Wednesday, May 13, 2015

ပြည်သူချစ်တဲ့ ယာဉ်ထိန်းရဲ


နဂိုကတည်းက အညိုရောင် ဘက်ကို ပြေးနေတဲ့ သူ့အသားအရေ က နေပူရှိန်ကြောင့် အမည်းဘက်ကို ပိုအားသာ နေတယ်။ ဒါကြောင့်ပဲလား မသိ။ တချက်ချက် ပြုံးပြုံး ပြလိုက်တိုင်း ဖွေးခနဲ လက်သွားတဲ့ သွားတွေကို အတော် လှမ်းလှမ်း ကတောင် မြင်နိုင်တယ်။ သူကတော့ ထုံးစံအတိုင်း ဓမ္မစေတီလမ်း နဲ့ လင့်လမ်းဆုံမှာ ၀ီစီကို မှုတ်လိုက်၊ လက်ပြလိုက် နဲ့ အရင့် အရင် နေ့တွေကလိုပဲ တာဝန်ကို စိတ်ပါလက်ပါ ထမ်းဆောင် နေတာ တွေ့ရတယ်။

““ကျွန်တော် စိတ်အညစ်ဆုံး အချိန် ကတော့ နေတအားပူတဲ့ အချိန်ပဲ။ မိုးရွာရင်တော့ ကြိုက်တယ်။ ရွာမှာ နေကတည်းက မိုးထဲ လေထဲ အလုပ် လုပ်ရတာ ပျော်တယ်။ စိတ်မညစ်ဘူး။ နေပူရင်တော့ တစ်ခါ တစ်ခါ စိတ်ညစ် ရတာပေါ့ဗျာ။ ကျွန်တော်လည်း လူသားပဲလေ”” လို့ နဖူးက ချွေးစတွေကို အင်္ကျီ လက်မောင်းစနဲ့ သုတ်နေရင်း သူက ပြောတယ်။
သူ့ရဲ့အဖြူရောင် အင်္ကျီ လက်ရှည်မှာ သဲစ၊ ဖုန်စတွေနဲ့ မီးခိုးငွေ့ ဟပ်ခံထားရတဲ့ မီးခိုးရောင် ခပ်မှိုင်းမှိုင်း အစက် အပြောက်တွေကို တွေ့ရတယ်။ လမ်းပေါ်မှာ တစ်နေကုန် တာဝန် ထမ်းဆောင် နေရတဲ့ သူ့လို ယာဉ်ထိန်းရဲ တစ်ယောက် အတွက် ကတော့ သဲစ၊ ဖုန်စနဲ့ မီးခိုးငွေ့တွေ ဟာ အဆန်း မဟုတ်တော့။ သိပ်မကြာ သေးခင်ကမှ တပ်ဆင် ခွင့်ပြုလိုက်တဲ့ နေကာ မျက်မှန်ကြောင့် နေ့ခင်းပိုင်း အပူရှိန်တွေက သူ့မျက်လုံးကို တိုက်ရိုက် မထိတွေ့အောင် အကာအကွယ် ယူနိုင်ခဲ့တာ ကိုပဲ ကျေနပ် နေပုံပေါ်တယ်။
““အရင်တုန်း ကဆိုရင် နေ အရမ်းပူရင် မျက်စိတွေက မြင်ကွင်း မကောင်းဘူးဗျ။ အခုတော့ နေ အရမ်းပူတဲ့ အချိန်ဆို မျက်မှန် တပ်လိုက်ရင် တော်တော်လေး နေလို့ ကောင်းသွားတယ်””လို့ သူကဆိုတယ်။
သူတာဝန် ယူထားရတဲ့ လမ်းဆုံ ကလေးအနီး၊ သစ်ပင် ရိပ်အောက်က တန်းလျားလေးမှာ ထိုင်ပြီး ကျွန်တော်နဲ့ စကား ပြောဆိုနေရင်း သူ့ပုံစံက တာဝန်ကို စိတ်မချသလိုနဲ့ ပ္ပိုင့်ဘက်ကို မကြာ မကြာ လှမ်းလှမ်း ကြည့်နေတာ တွေ့ရတယ်။ စက်တင် ဘာလရက် တစ်ရက်ရဲ့ ညနေ (၃း၃၀) ဆိုတဲ့ အချိန်ဟာ အမြဲလိုလို ယာဉ်ကြော ရှုပ်ထွေးနေတဲ့ ရန်ကုန်မြို့ အတွက် ယာဉ်သွားလာမှု အကျဲပါးဆုံး အချိန် ဖြစ်ဟန်တူတယ်။ ဓမ္မစေတီ လမ်းဆုံလေးဟာ ဆိုးဝါးတဲ့ ယာဉ်ပိတ်ဆို့မှုတွေ မရှိဘဲ သူ့ဘာသာသူ အဆင်ပြေ နေတယ်။
ပြည်သူက ချစ်ခင်တဲ့ အစိုးရ ၀န်ထမ်း တစ်ဦးဖြစ်ဖို့ တော်တော်လေး မလွယ်ကူတဲ့ ဒီနေ့ခေတ် ကာလမှာ ပြည်သူက ချစ်ခင်တဲ့ ယာဉ်ထိန်း ရဲတစ်ဦး ဖြစ်ဖို့ ဆိုတာလည်း တော်တော်လေး ခက်ခဲပါတယ်။ ယာဉ်ထိန်းရဲ ဆိုတာ အမှုရှာဖို့၊ လက်ဖက်ရည်ဖိုး တောင်းဖို့ လောက်ပဲ အာရုံစိုက် နေကြတယ်လို့ အများစုက ယူဆ လက်ခံ ထားကြမှုကို ဓမ္မစေတီလမ်းက ယာဉ်ထိန်းရဲ တပ်ကြပ် ခင်မြင့်မောင် က ချေဖျက်ပြ နိုင်ခဲ့ပါတယ်။
သူရဲ့ တာဝန် ၀တ္တရား ကျေပွန်မှု၊ အများ ပြည်သူနဲ့ ဖော်ရွေစွာ ဆက်ဆံမှုတွေက ယာဉ်မောင်း၊ စပယ်ယာနဲ့ ခရီးသည်တွေ အပြင် လမ်းသွား လမ်းလာတွေရဲ့ ချစ်ခင်မှုကို ခံယူ ထားနိုင်တယ်။ ငွေကြေး ရယူမှုနဲ့ မကင်း နိုင်ပေမယ့် ပေးကြတဲ့ သူတွေ ကိုယ်တိုင်က လိုလို လားလားနဲ့ ခေါ်ပေးကြတာ တွေ့ရတယ်။
သူ့ရဲ့လုပ်ဆောင်မှု တွေကြောင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ကပေးတဲ့ Role Model Award ဆု၊ ရန်ကုန်တိုင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့က ပေးတဲ့ The Best Private Award ဆုနဲ့ 7 Day ဂျာနယ် ကပေးတဲ့ 7 Day Hero Award ဆုတွေကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်းမှာ ဆက်တိုက် ရရှိထားခဲ့သူ ဖြစ်တယ်။
““ရဲ လုပ်ငန်းမှာတော့ ကျွန်တော့် ဦးလေးကို လေးစားတယ်။ သူ့ရဲ့ လုပ်ပုံ ကိုင်ပုံတွေကို သဘောကျတယ်။ သူ့လုပ်ရပ်တွေကို လေးစားတယ်”” လို့ ရဲတပ်ကြပ် ခင်မြင့်မောင် က ပြောတယ်။
တကယ်တော့ သူဟာ ဦးလေး ဖြစ်သူကြောင့်ပဲ ယာဉ်ထိန်းရဲ တစ်ယောက် ဖြစ်လာခဲ့တာပါ။ ရခိုင် ပြည်နယ်မှာ မွေးဖွား ကြီးပြင်း လာခဲ့တဲ့ သူ့အဖို့ ဘွဲ့ရပြီးတဲ့ နောက် ရန်ကုန်ကို တက်လာ လာချင်းမှာပဲ ဦးလေး ဖြစ်သူရဲ့ အိမ်မှာ နေထိုင်ရင်း ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တယ်။
ငယ်စဉ်ကတော့ တစ်ချိန်မှာ ယာဉ်ထိန်းရဲ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သူ့ကိုယ်သူ လုံးဝ တွေးမထားခဲ့။ စစ်တွေ မြို့နယ်က အောင်တိုင် ကျေးရွာမှာမွေး၊ အဲဒီ ကျေးရွာ မှာပဲ မူလတန်း အဆင့် ပညာသင်ကြား၊ စစ်တွေမြို့ အ.ထ.က(၂) မှာ တက္ကသိုလ် ၀င်တန်းအောင်၊ စစ်တွေ တက္ကသိုလ်မှာ ဘွဲ့ရ၊ ဒီဖြစ်စဉ်တွေ အထိ သူ့ဘ၀ ရည်မှန်းချက်ဟာ တခြားသော ရခိုင် တိုင်းရင်းသား တွေလိုပဲ ခပ်ဝါးဝါးပါ။ ယာဉ်ထိန်း ရဲ တစ်ယောက် လုပ်ဖို့ လုံးဝ စိတ်ကူး မရှိခဲ့။
““စစ်တွေမှာက ယာဉ်ထိန်းရဲ နည်းတယ်။ မြင်ဖူးတာလည်း နည်းတယ်။ ဒီအလုပ်ကို လုပ်တာလည်း တော်တော် ရှားတယ်။ ယာဉ်ထိန်းရဲ ၀င်လုပ်ဖို့ အစီအစဉ်လည်း မရှိဘူး။ ၀ါသနာလည်း မပါဘူး။ မိဘတွေနဲ့ နေရင်း ကျောင်းသား ဘ၀ကိုပဲ ဖြတ်သန်းခဲ့ရတာ””လို့ သူက ပြောပြတယ်။
ဒါပေမဲ့ ဘွဲ့ရပြီးလို့ ရန်ကုန်ကို တက်လာတဲ့ အခါမှာတော့ ဦးလေး ဖြစ်သူနဲ့ အတူနေရင်း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး၊ ယာဉ်ထိန်း ရဲ နားနီး ယာဉ်ထိန်းရဲ ဖြစ်လာတယ်။ ရဲတပ်ဖွဲ့ကို သူစ၀င်တော့ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်က “နယ်မြေ (၄)” မှာ စလုပ်ရတယ်။ ၀က်ထီးကန်က ရဲ သင်တန်း ကျောင်းကို ၂၀၀၉ ခုနှစ်မှာ တက်ရောက်ခဲ့ပြီး၊ ၂၀၁၀ မှာ သင်တန်း ဆင်းတယ်။ ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်း အရန်တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင် ရတယ်။ အဲဒီတုန်းက သူက ယာဉ်ထိန်းရဲ မဟုတ်သေး။ နက်ပြာရောင် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင် တစ်ယောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။
အဲဒီနောက် ရှစ်လလောက် ကြာတဲ့အခါ မြောက် ဒဂုံမြို့နယ်က သီရိမြိုင် သင်တန်း ကျောင်းမှာ သင်တန်း တက်ရောက်ပြီး ယာဉ်ထိန်းရဲ တစ်ယောက် ဖြစ်လာခဲ့တယ်။ နယ်မြေ ခွဲတဲ့ အခါမှာတော့ သူက နယ်မြေ (၂) မှာ တာဝန် ကျတယ်။ အဲဒီတုန်းက ယာဉ်ထိန်း ရဲတပ်ဖွဲ့ဟာ အခုလို မြို့နယ် အလိုက် ဖွဲ့စည်းထားခြင်း မရှိသေးဘဲ နယ်မြေတွေနဲ့ ဖွဲ့စည်း ထားတယ်။ နယ်မြေ (၂) မှာ ဗဟန်း မြို့နယ် တစ်ခုလုံး၊ မရမ်းကုန်း မြို့နယ်နဲ့ ရန်ကင်း မြို့နယ် တစ်စိတ် တစ်ပိုင်းစီ ပါဝင်ခဲ့တယ်။
““တာဝန် စကျတော့ ရှစ်မိုင် လမ်းဆုံမှာ။ မီးပွိုင့်မှာလည်း တာဝန် ကျတယ်။ နေ့ခင်းဘက် ဖမ်းဆီးရေး အဖွဲ့တွေ နဲ့လည်း လိုက်ရတယ်။ ပြီးတော့ အေဒီလမ်း မီးပွိုင့် မှာလည်း တာဝန် ကျသေးတယ်။ မီးပွိုင့်မှာ ဆင်းလိုက်၊ ရုံးလာလိုက်နဲ့ နေခဲ့တယ်”” လို့ သူကပြန် ပြောပြတယ်။
အဲဒီ နောက်မှာတော့ ဓမ္မစေတီ လမ်းနဲ့ ရွှေဂုံလမ်း (ယခင် လင့်လမ်း) လမ်းဆုံမှာ တာဝန် ကျတယ်။ အဲဒီ အချိန်မှာတော့ သူ့ရဲ့ဖော်ရွေမှု၊ တာဝန်ဝတ္တရား ကျေပွန် မှုတွေကြောင့် အများ ပြည်သူက စတင် သတိပြု မိလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ သူ့ရဲ့လုပ်ဆောင် ချက်တွေကို အထက် အရာရှိ တွေကလည်း သတိ ပြုလာခဲ့ပြီး (၄၇) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့မှာ ““စံပြ ရဲဘော်ဆု” ကို ပေးအပ်ခဲ့တယ်။ (၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့မှာတော့ ရဲတပ်ကြပ် ရာထူး တိုးမြှင့်ခံ ခဲ့ရပြီး “အကောင်းဆုံး ရဲတပ်ဖွဲ့ဝင်ဆု” လည်းရရှိခဲ့တယ်။
ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း၊ တပ်ဖွဲ့ဝင် အချင်းချင်း ရိုင်းပင်း ကူညီခြင်း၊ တာဝန်ကျရာ နေရာမှာ နိုင်နိုင် နင်းနင်း ယာဉ်ကြော ရှင်းလင်းနိုင်ခြင်း၊ တစ်နှစ်ပတ်လုံး ခွင့်မယူဘဲ လုပ်ငန်း တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ခဲ့ခြင်း၊ ယာဉ်မောင်းနဲ့ ခရီးသွား ပြည်သူတွေကို ပြုံးရွှင်စွာ ဆက်ဆံ တတ်သူ ဖြစ်ခြင်း စတဲ့ အချက်တွေကြောင့် အဲဒီလို ဆုချီးမြှင့် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
““အလုပ် တစ်ခု လုပ်တဲ့ အချိန်မှာ ဘယ်အလုပ်ပဲ လုပ်လုပ် စိတ်ပါဝင်စားမှ အောင်မြင်မှာလေ။ ယာဉ်ထိန်းရဲမှ မဟုတ်ဘူး။ ဘယ်အလုပ်ပဲ လုပ်လုပ် ကုမ္ပဏီမှာ စာရေးပဲ လုပ်လုပ်ပါ။ ဘယ်သူကတော့ လုပ်ချင် မှာလဲဗျာ။ မိုးရွာ နေပူရပ်ပြီး လုပ်ရတာ။ ဒါပေမဲ့ ကိုယ်က ၀န်ထမ်းလေ။ ၀န်ထမ်း ဆိုတော့ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကို ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ”” လို့ သူက ဆိုတယ်။
နေပူ မိုးရွာမရှောင် တာဝန် ထမ်းဆောင် ရပေမယ့် လက်ရှိအချိန် အထိ ကတော့ ကျန်းမာရေးက ဆိုးဆိုး ၀ါးဝါး မရှိဘူးလို့ အသက်(၂၆) နှစ် အရွယ် တပ်ကြပ် ခင်မြင့်မောင်က ဆိုတယ်။ သူ့အနေနဲ့ လက်ရှိ ဘ၀ကို ကျေနပ်ပြီး ဆုတွေ ရခဲ့တာကိုလည်း ဖိအား တစ်ရပ် အနေနဲ့ မခံစားရဘူးလို့ ပြောတယ်။
သူက ““ လူတွေကတော့ ဘယ်သူ မဆို အတော မသတ်နိုင်တဲ့ ဆန္ဒတွေ ရှိကြတာပဲ။ ဖြစ်ချင်တာ တွေကတော့ အများကြီးပဲ။ ဒါပေမဲ့လို့ အဲဒါတွေက ကံစီမံရာပါပဲ”” လို့ ဆိုတယ်။
သူ့ကို အိမ်ထောင်ရေး အကြောင်း မေးတော့ သူရယ်တယ်။ အိမ်ထောင် မပြုဘဲ လူပျိုကြီးပဲ လုပ်မှာလို့ ဖြေတယ်။ နောက်ထပ် မေးခွန်းတွေနဲ့ သူ့ကို ဖိအား ပေးတော့မှ တက္ကသိုလ် တက်စဉ် ကတော့ စိတ်ဝင်စားခဲ့ဖူးတဲ့ အမျိုးသမီး တစ်ဦး ရှိခဲ့ကြောင်း၊ ရန်ကုန် ရောက်လာ ကတည်းက အိမ်ထောင်ရေး အပေါ် စိတ်ဝင်စားမှု မရှိတော့ကြောင်း ပြောပြတယ်။
ယာဉ်ထိန်း ရဲတပ်ဖွဲ့အပေါ် အများစုက မကောင်း မြင်ကြတာ၊ ငွေရေး ကြေးရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း တစ်ခု အဖြစ် မြင်ကြတာ တွေကိုတော့ အပေါ်ယံက မကြည့်ဘဲ ထဲထဲ ၀င်ဝင် လေ့လာ ကြည့်ဖို့သူက တိုက်တွန်းတယ်။ ဘယ်ဌာနမဆို ကောင်းတဲ့ ၀န်ထမ်း ရှိသလို မကောင်းတဲ့ ၀န်ထမ်းလည်း ရှိကြောင်း၊ ဌာန အကြီးအကဲတွေ ကလည်း လမ်းညွှန် ဆုံးမမှုတွေ ပြုလုပ်နေကြောင်း သူက တုံ့ပြန်တယ်။
““လာဘ်ဆိုတဲ့ ကိစ္စကတော့ ရဲကျင့်ဝတ်မှာ ပါပြီးသား။ ရိုးရိုးပဲ နေထိုင် စားသောက်ပါ။ ၀င်ငွေ ထွက်ငွေ ညီပါစေ ဆိုတာပါတယ်။ ဘာပဲ ဖြစ်ဖြစ် ရဲဖြစ်လာပြီ ဆိုကတည်းက ကိုယ်က ရိုးသား ရမယ်လေ။ ဟော့ဟော့ ရမ်းရမ်း နေလို့ ဘယ်ရမလဲ။ ကိုယ့်ဝင်ငွေလေးနဲ့ နေထိုင် ရမှာပေါ့”” လို့ သူက ရခိုင်သံ ခပ်ဝဲ၀ဲနဲ့ ပြောတယ်။
လက်ရှိမှာ တပ်ကြပ် အဆင့် တာဝန် ထမ်းဆောင် ရာကနေ တစ်ချိန်မှာ ဒုရဲအုပ် ရာထူး ၀င်ဖြေဖို့ သူမှန်းထားတယ်။ ငယ်ရွယ်သူ တစ်ယောက် ဖြစ်တဲ့ သူ့မှာ အနာဂတ် မျှော်မှန်းချက်တွေ ရှိကောင်း ရှိနေနိုင်ပေမယ့်လည်း သူထုတ်ဖော် မပြောခဲ့။ အဲဒီ အရာတွေ အားလုံးဟာ ကံစီမံရာ အရပဲ ဖြစ်ကြောင်း၊ ကံဆိုတဲ့ နေရာ မှာလည်း ကောင်းတာ လုပ်ရင် ကောင်းသလို၊ မကောင်းတာ လုပ်ရင် မကောင်းသလို ခံစားရမှာကို ယုံကြည် ကြောင်းသာ သူကဆိုတယ်။
““ဒီအလုပ်ကို လုပ်ခဲ့လို့ နောင်တ ရတယ် ဆိုတာ မရှိဘူး။ ရဲထဲ ၀င်ကတည်းက ဦးလေးက အတင်းသွင်းတာ မဟုတ်ဘူး။ ကျွန်တော့် စိတ်နဲ့ ကျွန်တော် ရဲထဲ ၀င်မယ်ဆိုပြီး ၀င်ချလာ လိုက်တာ”” လို့ ရဲတပ်ကြပ် ခင်မြင့်မောင်က ဆိုတယ်။
ဓမ္မစေတီလမ်းက ကျွန်တော် ပြန်ခဲ့တော့ ညနေ (၄) နာရီ ထိုးပြီးပြီ။ “အစ်ကို ပြန်တော့မှပဲ ကျွန်တော် ထမင်း စားတော့မယ်”” လို့ ပြောခဲ့သူ တပ်ကြပ် ခင်မြင့်မောင် ကတော့ သူ တာဝန်ကျရာ လမ်းဆုံလေးမှာ ဟိုမှသည် လမ်းလျှောက်နေရင်း ၀ီစီ မှုတ်လိုက်၊ လက်က အချက်ပြလိုက်၊ ဦးထုပ် ဆောင်းထားတာ ကြာလို့ ပူအိုက်နေဟန် ရှိတဲ့ ဦးခေါင်းကို ဦးထုပ်ကြွရင်း လေအေး ပေးလိုက်၊ လျော့လျော့ သွားတဲ့ ဘောင်းဘီကို ပြန်ဆွဲ တင်လိုက်နဲ့ ညနေခင်း နေရောင်အောက်မှာ အလုပ်ဆက် လုပ်နေတုန်း။ တစ်ချက် တစ်ချက် ပြုံးပြုံး ပြလိုက်တဲ့ အခါ ပေါ်လာတဲ့ သူ့သွားတွေကို ဟိုးအဝေးမှာ ကျွန်တော် ရောက်တဲ့ အထိ ဖွေးခနဲ လှမ်းမြင် နေရတုန်း။

ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...