တယ်လီဖုန်းနှင့် စကားစမြည်
“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းသည် ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို မရနိုင်ပါရှင်”
“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းသည် ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို မရနိုင်ပါရှင်”
သုံးလေး ငါးခါ ခေါ်ပြီသော်လည်း ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေသည်ဟု တုန့်ပြန်သံသာ ကြားရတော့သည်။
“အင်း... ဒီ တယ်လီဖုန်း ဘာများဖြစ်ပါလိမ့်”
ဒေါက်... ဒေါက်... ဒေါက်...
ထိုစဉ်မှာပဲ အိမ်ရှေ့မှ တံခါးခေါက်သံကြားလေသည်။
ကျွန်တော်။ ။ ဟာ... ကျေးဇူးရှင်... ခင်ဗျားတော့ အသက်ရှည်ဦးမယ်
တယ်လီဖုန်း။ ။ ဘာလဲကွ... မင်းကို တွေ့ချင်လို့ လာတဲ့ဟာ...
ကျွန်တော်။ ။ အဲဒါပြောတာပေါ့... ကျွန်တော်လည်း ခင်ဗျားတွေ့ချင်လို့ ခုတင် ဖုန်းခေါ်နေတာ
တယ်လီဖုန်း။ ။ ဟုတ်လား... ငါ့မှာတော့ ဘာသံမှ မကြားရပါလားကွ
ကျွန်တော်။ ။ သိဘူးဗျာ... လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းသည် ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသည် ဆိုပြီး အဲဒါချည်းပဲ လှိမ့်အော်နေတယ်... ခင်ဗျားသေချာရှင်းဦးနော်...
တယ်လီဖုန်း။ ။ ဘာကို ရှင်းရမှာလဲကွ...
ကျွန်တော်။ ။ အဲဒီလို အော်အော်နေတာ မိန်းမတစ်ယောက် အသံနော်...
တယ်လီဖုန်း။ ။ အာ... အဲမိန်းမက ဖုန်းကိုင်တဲ့လူတိုင်းနဲ့ ပတ်သက်... အာ... တော်ပါကွာ... ဒါနဲ့ မင်းငါ့ကို ရှာနေတာ ဘာကိစ္စလဲကွ ရှင်းစမ်းပါဦး
ကျွန်တော်။ ။ အော်... ခင်ဗျားကို အင်တာဗျူးချင်လို့ပါဗျာ
တယ်လီဖုန်း။ ။ ဟေ... ဘာလုပ်ဖို့လဲကွ...
ကျွန်တော်။ ။ အာ... ကျွန်တော်က ပေါ်ပြူလာ ဖြစ်တဲ့သူ မှန်သမျှ အင်တာဗျူး လိုက်ရမှ ကျေနပ်တာဗျ။
တယ်လီဖုန်း။ ။ ငါက နာမည်ကြီး မဟုတ်ပါဘူးကွာ၊ အချာပင်ကောင်ပါ။
ကျွန်တော်။ ။ မဟုတ်ပါဘူးဗျာ... ခင်ဗျားဟာ... ခင်ဗျားကို ဟို... ဂရေဟမ်ဘဲလ်ဆိုတဲ့ လူကြီးက လူ့လောကကို မိတ်ဆက်ပို့ဆောင်ပေးပြီးကတည်းက နာမည်ကြီးတော့တာ...
တယ်လီဖုန်း။ ။ အင်း...
ကျွန်တော်။ ။ အဲဒီတော့ လူတွေဟာ တစ်နေရာကနေ တစ်နေရာကို သွားဖို့ မလိုတော့ဘဲ အပျင်းထူလို့ ရသွားပြီလေ...
တယ်လီဖုန်း။ ။ အာ... မဟုတ်ပါဘူးကွာ
ကျွန်တော်။ ။ ဟုတ်ပါတယ်ဗျ။ လူတွေက သိပ်အပျင်းကြောထူတာ... ဒါကြောင့်လည်း ခင်ဗျားကို တီထွင်တဲ့သူ အောင်မြင်တာပေါ့ဗျ...
တယ်လီဖုန်း။ ။ ကဲ... အပိုတွေပြောမနေနဲ့ မေးစရာရှိတာမေး၊ ဗျူးစရာရှိတာဗျူး... တစ်ထိုင်တည်းကို ဖြေမယ်။
ကျွန်တော်။ ။ အင်း... ဒါဆိုရင် ပထမဦးဆုံး နာမည်က စမေးမယ်။ တယ်လီဖုန်းဆိုတာ ခင်ဗျား နာမည် အရင်းလား၊ ကလောင်နာမည်လား။
တယ်လီဖုန်း။ ။ နာမည်အရင်းပေါ့ကွ... ငါတို့ရဲ့ အမျိုးနာမည်က “ဖုန်း” လေကွာ၊ ငါ့ညီတစ်ယောက်ဆို “ဟန်းဖုန်း” နောက် ငါ့ညီမ တစ်ယောက်နာမည်က “အိုင်ဖုန်း”
ကျွန်တော်။ ။ အော်... ကလောင်နာမည်ကော ရှိလား...
တယ်လီဖုန်း။ ။ ကလောင်နာမည်တော့ မရှိဘူး၊ ဒါပေမယ့် ကုမ္ပဏီ နာမည်တော့ ရှိတယ်ကွ
ကျွန်တော်။ ။ ဘယ်လိုရှိတာလဲဗျ
တယ်လီဖုန်း။ ။ ဒီလိုလေကွာ... ဖုန်းတော့ ဖုန်းပဲ... နိုကီယာကုမ္ပဏီက ထုတ်တော့ နိုကီယာဖုန်း၊ ဆိုနီက ထုတ်တော့ ဆိုနီဖုန်း အဲလိုလေကွာ...
ကျွန်တော်။ ။ အော်... ဒါနဲ့ ခင်ဗျားညီနဲ့ ပတ်သက်လို့ပါ... သူက “ဟန်းဖုန်း” ဆိုတော့...
တယ်လီဖုန်း။ ။ အေး... အဲဒါ ဘာဖြစ်လဲကွ...
ကျွန်တော်။ ။ အာ... ဟန်း (Hand) ဆိုတာ လက်မဟုတ်ဘူးလားဗျ... သူက လက်ကိုင်ဖုန်းဆိုတော့... ခင်ဗျားတို့တွေက ခြေထောက်နဲ့ ကိုင်တဲ့ ဖုန်းတွေလား... အဲဒါ...
တယ်လီဖုန်း။ ။ ဟ... ဟ... ဟုတ်ပါဘူးကွာ၊ မင်းလုပ်မှပဲ...
ကျွန်တော်။ ။ ကျွန်တော်က မဟုတ်ဘဲ မေးမလားဗျ။ တစ်နေ့က တီဗွီအစီအစဉ်မှာ ကြည့်လိုက်ရတယ်ဗျ။ အဲဒီမှာ လက်နှစ်ဘက်ပြတ်နေတဲ့ လူအကြောင်း ပြတယ်။ သူက ခုနက ခင်ဗျားညီ ဟန်းဖုန်းကို ခြေထောက်နဲ့ ကိုင်ပြီး ပြောတယ်ဗျ။ အဲဒါဆို ဘယ်လို ခေါ်မလဲ...
တယ်လီဖုန်း။ ။ ဖုဖုန်း (Foot Phone)... အာ... ဟုတ်ပါဘူးကွာ... သူ့ဘာသာ ခြေထောက်နဲ့ကိုင်ကိုင် ဟန်းဖုန်းပါပဲကွ... ဒီမှာ မင်းကို ငါမေးမယ်... မင်း ပဲကုလားဟင်း မစားဖူးဘူးလား...
ကျွန်တော်။ ။ စားဖူးတာပေါ့ဗျ...
တယ်လီဖုန်း။ ။ အေး... အဲဒါ တရုတ်ကစားတော့ ပဲတရုတ်ဟင်း၊ မြန်မာကစားတော့ ပဲမြန်မာဟင်းဆိုပြီး ဖြစ်သလားကွ...
ကျွန်တော်။ ။ ဟီး... ဟီး...
တယ်လီဖုန်း။ ။ အေး... ဒီသဘောပဲ... ဒါကြောင့်... တချို့က ဟန်းဖုန်းလို့ မခေါ်ဘဲ မိုဘိုင်းလ်ဖုန်း (Mobile Phone) လို့ ခေါ်တာနေမယ်... မင်းလို ငစားတွေကြောင့်နေမယ်...
ကျွန်တော်။ ။ ဟီး ဟီး... ဒါနဲ့ ခင်ဗျား နာမည်ကို ရှင်းပြပါဦး... ဘာလို့ တယ်လီဖုန်းလို့ ပေးရတာတုန်းဗျ။
တယ်လီဖုန်း။ ။ ဒီလိုလေကွာ... တကယ်က ဂရိဝေါဟာတွေက ဆင်းသက်လာတာကွ... ဖုန်း (Phone) ဆိုတာက အသံ (Voice) ကို ပြောတာလေကွာ... တယ်လီ (Tele) ဆိုတာက အဝေး (Far) ကို ဆိုလိုတာ...
ကျွန်တော်။ ။ အင်း...
တယ်လီဖုန်း။ ။ ဒီတော့ တယ်လီဖုန်းကို တိုက်ရိုက်မြန်မာမှုပြုရရင်ဖြင့် “အဝေးမှပြောဆိုနိုင်သော ကိရိယာ” လို့ ဆိုရမှာပဲ... ငါ့ကြောင့် လူတွေဟာ ဝေးလျက်နဲ့နီး ဖြစ်လာကြတာပေါ့ကွာ...
ကျွန်တော်။ ။ အပျင်းပိုထူလာတယ် ပြောစမ်းပါဗျာ...
တယ်လီဖုန်း။ ။ အဲဒီထဲ မင်းလည်း ပါတာပဲ မဟုတ်လား...
ကျွန်တော်။ ။ ဟီးဟီး... အိုကေဗျာ။ ဒါနဲ့ ခင်ဗျားကို မွေးထုတ်ဖန်တီးလိုက်တဲ့ ဖခင်က... ဟို အဆိုတော်နဲ့ ခေါင်းလောင်းနာမည်ကို ပေါင်းထားတဲ့ လူကြီး...
တယ်လီဖုန်း။ ။ ဂရေဟမ်ဘဲလ် (Alexander Graham Bell) လုပ်စမ်းပါကွာ
ကျွန်တော်။ ။ ဟုတ်တယ်၊ ခု တယ်လီဖုန်းရဲ့ ပထဆုံးတီထွင်သူက အဲဒီလူကြီး မဟုတ်ဘူးဆို...
တယ်လီဖုန်း။ ။ ဟေ့ကောင်... မင်းကလေ... အလုပ်မဟုတ်တာတွေ သိပ်တွေးတယ်၊ အဲဒါတွေက ကော်ပီရိုက်တွေ ပိုက်ဆံတွေ ဘာညာတွေ လိုချင်လို့ ငြင်းခုန်နေကြတာ... တကယ်က မင်းတို့တွေ အသုံးပြုဖို့ လက်ထဲ ရောက်လာဖို့က အဓိကပဲ မဟုတ်လား... ဂရေဟမ်ဘဲလ်ရဲ့ ကျေးဇူးကြောင့် မင်းတို့တွေ သုံးဖြစ်တယ်ပဲ ထားစမ်းပါကွာ။
ကျွန်တော်။ ။ သူက အရင်ဆုံး မှတ်ပုံတင်ပြီး ဖြန့်ချိတာပေါ့...
တယ်လီဖုန်း။ ။ အင်း... ဟုတ်မယ်ထင်တာပဲ... ထားပါကွာ...
ကျွန်တော်။ ။ အင်း... ဒါနဲ့ ဖုန်းတွေထဲမှာ ခင်ဗျားက အသက်အကြီးဆုံး ဆိုတော့... ပထမဆုံးတယ်လီဖုန်းနဲ့ ပြောတဲ့ စကားကို သိချင်တာ။ ဘာလဲဗျ။
တယ်လီဖုန်း။ ။ အင်း... သမိုင်းအရဆိုရင်တော့... “မစ္စတာ ဝပ်ဆင်၊ ခင်ဗျားကို အလိုရှိတယ် ဒီလာစမ်းပါဦးဗျာ... Mr. Watson, come here. I need you” ဆိုတဲ့ စကားက ပထမဆုံး ဖုန်းနဲ့ ပြောခဲ့တာလို့ ဆိုရမယ်။
ကျွန်တော်။ ။ ဟုတ်လား... ဘယ်သူပြောခဲ့တာလဲဗျ။
တယ်လီဖုန်း။ ။ စောစောက ဂရေဟမ်ဘဲလ်ဆိုတဲ့ လူပဲပေါကွ… အဲဒီတုန်းက အဲဒီ လူက ဓာတ်ခွဲခန်းထဲမှာ တစ်ခုခု မှောက်ကျလို့ဆိုလားပဲ ဟိုဘက်ခန်းက သူ့တပည့် ဝပ်ဆင် (Thomas A. Watson) ကို လှမ်းအော်လိုက်တာဆိုပဲ... အဲလိုပဲ ဆိုပါတော့ကွာ။
ကျွန်တော်။ ။ အင်း... ဒါဆိုရင် “ဟယ်လို - Hello” ဆိုတာကျတော့ကော ဘယ်တုန်းက ဘယ်သူက ထွင်လိုက်တာလဲဗျ။
တယ်လီဖုန်း။ ။ အာ... မင်းအတော် အမေးအမြန်းထူတဲ့ကောင်ပဲ။ ငါလည်း သေချာတော့ သိဘူးကွ၊ တချို့က ဟို လျှပ်စစ်မီးတွေ ထွင်ခဲ့တဲ့ အက်ဒီဆင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ဖန်တီးခဲ့တာလို့လည်း ဆိုတယ်။ ဂရေဟမ်ဘဲလ်က “ဟွိုင်း ဟွိုင်း - Hoy hoy” လို့ စပြီး သုံးခဲ့တာကွ... ဘယ်လိုကနေ “ဟယ်လို - Hello” ဖြစ်သွားလဲ မသိပါဘူးကွာ။
ကျွန်တော်။ ။ အင်း... ဒါနဲ့ တယ်လီဖုန်းကို ဘယ်သူက စပြီး အသုံးပြုတာလဲဗျ...
တယ်လီဖုန်း။ ။ အင်း... ငါသိသလောက်က အဲဒီ အမေရိကားက “မာ့ခ်တွင်း - Mark Twain” ဆိုတဲ့ စာရေးဆရာကြီးပေါ့ကွာ... အိမ်မှာ ဖုန်းကို ပထဆုံး တပ်ဆင်ခဲ့တဲ့သူဆိုပဲ...
ကျွန်တော်။ ။ အော်... ဒါနဲ့ ခင်ဗျားရဲ့ညီ “ဟန်းဖုန်း - Hand phone” ဆိုတာကျတော့ ဘယ်အချိန်မှာ ဘယ်သူက စဖန်တီးခဲ့တာလဲဗျ...
တယ်လီဖုန်း။ ။ စမ်းသပ်ပြီး ထွင်ခဲ့တဲ့ ပညာရှင် ဆိုသူတွေက အများကြီးပေါ့ကွာ... တရားဝင် ဈေးကွက်ကို သုံးစွဲဖို့ လုပ်ခဲ့သူက “မာတင်ကူးပါး - Martin Cooper” ဆိုသူပေါ့ကွာ… သူက “မော်တိုရိုလာ - Motorola” ဖုန်းကုမ္ပဏီကပေါ့ကွာ... သူတို့ အဖွဲ့စည်းကနေ စတင်ပြီး ဖြန့်ချိခဲ့တာပေါ့ကွာ...
ကျွန်တော်။ ။ အင်း...
တယ်လီဖုန်း။ ။ ဒါပေမယ့် လက်ကိုင်ဖုန်းအတွက် ကွန်ယက် (Mobile Phone Network) ကို ပထမဆုံး စတင်အသုံးပြုခဲ့တာက ဂျပန် နိုင်ငံကွ... ၁၉၇၉ ခုလို့ ထင်တာပဲ။
ကျွန်တော်။ ။ အင်း... ခင်ဗျားရဲ့ ညီမ “အိုင်ဖုန်း - I Phone” ကိုကျတော့ ဘယ်အချိန်…
တယ်လီဖုန်း။ ။ ဟေ့ကောင်... တော်ပြီကွာ... ငါ့ညီမအကြောင်းကို မင်းက ဘာလို့ သိချင်နေရတာတုန်း၊ တော်ပြီ ဒါပဲ... မင်းဆီ ပျင်းလို့ လာပါတယ်ဆိုမှ... ဘာတွေ လာမေးနေမှန်းမသိဘူး...
ကျွန်တော်။ ။ အာ... နေပါဦးဗျ... လူချင်းတွေ့တုန်း စကားလေး ဘာလေး အေးဆေး...
တယ်လီဖုန်း။ ။ တော်ပြီ... ပြန်မယ်ကွာ... စကားပြောချင်ရင် ဖုန်းဆက်... ဒါပဲ...
ကျွန်တော်။ ။ ဟုတ်ကဲ့ဗျာ...
ဒီလိုနဲ့ အင်တာဗျူးရှင် တယ်လီဖုန်းခမျာ (အင်တာဗျူး အတွေ့အကြုံမရှိလေသောကြောင့်) သည်းမခံနိုင်စွာ စောင့်ကြီးအောင့်ကြီးဖြင့် ကျွန်တော့်အခန်းမှ ပြန်လည်ထွက်ခွာသွားပါတော့သည်။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
(Mobile Guide ဂျာနယ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးလေးပါ။
0 comments:
Post a Comment