မုန့်တိုင်းပြည်
ဟိုးရှေရှေတုန်းက မုန့်လေပွေဆိုတဲ့ တိုင်းပြည်ကြီးတစ်ခုရှိသတဲ့။ အဲဒီ မုန့်လေပွေတိုင်းပြည်ကြီးမှာ အီကြာကွေး ဘုရင်ကြီးနဲ့ နံပြားမိဖုရားကြီးတို့ရှိကြတယ်။ သူတို့နှစ်ယောက်မှာ မုန့်ပျားသလက် ဆိုတဲ့ သားလေး တစ်ယောက်ရှိတယ်။ သူတို့ဟာ မုန့်ပျားသလက်မင်းသားလေးကို သိပ်ချစ်ကြတာပဲတဲ့။
မုန့်ပျားသလက်မင်းသားလေး အရွယ်ရောက်လာတဲ့နေ့မှာ ပညာသင်ကြားဖို့အတွက် ဆရာကြီး ဦးပလာတာ ဆီကို ပို့ကြတယ်။
မုန့်ပျားသလက်မင်းသားလေး အဖော်ရအောင်လည်း မုန်ဗိုင်းတောင့်ဆိုတဲ့ ကိုယ်ရံတော် တစ်ယောက်ကိုလည်း ထည့်ပေးလိုက်သေးတယ်။မုန့်ပျားသလက်မင်းသားလေး အရွယ်ရောက်လာတဲ့နေ့မှာ ပညာသင်ကြားဖို့အတွက် ဆရာကြီး ဦးပလာတာ ဆီကို ပို့ကြတယ်။
ဒီလိုနဲ့ ခုနစ်နှစ်တိတိ ဆရာကြီး ဦးပလာတာ ဆီမှာ ပညာသင်ကြားပြီးလို့ ပညာရည်ပြည့်ဝလာတဲ့ မင်းသား လေး မုန့်ပျားသလက်နဲ့ သူ့ကိုယ်ရံတော် မုန့်ဗိုင်းတောင့် တို့ဟာ သူတို့ရဲ့ မုန့်လေပွေတိုင်းပြည်ကြီးကို ပြန်လာကြတယ်။ ဒီလို ပြန်လာတဲ့လမ်းမှာ အလွန်ကို ထူထပ်ရှုပ်ထွေးတဲ့ အာတာပူစီဆိုတဲ့ တောကြီး တစ်ခု ထဲကို လမ်းမှားပြီးရောက်သွားသတဲ့။
အဲဒီ အာတာပူစီတောကြီးထဲမှာ ဘီလူမကြီး ဒေါ်ခါဂျာနေသတဲ့။ ဒေါ်ခါဂျာဟာ အာတာပူစီတောထဲ ဖြတ်သန်းသမျှ သက်ရှိသတ္တ၀ါတွေကို ဖမ်းဆီး စားသောက်နေတာတဲ့။ဒါကြောင့် သူ့တောအုပ်ထဲ ရောက်လာတဲ့ မုန့်ပျားသလက်မင်းသားလေးနဲ့ မုန့်ဗိုင်းတောင့် တို့ကို အရှင်မထားဘူး ဆိုပြီး သတ်ဖို့ ကြံစည်တယ်။
ဒေါ်ခါဂျာဟာ သူ့ရဲ့ လက်မရွံ့ မုန့်လက်ကောက်အာဏာပါးကွက်သားတွေကိုခေါ်ပြီး သတ်ဖို့ခိုင်းတယ်။ သူတို့သေရင် မီးဖုတ်ပြီး စားပစ်မယ်လို့ကြိမ်းဝါးနေသတဲ့။ မုန့်လက်ကောက်အာဏာပါးကွက်သားတွေဟာ မုန့်ပျားသလက်မင်းသားလေးနဲ့ မုန့်ဗိုင်းတောင့်ကိုယ်ရံတော်တို့ကို မုန့်ဖတ်ကြိုးတွေနဲ့ချည်၊ မုန့်စိမ်းပေါင်း တောင်ပေါ်ကနေ ပစ်ချလိုက်တာ ထန်းညက်ရည် ကန်ထဲကော ကျတော့မလို့ဖြစ်နေဆဲ လမ်းတစ်ဝက်မှာပဲ မုန့်လိပ်ပြာ နတ်သမီးလေးက ကယ်သွားသတဲ့။
မုန့်လိပ်ပြာနတ်သမီးလေးဟာသူ့ရဲ့ ကောက်ညှင်းပေါင်းအိမ်တော်ထဲမှာ မင်းသားလေးနဲ့ ကိုယ်ရံတော်တို့ကို ကယ်တင်ထားပြီး မုန့်လေပွေတိုင်းပြည်ကြီးကို ပြန်ဖို့အတွက် လမ်းမှန်ကို ညွှန်ပြပေးလိုက်တယ်။
မုန့်လိပ်ပြာနတ်သမီးလေးရဲ့ ကူညီလမ်းပြမှုနဲ့ မုန့်ပျားသလက်မင်းသားလေးနဲ့ မုန့်ဗိုင်းတောင့်ဟာ သူတို့ တိုင်းပြည်ကို ပြန်ရောက်လာကြတယ်။
ခုလို အန္တရာယ်တွေကို ကျော်ဖြတ်ပြီး ပြန်လာတဲ့ မုန့်ပျားသလက်မင်းသားလေးကို ထန်းသီးမုန့် တိုင်းပြည်က မုန့်ဦးနှောက်ဘုရင်ကြီးရဲ့ သမီးတော် ပြာရေထုတ်နဲ့ လက်ဆက်ပေးဖို့ အီကြာကွေး ဘုရင်ကြီးနဲ့ နံပြားမိဖုရားကြီးတို့က စီစဉ်ကြတယ်။
နောက်ရက်မှာတော့ မုန့်ပျားသလက်မင်းသားလေးဟာ ပြာရေထုတ်မင်းသမီးလေးနဲ့ မင်္ဂလာပွဲကျင်းပပြီး ကိုယ်ရံတော် မုန့်ဗိုင်းတောင့်ကတော့ ပြာရေထုတ်မင်းသမီးလေးရဲ့ အပါးတော်မြဲ မရွှေကြည်လေး နဲ့ လက်ဆက် လိုက်သတဲ့ကွယ်။
ဂျစ်တူး
ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်လေးကို အသစ်ပြုပြင်ထားတာ။။
0 comments:
Post a Comment