Sunday, May 3, 2015

ဘယ်ရပ်ဌာနီ ဘယ်ဆီများ သွားပါလိမ့်..



အမြဲလိုလို ဖွင့်ထားတဲ့ ရေချိုးခန်းတရုတ်ကပ်မှန်ကြားကနေ.. အသိုက်ဆောက်ဖို့.. မြက်ခြောက်
လေးတွေ ကိုက်ချီသယ်ဆောင်လာတဲ့ စာကလေးတစ်ကောင်ကို သတိထားမိတာ ကြာပြီ..။
သြော်.. ငါ့လည်း ဘာမှ ထိခိုက်တာမှ မဟုတ်ဘဲလေ..။ သူ့ခမျာ့.. မိုးလွတ်လေလွတ် လုံခြုံရာမှာ အသိုက်အမြုံ လုပ်ချင်ရှာမပေါ့ လို့ တွေးပြီး.. တရုတ်ကပ်မှန်ကို ပိတ်ပစ်မယ့်အစီအစဉ်ကို ကျွန်တော် ဘာရယ်မဟုတ် စွန့်လွှတ်ခဲ့တယ်..။


အဲ့သလိုနဲ့ လူးလာခေါက်တုန့် ပျံသန်းမှုပေါင်း.. အကြိမ်ရာထောင်ချီလုပ်ပြီး.. တစ်အိုးတစ်အိမ်
အောင်မြင်စွာ သူတည်ဆောက်ပြီးစီးသွားတယ်..။

ကျွန်တော့်ရေချိုးခန်းလည်း အဲ့ဒီကစလို့.. တကျွီကျွီအော်မြည်သံလေးတွေနဲ့.. သာယာလို့ပေါ့..။ ကျွန်တော်လည်း.. နည်းနည်းပီတိဖြာမိသလိုပါပဲ..။

သို့သော်.. အခြေအနေက.. ထင်သလို ဖြစ်မလာခဲ့ဘူး..။

နေ့ခင်းနေ့လည်.. အပေါ့အပါးသွားချင်လို့-ရေချိုးချင်လို့  ရေအိမ်ဝင်တာ ပြဿ      နာ မဟုတ်ပေမယ့်.. သူ အိပ်တန်းတက်နေချိန် ညခင်းညလယ် ကျွန်တော်ရေအိမ်ဝင်တိုင်း.. သူ့ခမျာ့ ကြောက်ကြောက်
လန့်လန့်နဲ့.. stay ရှောင်ရှောင်နေရရှာတော့တယ်..။

ပထမတော့ အမှုမဲ့အမှတ်မဲ့ ဆိုပေမယ့်.. နောက်ပိုင်းမှာ.. ရေအိမ်ဝင်ဖို့ မီးခလုတ်ဖွင့်လိုက်တာနဲ့.. အသိုက်ထဲကနေ ကြောက်လန့်တကြား ဖလူးဆိုထပျံပြီး တရုတ်ကပ်မှန်ပေါ် ချက်ခြင်းနေရာယူရင်း
ကျွန်တော့်ကို သမင်လှည်ပြန် ခေါင်းခါခါခြေခါခါနဲ့ သူလှည့်လှည့်ကြည့်နေတာ သတိထားမိလာပါ
တယ်..။

သြော်.. မင်းမလဲ..  သံသယကြီးလွန်ရန်ကော..။ ငါ့အနေနဲ့ မင်းကို ဘာအန္တရာယ်မှ မပြု ပါဘူးကွာ.. လို့ စိတ်ထဲက ရေရွတ်မိပေမယ့်.. သူ့ခမျာ့.. အဟိတ်တရိစ္ဆာန်မဟုတ်လား..။ ကျွန်တော့်
စိတ်ရင်း.. သူမှန်းလို့ ဘယ်ထိပါ့မလဲလေ..။

အဲ့ဒီနောက်ပိုင်း.. ကျွန်တော့်မှာ.. ညဖက်ရေအိမ်ဝင်တိုင်း မီးမဖွင့်တော့ဘူး..။ တံခါးအဖွင့်အပိတ်က အစ.. တိုးတိတ်ညင်သာစွာပဲ လုပ်ပါတယ်..။ သိပ်ကြီး ကြင်နာသနားလှတဲ့ စိတ်ရယ်လို့ ပြောမရပေမယ့်.. သူ့ခမျာ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရာကနေ.. ရုတ်တရက်
ကြောက်လန့်တကြား  ထထပျံတာကို သနားအားနာတာလိုလို.. ကိုယ့်အပြစ်မကင်းသလိုလို ခံစားရလို့ပါ..။

ဒါပေမယ့်.. ကျွန်တော့်စေတနာ အရာမထင်ပါဘူး..။

သူ့ဖက်က အသက်နဲ့ထပ်ပြီး လောင်းရသလိုဖြစ်နေလေတော့.. မီးပိတ်ထားလည်း.. အသံဗလံ ချိုးချိုးချွတ်ချွတ်ကြားတာနဲ့တင်.. အသိုက်အမြုံကနေ ယာယီစွန့်ခွါ ပျံသန်းဖို့ လုံလောက်နေဟန်
တူပါတယ်..။

တခါကဆို.. သူဘယ်အချိန်ပြန်လာမလဲ သိချင်တာနဲ့ မလှုပ်မယှက် အသံမထွက်ဘဲ.. ကျွန်တော် စောင့်နေခဲ့ဖူးပါတယ်..။ ဆယ့်လေးငါးမိနစ်ကြာတဲ့အထိ သူပြန်မလာလို့.. အသားစားညငှက်တချို့ ရဲ့  လက်ချက်မိသွားပြီလားလို့ တွေးမိနေတုံး သူပြန်လာလို့ ဟင်းချ
နိုင်ပါတော့တယ်..။

ဒါတောင်မှ.. သူ့အသိုက်အမြုံထဲ ချက်ခြင်းမ၀င်သေးဘဲ.. တရုတ်ကပ်မှန်ပေါ် သတိကြီးစွာနားခိုရင်း.. အခြေအနေကို စောင့်ကြည့်နေတာ တမေ့တမော့ပါပဲ..။

အဲ့သလိုနဲ့.. ကျွန်တော်နဲ့သူကြား ဆက်ဆံရေးက အချိန်အတိုင်းအတာတစ်ခုအထိ ကြာညောင်း
လာပေမယ့်.. သူ့ရဲ့  စိုးရိမ်စိတ်ကတော့ ပေါ့ပါးပျော့ပျောင်းလာခြင်းမရှိတာ.. သင်္ကြန်မတိုင်ခင်ထိ
ဆိုပါတော့..။

သင်္ကြန်တွင်းတစ်တွင်းလုံးကတော့ ကျွန်တော်လည်း အိမ်မပြန်ဖြစ်လေတော့.. သူ့ကို မေ့မေ့လျော့
လျော့ပါပဲ..။ သင်္ကြန်ပြီးတော့လည်း ခရီးကဆက်တိုက်ဆိုသလိုဖြစ်နေလေတော့.. သူ့အကြောင်း
ခေါင်းထဲမရောက်ဖြစ်ပြန်ပါဘူး..။

အဲ့ဒါပေမယ့်.. ခရီးကအပြန် ပထမတစ်ရက်-နှစ်ရက် မသိသာပေမယ့်.. ဒီနောက်ပိုင်းရက်တွေမှာ.. သူပျောက်နေတာ ကျွန်တော်သတိထားမိလာလို့ တနေ့ညကစလို့ သူ့အခြေအနေကို ကျွန်တော်
စောင့်ကြည့်ဖြစ်ပါတယ်..။

ဒီနေ့ဆို သုံးရက်မြောက်ပြီပေါ့..။

သူကတော့.. သူပင်ပင်ပန်းပန်း အချိန်ယူတည်ဆောက်ထားတဲ့.. သူ့အိမ်ကို ပြန်မလာတော့ပါဘူး..။

ညကြီးအချိန်မတော်.. သူ့ကို စိုးရိမ်သောက အမြဲရောက်စေခဲ့တဲ့ ကျွန်တော့်ကို စိတ်ပျက်သွားလို့ တခြားတနေရာကို အပြီးတိုင်ပြောင်းရွေ့ သွားလေသလား..။

ဒါမှမဟုတ်.. ကြောက်လန့်တကြား.. stay ရှောင်ရင်း.. အသားစားညငှက်တချို့ ရဲ့  လက်ချက်ပဲ မိသွားတာများလား..။

သို့တည်းမဟုတ်.. တစ်ဝမ်းတစ်ခါးအတွက် အစာရှာရင်း.. တစ်စုံတစ်ယောက်ရဲ့  လောက်လေးဂွ
နဲ့ တိုးသွားလေသလား... ဆိုတာတော့.. ကျွန်တော် ဘယ်လို သိနိုင်မှာလဲ..။

ရင်ထဲမတော့...

အစကတည်းက.. သူ့ရဲ့  ခိုလှုံမှုကို ပြတ်ပြတ်သားသားကျွန်တော်ငြင်းဆန်ခဲ့ရင်.. သူ့ခမျာ့ အခုလို ဒုက္ခဆင်းရဲ ပူပန်ခြင်းတွေနဲ့ ရင်ဆိုင်ရမှာ.. မဟုတ်ဘူးဆိုတာကို တွေးရင်းနဲ့.. မချင့်မရဲ နောင်တရ
စိတ်မကောင်းဖြစ်နေမိပါတယ်..။

တခါတရံမှာ.. စေတနာအရင်းခံသည့်တိုင်.. ဝေဒနာလက်တွေ့နဲ့ ကျွန်တော်တို့ ပက်ပင်းရင်ဆိုင်ရလေ့ရှိတတ်ပါလားဆိုတာလည်း ဆင်ခြင်ရင်းပေါ့..။


နဗန

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...