ လိုက်ပြီးတီးရင်၊ မောင်ရင်လဲ တီးဘူးမှာပဲ၊ သိမှာပေါ့၊ လာတဲ့ပရိသတ်က တီးဝိုင်းကို ကျောပေးပြီး သူတို့ ဘာသာ သူတို့  စားလား သောက်လား ဆူလား ညံလားနဲ့ ၊ ဘယ်သူကများ တီးတာမှုတ်တာကို တန်ဖိုးထားပြီး လေးလေးစားစား နားထောင်လို့ တုန်း၊ အဲဒါကို အကိုကြီးရဲ့ မျက်စိထဲမှာတော့ ငွေပေးခေါ်ပြီး အနုပညာကို သက်သက် စော်ကားတာလို့ မြင်နေတယ်။ ဒီတော့ သူတို့ ပေးတဲ့ ပိုက်ဆံလဲ မလိုချင်ဘူး၊ ကိုယ်အမွန်အမြတ်ထားပြီး လိုက်စားတဲ့ပညာကိုလဲ စော်ကား မခံဘူး။ ဒါကြောင့်လူပရိသတ်များတဲ့ နေရာမှာ ဂီတနက်သန်ဝိုင်းဟာ ပိုက်ဆံနဲ့ လဲ မတီးဘူး။ အလကားလဲ မတီးဘူး။ ရေဒီယိုဓာတ်ပြားတို့ လို မျက်နှာကို မမြင်ရတဲ့ နေရာမှာပဲ တီးမယ်ဆိုပြီး ဆုံးဖြတ် သတ်မှတ်ထားလိုက်တော့ ဂီတနက်သန်ဝိုင်းဟာ ငွေဝင်လမ်း လုံးဝမရှိတဲ့အပြင် တခါတခါ အသံလွှင့်ချင်ယင် ကုန်ကျစရိတ်လေးငါးဆယ် စိုက်လိုက်ရသေးတယ်။

ခုတော့ ရေဒီယိုမှာ ပိုက်ဆံ ငွေ ၇၀ကျပ်ရတဲ့ ညဂနာရီလွှင့်ဖို့ တောင်းထားပါတယ်။ အဲဒါတောင်မှပဲ သူ့ စရိတ်နဲ့ သူ သက်သာလောက်အောင် အတော် ချွေတာပြီး လုပ်ရတယ်။ တလောကတော့ ဓာတ်ပြားကုမ္ပဏီတခုမှာ အကိုကြီးရေးတဲ့ သီချင်းလေး-ငါးပုဒ် ရောင်းလိုက်ရလို့ ငွေ သုံးရာ့ငါးဆယ်လောက် ရလိုက်ပါရဲ့ ။ ဒီနောက် ဂီတနက်သန် တီးဝိုင်းပါ ဓါတ်ပြားသွင်းဖို့ ပြောဆို စေ့စပ်နေယင်းပဲ ကုမ္ပဏီပိုင်ရှင်များက ခင်ဗျားရေးတဲ့ သီချင်းတွေဟာ အဆင့်အတန်းမြင့်လွန်းပြီး သိပ်ခက်နေလို့ လူတွေထဲမှာ ခေတ်မစားဘူး။

ဒီတော့ ခေတ်စားအောင် လွယ်လွယ်ကူကူ သီချင်းမျိုးပြောင်းရေးပါ။ ဒါမှ လက်ခံနိုင်မယ်ဆိုပြီး ပြောကြတော့ အကိုကြီးကလဲ အနုပညာသမားပီပီ သွေးကကြီးကြီးမို့ ကျူပ် အပေါစား လမ်းဘေးက သီချင်းမျိုး ရေးတဲ့အကောင် မဟုတ်ဘူး၊ ခင်ဗျားတို့ မလိုချင် မယူပဲနေရုံရှိတယ်၊ ဟိုလိုရေးပါ ဒီိလိုရေးပါ သြဇာမပေးပါနဲ့ ၊ တကယ်လို့ ခင်ဗျားတို့ က ဒီအတိုင်းပဲ လိုချင်တယ်ဆိုတာတောင်မှ ကျူပ်ကလဲ တပုဒ် သုံးရာမရယင် မရေးဘူးလို့ ဈေးတက်ပစ်လိုက်တာ အဲဒီကုမ္ပဏီနဲ့ လဲ အဆက်ပြတ်သွားရော၊ အဲဒီအကိုကြီးမှာ ခုနကပြောတဲ့ အေ၀မ်းနဲ့ ဗြိတိသျှဘားမား ကုမ္ပဏီနှစ်ခုက မကြာခဏ သီချင်းလာအပ်ကြတဲ့ ၀င်ငွေကလေးနဲ့ ပဲ အသက်မွေးနေရတယ်။ ဒါလဲ ကိုယ်ရေးကိုယ်တာအရ မဟုတ်ဘူး၊ အိုမင်းမစွမ်း မိဘ နှစ်ပါးကိုပါ ကျွေးမွေးနေရတဲ့ တာဝန်က ရှိနေပြန်တော့ အကိုကြီးတို့ အိမ်ထောင်မျိုးဟာရန်ကုန်စရိတ် ခြစ်ခြစ်ချုတ်ချုတ်သုံးရင် တလနှစ်ရာလောက်ကုန်တယ်၊ အဖေကြီးက ပင်စင်လခကလေား ၃၅ကျပ်ရလို့  နည်းနည်းတော့ ခုမိပါရဲ့ ။ ဒါပေမယ့် မလောက်တာကို အပေါင်းအသင်းမိတ်ဆွေတွေဆီက ဆွဲယူပြီး သုံးလိုက်ရတာပဲ။

ဒီတော့ ရန်ကုန်မှာ လူတယောက် တာဝန်ခံပြီးထားရမယ်ဆိုတဲ့ စရိတ်ကို မောင်ရင့် အကိုကြီးဟာ မတတ်နိုင်တဲ့ လူတယောက်ဆိုတာ သိစေချင်တယ်။ ဒါပေမယ့် အကိုကြီးဆီကို စာရေးပြီး အကူအညီ တောင်းလိုက်တဲ့ မောင်ရင့် အကြံဥာဏ်ဟာ မမှားဘူး သိတ်မှန်တယ်။

လောကကြီးမှာ ငါတို့ အနုပညာ သမား အချင်းချင်း ရုန်းကန်စားပြီး အားကိုးရတာဟာ ကြွယ်ဝ ချမ်းသာတဲ့ ဓနရှင်တွေကို အားကိုးရတာထက် အများကြီး မျှော်လင့်ချက်ရှိတယ်။ အဓိပ္ပါယ်လဲ ရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တသိန်းလောက် ချမ်းသာတဲ့လူတယောက်ဟာ မောင်ရင့်ကို ဘယ်လောက်ပဲ သနားတယ်ဆိုဆို ငွေ ၁၀၀ကျပ် ပေးဖို့  အင်မတန်ခဲယဉ်းတယ်၊ တို့ အနုပညာသမားတွေကတော့ ဒီလိုမဟုတ်ဘူးဟေ့။ ထမင်းနှစ်လုပ် စားစရာရှိတဲ့အထဲက တလုပ်ကို ဖဲ့ကျွေးဝံ့တဲ့သတ္တိရှိတယ်ဆိုတာ မောင်ရင်ယုံတော့။
မောင်ရင့်ကိစ္စကို အဖွဲ့ ထဲမှာ ချပြီး တိုင်ပင်တော့ အဖွဲ့ သားတွေက ဘာပြောတယ်မှတ်သလဲ။ (ခေါ်သာခေါ်လိုက်ပါ အာစရိရယ်တဲ့၊ ဒီကျမှ ကြည့်လုပ်ကြတာပေါ့တဲ့၊ အဲဒါ အနုပညာသမားတွေရဲ့  စေတနာ အစစ်အမှန်ပဲ) ဒီလိုသာပြောကြတာ သူတို့ မှာတော့ ကိုယ့်ဝမ်းမှ ကိုယ်ဝကြတာ မဟုတ်ဘူး။

ဒါပေမယ့် မောင်စိုးလှိုင်ရေ- တို့ မွဲတဲ့ အကြောင်းတွေကို ရေးပြနေတာဟာ မောင်ရင့်ကို လက်မခံချင်လို့ ၊ စေတနာမရှိလို့ ပြောနေတာ မဟုတ်ဘူး။ ဟိုကနေ မောင်ရင်က အထင်ကြီးတခွဲသားနဲ့ ရန်ကုန်မှာ ဂီတနက်သန် အဖွဲ့ သားတယောက်အဖြစ်နဲ့ နေရယင် သိပ်စမတ်ကျမှာပဲဆိုပြီး ဆင်းလာယင် ဒီကျတော့ မောင်ရင်မှီခိုနေတဲ့ တို့ တတွေကိုယ်တိုင်ဟာ ယိုင်နေတာ တွေ့ ရတဲ့အခါ မောင်ရင်တို့ ကို ပြန်ပြီး အားနာနေလိမ့်မယ်၊ စိတ်မကောင်း ဖြစ်နေလိမ့်မယ်၊ စားရာသောက်ရာမှာလဲ မျိုလို့ ကျမှမဟုတ်ဘူး။ အဲဒါတွေကို မြင်လို့  အကိုကြီး ခရေစေ့တွင်းကျ ရှင်းပြနေတာ။ တကယ်လို့  မင်းစိတ်ကိုကပေါ့လေ (ဟာ ငါငတ်ချင်ငတ်၊ ပြတ်ချင်ပြတ် ဒီပညာ မလုပ်ရရင် မနေနိုင်ဘူး၊ ကျွန်တော် လာပါရစေလို့ ) အနုပညာသမားပီပီ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်ရဲရင် ဘာမှ အရှည်ကြီး တွေးမနေနဲ့ ဟေ့ ဆင်းလာခဲ့ပေါ့၊ စားရအတူ ငတ်ရအတူ တို့ ကြည်ကြည်ဖြူဖြူ လက်ခံရဲတဲ့ သတ္တိ အဆင်သင့်ရှိတယ်။အနုပညာသမားပီပီ မိုက်မိုက်ကန်းကန်းဆိုလို့  အနုပညာသမားတွေကို စော်ကားလိုက်ထာလို့ တော့ မအောက်မေ့နဲ့ ၊ တို့ အနုပညာနယ်ဆိုတာ ငတ်မှာတွေ ပြတ်မှာတွေ အားနာတတ်တာတွေကို လိမ်လိမ်မာမာနဲ့ တွေးတောဆင်ခြင် ချင့်ချိန်တတ်တဲ့ အကောင်မျိုးဟာ ဘယ်တော့မှ မစွံဘူး နည်းနည်းလဲ မိုက်တိမိုက်ကန်း ကိုယ်ထင်ရာစွန့် ပြီး လုပ်ဝံ့တဲ့သတ္တိ ရှိရတယ်။ အကိုကြီးတို့ လဲ ဒီလိုပဲ လုပ်လာခဲ့ရတာပဲ။

အဲဒီတော့ မောင်ရင်မှာ မလာရ မနေနိုင်လောက်အောင် ဆန္ဒပြင်းပြနေသေးယင်၊ နောက်ပြီး ခုနပြောခဲ့တဲ့ အနုပညာရဲ့  ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည် ရှိလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ယင် အချိန်မရွေးသာ လာခဲ့။ သိပ်လဲ အားငယ်မသွားနဲ့ ၊ မောင်ရင်ကံကောင်းရင် သင့်တော်တဲ့ အလုပ်ကလေး တို့ ရှာပေးကောင်း ရှာပေးနိုင်လိမ့်မယ်။ နောက်ပြီး တို့ အဖွဲ့ တဖွဲ့ လုံးကလဲ မင်းကို ကျွေးမွေးထားရတဲ့အတွက် တကွက်ကလေးမှ တွန့် တို ငြူစူလိမ့်မယ်မဟုတ် ဆိုတာကိုယုံ။ ပညာကတော့ မောင်ရင်ကို ပေးဖို့ ၊ အများကြီးပေးဖို့  ရှိလိမ့်မယ်လို့ မျှော်လင့်တာပါပဲ။ နောက်ပြီး တို့ ဂီတနက်သန် အဖွဲ့ ရဲ့  နာမည်ဟာလဲ အများကြီး တက်လမ်း ရှိနေတယ်။ မောင်ရင်နဲ့ ကံစပ်မိယင် ၀င်ငွေတွေဘာတွေ ကောင်းတဲ့ အဖွဲ့ ကြီး တဖွဲ့ ဖြစ်လာယင် ဖြစ်လာလိမ့်မယ်။ ဒါကြောင့် မောင်ရင် လာချင်တာကိုတော့ အကိုတို့ က လုံးဝ မတားဘူး။ ကိုယ့်ဟာကိုယ် ချင့်ချိန် ဆုံးဖြတ်ပြီး လာမယ်ဆိုရင် မြန်မြန်သာ လစ်လာခဲ့ပေတော့ ကိုယ့်လူရေ။

စာရေးယင်ဖြစ်ဖြစ် လူကိုယ်တိုင် လာယင် ဖြစ်ဖြစ် နံပါတ် ၇၃၊ ပိတောက်တန်း ကြည့်မြင်တိုင် ဆိုတဲ့ လိပ်စာကို သုံးပါ။
ဒီစာကိုတော့ လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ မပျောက်မပျက်ပါစေနဲ့ ၊ အနုပညာ ရာဇ၀င်မှာ အရေးကြီးတဲ့ မှတ်တမ်းတစောင် ဖြစ်နိုင်တယ်၊ ကိုယ်နှင့်မကွာ သိမ်းဆည်းထားပါ၊ လာယင်လဲ တပါတည်း ယူခဲ့ပါ၊ လက်ခံ ကော်ပီ မရှိဘူး။

စောညိန်း
ဂီတနက်သန်၊ ၁၅-၆-၅၂

(ကိုစောညိန်း၏ သီချင်းများကို နှစ်သက်လွန်း၍ တပည့်ခံရန် လာရောက်လိုကြောင်း ခွင့်တောင်းသည့် ရေနံ့ သာ ကိုစိုးလှိုင်ထံသို့  ပြန်သော စာဖြစ်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...